နတ်အင်ပါယာရှင်းဝေ့ကျန်း
Vol. 6 Ch. 77
ထျန်းယွမ်ကုန်းမြေရှိ နယ်မြေများတွင် ဗဟိုနယ်မြေ၏ နယ်နိမိတ်သည် အခြားနယ်မြေများထက် များစွာကျယ်ဝန်းသည်။ ထို့အပြင် ထျန်းယွမ်ကုန်းမြေ၏ အလယ်တည့်တည့်တွင်ရှိနေခြင်းကြောင့် အခြားနယ်မြေလေးခုလုံးနှင့် နယ်နိမိတ်ထိစပ်နေ၏။
ဗဟိုနယ်မြေရှိ ကြယ်တာယာနန်းတော်သည် လင်းယွမ်နယ်မြေတွင်ရှိသည့် အခြားအင်အားစုများ၏ အထက်တွင် တည်ရှိနေ့သည့် အင်အားကြီး အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကြယ်တာယာနန်းတော်တွင် ကြီးမားပြီးရွှေရောင်များနှင့် တောက်ပနေသည့် ပလ္လင်တစ်ခုအပေါ်တွင် အင်ပါယာထျန်းရှီ၏ အရှိန်ဝါထက်ပို ပို၍ ကြီးမားလှသည့် သက်လက်ပိုင်း လူကြီးတစ်ဦးထိုင်နေလေ၏။
“အရှင်၊ လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက နတ်အင်ပါယာထျန်းရှီ သေဆုံးသွားခဲ့ပြီ”
ထိုစကားကိုပြောလိုက်သူမှာ ကြယ်တာယာနန်းတော်သခင် လီချင်းဟုန်ဖြစ်၏။
“ဟုတ်လား၊ ဘာကြောင့်သေဆုံးသွားတာလဲ”
ပလ္လင်ပေါ်တွင် ထိုင်နေသည့် လူကြီးသည် မျက်မှောင်ကြုတ်သွားပြီးမေးလိုက်၏။ သူသည် ကြယ်တာယာနန်းတော်၏ နတ်အင်ပါယာ ရှင်းဝေ့ကျန်း ဖြစ်သည်။ နတ်အင်ပါယာများသည် တော်ရုံနှင့်လူရှေ့မထွက်တော့ချေ။ သူတို့ဂိုဏ်းအဖွဲ့များ၏ နတ်ဘုရင်များထံသာ ခေါင်းဆောင်ရာထူးပေးအပ်ပြီး နောက်ကွယ်တွင်သာနေကြတော့၏။
“ထိုက်ရွှမ်ဂိုဏ်းက ကြေညာထားတာတော့ လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က အပြင်းအထန်ရခဲ့တဲ့ ဒဏ်ရာကြောင့်တဲ့၊ ဒါပေမဲ့ ထူးဆန်းတာက ထိုက်ရွှမ်ဂိုဏ်းချုပ် ထိုက်ဟုန်ကျွင်းက နတ်အင်ပါယာ တစ်ပါးဖြစ်သွားခဲ့ပြီ”
နန်းတော်သခင် လီချင်းဟုန်သည် သူရခဲ့သည့် သတင်းများကိုပြောပြလိုက်၏။
“ထိုက်ရွှမ်ဂိုဏ်းနဲ့ ပတ်သတ်ပြီး တစ်ခြားရောဘာသတင်းကြားထားသေးလဲ၊ ဂိုဏ်းချုပ်ထိုက်က အတော်ပါရမီရှိတဲ့လူငယ်လေးဆိုပေမဲ့ ဒီလောက်နှစ်နည်းနည်းလေးနဲ့ နတ်အင်ပါယာအဆင့်ရောက်သွားတာက ထူးဆန်းလွန်းတယ်”
