နတ်ဘုရင်အဆင့်
Vol. 6 Ch. 78
ယွဲ့ဝူယောင်တို့သည် အရှေ့ပိုင်းနယ်မြေတွင် လေ့ကျင့်နေသည်မှာ နှစ်လကျော်ခန့်ကြာမြင့်နေပြီဖြစ်သည်။ ယွဲ့ဝူယောင်သည် ခရမ်းလနှလုံးသားကျင့်စဉ်ကျမ်းကို စတင်ကျင့်ကြံခဲ့သည်မှ နှစ်ဝက်ကျော်မျှကြာပြီဖြစ်သည်။
သူမသည် ခရမ်းလနှလုံးသားကျင့်စဉ်၏ ပထမဆင့်ဖြစ်သည် ခရမ်းလဝိညာဉ်အဆင့်ကို တစ်နေ့ထက်တစ်နေ့ ပို၍နားလည်သဘောပေါက်လာခဲ့သည်။
ယွဲ့ဝူယောင်သည် တင်ပလ္လင်ချိတ်ထိုင်ကာ လက်သဏ္ဌာန်တစ်ခု ပုံပဖော်ထားပြီး လ၏ ပြောင်းလဲမှုများ၊ လစွမ်းအင်စီးဆင်းမှုသည် သူမ၏ သွေးကြောများအပေါ် လွှမ်းမိုးမှုများကို ငြိမ်သက်စွာ စိတ်ထဲတွင် ပုံဖော်ပြီး နားလည်အောင် ကြိုးစားနေသည်။
ထိုအချိန်တွင် သူမ၏ ပတ်ပတ်လည်တွင် ခရမ်းရောင် အလင်းမှုန်ပေါင်းများစွာ စုဝေးလာသည်။ ထိုအလင်းမှုန်များသည် အချင်းချင်းယှက်နွယ်နေပြီးနောက် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွား၏။ သူမ၏ခန္ဓာကိုယ်မှ ပြင်းထန်လှသည့် အအေးဓာတ်ထွက်ပေါ်လာခဲ့သည်။ ထိုအအေးဓာတ်များသည် ယခင်က သူမထံမှ ထွက်ပေါ်သည့် အအေးဓာတ်များထက် အဆပေါင်းများစွာပြင်းထန်လာသည်။ သူမ၏ ပတ်ဝန်းကျင် ပတ်ပတ်လည် ပေတစ်ထောင်ခန့်တွင် ခရမ်းရောင်ရေခဲများနှင့် ဖုံးလွှမ်းသွား၏။
ယွဲ့ဝူယောင်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများသည် ခရမ်းရောင်အအေးဓာတ်(လစွမ်းအင်)များနှင့် ပြည့်နှက်သွားပြီး သူမ၏ နက်မှောင်နေသည့် ဆံနွယ်များသည် တဖြည်းဖြည်း ဖြူဖျော့လာခဲ့သည်။ သို့သော်မပြီးသေးချေ။ ထိုဖြူဖျော့နေသည့် ဆံနွယ်များသည် တဖြည်းဖြည်းနှင့် ခရမ်းနုရောင်သမ်းလာခဲ့သည်။
ထို့နောက် သူမသွေးကြောများအတွင်းရှိ လစွမ်းအင်များသည် ရွှေအမြူတေ (ရွှေရောင်ဒန်တျန်) အတွင်းသို့ စီးဝင်လာခဲ့သည်။ ထို့အပြင် လစွမ်းအင်များသည် အဆက်မပြတ် ရွှေအမြူတေအတွင်းသို့ စီးဝင်နေသည်။ သူမ၏ ရွှေအမြူတေသည် လစွမ်းအင်များနှင့် ပြည့်နက်လာပြီး မည်သည့်အရာကိုမျှ ထပ်မံလက်ခံနိုင်ခြင်းမရှိသည့် အနေအထားသို့ ရောက်ရှိလာသည်ဖြစ်သည်။
ယွဲ့ဝူယောင်၏ ပတ်ပတ်လည်ရှိခရမ်းရောင်ရေခဲများသည် ပိုမိုကျစ်လစ်သိပ်သည်းလာသည်။
“ခရက်..”
