ဝိညာဉ်ငိုကြွေးသံ
Vol. 6 Ch. 83
ငါးရက်ကြာပြီးနောက်တွင် မုန့်ချန်အာသည် မြောက်ပိုင်းသားရဲခံတပ်သို့ ရောက်ရှိလာခဲ့သည်။ သားရဲခံတပ်များသည် မိစ္ဆာနန်းတော်နှင့် အတော်ပင်အလှမ်းဝေးသည်။ သားရဲများသည်လည်း ထိုသို့ ဝေးလံသည့် နေရာများတွင် စတင်ပေါ်ပေါက်ခြင်းဖြစ်သည်။
“ကျွန်မက ထိုက်ရွှမ်ဂိုဏ်းက မုန့်ချန်အာပါ”
သူမသည် မိစ္ဆာမျိုးနွယ်၏ ခံတပ်ခေါင်းဆောင်ကို နှုတ်ဆက်လိုက်၏။
“ကောင်းပြီ၊ ဒီခံတပ်မှာတော့ အခြားခံတပ်တွေနဲ့ယှဉ်ရင် အဆင့်အရမ်းနိမ့်သားရဲတွေပဲ လာတာများတယ်၊ မိန်းကလေးမုန့်တို့အတွက် အခန်းစီစဉ်ပေးထားပါတယ်၊ သားရဲတွေကို ခံတပ်တံတိုင်းကနေ စောင့်ကြည့်ရုံပဲ၊ လိုအပ်လာရင် တိုက်ခိုက်ပေါ့”
ခံတပ်ခေါင်းဆောင်သည် အခြေအနေကိုရှင်းပြလိုက်သည်။ သူသည် သူတော်စင်အဆင့် မိစ္ဆာမျိုးနွယ်တစ်ဦးဖြစ်သည်။
မုန့်ချန်အာသည် လာရောက်တိုက်ခိုက်သည့် သားရဲများကို တိုက်ခိုက်ရင်း တစ်ပတ်ကျော်ကြာသွားခဲ့သည်။ ဤတစ်ပတ်အတွင်းတွင် အခြေတည်ဝိညာဉ်အဆင့် သားရဲများပါဝင်သည့် အချိန်တွင် ဝင်ရောက်တိုက်ခိုက်မှုများပြုလပ်သည်။ ထို့ထက်နိမ့်သည့် သားရဲများကိုတော့ ထိုက်ရွှမ်ဂိုဏ်းသားများနှင့်သာ လွဲထားလိုက်၏။
“စီနီယာအစ်မမုန့် ဒီတစ်ခေါက်သားရဲအုပ်မှာ အခြေတည်ဝိညာဉ် အထွတ်ထိပ်အဆင့်ပါလာတယ်”
ထိုက်ရွှမ်ဂိုဏ်းသားတစ်ဦးသည် ခံတပ်တံတိုင်းပေါ်မှ လှမ်းကြည့်ရင်း ပြောလိုက်၏။
“ငါ ထိန်းထားလိုက်မယ်၊ မင်းက ခံတပ်ခေါင်းဆောင်ကို အကြောင်းကြားလိုက်”
ထို့သို့ ပြောပြီးနောက် မုန့်ချန်အာသည် အခြားတပည့်များနှင့်အတူ ထိုသားရဲအုပ်ကို ခုခံရန် ခံတပ်တံတိုင်းအောက် ဆင်းလာခဲ့သည်။
“ဝုန်း..”
