← Chapters

ဝိညာဉ်စာအုပ်

Vol. 6 Ch. 79

ဝိညာဉ်စာအုပ်

Vol. 6 Ch. 79

“မဟုတ်ဘူး၊ ဆရာ မသေရဘူး၊ မဟုတ်ဘူး...”

လူငယ်လေးတစ်ဦးသည် အိပ်ယာထက်တွင် လှဲလျောင်းနေရာမှ အော်ဟစ်ကာ ထထိုင်လိုက်သည်။ သူသည် အိမ်မက်ဆိုးတစ်ခု မက်သည့်အလား ခန္ဓာကိုယ်တွင် ချွေးသီးချွေးပေါက်များသည် ရေချိုးထားသည့်အလားရွှဲနစ်နေသည်။

“ငါ ဒီအိမ်မက်ကိုပဲ ခဏခဏပြန်မက်နေတယ်”

သူ၏ အသက်ရှုသံများသည် ပြင်းထန်နေပြီး ဖြစ်ပျက်နေမှုများကို မနည်းပင်တွေးတောနေရ၏။ ထိုလူငယ်၏ စိတ်တွင်ရှုပ်ထွေးမှုများစွာနှင့်ပြည့်နှက်နေသည်။ ထိုလူငယ်သည် ရှင်းဝမ်ကျဲ ဖြစ်ပြီး ကြယ်တာယာနန်းတော်၏ နတ်အင်ပါယာရှင်းဝေ့ကျန်း တပည့်ဖြစ်သည်။ သူသည် အိမ်မက်တစ်ခုကို ထပ်ခါထပ်ခါ မက်နေခဲ့သည်။ ထိုအိမ်မက်သည် တစ်ကြိမ်ထက် တစ်ကြိမ်ရှင်းပြတ်သားရှင်းလင်းလာခဲ့သည်။

‘ဒီတစ်ခေါက် ငါ့အိမ်မက်က မှားယွင်းမှ ဖြစ်မယ်’

“ဝမ်ကျဲ”

ရှင်းဝမ်ကျဲသည် အတွေးများနှင့် စိတ်ရှုပ်နေစဉ် အသံတစ်ခုကြောင့် အသိစိတ်ပြန်ဝင်လာခဲ့သည်။ ထိုအသံပိုင်ရှင်သည် ရှင်းဝေ့ကျန်းဖြစ်သည်။ ရှင်းဝေ့ကျန်းသည် သူတပည့်၏ ဖြစ်ပျက်နေပုံကို မြင်ပြီး မျက်မှောင်ကြုတ်သွားကာမေးလိုက်၏။

“မင်း အဲ့ဒီအိမ်မက်ကို ထက်မက်ပြန်ပြီလား”

“ဟုတ်တယ် ဆရာ၊ ကျုပ်နတ်ဘုရားတစ်ပိုင်းအဆင့်ကိုတက်ပြီးနောက်ပိုင်း အဲ့ဒီအိမ်မက်က ပိုပြီးပီပြင်လာတယ်၊ ဆရာကျုပ်တို့ပိုပြီး ပြင်ဆင်မှုလုပ်သင့်တယ်၊ အဲ့ဒီအိမ်မက်သာ မှန်ခဲ့ရင် ဆရာ..ဆရာက”

ရှင်းဝမ်ကျဲသည် စကားပြောနေရင်း သူ၏ အသံသည်တိုးလျလာခဲ့သည်။ သူ၏ အဆင့်မြင့်တက်လာတိုင်း ဝေဝါးနေသည့် ပုံရိပ်များသည် ပိုမိုပီပြင်လာခဲ့သည်။

“ဗဟိုကုန်းမြေပြိုင်ပွဲ ကျင်းပဖို့အချိန်သိပ်မလိုတော့ဘူး၊ အဲ့ဒီအချိန်ကျ မင်းစိတ်ထဲမရှင်းတာတွေ အတည်ပြုလို့ရသွားမှာပါ”