သူမ၏ ရွှေမြူတေသည် ပြည့်နက်နေသည့် လစွမ်းအင်များကြောင့် အက်ကွဲလာခဲ့၏။ တဖြည်းဖြည်း ထိုအက်ကွဲကြောင်းများသည် များပြားလာသည်။
“အား..”
ယွဲ့ဝူယောင်၏ နာကျင်စွာ ညည်းညူလိုက်မိ၏။ သူမ မျက်နှာထက်တွင်လည်း နာကျင်မှုများ ခံစားနေရသည်ကို ပေါ်လွင်နေသည်။ တစ်ဆထက်တစ်ဆ ပိုမှိုပြင်းထန်လာ၏။ ထိုအရာသည် သူမ ခံစားခဲ့ရဖူးသည့် နာကျင်မှုများထက် အဆပေါင်းများစွာသာလွန်၏။ သူမ၏ နာကျင်မှုများကို အဆုံးစွန်ထိ ကြိတ်မှိတ်သည်းခံလိုက်သည်။
ခဏာအကြာတွင် သူမ၏ ရွှေအမြူတေအပေါ်ယံအလွာသည် လုံးဝပျက်စီးသွားခဲ့သည်။ သူမ၏ နာကျင်မှုများလည်း လျော့ကျသွားပြီဖြစ်သည်။
ထို့နောက်တွင် ပျက်စီးသွားပြီးသည့် အမြူတေ အတွင်းတွင် စွမ်းအင် အလုံးလေးတစ်ခုပေါ်ထွက်လာခဲ့သည်။ ထိုစွမ်းအင်အလုံးလေးကို ကျင့်ကြံသူများက နတ်အမြူတေဟုခေါ်ကြသည်။ အံ့ဩစရာကောင်းသည်မှာ သူမ၏ နတ်အမြူတေသည် ခရမ်းရောင်ဖြစ်နေခဲ့သည်။ နတ်အဆင့်ကျင့်ကြံသူတိုင်း၏ နတ်အမြူတေသည် ရွှေအမြူတေကဲ့သို့ ရွှေရောင်သာလျှင် ရှိကြသည်။
ယွဲ့ဝူယောင်သည် နတ်ဘုရားတစ်ပိုင်း အဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ထို့အပြင် သူမသည် နတ်ဘုရားလမ်းစဉ်သို့ဝင်ရောက်သွားပြီဖြစ်သည်။ သူမသည် ထိုသို့ တက်ရောက်သွားနိုင်သည့် အကြောင်းမှာ ခရမ်းလဝိညာဉ်အဆင့်ကို အပြည့်အဝ နားလည်သွားသည့်အပြင် ဤနေရာတွင် ဝိညာဉ်စွမ်းအင်ပေါများစွာ တည်ရှိနေသောကြောင့်ဖြစ်သည်။
နတ်အမြူတေ ဖြစ်ပေါ်လာပြီးနောက်တွင် သူမသည် အနီးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို အရှိန်အဟုန်ဖြင့် ပြန်လည်စုပ်ယူနေသည်။ ထို့နောက်တွင် သူမ၏ ဘေးပတ်ပတ်လည်ရှိ ခရမ်းရောင်ရေခဲများသည် အအေးစွမ်းအင်များ အဖြစ်ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။
“ယောင်အာ နတ်လမ်းစဉ်ထဲ ဝင်ရောက်သွားပြီ”
