ယောက်ျားတွေကမျက်ရည်မကျတက်ဘူး
Vol. 6 Ch. 76
ယွဲ့ဝူယောင်နှင့်ဟွမ်းသည် အရှေ့ပိုင်နယ်မြေကို ဖုံးအုပ်ထားသည့် အကာအကွယ်အတွင်း လွပ်လပ်စွာ ဝင်ရောက်နိုင်ပြီဖြစ်သည်။ သို့သော် ကျန်လူများအတွက် မလွယ်ကူပေ။
“ဆရာ ရှင်းယန်တို့ ဝင်လို့ရအောင်ဘယ်လို လုပ်ရမလဲ”
ယွဲ့ဝူယောင်သည် နားမလည်သည့်ပုံစံဖြင့်မေးလိုက်၏။
“ဒီအကာအကွယ်က အစီအရင်တစ်ခုနဲ့ တူပေမဲ့ အစီအရင်မဟုတ်ဘူး၊ အကြီးအကဲယွဲ့လင်းရှန်ရဲ့ အသိစိတ်နဲ့ ဖန်တီးခဲ့တဲ့အရာပဲ၊ သူခွင့်ပြုခဲ့တဲ့သူတွေပဲ ဝင်ရောက်နိုင်တာ၊ ဒါကြောင့် ယောင်အာက ဒီအကာကွယ်နဲ့ပေါင်းစပ်နိုင်ဖို့ လိုတယ်”
ဟွမ်းသည် အသေအချာရှင်းပြလိုက်၏။
“ဘယ်လိုပေါင်းစပ်ရမလဲ ဆရာ”
“အထဲကိုဝင်လိုက် ပြီးရင် အကာအကွယ်ရဲ့ တည်ရှိမှုကို ခံစားမိပြီဆိုရင် ပေါင်းစပ်နိုင်လိမ့်မယ်”
ဟွမ်းသည် အသေအချာတော့ ရှင်းမပြချေ။ ရိုးရိူရှင်းရှင်းသာပြောလိုက်၏။
ထို့နောက် ယွဲ့ဝူယောင်သည် စွမ်းအင်အကာကွယ်အတွင်း ဖြတ်သန်းဝင်ရောက်သွားခဲ့သည်။ ထိုနေရာသို့ ရောက်သည်နှင့်တပြိုင်နက် အပြင်ဘက်နှင့်မတူညီပဲ ဝိညာဉ်စွမ်းအင်များ သိပ်သည်းစွာတည်ရှိနေသည်ကို ခံစားလိုက်ရသည်။ ထို့အပြင် သူမသည် အလွန်ပင်ရင်းနှီးလှသည့်ခံစားချက်များ ထွက်ပေါ်လာသည်။
ယွဲ့ဝူယောင်သည် ချက်ချင်းတင်ပလ္လင်ချိတ်ကာ ထိုင်လိုက်ပြီးနောက် သူမ၏ မျက်လုံးများကို မှိတ်လိုက်၏။ စွမ်းအင်စီးကြောင်းများသည် သူမကိုယ်တွင်းသို့ ညင်သာစွာ ဝင်ရောက်စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် သူမ၏ ဝိညာဉ်ပင်လယ်အတွင်းတွင် ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် အလွန်ပင် ခန့်ငြားတင့်တယ်လှပြီး ရင့်ကျက်တည်ငြိမ်သည့်ပုံပေါ်သည်။
“ယောင်အာ သမီးလေး ဒီအချိန်လောက်ဆို ကြီးပျင်းလာပြီမလား”
ထိုပုံရိပ်သည် ယွဲ့ဖုန်းချန်ဖြစ်၏။ သို့သော် သူ၏လေသံသည် အလောတကြီးပြောနေရသည့်ပုံပေါက်သည်။
ယွဲ့ဝူယောင်သည် သူမ၏ ဝိညာဉ်ပင်လယ်အတွင်းတွင် ထိုပုံရိပ်ကို မြင်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်လေးသည် တုန်ယင်သွား၏။ သူမ၏ တုန်ယင်နေသည့် အသံဖြင့်မေးလိုက်၏။
“အ..အဖေလား”
