ဖြစ်ရပ်တစ်ချို့
Vol. 6 Ch. 82
ယွဲ့ဝူယောင်တို့သည် အရှေ့ပိုင်းနယ်မြေတွင် တိတ်တဆိတ်ကျင့်ကြံနေသည်မှာ ငါးနှစ်နီးပါးပင်ရှိပြီဖြစ်သည်။ အရှေ့ပိုင်းနယ်မြေရှိ ဝိညာဉ်စွမ်းအင်များသည် လွန်စွာလျော့ပါးသွားပြီဖြစ်သည်။ ထို့ကြောင့် ဟွမ်းသည် သူမကို အရှေ့ပိုင်းနယ်မြေအား ဖုံးအုပ်ထားသည့် အကာအကွယ်ကို ရုတ်သိမ်းခိုင်းလိုက်တော့သည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များသည် အခြားနယ်မြေများနှင့် အတူတူပင်သာ ရှိတော့သည်။
ဟွမ်းသည် သူ့ရှေ့တွင် ရပ်နေသောတပည့်များကို သဘောကျစွာကြည့်လိုက်၏။ သူတို့အားလုံးသည် လွန်ခဲ့သည်ငါးနှစ်ကနှင့်ယှဉ်လျှင် ကျင့်ကြံမှုအဆင့်နှင့် စွမ်းအားများမှလွဲလျှင် ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိချေ။
ယွဲ့ဝူယောင်သည် နတ်ဘုရားတစ်ပိုင်းမှ အဆင့်မတက်ခဲ့ပေ။ သူမသည် ကျင့်စဉ်၏ ခရမ်းလနှလုံးသားအဆင့် ကိုသာ နားလည်မှုရရန်ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ ကျန်သုံးဦးသည် သူတော်စင်အဆင့်အထွတ်ထိပ် သို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။
လုရှင်းယန်သည် ငရဲကိုးဘုံမီးကျင့်စဉ်၏ ဒုတိယအဆင့်ဖြစ်သည့် မီးနယ်မြေအဆင့်အတွင်းဝင်ရောက်နေပြီဖြစ်သည်။ ပိုင်ကျန့်ယွီထံမှ မည်သည် ဓားစွမ်းအင်မျှမထွက်ပေါ်တော့ချေ။ သူ၏ အရှိန်ဝါသည် သာမန်ကျင့်ကြံသူအတိုင်းသာထင်ရ၏။ သို့သော် သူ၏ မျက်ဝန်းအစုံသည် အရင်ကထက် ပို၍ ထက်ရှလာသည့် ခံစားချက်များ ပေးစွမ်းနေသည်။ လျှိုမင်ယွမ်သည် ကျင့်စဉ်၏ ဝိညာဉ်ထိန်းချုပ်ခြင်း အဆင့်အောင်မြင်သွားပြီးနောက်တွင် သူ၏ စိတ်ဝိညာဉ်ကို အရှေ့ပိုင်းနယ်မြေတစ်ဝက်ခန့်ထိပင် လွမ်းခြုံကြည့်နိုင်လာခဲ့သည်။ ယွဲ့လင်းရှန် ချန်ထားခဲ့သည့် ဝိညာဉ်စွမ်းအင်များကို ယွဲ့ဝူယောင်တစ်ယောက်တည်းသာ အသုံးပြုလိုက်လျှင် သူမသည် နတ်ဘုရင်အဆင့်အထိပင် ရောက်နိုင်ပေမည်။
“ဗဟိုကုန်းမြေပြိုင်ပွဲက စတင်ဖို့ အချိန်သိပ်မလိုတော့ဘူး”
ချုးယွီဟွာသည် ထိုလူငယ်လေးများကို ကြည့်ကာပြောလိုက်၏။ လုရှင်းယန်တို့သည် အံ့ဩသွားကြသည်။ သူတို့ကျင့်ကြံမှုအချိန်သည် ဤမျှကြာမြင့်မည်ဟု မထင်ထားခဲ့ချေ။
“ဒါဆို သွားကြစို့” သူတို့၏ မျက်လုံးများတွင် ယှဉ်ပြိုင်လိုစိတ်များ ပြင်းထန်လာ၏။
“ရှင်းယန်..၊ဆရာ မင်းကိုပြောစရာရှိတယ်”
ဟွမ်း၏လေသံသည် တည်ငြိမ်လေးနက်လွန်းနေ၏။
“ဟုတ်ကဲ့ ဆရာ၊ ပြောပါ..”