ဟွမ်းသည် သူမ၏ ဘေးတွင်ရောက်ရှိနေပြီး ပျော်ရွှင်သည့် မျက်ဝန်းများနှင့် ကြည့်နေသည်။
“ဆရာရဲ့ကျေးဇူးတွေကြောင့်ပါ” ယွဲ့ဝူယောင်သည် စိတ်လှုပ်ရှားနေသည့် လေသံဖြင့်ပြောလိုက်၏။
“မင်း နတ်ဘုရင် အဆင့်ရောက်ပြီဆိုတော့၊ မင်းရဲ့ဂျုနီယာ မောင်လေးတွေလည်း နတ်ဘုရင် အဆင့်ရောက်ရင် ဆရာတို့ ဒီကုန်းမြေက ထွက်သွားကြမယ်”
ဟွမ်းသည် ယွဲ့ဝူယောင်အား သူမ၏ ဆရာတူမောင်လေးများကို စောင့်ဆိုင်းစေရန်ပြောလိုက်၏။
“ဟင် ဆရာ တပည့်က နတ်ဘုရားတစ်ပိုင်းပဲ ရှိသေးတာလေ၊ နတ်ဘုရင်မဖြစ်သေးဘူး”
ယွဲ့ဝူယောင်သည် ကြောင်အသွားကာ ပြန်ပြောလိုက်၏။ သူမဆရာ အမြင်များ မှားသလားဟု ထင်မိသွားသည်။ ထိုအချိန်မှ ဟွမ်းသည် ကျင့်ကြံခြင်းအဆင့်များအကြောင်းကိုသေချာမရှင်းပြခဲ့ဖူးကြောင်း သတိရသွားခဲ့သည်။ ထို့ကြောင့် ရှင်းပြလိုက်၏။
“နတ်ဘုရားတစ်ပိုင်းဆိုတာက နတ်ဘုရင်အဆင့်ရဲ့ ကနဦးအဆင့်နဲ့ တူညီတယ်၊ ကောင်းကင်နတ်ဘုရားအဆင့်က အလယ်လတ်အဆင့်ပေါ့၊ နောက်ဆုံး အထွတ်ထိပ်အဆင့်ကိုမှ နတ်ဘုရင်အဆင့်လို့ ခေါ်ကြတာ၊ ဒါပေမဲ့ အဆင့်သုံးဆင့်လုံးက နတ်ဘုရင်အဆင့်ကို ရည်ညွှန်းတာပဲ”
“ဒါဆို ယောင်အာအဆင့်က နတ်ဘုရင်အဆင့်လို့ခေါ်လို့ရတယ်ပေါ့” ယွဲ့ဝူယောင်သည် အံ့ဩသွားကာမေးလိုက်၏။
“ဟုတ်တယ်၊ နတ်ဘုရားကုန်းမြေမှာ မွေးဖွားလာသူတိုင်းက ဒီကုန်းမြေရဲ့ အခြေတည်ဝိညာဉ်အဆင့်နဲ့ တူညီကြတယ်၊ ဒါပေမဲ့ သူတို့ကို သာမန်လူတွေလို့ပဲသတ်မှတ်တယ်”
“ဆရာ ဒါဆို နတ်ဘုရားကုန်းမြေရဲ့ အဆင့်တွေက ဘာတွေလဲ”
သူမသည် နတ်ဘုရားကုန်းမြေက ဤမျှအထိ အဆင့်မြင်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် အဆင့်များကို သိချင်၍ မေးလိုက်၏။
“ကုန်းမြေတွေကမှာ ကျင့်ကြံခြင်း အဆင့်တွေကို အမျိုးမျိုး သတ်မှတ်ခေါ်ဝေါ်ကြတယ်၊ ဒါပေမဲ့ နတ်ဘုရားကုန်းမြေရဲ့ သတ်မှတ်ချက်ပထမအဆင့်က ဒီကုန်းမြေက သူတော်စင်အဆင့်နဲ့ညီမျှတယ်၊ အဲ့ဒီအဆင့်ကို နတ်ဘုရားမွေးဖွားခြင်းလို့ခေါ်တယ်..”