သားရဲများသည် ရူးသွပ်နေသည့်အလား သူတို့လာရာလမ်းရှိ အရာအားလုံးကို နင်းချေဖျက်စီးခဲ့ကြသည်။ ထိုက်ရွှမ်ဂိုဏ်းသားများသည် ထိုသားရဲများကို ခုခံတိုက်ခိုက်နေကြသည်။
မုန့်ချန်အာသည် ထိုသားရဲအုပ်အတွင်းရှိ တောဝက်ရိုင်းကို တိုက်ခိုက်ရန် ဦးတည်သွားလိုက်သည်။ ထိုတောဝက်ရိုင်းသည် ရှစ်ပေနီးပါးရှိသည့် သားရဲကောင်ကြီးဖြစ်သည်။ ထို့အပြင် မုန့်ချန်အာသည် အခြေတည်ဝိညာဉ်ကနဦးတွင်သာရှိသေးသော်လည်း တောဝက်ရိုင်းသည် အထွတ်ထိပ်တွင် ရှိနေ၏။
သူမသည် ထိုတောဝက်ရိုင်း၏ ဦးခေါင်းကို သူမ၏ဓားနှင့် ထိုးဖောက်လိုက်၏။ သို့သော် တောဝက်ရိုင်းသည် သူ၏ အစွယ်နှစ်ချောင်းနှင့်ကာကွယ်လိုက်သည်။ ထို့နောက် တောဝက်ရိုင်းသည် သူ၏ ခေါင်းကို အားယူကာ မုန့်ချန်အာကို တွန်းထုန်လိုက်သည်။ တောတက်ရိုင်းသည် သူမထက်သန်မာလွန်းသည့်အတွက် မုန့်ချန်အာသည် နောက်သို့ လွင့်စင်သွား၏။ ထို့နောက် တောဝက်ရိုင်းသည် ချက်ချင်းပင် လွင့်စင်သွားသည့် မုန့်ချန်အာနောက် သို့လိုက်သွားပြီး သူ၏ နှစ်ပေခန့်ရှိသည့် အစွယ်နှစ်ချောင်းနှင့် ထိုးစိုက်ရန်ပြင်လိုက်သည်။
မုန့်ချန်အာသည် သူမ၏ အရှိန်ကိုထိန်းပြီးနောက် ထိုတောဝက်ရိုင်း၏ အစွယ်ထိပ်ကို သူမ၏ ဓားဖြင့် တားဆီးလိုက်သည်။ သို့သော် တောဝက်ရိုင်း၏ ခွန်အားကို မယှဉ်နိုင်ခဲ့ပေ။
သူမသည် နောက်သို့ ဆက်တိုက်ဆုတ်ခွာနေရင်း တောဝက်ရိုင်း၏ အစွယ်နှင့် ထိုးစိုက်မှုကိုလည်း ကာကွယ်နေရ၏။
ထို့နောက် သူမသည် ထိုတောဝက်နှင့် အကွာဝေးကိုထိန်းလိုက်ပြီးနောက် သူမ၏ဓားအတွင်း ဝိညာဥ်စွမ်းအင်များ စီးဆင်းစေခဲ့သည်။ ထို့နောက် သူမသည် အဝေးမှပြေးလာနေသည့် တောဝက်ရိုင်းကို ဦးတည်ပြီး ဓားချက်များ ခုတ်လွှဲလိုက်၏။
အပြာရောင်စွမ်းအင်ဓားလှိုင်းများစွာ ထွက်ပေါ်လာပြီး ထိုတောဝက်ရိုင်းကို ထိမှန်သွားခဲ့သည်။
“ဝုန်း.”
ထိုအချိန်တွင် စွမ်းအင်ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ဓားလှိုင်းများသည် တောဝက်ရိုင်း၏ အရေပြားကို အဆက်မပြတ် ဖောက်ထွင်းနေသည်။ တောဝက်ရိုင်းသည် အထိနာသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် အနှံ့တွင်လည်း ပြတ်ရှသည့်ဒဏ်ရာများစွာ ပေါ်ထွက်လာခဲ့သည်။ သို့သော် အပေါ်ယံဒဏ်ရာများသည်ဖြစ်၏။
မိစ္ဆာနန်းတော်တွင် ထိုက်ဟုန်ကျွင်းသည် ချီမင်ယောင်နှင့် စကားများပြောဆိုနေကြသည်။ မည်သည့်စကားများဖြစ်သည်ကိုတော့ မသိပေ။ ထိုအချိန်တွင် ထိုက်ဟုန်ကျွင်းသည် မျက်မှောင်ကြုတ်လိုက်၏။
“မိန်းကလေးမုန့် ဒုက္ခရောက်နေပြီ”