နတ်အင်ပါယာရှင်းဝေ့ကျန်းသည် ထိုက်ရွှမ်ဂိုဏ်းအကြောင်း ဆက်မေးလိုက်၏။ သူသည် ထိုအကြောင်းရင်းနှစ်ခုက ထူးဆန်းနေသည်ဟု ခံစားမိသည်။
“အတိအကျတော့မသိရပေမဲ့ ထိုက်ရွှမ်ဂိုဏ်းသားသစ်ရွှေးချယ်ပွဲမှာ လူငယ်လေးဦးက ထိုက်ရွှမ်ဂိုဏ်းသားတွေကို စိန်ခေါ်ခဲ့တယ်၊ ပြီးတော့ အဲ့ဒီလူငယ်လေးဦးက အနိုင်ရခဲ့တယ်တဲ့၊ ကျင်းဝူတောက်က အဲ့ဒီလူငယ်လေးတွေကို ဖိအားပေးတဲ့အချိန်မှာ သူတို့ဆရာပေါ်လာပြီး ကျင်းဝူတောက်ကို ရိုက်နှက်ခဲ့တယ်၊ ဒါပေမဲ့ ဂိုဏ်းချုပ်ထိုက်က သူတို့ကို ထိုက်ရွှမ်ဂိုဏ်းထဲတောင်ဖိတ်ခေါ်သွားတယ်၊ အဲ့ဒီနောက်ပိုင်း ကိစ္စတွေတော့ သတင်းမရတော့ဘူး၊ ပြီးတော့ ဗဟိုနယ်မြေကို လာပြီးပြိုင်ပွဲဝင်ဖို့ လင်းယွမ်နယ်မြေတစ်ခုလုံးရဲ့ ပါရမီရှင် တွေရွေးချယ်ပွဲမှာ အဲ့ဒီလူငယ်တွေ ပေါ်မလာခဲ့ဘူး၊ ဒါပေမဲ့ လင်းယွမ်နယ်မြေရဲ့ လူငယ်ပါရမီရှင်စာရင်းမှာ လူငယ်ခြောက်ဦးပဲရွေးချယ်ထားတယ်”
နန်းတော်သခင် လီချင်းဟုန်သည် ခရေစေ့တွင်းကျ ရှင်းပြလိုက်သည်။ ကြယ်တာယာနန်းတော်သည် ထိုသို့ အပေါ်ယံသတင်းများကို ရရန်မခက်ခဲပေ။ သို့သော် အတွင်းရေး ကိစ္စများအတွက်တော့ မလွယ်ကူချေ။
နတ်အင်ပါယာရှင်းဝေ့ကျန်းသည် အတွေးနက်သွားသည့်ပုံပေါက်၏။ ထို့နောက် ခေါင်းအသာယမ်းကာ ထိုကိစ္စကို မစဉ်းစားတော့ချေ။ နန်းတော်သခင် လီချင်းဟုန်ကို ဆက်မေးလိုက်၏။
“မြောက်ပိုင်းနယ်မြေရော အခြေနေဘယ်လိုလဲ”
“ဘာမှထွေထွေထူးထူးမရှိပါဘူး အရှင်”
လီချင်းဟုန်သည်ဖြေလိုက်ပြီးနောက် ဆက်ပြောလိုက်၏။
“ဒါပေမဲ့ မိစ္ဆာနယ်မြေမှာ သားရဲတွေက အရိုင်းစိတ်ဝင်ကုန်တယ်၊ သူတော်စင်အဆင့်အောက် သားရဲတွေဆိုပေမဲ့ များပြားလွန်းတာကြောင့် မိစ္ဆာအင်ပါယာလဲ အခက်တွေ့နေတယ်”
“ဒါဆို လင်းရှောင်ကို လွှတ်ပြီးကူညီခိုင်းလိုက်” နတ်အင်ပါယာရှင်းဝေ့ကျန်းသည် အမိန့်ပေးလိုက်သည်။
“အရှင်” လီချင်းဟုန် သည်တုန့်ဆိုင်းသွား၏။
“နယ်မြေလေးခုလုံး မဟာမိတ်ဖွဲ့ထားပြီးပြီ၊ ဒါကြောင့် အခြားနယ်မြေ ဒုက္ခရောက်နေချိန်ကူညီပေးရမှာပဲ” နတ်အင်ပါယာ ရှင်းဝေ့ကျန်းသည် ပြတ်ပြတ်သားသားပင်ပြောလိုက်၏။
