← Chapters

ဟွမ်း၏မျက်နှာသာပေးမှု

Vol. 6 Ch. 80

ဟွမ်း၏မျက်နှာသာပေးမှု

Vol. 6 Ch. 80

“စီနီယာအစ်ကို ဒီလိုသင်္ကေတနည်းစနစ်ရှိမယ်လို့ ကျွန်မတစ်ခါမှ စိတ်မကူးဖူးဘူး၊ အရမ်းအံ့ဩစရာကောင်းတယ်”

ချုးယွီဟွာ၏ သိမ်မွေ့လှသည့် မျက်နှာလေးပင် အံ့ဩမှုများကို ဖုံးဖိ၍မရချေ။

“ဒါက ကျောင်းတော်သားတွေ အသုံးပြုတဲ့ နည်းစနစ်တစ်ခုလေ၊ မင်းရဲ့ဆရာ ချန်ယဲ့ဟိုင်ကလဲ ကျောင်းတော်သားတစ်ဦးပဲ၊ သူ့ကို ပါမောက္ခချန် လို့ခေါ်ကြတယ်၊ နှမြောစရာကောင်းတာက သူ့ရဲ့ရတနာဖြစ်တဲ့ နတ်အလင်းဝိညာဥ်စုတ်တံက ပျက်စီးသွားခဲ့ပြီ”

ဟွမ်းသည် သူ၏ ခေါင်းကို အသာယမ်းခါကာပြောလိုက်၏။

“စီနီယာအစ်ကို ဝိညာဉ်စုတ်တံက ဘယ်လိုအရာလဲ”

ချုးယွီဟွာသည် သူမ နားမလည်သည့် အရာများကို မေးမြန်းနေ၏။

“သာမန် အဆောင်ရေးဆွဲတဲ့ စုတ်တံတွေနဲ့ နှိုင်းယှဉ်လို့ မရတဲ့ရတနာအမျိုးအစားပဲ၊ ဓားကျင့်ကြံသူတွေအတွက် ဓားလိုအပ်သလို သင်္ကေတရေးဆွဲသူတွေအတွက်လဲ ဝိညာဉ်စုတ်တံက အဓိက လိုအပ်တဲ့လက်နက်ပဲ”

ဟွမ်းသည် ဝိညာဉ်စုတ်တံအကြောင်းရှင်းပြလိုက်၏။ သို့မှသာ ချုးယွီဟွာသည် နားလည်သွားခဲ့လေသည်။ သူမသည် ဝိညာဉ်စာအုပ်နှင့် မပေါင်းစပ်ခင်က အဆောင်ရေးဆွဲနည်းစနစ်များသာမြင်တွေ့ရ ပြီးထိုနည်းစနစ်များသာလေ့လာခဲ့ရသည်။ ယခုတွင် သူမသည် ထိုဝိညာဉ်စာအုပ်နှင့် ပေါင်းစပ်ပြီးသော်လည်း မလေ့လာရသေးသည့်အတွက် အစိမ်းသက်သက်သာဖြစ်နေခဲ့သည်။

“စီနီယာအစ်ကို ဘာဖြစ်လို့လဲ”

ဟွမ်း၏ မျက်မှောင်ကြုတ်သွားသည်ကို ချုးယွီဟွာသတိထားမိသွားပြီး မေးလိုက်၏။ ဟွမ်းသည် အကာရံ၏ ပြင်ပသို့ စိုက်ကြည့်လိုက်ပြီးနောက် ဖြေလိုက်၏။

“လူနှစ်ဦး ဒီနယ်မြေကို ချဉ်းကပ်လာတယ်”

တစ်ဖက်တွင် နတ်အင်ပါယာရှင်းဝေ့ကျန်းနှင့် သူ၏တပည့် ရှင်းဝမ်ကျဲသည် အရှေ့ပိုင်းနယ်မြေကို သတိကြီးကြီးထား၍ ချဉ်းကပ်လာကြသည်။ ထို့နောက် အရှေ့ပိုင်းနယ်မြေနှင့် ပေတစ်ထောင် အကွာဝေးရှိ တိမ်များကြားတွင် ရပ်တန့်လိုက်ကြသည်။

