← Chapters

အကြွေးနှစ်ခု

Vol. 6 Ch. 85

အကြွေးနှစ်ခု

Vol. 6 Ch. 85

“ဟုန်ကျွင်း အဲ့ဒီလူက ဘယ်သူလဲ”

မိစ္ဆာအင်ပါယာချီမင်ယောင်သည် ထိုက်ဟုန်ကျွင်းကိုတီးတိုးမေးလိုက်၏။

“နတ်ဘုရားကုန်းမြေက လူတစ်ယောက်၊ သူရဲ့စွမ်းအားက ခန့်မှန်းလို့ကိုမရနိုင်ဘူး”

ထိုက်ဟုန်ကျွင်းသည် ဟွမ်းအကြောင်းကို ပြန်တွေးကာပြောလိုက်၏။ လော့နင်ရွှယ်၏ စွမ်းအာကို အတိအကျ မသိရသော်လည်း သူမ၏ အရှိန်ဝါဖြာထွက်နေမှုကြောင့် သူထက်အလွန်အစွမ်းထက်နေသည်ကို ခန်းမှန်းနိုင်သည်။ သို့သော် ဟွမ်းသည် လော့နင်ရွှယ်ကဲ့သို့ စွမ်းအင်များ ဖြာထွက်နေခြင်း မရှိချေ။ ထို့ကြောင့် မည်သို့မျှ ခန့်မှန်းချက်ကို မပြုလုပ်နိုင်တော့ပေ။

“နတ်ဘုရားကုန်းမြေက ဘယ်လိုကုန်းမြေလဲ”

ချီမင်ယောင်သည် တွေးတောနေသည့်ဟန်နှင့်မေးလိုက်၏။

“ကျုပ်လဲ အတိအကျ မသိဘူး၊ အစွမ်းထက် တည်ရှိမှုတွေ ရှိတဲ့ ကုန်းမြေတစ်ခုလို့ထင်တယ်”

ထိုက်ဟုန်ကျွင်းသည် ဇဝေဇဝါနှင့်ဖြေလိုက်၏။ သူကိုယ်တိုင်လည်း မသိချေ။

အသံလုံ အစီအရင် အတွင်းတွင် လော့ရွှယ်နင်သည် သနားစရာကောင်းနေသည့် လေသံဖြင့် အကြောင်းစုံကိုရှင်းပြနေသည်။ သူမ၏ စိတ်ဝိညာဉ်ထိခိုက်မှုကြောင့် ထျန်းယွမ်း ကုန်းမြေသို့ရောက်ရှိလာခဲ့ပြီး သူမ၏ စိတ်ဝိညာဉ်အပိုင်းအစများသည် ပြန့်ကျဲသွားခဲ့သည်။

ထိုနှစ်အများအတွင်း လော့ရွှယ်နင်သည် သူမ၏ စိတ်ဝိညာဉ်အပိုင်းအစများစုစည်းနိုင်ခဲ့ပြီး မှတ်ဉာဏ်များ ပြန်ရလာကာ လော့ရှန်းမျိုးနွယ်သို့ ပြန်သွားခဲ့သည်။ သို့သော် သူမ၏ စိတ်ဝိညာဉ်သည် မပြည့်စုံမှန်းသိရှိလာခဲ့သည်။ ထို့ကြောင့် သူမသည် ထိုဝိညာဥ်အပိုင်းအစကို ရှာဖွေနေခဲ့၏။

သို့သော် ထိုပျောက်ဆုံးသွားသည့် စိတ်ဝိညာဉ်အပိုင်းအစသည် ထူးဆန်းမှုတစ်ခုကြောင့် မွေးဖွားလာခဲ့ပြီး မုန့်ချန်အာအဖြစ်တည်ရှိနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ရှာဖွေရန်ခက်ခဲသွားခြင်းဖြစ်သည်။ ဝိညာဥ်အပိုင်းအစအဖြစ် တည်ရှိနေပါက နီးကပ်လာသည့်အချိန်တွင် အာရုံခံမိကာ တွေ့ရှိနိုင်သည်။

သို့သော် လူသားအဖြစ် မွေးဖွားလာသည့်အချိန်တွင် ရှာဖွေရန် ခက်ခဲသွားပြီဖြစ်သည်။ ထိုသို့ မွေးဖွားလာသည့် စိတ်ဝိညာဉ်အပိုင်းအစ၏ သက်တမ်းသည်လည်း ကြာရှည်စွာ ခံမည်မဟုတ်ပေ။ အချိန်ကြာလေ စိတ်ဝိညာဉ်က အားနည်းလာလေဖြစ်သည်။ နောက်ဆုံးတွင် ပျောက်ကွယ်သွားနိုင်၏။