ထိုက်ဟုန်ကျွင်းသည် ချက်ချင်းပင် မိစ္ဆာနန်းတော်အတွင်းမှ မြောက်ပိုင်းသားရဲခံတပ်ဆီသို့ ပျံသန်းသွားသည်။ သူ၏စွမ်းအားနှင့်ဆိုလျှင်တောင် ထိုခံတပ်ကို ရောက်ရန် အချိန်ယူရပေမည်။ ချီမင်ယောင်သည် စိတ်တိုသွားပုံအမူအယာပေါ်လာသော်လည်း ချက်ချင်း ထိုက်ဟုန်ကျွင်းနောက် လိုက်သွားခဲ့သည်။
သားရဲခံတပ်တွင် တောဝက်ရိုင်းသည် ဒေါသထွက်လာသည့် အသွင်နှင့် သူ၏ မျက်လုံးများသည် နီရဲလာခဲ့သည်။ ထို့နောက် တောဝက်ရိုင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် ဝိညာဉ်စွမ်းအင်များ ပေါ်ထွက်ခဲ့သည်။ ထိုအရှိန်အဝါကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအားလုံးသည် သွေးပင်အန်ထွက်ကုန်၏။
ထို့နောက်တွင် နောက်ထပ် တောဝက်ရိုင်းနှစ်ကောင်သည် အရှိန်ဟုန်ဖြင့် ပြေးလာခဲ့ကြသည်။ မိစ္ဆာမျိုးနွယ် ခံတပ်ခေါင်းဆောင်ရောက်လာသော်လည်း အခြေတည်ဝိညာဉ်အထွတ်ထိပ် အဆင့် သားရဲ သုံးကောင်ကြောင့် မျက်မှောင် ကြုတ်သွားခဲ့သည်။
“ဘယ်လိုဖြစ်တာလဲ ဒါမျိုးမကြုံဖူးဘူး”
ခံတပ်ခေါင်းဆောင်သည် ထိုသို့ရေရွတ်လိုက်ပြီးနောက် မုန့်ချန်အာကို ကြည့်ကာ ပြောလိုက်၏။
“မိန်းကလေးမုန့် သားရဲ တစ်ကောင်ကို ထိန်းထားပေးပါ၊ ကျုပ် နောက်ကရောက်လာတဲ့ နှစ်ကောင်ကို ရင်ဆိုင်လိုက်မယ်”
“ကောင်းပြီ”
မုန့်ချန်အာသည် သဘောတူလိုက်ပြီး သူမ တိုက်ခိုက်နေသည့် တောဝက်ရိုင်းကို တာဝန်ယူလိုက်သည်။
ခံတပ်ခေါင်းဆောင်သည် အပြေးလာနေသည့် တောဝက်ရိုင်းနှစ်ကောင်ထံ ပျံသန်းသွားလိုက်ပြီးနောက် တိုက်ခိုက်လိုက်၏။
မျက်လုံးများ နီရဲနေသည့်တောဝက်ရိုင်းသည် မုန့်ချန်အာဆီသို့ တဟုန်ထိုး ပြေးလာခဲ့သည်။ မုန့်ချန်အာသည် သူမ၏ဝိညာဉ်စွမ်းအင်များ တစ်ဝက်ခန့်ကုန်ဆုံးနေပြီဖြစ်သည်။ သို့သော်လည်း တောဝက်ရိုင်းကို ထပ်မံတိုက်ခိုက်ရန် ဝိညာဉ်စွမ်းအင်များစွာကို စုစည်းလိုက်၏။ ထို့နောက် ပြေးလာနေသည့် တောဝက်ရိုင်းကို သူ၏ ဓားနှင့် တောဝက်ရိုင်း၏ ဦးခေါင်းတည့်တည့်အား ထိုးစိုက်လိုက်သည်။
“ထန်”
သို့သော် သထ္ထုတစ်ခုကို ထိုးမိလိုက်သည့်အလားပင်။ တောဝက်ရိုင်း၏ မျက်လုံးများ နီရဲလာပြီးနောက်တွင် ၎င်း၏ အရေပြားသည် လွန်စွာပင် မာကျောသွားသည်။ မုန့်ချန်အာ၏ ဓားအတွင်းတွင် ထည့်သွင်းထားသည့် ဝိညာဉ်စွမ်းအင်များသည် ပထမအကြိမ် တိုက်ခိုက်မှုထက်ပင် များပြားသေးသည်။ သို့သော် တောဝက်ရိုင်းကို မထိုးဖောက်နိုင်ခဲ့ချေ။
မုန့်ချန်အာသည် ချက်ချင်းပင် လွင်စင်သွားသည်။ ထိုအချိန်တွင် တောဝက်ရိုင်းသည် မြန်ဆန်လှသည့်အရှိန်နှင့် တဟုန်ထိုးလိုက်သွားပြီးနောက် ၎င်း၏ အစွမ်းနှစ်ချောင်းနှင့် မုန့်ချန်အာ၏ ဝမ်းဗိုက်ကို ထိုးစိုက်သွားခဲ့သည်။ သူမတွင် ခုခံနိုင်သည် ဝိညာဉ်စွမ်းအင်အနည်းငယ်သာ ကျန်ရှိနေခြင်းကြောင့် လျှင်မြန်စွာ မတုန့်ပြန်နိုင်ချေ။ ထို့ကြောင့် သူမသည် တောဝက်ရိုင်း၏ အစွယ်နှင့် ထိုးဖောက်ခံလိုက်ရပြီး သွေးများစွာ ယိုစီးလာခဲ့သည်။ သူမ၏ မျက်နှာထက်တွင် လွန်စွာနာကျင်နေသည့် ပုံပေါက်နေသည်။ ထို့နောက် သူမသည် လဲကျသွားခဲ့၏။
