ကြိုက်ရင်ကြိုက်မှန်းသိပါတယ်
Vol. 28 Ch. 414
လုယန် အကြည့်လွှဲလိုက်သည်။ ခံစားချက်ခုနစ်မျိုးချောက်နက်၏ ဝန်ဆောင်မှုများကို အံ့ဩဘနန်းဖြစ်ရသည်။ ကျိန်စာဖျက်ပေးသည့်အလုပ်အပြင် ခြင်ပြေးမွှေးတိုင်လည်းရောင်းသည်။
ငွေချေးဝန်ဆောင်မှုပေးသည်။ လူသတ်သမားပင်ဖမ်းပေးသည်။ အမျိုးအစားစုံလင်သည့် သူတို့လုပ်ငန်းလည်ပတ်ပုံကြောင့် အတော်အမြင်ကျယ်သွားသည်။
သူ့ဘေးတွင်ရပ်နေသည့် လော်ယုက ရှင်းပြသည်။
"ကျွန်မတို့ လုပ်ပေးနိုင်တာ သိပ်မရှိဘူး။ လူအများစုက သာမန်ပြဿနာလား ကျိန်စာသင့်နေတာလားဆိုတာ မခွဲခြားနိုင်ကြဘူး။ ကျွန်မတို့ဆီ အပြေးတစ်ပိုင်းရောက်လာကြတယ်။
ကျိန်စာသင့်နေပါတယ်လို့ အတင်းပြောပြီး အကူအညီတောင်းကြတယ်။
ဒီအထိရောက်လာပြီးမှ ဖြေရှင်းနည်းတစ်ခုခုမတွေ့လို့ သူတို့ပြန်သွားရရင် ကျွန်မတို့စိတ်ထဲ မကောင်းဘူးလေ။ ဒါကြောင့် သူတို့ပြဿနာတွေကို တစ်ခြားနည်းလမ်းနဲ့ ဖြေရှင်းပေးတာပါ။
ဥပမာ ချေးငွေဝန်ဆောင်မှုလုပ်ငန်းဆိုရင် သိပ်မကြာသေးခင်ကမှ ထပ်ဖြည့်ထားတာ။
လူတစ်ယောက် ကျွန်မတို့ဆီရောက်လာတယ်။ သူငွေပြတ်နေလို့ စီးပွားရေးအသင်းအဖွဲ့တွေဆီသွားပြီး ချေးငွေထုတ်ဖို့ သူကြိုးစားတယ်။
ဒါပေမယ့် ဘယ်နေရာသွားသွား သူ့အကြွေးတွေ မကျေသေးလို့ နောက်ထပ်ချေးငွေလျှောက်လို့မရဘူး သူ့ကိုပြောကြတယ်တဲ့။ ဒါကိုသူက ကျိန်စာသင့်နေတာလို့ ယူဆတယ်။
အိပ်ပျော်ရင်း လမ်းလျှောက်ပြီး သူ့ကိုယ်သူမသိဘဲ ချေးငွေလျှောက်မိတဲ့ကျိန်စာမျိုးဖြစ်မယ်တဲ့။
ကျွန်မတို့ သူ့ကိုအကြိမ်ကြိမ်စစ်ဆေးပြီး ကျိန်စာသင့်တာမဟုတ်ဘူးလို့ အတည်ပြုခဲ့တယ်။ ပြီးတော့ ဥပဒေကို လေ့လာကြည့်တယ်။ သုံးဆယ်ရာနှုန်းထက်ကျော်တဲ့ အတိုးနှုန်းဟာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတယ်။
ဒီတော့ ကျွန်မတို့က အတိုးသုံးဆယ်ရာနှုန်းနဲ့ သူ့ကိုချေးငွေထုတ်ပေးလိုက်တယ်။ အဲလိုနဲ့ ကျွန်မတို့ရဲ့ ချေးငွေဝန်ဆောင်မှုလုပ်ငန်းကို စလုပ်ဖြစ်ခဲ့တာပါ"
လုယန် "..."