ယွဲ့ဖုန်းချန်၏ ပုံရိပ်သည် မည်သည့်အရာကိုမျှ မခံစားရသည့်အတိုင်း တည်ငြိမ်နေ၏။ ထို့အပြင် ထိုပုံရိပ်ကို ဝေဝေဝါးဝါးနှင့်သာမြင်တွေ့ရ၏။ သူ၏ လေသံတွင်လည်း ဝမ်းနည်းမှုများပါဝင်နေ၏။
“အဖေ့ရဲ့ စိတ်ဝိညာဉ်အပိုင်းစကို ချန်မထားနိုင်ခဲ့တဲ့အတွက်ကြောင့်အရမ်းပဲ စိတ်မကောင်းဖြစ်မိတယ်၊ သမီးလေးအရွယ်ရောက်လာတာကို မြင်ချင်သေးပေမဲ့ အဖေက မမြင်နိုင်တော့ဘူး၊ ဒါပေမဲ့ သမီးလေး ကောင်းကောင်းမွန်မွန်ရှင်သန်သွားပါ”
ထိုစကားများပြောပြီးနောက် ယွဲ့ဖုန်းချန်၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။ သူသည် ကြိုတင်ဖမ်းယူထားသည့် ပုံရိပ်ယောင်ကိုသာ ယွဲ့လင်းရှန်ထံ အပ်နှံထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဟွမ်းနှင့် တွေ့ခဲ့စဉ်ကအတိုင်း အပြန်လှန် ပြောဆိုနိုင်ခြင်းမရှိခဲ့ချေ။
ယွဲ့ဝူယောင်သည် မျက်ရည်များကျဆင်းနေပြီး ဝိညာဉ်ပင်လယ်အတွင်းတွင် ‘အဖေ’ ဟုသာ အကြိမ်ကြိမ်အော်ဟစ်နေခဲ့သည်။ သူမ၏ ဖခင်ဖြစ်သူကိုပင် အသေအချာ မမြင်လိုက်ရချေ။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် အရှေ့ပိုင်းနယ်ကို ဖုံအုပ်ထားသည် သိစိတ်အလွှာသည် သူမ၏ ဝိညာဉ်ပင်လယ်အတွင်း ဝင်ရောက်ပေါင်းစပ်သွားခဲ့သည်။ ထိုအကာအကွယ်ကို သူမ ထိန်းချုပ်ရန် မခက်ခဲတော့ပေ။
“ဒီထဲက ဝိညာဉ်စွမ်းအင်တွေ အရမ်းသိပ်သည်းလွန်းတယ်”
လုရှင်းယန်သည် အံ့ဩစွာရေရွတ်လိုက်၏။ သူတို့သည် အကာအကွယ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
“မင်းတို့ရဲ့ ကျင့်စဉ်တွေကို နားလည်အောင် သေချာကျင့်ကြံကြတော့၊ ဒါက ဒီနယ်မြေရဲ့ အစပဲရှိသေးတယ်၊ အတွင်းနက်နက်ထိရောက်လေ ဝိညာဉ်ဖိအားတွေကပြင်းထန်လေပဲ”
ဟွမ်းသည် ယွဲ့ဝူယောင်နှင့် လုရှင်းယန်ကို ကြည့်ကာပြောလိုက်၏။
“ဟုတ်ကဲ့ပါ ဆရာ” သူတို့သည့် ကျင့်ကြံရင်း ကျင့်စဉ်ကို နားလည်အောင် လုပ်ရန်လိုအပ်သည်။
“မင်ယွမ် မင်းရဲ့စိတ်ဝိညာဉ်ကို သန်မာအောင် ဒီနယ်မြေရဲ့ ဝိညာဉ်ဖိအားရှိရာ ဗဟိုချက်အထိရောက်အောင်သွား” ဟွမ်းသည် လျှိုမင်ယွမ်ကို ကြည့်ကာပြောလိုက်၏။ လျှိုမင်ယွမ်သည် စိတ်ဝိညာဉ်ကို အဓိက အသုံးပြု၍ တိုက်ခိုက်ရသူဖြစ်၏။ သူသည် စိတ်ဝိညာဉ်သန်မာမှသာကြီးမားသည့် တိုက်ပွဲများတွင် စိတ်ဝိညာဉ်ပျက်စီးမည့် အရေးကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။