“ကောင်းပါပြီ အရှင်”
“အရှင်” လူအိုကြီးတစ်ဦးသည် အလောတကြီးဝင်ရောက်လာခဲ့၏။
“အကြီးအကဲလင်းရှောင် ဘာဖြစ်လာတာလဲ” လီချင်းဟုန်သည် ထိုလူအိုကြီးကို ကြည့်ပြီးမေးလိုက်၏။
“အရှင်၊ ကျုပ် လင်းအိမ်တော်ကနေ သတင်းရခဲ့တယ်၊ လွန်ခဲ့တဲ့ နှစ်လလောက်က အရှေ့ပိုင်းနယ်မြေကနေ စွမ်းအင်လှိုင်းတစ်ချို့ထွက်ပေါ်လာတယ်တဲ့”
လင်းရှောင်သည် သူကြားခဲ့သည့် သတင်းကိုပြောပြလိုက်၏။ ထို့အပြင် သူသည်လင်းအိမ်တော်၏ ဘိုးဘေးတစ်ဦးဖြစ်သည်။
“ငါခြောက်လလောက်ပဲ တံခါးပိတ်ကျင့်ကြံလိုက်တာ ထူးဆန်းတဲ့ကိစ္စတွေ အများကြီးဖြစ်ပျက်သွားတာပဲ”
နတ်အင်ပါယာရှင်းဝေ့ကျန်းသည် နယ်မြေလေးခု မဟာမိတ်ဖွဲ့ပြီးနောက် တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။
“ဒါကို စစ်ဆေးဖို့ ကျုပ်သွားလိုက်ပါ့မယ်” လင်းရှောင်သည် နတ်အင်ပါယာရှင်း ကိုပြောလိုက်သည်။
“မလိုဘူး၊ မင်းက မိစ္ဆာနယ်မြေကို သွားပြီး အကူအညီပေးလိုက်၊ အရှေ့ပိုင်းနယ်မြေကိစ္စကို ငါသွားကြည့်လိုက်မယ်”
နတ်အင်ပါယာရှင်းသည် သူကိုယ်တိုင်သွားရန်သာဆုံးဖြတ်လိုက်သည်။
“အရှင် ဒါပေမဲ့ အရှေ့ပိုင်းနယ်မြေက အန္တရာယ်များတုန်းပဲ” လင်းရှောင်သည် စိုးရိမ်စွာပြောလိုက်၏။ လီချင်းဟုန်လည်း သဘောတူသည့်အလား ခေါင်းညိတ်လိုက်၏။
“မင်းက ငါ့ထက်အစွမ်းထက်လား” နတ်အင်ပါယာရှင်းသည် လင်းရှောင်ကို အော်ငေါက်လိုက်၏။
လင်းရှောင် “...”
“အရှင်ကျုပ်ပြောချင်တာက..”
“ငါသိတယ်၊ ငါက အဝေးကနေ စစ်ဆေးယုံပဲ၊ အန္တရာယ် တစ်ခုခုဆို မင်းတို့ထက်ငါက လွှတ်မြောက်နိုင်ချေများတယ်”
ရှင်းဝေ့ကျန်းသည် ထိုသို့အန္တရာယ်များသည့် နေရာကို အခြားသူများအား မသွားစေချင်ပေ။ ထို့ကြောင့် သူသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ လင်းရှောင်နှင့် လီချင်းဟုန် တို့သည် မတက်သာသည့်အဆုံးလက်ခံလိုက်ရ၏။
မိစ္ဆာနယ်မြေ၏ မျိုးနွယ်ခန်းမအတွင်းတွင်..