တကယ်အဆင်ပြေသည့် 'ဖြေရှင်းနည်း'ဖြစ်သည်။
"ကျိန်စာဟုတ်မဟုတ်မခွဲခြားနိုင်တာ သာမန်လူတွေတင်မဟုတ်ပါဘူး။ ကျိန်စာအကြောင်း နည်းနည်းသိထားတဲ့ လူတွေတောင် ကျိန်စာနဲ့သာမန်ဖြစ်စဉ်ကို မခွဲတတ်ကြဘူး။ ကျောက်ပိုကိုပဲကြည့်လေ။
သူက အလောင်းထိန်းဂိုဏ်းတပည့် ရွှေသန္ဓေအခြေတည်အဆင့်ပါ။ ဒါပေမယ့် သူ့ကိုယ်သူ သူကျိန်စာသင့်နေတာဟုတ်မဟုတ် မခွဲခြားတတ်ဘူး"
လော်ယုက ထိုသို့ပြောရင်း ကျောက်ပိုကို တစ်ချက်လှမ်းကြည့်သည်။ ကျောက်ပိုက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်၍ ရယ်နေသည်။
ထိုအဖြစ်ကိုကြည့်၍ လုယန်သဘောကျသွားသဖြင့် ကျောက်ပိုကို သိစိတ်အာရုံမှ လှမ်းမေးသည်။
"ဒီညီမလော်က မင်းကိုကြိုက်နေတာများဖြစ်မလား"
'မဖြစ်နိုင်ပါဘူး။ သူကျုပ်ကိုဘာတွေလုပ်ခဲ့လဲဆိုတာသိရင် အကိုလု အဲလိုတွေးမှာမဟုတ်ဘူး"
ကျောက်ပိုက အခိုင်အမာပြောသည်။
"တစ်ခါတုန်းက ဒီချောက်နက်ကနေ ပြန်သွားတော့ ကျုပ်စိတ်ထဲမှာ ဂဏာမငြိမ်ဖြစ်လာတယ်။ လော်ယုအကြောင်းကို မတွေးပဲမနေနိုင်ဘူး။ အိပ်လို့လည်းမပျော် စားလို့လည်းမဝင်ဘူး။
ညဘက်ဆို ကုတင်ပေါ်မှာ ဘယ်လူးညာလှိမ့်ဖြစ်နေတယ်။ ဒါနဲ့ ကျုပ်သူနဲ့သွားတွေ့ပြီး ကျုပ်ဖြစ်နေတဲ့ လက္ခဏာတွေကို ပြောပြတယ်။ သူကျုပ်ကို ကျိန်စာတိုက်ထားတာလားလို့ မေးလိုက်တယ်။
သူကပြောတယ်။ ဟုတ်တယ်တဲ့။ ကျုပ်ဖြစ်တဲ့လက္ခဏာတွေကို ရှင်းပြနေတဲ့အချိန်မှာ သူ့မျက်နှာက အနီရောင်ပြောင်းလာတယ်။
ပြီးတော့ သူကျုပ်ကို ကျိန်စာတိုက်ထားပါတယ်လို့ ဝန်ခံတဲ့အချိန်မှာ သူ့ခြေထောက်ကို အတင်းဆောင့်တယ်။ သူကျိန်စာတိုက်တာကို ကျုပ်ရိပ်မိသွားလို့ ဒေါသထွက်တာဖြစ်မှာပေါ့"
ကျောက်ပိုက သူ့ဇာတ်လမ်းကို သက်သေအခိုင်အမာဖြင့် ပြောသည်။
"ဆိုးတာပဲ။ ကျုပ်သူ့ကို မိတ်ဆွေတစ်ယောက်လို ဆက်ဆံခဲ့တာပါ။ ဒါတောင်သူကကျုပ်ကို ဒီလိုမျိုးလုပ်တယ်။ ကျုပ်သူ့ကို ကျိန်စာဖျက်ပေးဖို့ပြောတော့ သူကငြင်းတယ်လေ"
"သူမင်းကိုမကြိုက်ဘူးဆိုတာ သေချာရဲ့လား"
ကျောက်ပိုက အတင်းလက်ခါပြသည်။ သူ့အပြုံးက ယုံကြည်ချက်အပြည့်ရှိသည်။
"အပြင်လောကမှာ ကျုပ်ခရီးသွားနေတာ အခုဆို နှစ်နှစ်သုံးနှစ်လောက်ရှိပါပြီ။ ကျုပ်က အတွေ့အကြုံရင့်နေတဲ့လူပါ။ တစ်ယောက်ယောက်ကကျုပ်ကိုကြိုက်ရင် ကြိုက်မှန်းသိပါတယ်"
သိစိတ်နယ်မြေမှ ထာဝရနတ်မယ် အလေးအနက်ခေါင်းငြိမ်သည်။
"အတော်ယုတ်မာတာပဲ။ အစကတည်းကမှ ဉာဏ်မကောင်းတဲ့ သနားစရာဒီအရူးကို ဟိုကောင်မလေးကကျိန်စာတိုက်တယ်။ လူတစ်ယောက်ကို ရုပ်ရည်ကြည့်ပြီး အကဲဖြတ်လို့မရဘူးဆိုတာ တကယ်မှန်တာပဲ"
လုယန် '..."