“ဆရာ အရှေ့ပိုင်းနယ်မြေမှာရှိတဲ့ အတားအဆီးက မပျောက်ကွယ်သွားဘူး”

ရှင်းဝမ်ကျဲသည် ဖန်ထည်များဖြင့်ပြုလုပ်ထားသည့်လှောင်အိမ်အလားဖြစ်နေသည့် အကာအကွယ်ကြီးကို ကြည့်ရင်းပြောလိုက်၏။

“တစ်ခုခုထူးခြားနေတယ်၊ ဒီအတားအဆီးကြီးဆီက အေးစက်တဲ့ အငွေသတ်တွေမခံစားမိတော့ဘူး”

ရှင်းဝေ့ကျန်းသည် နတ်အင်ပါယာအဆင့်ဖြစ်သောကြောင့် သူ၏တပည့်ထက်အာရုံခံနိုင်စွမ်းပိုကောင်း၏။

“တပည့်တို့ အောက်ဆင်းပြီး အနီးကပ်ကြည့်သင့်လား”

ရှင်းဝမ်ကျဲသည် သူ၏စိတ်ထဲတွင် အတည်ပြုချင်သည့် အကြောင်းအရာများရှိနေသောကြောင့်ပင်။

“ဆရာတို့ ဆင်းကြည့်ကြတာပေါ့”

ထို့နောက် သူတို့နှစ်ဦးသည် သတိကြီးကြီးဖြင့် ချဉ်းကပ်လာပြီး အတားအဆီးရှေ့ထိရောက်ရှိလာခဲ့ကြသည်။ သူတို့သည့် အန္တရာယ်မရှိသည်ကို အတည်ပြု၍ ခြေလှမ်း အနည်းငယ်ချင်း တိုးလာခဲ့ကြသည်။

“ဆရာ ဒီအတားအဆီးမှာ အေးစက်တဲ့အငွေ့အသက်တွေ လုံးဝမရှိတော့ဘူး”

ရှင်းဝမ်ကျဲသည် အတားဆီးကို လက်နှင့်ထိကြည့်ပြီးနောက် ပြောလိုက်၏။ သို့သော် သူ၏လက်သည် အကာကွယ်ပေါ်တွင်သာ ရပ်တန့်နေသည်။ ရှေ့ဆက်တိုး၍မရချေ။

“ဒီ အတားအဆီးမှာပေါ်ထွက်နေတဲ့ အအေးဓာတ်တွေက ဘယ်ရောက်သွားတာလဲ”

“ဒီလို ထူးခြားတဲ့ဖြစ်ရပ်မျိုး အိမ်မက်ထဲမှာ မပါခဲ့ဘူးဆရာ”

“ပြောင်းလဲမှုတွေဖြစ်ပေါ်လာတော့မှာလား”

ဆရာတပည့်နှစ်ဦးသည် အတွေးများစွာနှင့် သူတို့၏စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ထွက်နေသည်။ ထိုအချိန်တွင် အတားအဆီးသည် လှုပ်ရှားမှုဖြစ်ပေါ်လာသောကြောင့် ဆရာတပည့်နှစ်ဦးသည် သတိအပြည့်နှင့် ဖြစ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်တွင်လည်း ဝိညာဉ်စွမ်းအင်များ လည်ပတ်စီးဆင်းလာပြီး လှုပ်ရှားရန် အသင့်အနေထားသို့ ပြင်လိုက်ကြသည်။

သို့သော် ထိုအကာကွယ်အတွင်းမှ အဖြူရောင်ဝတ်လူငယ်အမျိုးသားတစ်ဦးနှင့် အစိမ်းနုရောင်ဝတ်အမျိုးသမီးငယ်တစ်ဦး ထွက်လာခဲ့သည်ကို မြင်ပြီးနောက် သူတို့ နှစ်ဦးသည် လွန်စွာမှပင် အံ့ဩသွားခဲ့သည်။