လုရှင်းယန်သည် သူ၏ဆရာလေသံက ထူးဆန်းနေသည်ဟု ခံစားမိသောကြောင့် အလေးအနက်နားထောင်လိုက်၏။ ဟွမ်းသည် သက်ပြင်းချကာ ပြောလိုက်၏။
“မိန်းကလေးမုန့်က ဒီကုန်းမြေမှာ မရှိတော့ဘူး”
“ဆ..ဆရာ ဘာကိုပြောချင်တာလဲ၊ ချန်အာက ဘယ်ရောက်သွားတာလဲ”
လုရှင်းယန်သည် ဟွမ်း၏ စကားကြောင့် သူသည် ဆောက်တည်ရာမရ တုန်လှုပ်သွား၏။ သူ၏ လေသံသည်လည်း ထစ်အနေကာ မည်သို့ဖြစ်ပျက်သွားသည်ကို သိချင်နေမိသည်။
“လွန်ခဲ့တဲ့ ငါးနှစ်လောက်က မိစ္ဆာနယ်မြေမှာ သားရဲတွေ အရိုင်းစိတ်ဝင်ခဲ့တယ်၊ အဲ့ဒါကြောင့် ထိုက်ရွှမ်ဂိုဏ်းက မိစ္ဆာနယ်မြေကို သွားရောက်ကူညီခဲ့ကြတယ်၊ ထိုက်ဟုန်ကျွင်းက အဲ့ဒီအခြေအနေမှာ သူ့ရဲ့ဂိုဏ်းသားတွေကို လေ့ကျင့်စေခဲ့တယ်၊ နောက်ပိုင်း ဗဟိုနယ်မြေက လူငယ်တစ်ချို့ပါပူးပေါင်းခဲ့ကြတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်က မိန်းကလေးမုန့်က အခြေတည်ဝိညာဉ်အဆင့်ကိုရောက်သွားခဲ့ပြီး မိစ္ဆာနယ်မြေမှာ လေ့ကျင့်ဖို့ ခွင့်တောင်းခဲ့တယ်”
ဟွမ်းသည် အကြောင်းအရာများကို ရှင်းပြလိုက်၏။ ချုးယွီဟွာ အပါအဝင်အားလုံးသည် တိတ်တဆိတ်နားထောင်နေကြသည်။ လုရှင်းယန်သည်တော့ စိုးရိမ်စိတ်များစွာနှင့် အကြောင်းအရင်းကို သိချင်စိတ်ပြင်းပြနေသည်။
မိစ္ဆာနယ်မြေ၏ အခက်ခဲတွင် ထိုက်ဟုန်ကျွင်းသည် လူငယ်များကို လေ့ကျင့်စေရန် အကြံပြုခဲ့သည်။ မိစ္ဆာအင်ပါယာ ချီမင်ယောင်သည် ထိုက်ဟုန်ကျွင်း၏ အကြံပြုချက်များကို ငြင်းပယ်ခြင်းမရှိခဲ့ချေ။ ထို့နောက်တွင် ကြယ်တာယာနန်းတော်၏ အကြီးကဲ လင်းရှောင်သည်လည်း ထိုက်ဟုန်ကျွင်း၏ အကြံကို ရှင်းဝေ့ကျန်းထံတင်ပြခဲ့သည်။ ထို့နောက်တွင် ကြယ်တာယာနန်းတော်လည်း ထိုကိစ္စတွင်ပါဝင်လာခဲ့သည်။ ထို့ကြောင့် မိစ္ဆာနယ်မြေတွင် လူသားမျိုးနွယ်များ အဝင်အထွက်နှင့် စည်းကားနေလှသည်။
“အရှင် ဒီနေ့ ထိုက်ရွှမ်ဂိုဏ်းက တပည့်တစ်သုတ် ထပ်ရောက်မယ်တဲ့”
မျိုးနွယ်ခေါင်းတောင် ချီရွှမ်းသည် ချီမင်ယောင်ထံ တင်ပြလိုက်၏။ ချီမင်ယောင်သည် နားလည်သည့်အလား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမသည် လှပစွာပြုံးလိုက်၏။ တပည့်သစ်များကို ထိုက်ဟုန်ကျွင်းကိုယ်တိုင် လာပို့ခြင်းကြောင့်ဖြစ်သည်။ ထိုက်ဟုန်ကျွင်းသည် နတ်အင်ပါယာ ဖြစ်ပြီးနောက်တွင် ဂိုဏ်းချုပ်ရာထူးကို ကျင်းဝူတောက်ထံ လွှဲပြောင်းပေးအပ်ခဲ့လေ၏။ ထိုသို့အလုပ်လက်မဲ့ ဖြစ်သွားသည့် နတ်အင်ပါယာတစ်ပါးအား ဂိုဏ်းချုပ်အသစ်က တပည့်များကို မိစ္ဆာနယ်မြေသို့ ပို့ဆောင်စေခဲ့သည်။