ခင်ဗျားတို့နှစ်ယောက်ပြောမှပဲ ကျုပ်ဦးနှောက်ကို ကိုယ့်ဘာသာ ပြန်အကဲဖြတ်ရမလိုဖြစ်နေပါလား...
"ဒါဆို မင်းနဲ့ ညီမလော် ဘယ်လိုစတွေ့ကြတာလဲ"
လုယန် မေးလိုက်သည်။
"လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပါ။ ကျုပ်အခြေတည်အဆင့်ကိုရောက်စမှာ မြွေကြီးတစ်ကောင် ရေခဲကန်မှာ ဒုက္ခပေးနေတဲ့သတင်းတွေကြးတယ်။ ကျုပ်ဖြေရှင်းဖို့သွားတယ်။
တိုက်တိုက်ဆိုင်ဆိုင် လော်ယုကလည်း အဲဒီ့မှာရှိနေတယ်။ ဒါပေမယ့် သူက ကျိန်စာကြားခံပစ္စည်းအဖြစ်သုံးဖို့ မြွေသည်းခြေနောက်ကို လိုက်လာတာပါ။
ကျုပ်တို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်။ အပြင်းအထန်တိုက်ခိုက်ကြပြီးတော့ နောက်ဆုံးမှာ မြွေဆိုးကိုသတ်နိုင်ခဲ့ပါတယ်။
အဲဒီ့မြွေရဲ့ဗိုက်ထဲမှာ အဆိပ်မြူတွေရှိတယ်။ ခံစားချက်အဆိပ်ပါ။ မြွေသေသားတော့ ခန္ဓာကိုယ်က ဖောင်းကားလာပြီး ပေါက်ကွဲထွက်တယ်။ အဆိပ်မြူတွေ ကျုပ်တို့နှစ်ယောက်လုံးကို ဖုံးသွားတယ်။
ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ ကျုပ်ကြိုတင်ခန့်မှန်းမိလို့ တော်သေးတာပေါ့။ အဆိပ်ဖြေဆေးကို သူ့ကိုကြိုပေးထားတယ်။ ကျုပ်လည်းကြိုသောက်ထားတယ်။ ဒါကြောင့် အထိအခိုက်မရှိ ကျုပ်တို့လွတ်မြောက်ခဲ့တာ"
အလောင်းကောင်နှင့်အတူ သူတို့သုံးယောက် ရှည်လျားသည့်စင်္ကြံလမ်းအတိုင်း လျှောက်လာသည်။ ချောက်နက်သခင်မ တံခါးပိတ်ကျင့်သည့် ကျောက်တံခါးရှေ့သို့ရောက်လာသည်။
"အရင်ကအတွေ့အကြုံအရဆိုရင် ကျွန်မဆရာ အခုချိန်လောက်ဆို ကျင့်ကြံလို့ပြီးလောက်ပါပြီ"
လော်ယု မှတ်ချက်ပေးသည်။
"အတွေ့အကြံအရတဲ့လား...ချောက်နက်သခင်မက တံခါးပိတ်ကျင့်ကြံရင် အမြဲတမ်းအချိန်အတိအကျ သတ်မှတ်ထားတာလား"
လုယန် မေးလိုက်သည်။
"အဲလိုလည်းမုဟုတ်ပါဘူး။ ဆရာတံခါးပိတ်ကျင့်ကြံမယ်ပြောတိုင်း အဲဒါ သူပျင်းလို့ ဂိုဏ်းကိစ္စတွေရှောင်ပြီး လှိုဏ်ဂူထဲမှာ အောင်းနေတာပါ။ ဒီတော့ ကျွန်မတို့ သူ့ကိုလိုအပ်ရင် သူကျင့်စဉ်ဝင်ဝင်မဝင်ဝင် သွားခေါ်လိုက်ရုံပါပဲ"
လော်ယု ကျောက်တံခါးကိုခေါက်လိုက်သည်။
"ဆရာ၊ လာလည်တဲ့ဧည့်သည်တွေ ရှိပါတယ်"