အဖြူရောင်ဝတ်လူငယ်အမျိုးသားသည် လွန်စွာမှပင် ချောမောတည်ငြိမ်လွန်းပြီး သူ၏အမူအရာသည် လောကကြီးအား ဂရုမစိုက်သည့်အလားပင်။ အစိမ်းနုရောင်ဝတ်အမျိုးသမီးငယ်လေးသည်တော့ အေးမြမှုများပေးစွမ်းနေသည့်အလှနှင့် သူမ၏ အမူအရာသည် နူးညံ့သိမ်မွေ့လွန်းနေသည်။

“ကျုပ်က ကြယ်တာယာနန်းတော်က ရှင်းဝေ့ကျန်းပါ၊ ရောင်းရင်းက ဘယ်သူလဲ သိလို့ရမလား”

နတ်အင်ပါယာရှင်းဝေ့ကျန်း၏ လေသံသည် မောက်မာမှုမရှိချေ။ ထိုလူငယ်၏ ခန္ဓာကိုယ်မှ မည်သည့်စွမ်းအင်များ ထွက်ပေါ်နေခြင်းမရှိသော်လည်း ထိုအကာအကွယ်အတွင်းမှ သက်တော့သက်သာ ထွက်လာနိုင်သူသည် သာမန်မဟုတ်မှန်းသိလိုက်လေသည်။ အကယ်၍သာ ထိုလူငယ်သည် သူထက်ပိုပြီး စွမ်းအားကြီးသည်ဟု ခံစားမိလျှင်ပင် သတိထားရုံနှင့်လုံလောက်ပေသည်။ သို့သော် ယခုတွင် ထိုလူငယ်၏ စွမ်းအား အတိမ်အနက်ကို မြင်နိုင်စွမ်းမရှိပေ။ ထိုအရာက သူ့အား စိုးရိမ်စိတ်ဝင်စေသည်။ သူ မမြင်နိုင်သည့်အရာသည် သူအားကြောက်ရွံ့မှုကိုပေးစွမ်း၏။

ထို့ကြောင့် သူ၏နာမည်နှင့် အဖွဲ့အစည်းကို ထုတ်ဖော်မိတ်ဆက်လိုက်ခြင်းဖြစ်၏။ အကြောင်းမှာ ထျန်းယွမ်ကုန်းမြေကြီးတစ်ခုလုံးတွင် ကြယ်တာယာ နန်းတော်နှင့် နတ်အင်ပါယာရှင်းဝေ့ကျန်း၏ နာမည်ကို မသိသူမရှိသောကြောင့်ဖြစ်သည်။

“စီနီယာအစ်ကို အဲ့ဒီလူက နတ်အင်ပါယာလေးပါးထဲက ဗဟိုကုန်းမြေရဲ့ နတ်အင်ပါယာတစ်ပါးပဲ”

ချုးယွီဟွာသည် ဟွမ်းအနားကပ်ကာ တီးတိုးပြောဆိုလိုက်၏။ သို့သော် သူမတီးတိုးပြောနေသည်ကို နတ်အဆင့်ရောက်ရှိနေသူနှစ်ဦး၏ အကြားအာရုံမှ မလွတ်မြောက်နိုင်ချေ။

ထို့ကြောင့် ရှင်းဝေ့ကျန်းသည် လှုပ်ရုံမျှသာ ခေါင်းညိတ်လိုက်မိ၏။ သူတော်စင်အဆင့် မိန်းကလေးသည် သူ၏နာမည်ကို သိရှိနေ၏။

“ဘာကိစ္စလဲ၊ အကြောင်းရင်းမရှိရင် ထွက်သွားတော့”

ဟွမ်းသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် မောင်းထုတ်လိုက်၏။ သူ၏လေသံတွင်ဒေါသသံ မပါဝင်ချေ။ သို့သော် သူသည် ထိုသို့အဆင့်နိမ့်များကို အရေးတယူ မပတ်သတ်ချင်ပေ။ အရုံနောက်စရာကောင်း၏။

ဆရာတပည့်နှစ်ဦး “...”