မိစ္ဆာအင်ပါယာချီမင်ယောင်သည် သူမ၏ ပလ္လင်ပေါ်တွင် စိတ်ရှုပ်ထွေးသည့် အမူရာနှင့် ထိုင်နေ၏။
“အရှင် သားရဲတွေ ထကြွသောင်းကျန်းမှုက နေရာအတော်များများမှာ ဖြစ်နေပြီ၊ ကျုပ်တို့ တစ်ခြားနယ်မြေတွေကို အကူညီတောင်းကြမလား”
မိစ္ဆာမျိုးနွယ်ခေါင်းဆောင်ချီရွှမ်း၏ လေသံသည် လေးလံထိုင်းမှိုင်းနေ၏။
“မလိုအပ်သေးပါဘူး၊ အဆင်နိမ့်သားရဲတွေပဲရှိပါသေးတယ် ဆိုးဆိုးဝါးဝါးမဖြစ်အောင်ထိန်းသိမ်းနိုင်ပါသေးတယ်၊ ကျွန်မတို့ အခြားနယ်မြေကို အကူညီတောင်းဖို့ နေနေသာသာ လာကူညီမယ်ဆိုရင်တောင် အလွယ်တကူ အကူအညီမယူသင့်ဘူး၊ ကျွန်မတို့ တောင့်ခံနိုင်သလောက် တောင်ခံရလိမ့်မယ်”
ချီမင်ယောင်၏ ညို့ချက်ပြင်းသည့် မျက်ဝန်းများပင် ညိုးငယ်နေသော်လည်း သူမသည် အကူအညီယူရန် မစဉ်းစားသေးချေ။ ချီရွှမ်းသည်လည်း သူမ၏စကားကိုကြားပြီးနောက် သက်ပြင်းသာချလိုက်မိ၏။ သူတို့၏ အရှင်သည် အလွန်ပင်ပြတ်သားလှသည်။
“အရှင်၊ ထိုက်ရွှမ်ဂိုဏ်းချုပ်ရောက်လာပါတယ်”
မိစ္စာအကြီးအကဲ ချီရှသည်ခန်းမအတွင်း ပြေးဝင်လာကာ သတင်းပေးလိုက်၏။
“ဟမ်..၊ ဘာလုပ်နေတာလဲ မြန်မြန်ခန်းမထဲကိုဖိတ်လိုက်လေ”
ချီမင်ယောင်သည် သူမပလ္လင်ပေါ်ထိုင်နေရာမှ ချက်ချင်းထလာပြီး အော်ဟစ်လိုက်၏။
ချီရွှမ်း “...”
‘ခုဏလေးတင်ပဲ စိတ်ဓာတ်ကျနေတာမဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့ ချက်ချင်းတက်ကြွသွားတာလဲ’
ချီရှသည်လည်းကြောင်အသွားပြီးနောက် ချက်ချင်းပြန်ပြေးထွက်သွား၏။ ထို့နောက် ချီမင်ယောင်သည် ချီရွှမ်းကို မေးလိုက်၏။
“မျိုးနွယ်ခေါင်းဆောင် ကျွန်မပုံစံက အဆင်ပြေရဲ့လား”
ချီရွှမ်း “...”
ခဏကြာပြီးနောက်တွင် ချီရှသည် ထိုက်ဟုန်ကျွင်းကို မိစ္ဆာခန်းမ အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
“မိစ္ဆာအင်ပါယာ ကျုပ်တို့က မိစ္ဆာနယ်မြေမှာသောင်းကျန်းနေတဲ့သားရဲတွေကို ဖြေရှင်းဖို့ လာကူညီတာပါ”
ထိုက်ဟုန်ကျွင်းသည် ခန်းမအတွင်းရောက်ပြီးနောက် ဦးစွာဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ် ဟုန်ကျွင်း၊ ဒီစိတ်ရိုင်းဝင်နေတဲ့ သားရဲတွေကို နောက်ထပ် ရက်အနည်းငယ်ထိ ထိန်းမထားနိုင်တော့မှာစိုးရိမ်နေတာ”
ချီမင်ယောင်သည် ဆွဲဆောင်မှုရှိသည့် အပြုံးလေးနှင့်ပြောလိုက်၏။ သူမ၏ မျက်နှာထက်တွင် ကြယ်တွေလတွေ ပေါ်ထွက်နေသည့်အလား ဝင်းလက်တောက်ပနေ၏။
ချီရွှမ်း “...”