“မိန်းကလေးမုန့်” ခံတပ်ခေါင်းဆောင်သည် အလွန်ပျာယာခပ်သွားပြီး သူမထံ ပြေးလာရန်ကြိုးစားလိုက်သည်။ သို့သော် တောဝက်ရိုင်းနှစ်ကောင်သည် သူ့အားပျံသန်းခွင့်မပေးခဲ့ချေ။ သို့သော် သူ၏ ဝိညာဉ်စွမ်းအင်များ ဖောက်ခွဲပြီး မုန့်ချန်အာရှိရာနေရာသို့ ချက်ချင်း ပျံသန်းလာခဲ့သည်။
ထို့အချိန်တွင် တောဝက်ရိုင်းသည် လဲကျနေသည့် မုန့်ချန်အာကို သူ၏အစွယ်နှင့် နောက်တစ်ကြိမ်ထပ်ထိုးရန်ပြင်လိုက်သည်။ ဤထိုချက်အောက်တွင် မုန့်ချန်အာသည် ရှင်သန်နိုင်ရန် အကြောင်းမရှိတော့ချေ။
“မဟုတ်ဘူး” ခံတပ်တွင်ဖြစ်ပျက်နေသည်များကို ထိုက်ဟုန်ကျွင်းသည် အာရုံခံမိပြီးနောက် ဒေါသတစ်ကြီးအော်ဟစ်လိုက်၏။ မိစ္ဆာနန်းတော်နှင့် မြောက်ပိုင်း ခံတပ်သည် နတ်အင်ပါယာတစ်ပါး အတွက်ပင် အချိန်အနည်းငယ်ယူကာသွားလာရသည့် အကွာဝေးဖြစ်နေသည်။ ထိုက်ဟုန်ကျွင်းသည် သူ၏ စွမ်းအင်များသုံးကာ တစ်ဟုန်ထိုး ပျံသန်းနေ၏။
“ဒီမိန်းကလေး စောစောကတည်းက ကျောက်စိမ်းပြားကို ချိုးချေလိုက်သင့်တာ”
အရှေ့ပိုင်းနယ်မြေတွင်ရှိသည့် ဟွမ်းသည် မုန့်ချန်အာကို ပေးအပ်ဖူးခဲ့သည် ကျောက်စိမ်းပြားလေး ကွဲကြေမှုကို ခံစားမိလိုက်သည်။ မုန့်ချန်အာသည် ဒဏ်ရာအပြင်းအထန်ပင် ရနေသည်ကို ခံစားမိလိုက်သည်။ ထို့နောက် ဟွမ်းသည် သူ၏ လက်သီးနှင့် လေဟာနယ်ကို ထိုးခွဲလိုက်၏။ သူ၏ ထိုးခွဲမှုကြောင့် လေဟာနယ်တွင် အက်ကွဲကြောင်းကြီး ထွက်ပေါ်လာသည်။ ထို့နောက် ဟွမ်းသည် ထိုအက်ကွဲကြောင်းအတွင်းဝင်ရောက်သွား၏။
တောက်ဝက်ရိုင်း၏ အစွယ်နှစ်ခုသည် မုန့်ချန်အာ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် နီးကပ်သွားပြီဖြစ်သည်။
“အဖေ၊ ရှင်းယန်...” မုန့်ချန်အာသည် တိုးလျနေသည့် အသံဖြင့်ရေရွတ်ကာ သူမ၏ မျက်လုံးများကို မှိတ်လိုက်၏။ ထိုနောက်တွင် သူမ၏ စိတ်ဝိညာဉ်သည် ထူးခြားစွာလှုပ်ခါသွားခဲ့၏။
ထိုအချိန်တွင် ခံတပ်ခေါင်းဆောင်နှင့် ထိုက်ဟုန်ကျွင်းတို့သည် သူမကို ကယ်တင်ရန် အချိန်မမှီတော့ပေ။ သူတို့သည် အသည်းသန် ပြေးလာနေခဲ့သော်လည်း တောဝက်ရိုင်း၏ အစွယ်သည် မုန့်ချန်အာကို ထိုဖောက်တော့မည်ဖြစ်သည်။ ထိုအချိန်တွင် မုန့်ချန်အာ အနီးရှိ လေဟာနယ်သည် ကွဲအက်သွားပြီးနောက် ကြည်လင်လှသည့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“ဝိညာဉ်ငိုကြွေးသံ”