‘ထျန်းယွမ်ကုန်းမြေရဲ့ နတ်အင်ပါယာတစ်ပါးကို ခွေးမောင်းသလိုမောင်းထုတ်နေတာ ယုံတောင်မယုံနိုင်ဘူး’

ချုးယွီဟွာသည်တော့ သူမ၏ စီနီယာအစ်ကိုအကြောင်း သိရှိသူဖြစ်သောကြောင့် သက်ပျင်းသာချလိုက်မိ၏။ သူမ၏ စီနီယာအစ်ကိုသည် သူစိမ်းများအပေါ် အကြောင်းရင်းမရှိပဲ မကြင်နာတက်ပေ။ သူမ၏ သိမ်မွေ့သည့် မျက်နှာထက်တွင်တော့ ‘ငါတွေးထားတဲ့အတိုင်းပဲ’ ဟူသည်စကားလုံးများပေါ်လွင်နေသည်။

ရှင်းဝမ်ကျဲ သည်မျက်မှောင်ကြုတ်သွားခဲ့၏။ သူ၏ဆရာရှေ့တွင် ဤထျန်းယွမ် ကုန်းမြေကြီးတစ်ခုလုံးရှိ နတ်အင်ပါယာများပင် မမောက်မာရဲချေ။ သို့သော် ထိုလူငယ်သည် အတင့်ရဲလွန်း၏။ ထို့ကြောင့်ရှင်းဝမ်ကျဲသည် ထိုလူငယ်ကို ပြောရန်ပြင်လိုက်သည့်အချိန်တွင် ရှင်းဝေ့ကျန်းသည် တားလိုက်၏။ ထို့နောက် သူ၏လေသံတွင် ဒေါသမထွက်သည့်အလားပင် ရှင်းပြချက်ပေးလိုက်သည်။

“ဒီလိုပါရောင်းရင်း၊ ကျုပ်က ဒီထျန်းယွမ်ကုန်းမြေအတွက် တာဝန်ရှိသူတစ်ဦးပါ၊ ဒီအရှေ့ပိုင်းနယ်မြေက စွမ်းအင်လှိုင်းထွက်ပေါ်လာခဲ့တယ်ကြားလို့ လာပြီးစူးစမ်းတာပါ၊ ထျန်းယွမ်ကုန်းမြေအတွက် အန္တရာယ်ကျရောက်လာမှာစိုးလို့ပါ”

“မင်းက ကံကြမ္မာကြယ် မျိုးနွယ်ကလား”

ဟွမ်းသည် နတ်အင်ပါယာရှင်းဝေ့ကျန်းကို လျစ်လျုရှုလိုက်၏။ သူ‌၏ ဘေးတွင်ပါလာသည့် လူငယ်ကို ကြည့်ကာမေးလိုက်၏။

“မဟုတ်ဘူး..”

ရှင်းဝမ်ကျဲသည် ဟွမ်းအပေါ်တွင် အမြင်မကြည်ပေ။ ထို့ကြောင့် လေသံမာမာနှင့် ငြင်းဆိုလိုက်၏။ သို့သော် ထိုလူငယ်၏ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် သူသည် ကံကြမ္မာကြယ်မျိုးနွယ်ကိုမသိပေ။

“ထွက်သွား”

ဟွမ်းသည် ထပ်မံမောင်းထုတ်လိုက်ပြန်၏။ ထိုလူငယ်၏ ဝိညာဉ်သည် ထူးဆန်းသည်ဟုထင်မိသောကြောင့်သာ မေးလိုက်၏။ တစ်ဖက်ကငြင်းဆို လိုက်သည့် အချိန်တွင် ထပ်မံ အချိန်ဖြုန်းစရာမလိုတော့ပေ။ ထို့ကြောင့် အာရုံစိုက်ရန် မထိုက်တန်ချေ။