“ဟုတ်ကဲ့ပါ ဆရာ၊ တပည့်ဗဟိုချက်အထိရောက်အောင်သွားမယ်”
လျှိုမင်ယွမ်၏ မျက်နှာသည် အားအင်အပြည့်အဝနှင့် တက်ကြွနေပုံပေါ်သည်။
“ယီဟွာ မင်းလဲ စိတ်ဝိညာဉ်သန်မာဖို့လိုတယ်”
ဟွမ်းသည် ချုးယွီဟွာကိုလည်း စိတ်ဝိညာဉ်သန်မာစေချင်၏။ သို့မှသာ သူမ အဆောင်ရေးဆွဲရာတွင် လုံလောက်သည့် စိတ်စွမ်းအား ရှိမည်ဖြစ်သည်။ သူမသည် လျှိုမင်ယွမ်ကဲ့သို့ စိတ်ဝိညာဉ်သန်မာရန် မလိုအပ်ပေ။ တိုက်ခိုက်ရေးတွင်လည်း အဆောင်များရေးဆွဲ၍ တိုက်ခိုက်နိုင်မည်ဖြစ်သောကြောင့် စိတ်စွမ်းအင် အများအပြားရှိရန်သာလိုအပ်သည်။
“ရွှယ်အာ မင်းက ကျန့်ယွီကို ကူညီပေးလိုက်”
ဟွမ်းသည် ထိုနှစ်ဦးကိုကြည့်ကာပြောလိုက်၏။
“ဘယ်လိုကူညီပေးရမှာလဲ”
မော့ရွှယ်အာသည် ဓားသမား မဟုတ်ပေ။ ထို့ကြောင့် ပိုင်ကျန့်ယွီကို မည်သို့ကူညီရမည်ကို မသိချေ။ ထို့ကြောင့်ဟွမ်းသည် ရှင်းပြလိုက်၏။
“ဓားသမား တွေအတွက်က အမြဲတမ်း တိုက်ခိုက်နေဖို့လိုအပ်တယ်၊ ဒါကြောင့် သူလေ့ကျင့်လို့ရအောင် လေ့ကျင့်ဖော်အဖြစ်ကူညီပေးလိုက်”
ပိုင်ကျန့်ယွီ “...”
‘ဆရာ၊ အစ်မရွှယ်အာ လက်ဝါးနဲ့ရိုက်လိုက်ရင်တောင် ကျုပ်သေနိုင်တယ်နော်’
“ကောင်းပြီ” မော့ရွှယ်အာ၏ စွဲဆောင်မှုရှိသည့် မျက်နှာထက်တွင် ချိုသာသည့် အပြုံးများ ပွင့်လန်းလာသည်။
ပိုင်ကျန့်ယွီသည် ထိုအပြုံးကိုမြင်ပြီးနောက် ကျောက်ရုပ်အလား အေးခဲသွား၏။
“ဆရာ ကျုပ် ကုန်းမြေအနှံ့လျှောက်သွားပြီး အတွေ့အကြုံရှာလို့မရဘူးလား”
ပိုင်ကျန့်ယွီသည် စောဒကတက်လိုက်၏။ သူ၏ဓားကို ထက်မြက်စေရန် မော့ရွှယ်အာနှင့် တိုက်ခိုက်မည့်အစား ကုန်းမြေအနှံ့ပင်လျှောက်သွားသည်ကမှ သက်သာဦးမည်ဖြစ်သည်။ သူ၏ လေ့ကျင့်ရေးခရီးစဥ်တွင်တော့ မျက်ရည်များပြည့်နက်နေမည်မှာ ကျိန်းသေပင်။
“အပင်ပန်းခံစရာမလိုဘူး၊ ရွှယ်အာရှိနေတာပဲ၊ ပြီးတော့ ဓားနတ်ဆိုးရဲ့ စွမ်းအင်တွေကို စုပ်ယူလိုက်တော့”
ဟွမ်းသည် မော့ရွှယ်အာနှင့်လေ့ကျင့်စေရန် သူ့တပည့်အတွက် စဉ်းစားထားပြီးသားဖြစ်သည်။ ထို့နောက် အားလုံးကို ဟွမ်းသည် အမိန့်ပေးလိုက်၏။
“အချိန် မဖြုန်းကြနဲ့တော့”
ပိုင်ကျန့်ယွီမှ လွဲ၍ အားလုံးသည် တက်တက်ကြွကြွနှင့် စတင်ကျင့်ကြံကြတော့သည်။
“မင်းရဲ့ဓားကို ထုတ်လိုက်”
မော့ရွှယ်အာသည် ခါးထောက်ကာ အမိန့်ပေးလိုက်၏။
“ကျုပ်..”