‘ခုဏက ထိန်းနိုင်ပါသေးတယ်ဆို၊ ပြီးတော့ထိုက်ရွှမ်ဂိုဏ်းချုပ်ကို ဘယ်လိုဖြစ်လို့ ရင်းရင်းနှီးနှီး ခေါ်ဝေါ်နေတာလဲ၊ ပြီးတော့ လာကူညီတာဆိုရင်တောင် ဘာလို့ ဂိုဏ်းချုပ်ကိုယ်တိုင်ရောက်လာတာတုန်း၊ နတ်အင်ပါယာတစ်ပါးက အဲ့လောက်တောင် အားနေလား’
ချီရွှမ်းသည် အလွန်ပင် စွံ့အနေ၏။ သူတို့၏ မိစ္ဆာအင်ပါယာသည့် အဘယ်ကြောင့် ချက်ချင်းပြောင်းလဲသွားရသနည်း။ ထို့အပြက် သူ၏ အတွေးသည်မှန်ကန်ပေ၏။ ထိုက်ရွှမ်ဂိုဏ်းတစ်ခုလုံးရှိ အကြီးအကဲနှင့်ခေါင်းဆောင်များတွင် ထိုက်ဟုန်ကျွင်းတစ်ယောက်သာ အားနေသောကြောင့်ပင်။
“ကျေးဇူးတင်စရာမလိုပါဘူး မိစ္ဆာအင်ပါယာ၊ ကျုပ်တို့က မဟာမိတ်တွေပဲလေ၊ ပြီးတော့ ကျုပ်တို့နယ်မြေရဲ့ လူငယ်လေးတွေကိုလဲ တိုက်ပွဲအတွေ့ကြုံရအောင်ခေါ်လာခဲ့တာ”
ထိုက်ဟုန်ကျွင်းသည် ခေါင်းယမ်းကာ ပြောလိုက်၏။ သူနှင့်အတူ လူငယ်များကိုလည်း ခေါ်လာခဲ့ခြင်းဖြစ်သည်။
“ဟုန်ကျွင်း ရှင်က နတ်အင်ပါယာဖြစ်သွားပြီလေ၊ ကျွန်မရဲ့ ဂုဏ်ပုဒ်ကို ခေါ်မနေနဲ့တော့၊ မင်ယောင်လို့ပဲ ခေါ်လို့ရတယ်”
ချီမင်ယောင်သည် လှလှပပ ပြုံးပြကာပြောလိုက်၏။
ချီရွှမ်း “...”
“ကျုပ်..”
ထိုက်ဟုန်ကျွင်းသည်လည်း စိတ်ရှုပ်ထွေးသွား၏။ ချီမင်ယောင်သည် သူ့အား ‘ဟုန်ကျွင်း’ ဟုခေါ်ဝေါ်သည်ကို စိတ်ထဲမထားပေ။ သူမသည် သူ့ထက် စီနီယာကျသူတစ်ဦးဖြစ်သည်။ သို့သော် ထိုသို့စီနီယာဖြစ်သော ချီမင်ယောင်ကို ‘မင်ယောင်’ ဟုခေါ်ရန် အခက်တွေ့နေ၏။
“အရှင် ဂိုဏ်းချုပ်ထိုက် တို့က အဝေးကလာရတာလေ အနားယူပါစေဦး”
ချီရွှမ်းသည် ထိုက်ဟုန်ကျွင်း မျက်နှာတွင် အခက်တွေ့နေသည်ကို သတိထားမိပြီး ပြောလိုက်၏။ သူတို့၏ အရှင်သည် ယနေ့မှ ဆေးမှားသောက်ထားသည့်အတိုင်းပင်ပြုမူနေ၏။ ထို့ကြောင့် ချီမင်ယောင်သည် ချီရှကို ကြည့်ကာ အမိန့်ပေးလိုက်၏။
“ဟုတ်သားပဲ၊ ဟုန်ကျွင်းကို မိစ္ဆာကြာပန်းအဆောင်မှာအနားယူဖို့ပြင်ဆင်ပေးလိုက်”
ချီရွှမ်း “...”
ချီရှသည်လည်း စွံ့အသွားခဲ့၏။ သူသည် တစ်ခုခုပြောရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် ချီမင်ယောင်၏ အကြည့်သည်ဓားသွားကဲ့သို့ ထက်ရှနေသည့် မျက်ဝန်းအစုံနှင့် ကြည့်နေသည်ကို သိလိုက်ရသည်။ ထိုမျက်ဝန်းအစုံသည် သူမအား ‘တစ်ခုခုထပ်ပြောရင်သတ်ပစ်မယ်’ ဆိုသည့် အဓိပ္ပါယ်ဖော်ဆောင်နေ၏။ ထို့နောက် ချီရှသည် မတက်သာသည့် ပုံစံဖြင့် ထိုက်ဟုန်ကျွင်းကို မိစ္ဆာကြာပန်းအဆောင်သို့ ခေါ်ဆောင်သွားရသည်။
ချီရွှမ်းသည်လည်းဤအခြေအနေတွင် သက်ပြင်းချယုံကလွဲ၍ ဘာမျှမတက်နိုင်ချေ။ အကြောင်းမှာ ထိုအဆောင်သည် ချီမင်ယောင်၏ အိပ်ဆောင် အနီးတွင်ရှိသောကြောင့်ဖြစ်သည်။