နတ်အင်ပါယာရှင်းဝေ့ကျန်းသည် သူ၏တပည့်စိတ်အတွင်း တင်းကျပ်နေမှုများကို ခံစားမိသည်။ ရှင်းဝမ်ကျဲသည် ထိန့်လန့်နေသည့် လေသံဖြင့်ပြောလိုက်၏။

“လွန့်ခဲ့တဲ့ ဆယ်ငါးနှစ်ကျော်က အဖြစ်ပျက်လဲ မှန်ကန်ခဲ့တယ်၊ ဒါပေမဲ့ မတားဆီးနိုင်ခဲ့ဘူး၊ အခုလဲ အဲ့ဒီအိမ်မက်အတိုင်းဖြစ်လာမှာ စိုးရွံ့မိတယ်၊ အဲ့ဒီအချိန်ကျရင်..”

“ဘာမှစိုးရိမ်မနေနဲ့၊ ဆရာတို့အနေနဲ့ အတက်နိုင်ဆုံးပြင်ဆင်မှုတွေ လုပ်ထားပြီးပြီ၊ ဒါပေမဲ့လဲ ဖြစ်လာမဲ့ကံပါရင် တားဆီးနိုင်ဖို့ခက်ခဲမှာပဲ”

ရှင်းဝေ့ကျန်းသည် စကားဖြတ်ပြောလိုက်၏။ ထို့နောက် တွေဝေနေသည့် ရှင်းဝမ်ကျဲကို စကားပြောခွင့်မပေးပဲ ဆက်ပြောလိုက်၏။

“လွန်ခဲ့တဲ့နှစ်လက အရှေ့ပိုင်းနယ်မြေမှာ စွမ်းအင်လှိုင်းတစ်ချို့ပေါ်လာတယ်၊ ဆရာသွားပြီးစစ်ဆေးမလို့ မင်းလိုက်ခဲ့မလား”

“ဟုတ်လား..၊ ကျုပ်လိုက်ခဲ့မယ်”

ရှင်းဝမ်ကျဲ၏ စိတ်ရှုပ်ထွေးနေသည့် မျက်နှာသည် အံ့အားသင့်နေသည့် မျက်နှာအဖြစ်ပြောင်းလဲသွားသည်။ ထိုသို့ကိစ္စမျိုး သူ၏အိမ်မက်ထဲတွင် မဖြစ်ဖူးချေ။

အရှေ့ပိုင်းနယ်မြေတွင် ယွဲ့ဝူယောင်သည် သူမကျင့်စဉ်၏ ခရမ်းလနှလုံးသား အဆင့်ကို နားလည်အောင် လေ့လာနေရင်း ကျင့်ကြံခြင်းနစ်မြုပ်နေ၏။

လုရှင်းယန်တို့ သုံးဦးသည်လည်း သူတော်စင့်အဆင့်သို့ ချိုးဖြတ်နေကြ၏။ မော့ရွှယ်အာသည်တော့ ပျင်းတိပျင်းရွဲနှင့် လှဲလျောင်းနေသည်။

“မင်းရဲ့ အဆင့်က ခိုင်မာသွားပြီဆိုတော့၊ အဆောင်ရေးဆွဲနည်းစာအုပ်ကို မင်းစိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ဖို့ လုပ်တော့”

ဟွမ်းသည် ချုးယွီဟွာကို ကြည့်ကာပြောလိုက်၏။ ချုးယွီဟွာသည် အစိမ်းနုရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားမြဲပင်။ သူမသည် သူတော်စင်အဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။

“ဟုတ်ကဲ့ စီနီယာအစ်ကို၊ ကျွန်မကြိုးစားကြည့်မယ်”