ပိုင်ကျန့်ယွီသည် တွေဝေနေစဉ် မော့ရွှယ်အာသည် သူ၏ရှေ့တွင် ချက်ချင်းပေါ်လာပြီး လက်ဝါးနှင့်ရိုက်လိုက်သည်။ သူမ၏ အားအင်များကို ထိန်းထားခါ ခွန်အားသက်သက်ဖြင့်သာ ရိုက်လိုက်ခြင်းဖြစ်သည်။
“ဝုန်း..” ပိုင်ကျန့်ယွီသည် မြန်ဆန်လွန်းသည် အရှိန်ဖြင့် လွင့်စင်သွားခဲ့သည်။ အရိုက်ခံလိုက်ရသည့် ဝမ်းဗိုက်နေရာသည်လည်း နာကျင်နေ၏။
“ကျုပ်..”
“ဝုန်း..”
‘ကျုပ်ရဲ့ ဓားတော့ ထုတ်ခွင့်ပေးပါဦး’
ပိုင်ကျန့်ယွီသည် မည်သည်တုံ့ပြန်မှုမျှပင် မလုပ်နိုင်ချေ။ မော့ရွှယ်အာသည် ဆက်တိုက်ပင် ရိုက်နှက်နေခဲ့သည်။
“အား..”
ပိုင်ကျန့်ယွီသည် အသံကုန်ဟစ်ကြွေးလိုက်ကာ သူ၏ တိမ်လွှာဓါးကို ထုတ်ယူလိုက်သည်။ ထို့နောက် မော့ရွှယ်အာကို ဦးတည်ကာ ခုတ်ပိုင်းလိုက်သည်။
“ရွှတ်”
မော့ရွှယ်အာသည် တိမ်လွှာဓားကို အသာယာပင် သူမ၏ လက်နှစ်ချောင်း ညှပ်ကာ ထိန်းချုပ်ထားလိုက်၏။
“မင်းတော်တော်အားနည်းတာပဲ”
မော့ရွှယ်အာသည် ရယ်မောကာ ပြောလိုက်၏။
ပိုင်ကျန့်ယွီသည် မည်သို့ပင် ပြန်ပြောရမည်မှန်းမသိချေ။
‘အခြေတည်ဝိညာဉ်အဆင့်က နတ်ဘုရင်အဆင့်ကို ရိုက်နိုင်မယ်လို့များထင်နေလား’
“ဘုန်း..”
“အား..” မော့ရွှယ်အာသည် ထပ်မံရိုက်နှက်လိုက်ပြန်၏။ ပိုင်ကျန့်ယွီ၏ လေ့ကျင့်ရေးသည် ‘တဘုန်းဘုန်း’ နှင့်သာ။ သူသည် ငိုချင်သော်လည်း မျက်ရည်ကျမလာခဲ့ချေ။
‘ဘယ်ကောင်ကများ ယောက်ျားတွေက မျက်ရည်မကျရဘူးလို့ပြောခဲ့တာလဲ၊ အဲ့ကောင်ကို ငါ့ဓားနဲ့လိုက်ခုတ်မယ်’
ယွဲ့ဝူယောင်နှင့် လုရှင်းယန်သည်တော့ သူတို့၏ ကျင့်စဉ်များကို လည်ပတ်ကာ တိတ်တဆိတ်ကျင့်ကြံနေကြသည်။ ချုးယွီဟွာသည် ဝိညာဉ်ဖိအားပြင်းထန်သည့် နေရာသို့ မသွားရဲသေးချေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များသာ လုံလောက်အောင် စုစည်းနေခဲ့သည်။ လျှိုမင်ယွမ်သည်တော့ မတူချေ။ သူသည် ဝိညာဉ်ဖိအားပြင်းထန်သည့်နေရာသို့ စတင်ကာလျှောက်လှမ်းနေပြီဖြစ်သည်။ သို့သော် သူသည် ပေတစ်ထောင်ထက်ကျော်ပြီး မသွားနိုင်တော့ချေ။ ထိုနေရာသည် အလွန်ပင် ဖိအား ပြင်းထန်လွန်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပေတစ်ထောင်အကွာအဝေးတွင်သာ ကျင့်သားရအောင် ကျင့်ကြံနေ၏။ ထို့နောက် သူသည် ဗဟိုချက်ဆီသို့ တစ်လှမ်းချင်း သွားရန် ရည်ရွှယ်ထား၏။
ဟွမ်းသည် ထိုလူငယ်လေးများ လေ့ကျင့်နေပုံကိုကြည့်ရင်း ပြုံးလိုက်မိ၏။