ချီရွှမ်းသည် မိစ္ဆာအင်ပါယာ၏ အပြုံးကိုမြင်ပြီးနောက် သူ၏စိတ်ထဲတွင် မတင်မကျဖြစ်နေသည်များကို ထပ်မံပြောဆိုလိုက်၏။
“အရှင် သားရဲတွေ သောင်းကျန်းနေတာ သုံးနှစ်တောင်ရှ်ိပြီ၊ လူသားမျိုးနွယ်ကလဲ ကူညီတဲ့ ပုံစံနဲ့ သူတော်စင် အဆင့်အောက် တပည့်တွေပဲလွှတ်နေပြီး အကျိုးအမြတ်တွေရယူလွန်းနေတယ်၊ သူတို့ကူညီချင်တယ်ဆိုရင် ဘာလို့ ထိပ်သီးစွမ်းအားရှင်တွေ လွှတ်ပြီး တစ်ခါတည်းမရှင်းခိုင်းရတာလဲ”
“မျိုးနွယ်ခေါင်းဆောင်၊ ဒီကိစ္စကို ဟုန်ကျွင်းနဲ့ ကျွန်မ လေ့လာပြီးသွားပြီ၊ မိစ္ဆာနယ်မြေတစ်ခုလုံးကို စစ်ဆေးပြီးတဲ့နောက်မှာတောင်မှ အကြောင်းအရင်းက အတိအကျ မတွေ့ရဘူး၊ သားရဲတွေကို ကျွန်မတို့နှစ်ဦး အကုန်လုံးသုတ်သင်ခဲ့တာတောင် ပြန်လည်ဖြစ်တည်လာသလိုမျိုးပဲ၊ ပြီးတော့ လာပြီးတိုက်ခိုက်တဲ့ သားရဲအားလုံးထိန်းချုပ်ခံထားရသလိုပဲ၊ ဒါပေမဲ့ အကုန်လုံးက အဆင့်နိမ့်တွေ၊ အဓိကအကြောင်းအရင်းကိုမဖြေရှင်းနိုင်သေးသ၍ ကျွန်မတို့မိစ္ဆာနယ်မြေက သားရဲတွေရဲ့ သောင်းကျန်းမှုကို ဖြေရှင်းနေရမှာ၊ အဲ့ဒါကြောင့် ဟုန်ကျွင်းက ဒီလိုအကြံပြုခဲ့တာကို ကျွန်မလက်ခံခဲ့တာပဲ”
ချီမင်ယောင်သည် ကိစ္စများကို အသေအချာပြောပြလိုက်၏။ သို့မှသာ ချီရွှမ်းလည်း နားလည်သွားခဲ့ပြီးနောက် မှန်းဆကာပြောလိုက်၏။
“ဒါဆို ဒီကိစ္စနောက်ကွယ်မှာ မိစ္ဆာမျိုးနွယ်ကို ဒုက္ခပေးဖို့ အဖွဲ့အစည်းတစ်ခုခုရှိနေနိုင်လား”
“ဒီပုံစံအတိုင်းပဲဆက်သွားနေရင် ခန့်မှန်းရခက်တယ်၊ သုံးနှစ်တောင် ရှိသွားပြီ”
ချီမင်ယောင်သည် မျက်နှာ အမူအယာတွင် မဖော်ပြသော်လည်း အတော်ပင် စိတ်ရှုပ်ထွေးနေ၏။ သူမတို့ မျိုးနွယ်ကို ဒုက္ခပေးချင်လျှင် ဤကဲ့သို့ အဆင့်နိမ့်သားရဲ များလွှတ်နေခြင်းသည် ထိရောက်နေ၏။ သို့သော် အခြားနယ်မြေ နှစ်ခု၏ ပါဝင်ပူးပေါင်းပေးမှုကြောင့် ထင်သလောက် ပြသနာမများတော့ချေ။ ထို့အပြင် လူငယ်များအတွက် လေ့ကျင့်ရေး အတွေ့ကြုံများ ပေးအပ်နေသည့်အလားပင်။
“နတ်အင်ပါယာထိုက် ရောက်လာပြီ” ချီရှသည် ခန်းမအတွင်းသို့ ဝင်ရောက်လာကာပြောလိုက်၏။ သို့သော် ချီမင်ယောင်သည် ပလ္လင်ပေါ်တွင် မရှိတော့ချေ။
ချီရွှမ်း “...”