ချုးယွီဟွာသည် သူမကိုယ်တိုင်လည်း ပေါင်းစပ်ချင်နေသောကြောင့် ပြောလိုက်၏။ သူမ၏ ပန်းနုရောင်သန်းနေသည့် နှုတ်ခမ်းပါးလေးက ထွက်ပေါ်လာသည့် အသံလေးသည် စမ်းရေစီးသံအလား ကြည်လင်အေးမြနေပြီး ကြားရသူတိုင်း စိတ်ကို အေးချမ်းမှုများပေးစွမ်းနိုင်သည်။ ဒေါသမီးဟုန်းဟုန်းတောက်နေသူပင် သူမအသံကြောင့် ဒေါသများပြေလျော့သွားစေနိုင်သည်။

“ဒီစာအုပ်မှာက အဆောင်ရေးဆွဲနည်း တွေပဲရေးသားထားတယ်လို့ထင်ရပေမဲ့ မင်းရဲ့စိတ်ဝိညာဥ်နဲ့ပေါင်းစပ်ပြီးသွားရင် အဲ့ဒါထက်ပိုတာကို နားလည်လာလိမ့်မယ်”

ဟွမ်းသည် ချုးယွီဟွာ ထိုစာအုပ်နှင့် ပေါင်းစပ်နေချိန်တွင် အမှားယွင်းမရှိစေရန် သူမ အနားသို့ရောက်လာကာ စောင့်ကြပ်ပေးလိုက်၏။

ထို့နောက် သူမသည် ‘အဆောင်ရေးဆွဲနည်းစာအုပ်’ အတွင်းသို့ ဝိညာဉ်စွမ်းအင်များ စတင်စီးဆင်းစေလိုက်သည်။

ထိုစာအုပ်သည် သူမ၏ရှေ့တွင်လွင့်မျောလာ၏။ ခဏအကြာတွင် ထိုစာအုပ်တွင် မှိန်ပြပြ အစိမ်းရောင်စွမ်းအင်စီးကြောင်းများပေါ်ထွက်လာသည်။ ထိုစွမ်းအင်စီးကြောင်းများသည် စာအုပ်တစ်ခုလုံးအပေါ်တွင် ထွက်ပေါ်လာပြီး ချုးယွီဟွာ၏ ဝိညာဉ်စွမ်းအင်များကို ဝါးမြိုနေ၏။

“ဒီစာအုပ်က ဝိညာဉ်စွမ်းအင် ကုန်ဆုံးနေတာကြာပြီ၊ ဒါ့ကြောင့်သူမရဲ့ ဝိညာဉ်စွမ်းအင်တွေကို အငမ်းမရဝါးမြိုနေတာပဲ”

ဟွမ်းသည် ချုးယွီဟွာ၏ နူးညံ့သိမ်မွေ့သည့် မျက်နှာထက်တွင် ချွေးစငယ်များ တွဲခိုလာခဲ့သည်။ သူမသည် စာအုပ်နှင့် ပေါင်းစပ်နေသည့်ဖြစ်စဉ်သည် သုံးနာရီကျော်ကြာမြင့်နေပြီဖြစ်သည်။ ဝိညာဉ်စွမ်းအင်များသည် သူမထံတွင် လုံလောက်စွာ ရှိခဲ့သော်လည်း ထိုစာအုပ်၏ အငမ်းမရ ဝါးမြိုမှုကြောင့် ကုန်းခမ်းလုနီးပါးဖြစ်လာခဲ့သည်။ သူမသည် ရပ်တန့်၍မရတော့ချေ။

‘သွားပြီ ငါကျရှုံးတော့မယ်ထင်တယ်၊ ဝိညာဉ်စွမ်းအင်မရှိတော့ဘူး’

ချုးယွီဟွာသည် သတိလစ်တော့မည် အခြေအနေအထိ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ် အတွင်းသန့်စင်လှသည် ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာခဲ့သည်။

‘စီနီယာအစ်ကို..’