“ရောင်းရင်း ကျုပ်တို့ကို စကားအနည်းငယ်ပြောဖို့ အချိန်နည်းနည်းလောက်ပေးနိုင်မလား”

နတ်အင်ပါယာရှင်းဝေ့ကျန်းသည် ဟွမ်း၏ မောက်မာမှုနှင့် လျစ်လျုရှုမှုတို့ကို စိတ်ထဲမထားပေ။ သူ၏ပုံစံသည် တစ်ဖက်ကမလိုလားသော်လည်း အတင်းကပ်တွယ်နေသည့် အလားပင်။ တစ်ခြားကျင့်ကြံသူများဆိုလျှင်တော့ ဒေါသ အချောင်းချောင်းထွက်ကာ တိုက်ခိုက်ပြီးလောက်ပြီဖြစ်သည်။ သို့သော် ရှင်းဝေ့ကျန်းသည် ထိုလူငယ်၏ မောက်မာမှုသည် အလကားသပ်သပ် မဟုတ်ကြောင်းခံစားမိနေ၏။

“စီနီယာအစ်ကို နောက်လေးနှစ်ကျော်အချိန်ကျရင် စီနီယာအစ်ကိုရဲ့ တပည့်တွေက ဗဟိုကုန်းမြေကို သွားရဦးမှာလေ၊ ဒါကြောင့် အခု ရင်းနှီးသွားရင် အဲ့ဒီအချိန်ကျ ဆက်ဆံရ လွယ်ကူသွားမယ်လေ၊ ပြီးတော့ ဒီလူက ထျန်းယွမ်ကုန်းမြေရဲ့ နတ်အင်ပါယာတစ်ပါးလေ မျက်နှာသာပေးလိုက်ပါ”

ချုးယွီဟွာသည် ဟွမ်းအတွက် လူမှုဆက်ဆံရေးနည်းစနစ်ကို ပြန်လည်သင်ကြားပေးလိုက်၏။

“ကောင်းပြီ၊ ပြောချင်တဲ့အကြောင်းကဘာလဲ”

ဟွမ်းသည် ချုးယွီဟွာ၏ စကားကြောင့် ထိုလူကို မျက်နှာသာပေးလိုက်၏။ ချုးယွီဟွာ၏ မျက်နှာတွင် ကျေနပ်သွားသည့် အပြုံးပန်းလေးတစ်ခုပွင့်လန်းလာသည်။ သို့သော် သူမ မသိသည်မှာ ဟွမ်းသည် နတ်ဘုရားကုန်းမြေမှာပင် သူ၏ မျက်နှာသာပေးခြင်းခံရသူ အနည်းငယ်သာရှိသည်ကိုပင်။

‘ဒီမိန်းကလေးက အတွေးအခေါ်ကောင်းတယ်၊ ပြီးတော့ ဒီလူငယ်က အတော်လေးမောက်မာပေမဲ့ သူရဲ့စွမ်းအားကို ငါတောင် ထွင်းဖောက်မမြင်နိုင်ဘူး’

ရှင်းဝေ့ကျန်းသည် သူ့အတွေးများရပ်တန့်လိုက်ပြီးနောက် သူသိချင်သည့်အရာများကို ဟွမ်းအားမေးလိုက်၏။

“ရောင်းရင်းတို့ နာမည်ကို သိလို့ရမလား”

“ဟွမ်း”

“ရောင်းရင်းဟွမ်းက ဒီကုန်းမြေက မဟုတ်ဘူးလား”

“လိုရင်းကိုပြော” ဟွမ်းသည် စကားများလွန်းသည့် ထိုလူကို စိတ်မရှည်တော့ချေ။

“ဒီနယ်မြေမှာ ရှိတဲ့ အအေးစွမ်းအင်တွေပျောက်ကွယ်သွားပြီး ရောင်းရင်းဟွမ်းတို့ ဒီနယ်မြေအတွင်းက ဘယ်လိုထွက်လာလဲ သိချင်ပါတယ်”

All Chapters