"ငါအခုကျင့်ကြံနေတယ်"
တံခါးနောက်ဘက်မှ တိုးညှင်းသည့်စကားသံတစ်ခု ထွက်လာသည်။
"သူတို့က တာအိုလမ်းစဉ်ဂိုဏ်းကပါ"
ထိုစကားဆုံးသည်နှင့် သူတို့သုံးယောက်လုံး မျက်လုံးများပြာဝေသွားသည်။ သင်းပျံ့သည့်ရနံ့တစ်ခု လေထဲတွင် ပြည့်သွားသည်။ သူတို့ရှေ့တွင် ဇာပဝါမျက်နှာဖုံးဝတ်ထားသည့် မိန်းမတစ်ယောက် ပေါ်လာသည်။
မျက်နှာတစ်ခြမ်းဖုံးထထားသော်လည်း ဇာမျက်နှာဖုံးက သိပ်မဖုံးကွယ်နိုင်ပါ။ သူ့ရုပ်ရည်သွင်ပြင်ကို လုယန်အလွယ်တကူ အကဲခတ်နိုင်သည်။ အံ့ဩစရာကောင်းလောက်အောင် လှသည်။
"ဆရာကျင့်ကြံတာ ပြီးသွားပြီလား"
လော်ယုက ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်ချင်စိတ်ကိုထိန်းထားသည်။
"ပြီးပြီ"
ဝတ်ရုံဖြူဝတ်ထားသည့် ခြောက်နက်သခင်ဟန်ပန်က ကျော့ရှင်းသည်။ တည်ငြိမ်သည်။ ဣန္ဒေရသည်။ ကျောက်ပိုနှင့်လုယန်ကို အကဲခတ်သည်။ ထို့နောက် ကျောက်ပိုကို ထပ်မကြည့်တော့။
"နင်တည်ဆောက်ထားတာ ဘယ်လိုရွှေသန္ဓေလဲ ငါမခန့်မှန်းနိုင်ဘူး။ နင်က တာအိုလမ်းစဉ်ဂိုဏ်းကလား"
လုယန် လက်နှစ်ဘက်ဆုပ်၍ လေးလေးစားစားဦးညွှတ်အရိုအသေပြုလိုက်သည်။
"ချောက်နက်သခင်မကို ဂါရဝပြုပါတယ်။ ကျုပ်က တာအိုရှင်ဝစီပိတ်ရဲ့လမ်းညွှန်မှုအောက်က တာအိုလမ်းစဉ်ဂိုဏ်းရဲ့တပည့် လုယန်ပါ"
"ဪ..နင်က ဟိုသူခိုးအိုဝစီပိတ်ရဲ့တပည့်ကိုး။ နင်ကသူ့ထက် အများကြီးပိုပြီးယဉ်ကျေးပါတယ်။ ငါ့ကို သခင်မရွှမ်လို့ခေါ်လို့ရတယ်။ ရှဲ့ရှန်ရန်က ငါ့ကိုသွားတွေ့ဖို့ နင့်ကိုလွှတ်လိုက်တာလား"
တည်ငြိမ်သည့်လေသံထဲမှ အန္တရာယ်အငွေ့အသက် ခံစားမိသဖြင့် လုယန် နေရခက်လာသည်။ ကိုယ့်ကိုယ်ကို အားပေး၍ သူပြန်ဖြေသည်။
"အမှန်တော့ ကျုပ်က အလောင်းထိန်းဂိုဏ်းကိုသွားရင်းနဲ့ ခံစားချက်ခုနစ်မျိုးချောက်နက်ရဲ့ ဂုဏ်သတင်းကိုကြားလို့ ခဏဝင်လာပြီး အရိုအသေပေးတာပါ"
"အလောင်းထိန်းဂိုဏ်းလား။ နင်အဲဒီကိုသွားတာ ဘာကိစ္စလဲ။ ဝစီပိတ်သေလို့ နင်သူ့ကို ဖုတ်ကောင်အဖြစ် ပြောင်းချင်တာလား"
"ကျုပ်မိတ်ဆွေက အလွန်ခက်ခဲတဲ့ကျိန်စာတစ်ခုသင့်နေပါတယ်။ အလောင်းထိန်းဂိုဏ်းမှာ အကူအညီသွားတောင်းဖို့ အကြီးအကဲရှဲ့က လမ်းညွှန်ပေးလိုက်တာပါ"