သူမသည် စာအုပ်နှင့်ပေါင်းစပ်နေသည်ဖြစ်သောကြောင့် အပြင်လောကကြီးတွင် စကားပြောဆိုနိုင်ခြင်း မရှိခဲ့ချေ။ သို့သော် ဟွမ်းသည် သူမခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းပေးနေသည်ကိုတော့ သိလိုက်၏။

ထို့နောက် သူမသည် စိတ်ပျံ့လွင့်မနေတော့ပဲ ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ကြိုးစားလိုက်သည်။ ထိုအချိန်တွင် မှိန်ပြနေသည့် အစိမ်းရောင်စွမ်းအင်စီးကြောင်းများသည် တောက်ပလာပြီးနောက် စာအုပ်၏ ပုံသဏ္ဌာန်သည် မူလပုံစံပျောက်ကွယ်သွား၏။ ဝိညာဉ်များကဲ့သို့ ထွင်းဖောက်မြင်နိုင်သည့်အလား ကြည်လင်သွားခဲ့သည်။ ထိုအပေါ်တွင်မှ အစိမ်းရောင်စွမ်းအင်စီးကြောင်းများစီးဆင်းနေသည်။

ထိုဝိညာဉ်စာအုပ်သည် ဝိညာဉ်စွမ်းအင်များပြည့်ဝလာသည့်အလား လှုပ်ရှားလာပြီးနောက် ချုးယွီဟွာ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထို့နောက် ၎င်းစာအုပ်သည် ချုးယွီဟွာ၏ ဝိညာဉ်ပင်လယ်နှင့်ပေါင်းစပ်သွားခဲ့သည်။

ချုးယွီဟွာ၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ်လှုပ်ရှားသွားပြီး အစိမ်းရောင်စွမ်းအင်များနှင့် ရစ်ပတ်လာခဲ့သည်။ ခဏအကြာတွင် ထိုစွမ်းအင်များသည် ချုးယွီဟွာ၏ စိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်ကာ ပေါင်းစပ်သွားပြီဖြစ်သည်။

ချုးယွီဟွာ၏ မျက်အလုံးအစုံသည် ပွင့်ဟလာသည့်အခါ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူမ၏ မျက်နှာလေးသည် နီရဲလာခဲ့သည်။ ထိုဝိညာဉ်စာအုပ် သူမ၏ဝိညာဉ်ပင်လယ်အတွင်းဝင်ရောက်သွားသည့်အချိန်တွင် လဲကျမလိုဖြစ်သွားခဲ့သည်။ ဟွမ်းသည် ချက်ချင်းပင် သူမ၏ ပခုံးနှစ်ဖက်ကို ထိန်းပေးထားခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ မျက်နှာသည် အတော်လေးနီးကပ်နေ၏။ ဟွမ်း၏ မျက်ဝန်းများသည် တည်ငြိမ်နေသည်။ သို့သော် ချုးယွီဟွာသည် အပြစ်လုပ်မိထားသည့် ကလေးတစ်ယောက်အလား သူ၏မျက်ဝန်းများသည် လှုပ်ရှားနေ၏။

“စီ..စီနီယာ အစ်ကို၊ ကျွန်မ အောင်မြင်သွားပြီ” ချုးယွီဟွာသည် စကားများပင် ထစ်အသွား၏။ သူမ၏ နှလုံးခုန်နှုန်းသည် အလွန်ပင်မြန်ဆန်နေသည်။ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းပြီး အားနည်းနေသောကြောင့်လားတော့ မသိပေ။

“ဝိညာဉ်စွမ်းအင်ပြန်ဖြည့်လိုက်ဦး၊ ပြီးမှ အဲ့ဒီဝိညာဉ်စာအုပ်ကို စစ်ဆေးကြည့်”

ဟွမ်းသည် သူမ၏ ပခုံးနှစ်ဖက်ကို လွှတ်လိုက်ပြီးနောက် ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”