“ဟုန်ကျွင်း ရောက်လာပြီလား”
ချီမင်ယောင်သည် သူမ၏ ညို့ချက်ပြင်းသည့် မျက်ဝန်းများနှင့် ကြည့်ကာ မေးလိုက်၏။
“ဟုတ်ကဲ့”
ထိုက်ဟုန်ကျွင်းသည် ချီမင်ယောင်နှင့် ဤသုံးနှစ်တွင် အကြိမ်ရေများတွေ တွေ့ဆုံနေရသော်လည်း သူမ၏ မျက်ဝန်းများကို တည့်တည့်ကြည့်ရန်အခက်တွေ့နေ၏။ သို့သော်လည်း အရင်ကကဲ့သို့ အခက်မတွေ့တော့ချေ။
“မင်ယောင် အခုတပည့်တွေကို ဘယ်ခံတပ်ပို့ပေးမှာလဲ”
“ဗဟိုနယ်မြေက တပည့်တွေ ပြန်ခေါ်သွားပြီမို့ မြောက်ပိုင်းသားရဲခံတပ်ကို ပို့လိုက်မယ်၊ ဗဟိုနယ်မြေက နောက်ထပ်တပည့်တစ်သုတ်ရောက်လာရင်တော့ အခြားခံတပ်ဘက် ရွှေ့ခိုင်းလိုက်မယ်”
ချီမင်ယောင်သည် တွေးဆပြီးနောက်ဖြေလိုက်၏။ ထို့နောက် ထိုက်ဟုန်ကျွင်းသည့် သူ၏ နောက်ရှိ မုန့်ချန်အာကို ကြည့်ကာပြောလိုက်၏။
“မိန်းကလေးမုန့် မနက်ကျ အခြားတပည့်တွေကို ဦးဆောင်ပြီး မြောက်ပိုင်းသားရဲခံတပ် သွားလိုက်ပါ”
“ဟုတ်ကဲ့ပါ နတ်အင်ပါယာထိုက်”
မုန့်ချန်အာသည် အရိုအသေပေးပြီးနောက် အနားယူရန် မိစ္ဆာမျိုးနွယ်တပည့်များလမ်းပြသည့်နောက် လိုက်သွားခဲ့၏။ သူမသည် ထိုက်ရွှမ်ဂိုဏ်း၏ အပြာရောင်ဝတ်စုံလေးနှင့်ပင် ရိုးရင်းစွာ လှပနေ၏။
“သူမက ထိုက်ရွှမ်ဂိုဏ်းက တပည့်ပဲမဟုတ်ဘူးလား၊ ရှင်က ဘာလို့ အဲ့လောက်ယဉ်ကျေးပြနေတာလဲ”
ချီမင်ယောင်သည် ထိုက်ဟုန်ကျွင်းကို မျက်စောင်းထိုးကာပြောလိုက်၏။ ထိုပုံစံသည် သူမ၏ လှပသည့် မျက်ဝန်းများကြောင့် ဆွဲဆောင်မှု ရှိလွန်းလှသည်။
“ထိုက်ရွှမ်ဂိုဏ်းအပေါ် ကျေးဇူးရှိတဲ့ လူတစ်ယောက်က သူမကို ဂရုစိုက်ပေးဖို့မှာသွားတာကြောင့်”
ထိုက်ဟုန်ကျွင်းသည် ဟွမ်း၏ ‘မိန်းကလေးမုန့် တစ်ခုခုဖြစ်ရင် ထိုက်ရွှမ်ဂိုဏ်း ပျောက်ကွယ်ရမယ်’ ဟူသည် စကားသံများကို ပြန်လည်ကြားယောင်လာ၏။ သူတို့သည် လင်းယွမ် နယ်မြေမှ ထွက်ခွာသွားသည့်အချိန်တွင် ဟွမ်းသည် သူ့ထံ အသံလှိုင်းလွင့်၍ ပြောခဲ့ခြင်းဖြစ်သည်။
“ရှင်က နောက်ရက်ဆို ပြန်တော့မှာလား”
ချီမင်ယောင်သည် ထိုကိစ္စကို အာရုံမထားတော့ပဲ မေးလိုက်၏။ ထိုက်ဟုန်ကျွင်းသည် တပည့်များလာပို့ပြီး နောက်ရက်တွင် ထိုက်ရွှမ်ဂိုဏ်းသို့ပြန်လေ့ရှိသည်။
“ကျုပ်ဒီတစ်ခေါက်တော့ မိစ္ဆာနယ်မြေမှာ ကြာလိမ့်မယ်”
“တကယ်လား” ချီမင်ယောင်၏ မျက်လုံးများသည် တောက်ပလာသည်။ ထိုက်ဟုန်ကျွင်းသည် ခေါင်းညိတ်ကာ အကြောင်းအရင်းကိုပြောပြလိုက်၏။
“ဟုတ်တယ် မိန်းကလေးမုန့် လေ့ကျင့်ရေးကာလပြီးတဲ့အထိပေါ့”
“ဟမ့်”
ထိုစကားကြားပြီးနောက် ချီမင်ယောင်သည် ခြေဆောင့် လိုက်ကာ ထွက်သွားတော့သည်။ ထိုက်ဟုန်ကျွင်းသည် စွံ့အနေ၏။
‘ငါဘာလုပ်မိလို့လဲ’