"အဲဒါငါ့ကိုပေးပါ"
ချောက်နက်သခင်မ ချက်ချင်းလက်လှမ်းလိုက်သည်။
"ဘာကိုပေးရမှာလဲ"
လုယန် ကြောင်တက်တက်ဖြစ်သွားသည်။
"ဘာရှိရမလဲ။ နင်အလောင်းထိန်းဂိုဏ်းကိုသွားတဲ့အခါ နင့်ရဲ့သရုပ်မှန်ကို အတည်ပြုဖို့ ရှဲ့ရှန်ယန်ရေးပေးလိုက်တဲ့ ထောက်ခံစာပေါ့။ စာထဲမှာ နင့်မိတ်ဆွေရဲ့ကျိန်စာအကြောင်း ပြောထားလိမ့်မယ်။ အဲဒါကို ငါကြည့်ချင်တယ်"
လုယန် ထောက်ခံစာကိုထုတ်၍ လက်နှစ်ဘက်ဖြင့် ရိုရိုသေသေပေးလိုက်သည်။
သခင်မရွှမ် စိတ်စွမ်းအားတစ်ချက်ထုတ်လိုက်သည်။ စာအိတ်က လေထဲသို့ပျံတက်ပြီး သူ့ဘာသာပွင့်လာသည်။
သခင်မရွှမ် စာကိုအသံတိတ်ဖတ်နေသည်။ တဖြေးဖြေးစိတ်ဝင်စားလာဟန်ရှိသည်။
"ကံကြမ္မာတန်ပြန်ကျိန်စာ...ဒီကျိန်စာမျိုး ငါတစ်ခါမှမကြုံးဖူးဘူး။ စိတဝင်စားစရာပဲ"
သို့သော် စာကိုဆက်ဖတ်ချိန်တွင် သူမျက်မှောင်ကျုံ့လာသည်။ မျက်နှာတင်းလာသည်။ ထို့နောက် အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့၍ စာကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
တစ်ခုခုမူမမှန်တော့ကြောင်း ရိပ်စားမိသဖြင့် လုယန် စာထဲမှအကြောင်းအရာများကို တစ်ချက်ခိုးကြည့်သည်။
စတုတ္ထအကြီးအကဲသည် စာပေကျင့်ကြံသူ တကယ်ပီသသည်။ လက်ရေးလက်သား လှပခံ့ညားသည်။ စကားအသုံးအနှုန်းကလည်း ပုံစံကျ၍ လေးစားရိပ်လွှမ်းသည်။ သေချာဂရုစိုက်၍ ရေးထားကြောင်း ထင်ရှားနေသည်။
စာပါအကြောင်းအရာများကတော့ ထုံးစံအတိုင်းဖြစ်သည်။ လုယန်နှင့်မုန်ကျင်းကျိုး၏ သရုပ်မှန်ကို အတည်ပြုပေးသည်။ မုန်ကျင်းကျိုး၏ ကျိန်စာအကြောင်းနှင့် အကျိုးသက်ရောက်မှုကို အသေးစိတ်ဖော်ပြသည်။
သို့သော် ပြဿနာတက်သည်က နောက်ဆုံးစာကြောင်းဖြစ်သည်။
"လုယန်နဲ့မုန်ကျင်းကျိုးကို ခံစားချက်ခုနစ်မျိုးတောင်ကြားမှာ ဖြေရှင်းနည်းသွားရှာဖို့ လုံးဝအကြံမပြုပါနဲ့။ တကယ်လို့ သွားဖြစ်ရင်လည်း ဟိုနတ်ဆိုးမရွှမ်ဖေးယွမ်ဆီမှာ လုံးဝအကြံသွားမတောင်းပါစေနဲ့"
လုယန် "...."
ဤချောက်နက်မှ အသက်ရှင်လျက် ပြန်ထွက်နိုင်တော့မည်မထင်။
****************************************