ချုးယွီဟွာသည် ဝိညာဉ်စွမ်းအင်များ ပြန်စုစည်းရန် ကြိုးစားလိုက်သည်။ ဝိညာဉ်စွမ်းအင်များသည် သူတို့ စရောက်သည့်အချိန်နှင့် ယှဉ်လျှင် အတော်လေးပါလွှာလာသည်။ ထို့နောက် သူမ၏ စိတ်ဝိညာဉ် အတွင်းတွင် စာလုံးများစွာပေါ်လာခဲ့သည်။ သူမသည် အလွန်အံ့အားသင့်သွားပြီး သူမ၏ နှုတ်ဖျားမှပင် ရေရွတ်လိုက်မိ၏။

“ဒီစာလုံးတွေက..”

“ဒါတွေက မင်းအတွက် အသုံးပြုနိုင်တဲ့ သင်္ကေတ နည်းစနစ်တွေပဲ”

ဟွမ်းသည် သူမအံ့ဩနေသည်ကို သိနေသည့်အလား ဖြေဆိုလိုက်သည်။ ချုးယွီဟွာ သည် ဟွမ်း၏ အသံကိုကြားပြီးနောက် သူမ၏မျက်လုံးများသည် တစ်ဖန်ပြန်ပွင့်လာခဲ့သည်။

“မင်းနားလည်ကျွမ်းကျင်လာရင် အဲ့ဒီစာလုံးတွေရဲ့ စွမ်းအားကို ရေးသားပြီး ဖော်ထုတ်နိုင်လိမ့်မယ်”

“စီနီယာအစ်ကို အဲ့ဒါက အဆောင်ရေးဆွဲတဲ့ ပုံစံနဲ့ အတူတူပဲလား”

ချုးယွီဟွာသည် ထိုသို့ နည်းစနည်များရှိသည်ကို မကြားဖူးပေ။ ယခုအရာသည် သူမအတွက် လွန်စွာ ထူးဆန်းနေ၏။

“ယေဘုယျ အားဖြင်တော့တူတူပဲ၊ ကွဲပြား သွားတာက မင်းက အဲ့ဒီထဲက စကားလုံးတစ်ခုခုရဲ့ အဓိပ္ပါယ်ကို နားလည်ပြီး တက်မြောက်သွားရင် ကြားခံအဆောင်စာရွက်မလိုအပ်တော့ဘူး၊ လေထဲမှာပဲ အဲ့ဒီစကားလုံး ကိုရေးဆွဲပြီး တိုက်ခိုက်တာမျိုး၊ ကာကွယ်တာမျိုး ပြုလုပ်နိုင်လိမ့်မယ်”

ဟွမ်းသည် သူမနားလည်နိုင်မည့် စကားလုံးများကို ရွေးချယ်ကာ ရှင်းပြလိုက်၏။ ထိုနည်းစနည်သည် အဆောင်ရေးဆွဲခြင်းနှင့် တူညီသည် ထင်ရသော်လည်း မတူညီပေ။

အဆောင်စာရွက်များပေါ်တွင်ရေးဆွဲထားသည့် အဆောင်များသည် ကြိုတင်ရေးဆွဲထားပြီး လိုအပ်သည့်အချိန်တွင်ထုတ်သုံးနိုင်သည်။ သို့သော် ကျင့်ကြံသူများအတွက် တိုက်ခိုက်ရေး၊ ကာကွယ်ရေးများတွင် အဓိက အသုံးပြုရန် မသင့်လျော်ချေ။

ဤသင်္ကေတနည်းစနည်သည် အသုံးပြုသူကိုယ်တိုင် လိုအပ်သည့်အချိန်တွင် အသုံးပြုတိုက်ခိုက်နိုင်မည်ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်ရေးများတွင်လည်း အသုံးပြုသူသည် ရေးဆွဲမှုကျွမ်းကျင်လေလေ စွမ်းအားပြင်းလေလေဖြစ်၏။ ထို့အပြင် အဆောင်များထက်လည်း ပို၍ သက်ရောက်မှုပြင်းထန်သည်။

All Chapters