ဟွမ်းသည်အသေးစိတ်ရှင်းပြလိုက်၏။ နတ်ဘုရားကုန်းမြေတွင် နတ်ဘုရားမွေးဖွားခြင်း၊ နတ်ဘုရင်အဆင့်၊ နတ်အင်ပါယာ အဆင့်ကိုးဆင့်တည်ရှိ၏။ နတ်ဘုရင်အဆင့်တွင် ထျန်းယွမ်ကုန်းမြေ၏ အခေါ်အဝေါ်နှင့်တူညီသည်။ နတ်အင်ပါယာ အဆင့်များသည်တော့ အဆင့်တစ်မှစ၍ အဆင့်ကိုးအထိ ကိုးဆင့်ရှိ၏။
“ဒါဆို နတ်ဘုရားကုန်းမြေမှာ နတ်အင်ပါယာတွေပဲ တည်ရှိတာပေါ့”
သူမသည် အလွန်ပင်အံ့ဩသွားခဲ့သည်။ ဤကုန်းမြေရှိ နတ်အင်ပါယာများသည် အဆင့်တစ်တွင်သာရှိကြပြီး ထိုအဆင့်သည် နတ်ဘုရားကုန်းမြေတွင် ဘာမျှမဟုတ်ချေ။ သူမသည်ကျင့်ကြံခြင်းလောကအပေါ် အမြင်သစ်များနှင့် ရှုမြင်လာသည်။
“အဆင့်တည်ငြိမ်အောင်လေ့ကျင့်လိုက်ဦး”
ဟွမ်း၏ တပည့်များသည် ဤကျယ်ပြန့်လှသည့် အရှေ့ပိုင်းနယ်မြေတွင် တစ်ယောက်တစ်နေရာစီ ကျင့်ကြံနေကြသည်။ လုရှင်းယန်သည် ဤနယ်မြေအတွင်းရှိဝိညာဉ်စွမ်းအင်များကို အရူးအမူးစုပ်ယူနေသည်။ ထို့အပြင် ကောင်းကင်ကျားချီဟူသည်လည်း ထွက်လာခဲ့ပြီး လုရှင်းယန်နှင့်အတူ ကျင့်ကြံနေခဲ့သည်။
လုရှင်းယန်၏ ရှေ့တည့်တည့်တွင် ဖီးနစ်နှလုံးသား လှံသည် အလျားလိုက်ပုံစံဖြင့် လေထဲတွင်မြောလွင့်နေသည်။ သူ၏ ဝိညာဉ်စွမ်းအင်များကို ထိုလှံအတွင်းသို့ အဆက်မပြတ်ထည့်သွင်းနေသည်။ ဖီးနစ်နှလုံးသားလှံသည် လုရှင်းယန်၏ အသက်သွေးကြောရတနာ အဖြစ် သတ်မှတ် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ထိုလှံနှင့် သူ၏ ဝိညာဉ်ပင်လယ်ကို ချိတ်ဆက်နေချင်းဖြစ်သည်။
ဖီးနစ်နှလုံးသားလှံသည် မငြင်းဆန်တော့ပေ။လုရှင်းယန်၏လုပ်ဆောင်ချက်များကို ကြည်ဖြူစွာ လက်ခံနေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် လုရှင်းယန်၏ ဝိညာဉ်ပင်လယ် အတွင်းတွင် ထိုလှံ၏ ပုံရိပ်ဖြစ်တည်လာခဲ့ပြီး ထိုလှံသည်လည်း ဝင်ရောက်သွားခဲ့သည်။
ထိုဖြစ်စဉ်တွင် နှစ်ဦးသဘောတူ ကြည်ဖြူခြင်းကြောင့် အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်သတ် တပ်မက်နေခြင်း မဟုတ်ခဲ့ခြင်းကြောင့် ပြသနာများစွာမကြုံတွေ့ရပေ။
“ငါ အသက်သွေးကြောရတနာရခဲ့ပြီဆိုတော့ နောက်ထပ် အဆင့်တက်ဖို့ ပြင်ရမယ်”
တစ်ဖက်တွင် ပိုင်ကျန့်ယွီသည် သူပတ်ဝန်းကျင်ရှိ လေထုသည် ထက်ရှနေသည့်အလားပင်။ အဆင့်နိမ့်ကျင့်ကြံသူတစ်ခုသာ သူအနီးနားတွင် ဖြတ်သန်းသွားပါက ထိုလေထုကြောင့်ပင် ဒဏ်ရာရသွားနိုင်သည်။
“ထပ်တိုက်ခိုက်မယ်လေ”
မော့ရွှယ်အာသည် တိုက်ပွဲဆာလောင်နေသည့်အလားပြောလိုက်၏။ ဤနှစ်လတာအတွင်းတွင် သူတို့သည် နေ့တိုင်းလိုလို တိုက်ခိုက်နေခဲ့ကြသည်။
ပိုင်ကျန့်ယွီသည် တစ်နေ့တစ်ခြားပင် သူ၏ ဓားစွမ်းအင်သည် တိုးတက်လာခဲ့သည်။ထို့အပြင် သူ၏ အရှိန်သည်လည်း အလွန်ပင် လျင်မြန်လာခဲ့သည်။ မော့ရွှယ်အာ၏ ရုတ်တရက် ရိုက်ချက်များကို အလွယ်တကူ မခံရတော့ချေ။ သို့သော် သူမတကယ်တိုက်လျှင်တော့ ခံနိုင်ရည်မရှိသေးချေ။
“ကျုပ်အဆင့်တက်လိုက်ဦးမယ်”
ပိုင်ကျန့်ယွီသည် ဓားနတ်ဆိုး၏ ဓားစွမ်းအင် အချို့ကို စုပ်ယူပြီးနောက် အဆင့်တက်ရတော့မည်ဖြစ်သည်။ ထို့အပြင် ဓားနတ်ဆိုး၏ နည်းစနည်များကို အသုံးပြုရာတွင် ပိုမိုကျွမ်းကျင်လာခဲ့သည်။ သူသည် မော့ရွှယ်အာနှင့် အတူလေ့ကျင့်ခြင်းအကျိုးကြောင့် ဖြစ်သည်။
“ကောင်းပြီလေ၊ အဆင့်တက်ပြီးရင်တိုက်မယ်”
မော့ရွှယ်အာသည် ပျင်းရိသွားသည့် အလားပင် မြေပြင်ပေါ်တွင် လှဲလျောင်းလိုက်၏။
အခြားတစ်ဖက်ရှိ လျှိုမင်ယွမ်သည် ဝိညာဉ်ဖိအား၏ ဗဟိုချက်နှင့် မဝေးကွာတော့ပေ။ သူ၏စိတ်ဝိညာဉ်သည် အလွန်ပင်ထက်မြင်နေ၏။သူ၏စိတ်ဝိညာဉ်ကို ပေသုံးထောင်အတွင်းတွင် အခက်အခဲမရှိ ဖြန့်ကျက်နေနိုင်ပြီဖြစ်သည်။
“ငါ့စိတ်ဝိညာဉ်က အတော်လေး အစွမ်းထက်နေပေမဲ့ ဝိညာဉ်ပေါင်းစည်းခြင်းကျင့်စဉ်ရဲ့ ပထမအဆင့်ကို မအောင်မြင်နိုင်သေးဘူး၊ ငါအဆင့်တက်ပြီးမှ ဝိညာဉ်ထိန်းချုပ်ခြင်း အဆင့်ကို အောင်မြင်နိုင်မယ်ထင်တယ်”
ထို့ကြောင့် လျှိုမင်ယွမ်သည် အဆင့်တက်ရန်စတင်လုပ်ဆောင်လိုက်တော့သည်။