“သေချာလား”

“ဟုတ် သေချာပါတယ်” လော့ရွှယ်နင်သည် သူမ၏ ခေါင်းကို တဆက်ဆက်ညိတ်ကာဖြေလိုက်၏။

“ကောင်းပြီထတော့၊ ငါကမင်းတို့ လော့ရှန်းမျိုးနွယ်ဆီမှာ ကျေးဇူး အကြွေးနှစ်ခုတင်သွားပြီ”

ဟွမ်းသည် သက်ပြင်းချကာပြောလိုက်သည်။ သူ၏တပည့် လုရှင်းယန်နှင့် မုန့်ချန်အာကြားတွင် အကြောင်းကိစ္စများ ရှိနေ၏။ သို့သော် မုန့်ချန်အာသည် စိတ်ဝိညာဉ်အပိုင်းအစတစ်ခုသာဖြစ်၏။ ထို့ကြောင့် သူစဉ်းစားမိသည့် အကောင်းဆုံးနည်းလမ်းသည်တော့ လောရွှယ်နင် လက်ထဲ ပြန်ထည့်ပေးလိုက်ခြင်းပင်။ သို့မှသာ မုန့်ချန်အာသည် ပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။ ထိုအပြင် ထိုစိတ်ဝိညာဉ်အပိုင်းအစသည် လော့ရွှယ်နင် အပိုင်ပင်။ သူတပည့်အတွက်နှင့် လုယူထားရန်မှာ သက်မဲ့အရာဝထ္ထုမဟုတ်သောကြောင့် မသင့်လျှော်ချေ။

မုန့်ချန်အာ၏ မှတ်ဉာဏ်များကို မဖျတ်စီးခိုင်းရခြင်း အကြောင်းရင်းမှာ လုရှင်းယန်ကြောင့်သာဖြစ်၏။ ဆရာတစ်ယောက်အနေနှင့် သူတို့နှစ်ဦးကြားတွင် လုပ်ပေးနိုင်သည်မှာ ဤအရာတစ်ခုသာရှိပေသည်။ ကျန်သည့်ကိစ္စများသည်တော့ သူတို့နှစ်ဦးအပေါ်တွင်သာ မူတည်မည်ဖြစ်သည်။

“အကြွေးနှစ်ခုလား..”

လော့ရွှယ်နင်သည် အံ့ဩသွားကာ ထရပ်လိုက်၏။ ထိုလူသည် သူမ ကြားဖူးသည့် ကောလဟာလများနှင့် မတူညီသည့်အလားပင်။ ထိုလူကို ‘ရက်စက်ကြမ်းကြုတ်သူ’ ဟုသာ ကြားခဲ့ဖူးသည်။ ထိုလူသည် ‘အကြွေး’ ဟူသည့် စကားမျိုးပြောတက်မယ်မထင်ခဲ့ပေ။

“သူမဒဏ်ရာပြင်းထန်တယ်”

ဟွမ်းသည် မုန့်ချန်အာ၏ အခြေအနေကိုစစ်ဆေးကြည့်ရင်း ပြောလိုက်၏။ လော့ရွယ်နင်သည် ဟွမ်းအပေါ် ကြောက်စိတ် အနည်းငယ်ပြေလျော့သွားခဲ့သည်။ ထို့နောက် သူမ၏လက်နှစ်ဖက်ကို ညှင်သာစွာ လှုပ်ရှားလိုက်ပြီး လက်သဏ္ဌာန်တစ်ခု ပြုလုပ်လိုက်သည်။

ထို့နောက် သူမ၏ လက်နှစ်ဖက်မှ သုံးမြောင့်တြိဂံပုံစံ အစီအရင် အသေးစားလေးပေါ်ထွက်လာခဲ့သည်။ ထိုအစီအရင်ငယ်သည် လဲကျနေသည့် မုန်ချန်အာ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွား၏။ လော့ရွှယ်နင်သည် သူမ၏ လက်ကို ပုံစံနောက်တစ်ခုပြောင်းလိုက်သည့်အချိန်တွင် ထိုတြိဂံလေးသည် ကျုံ့လာပြီးနောက် သူမ၏ လက်ဖဝါးထက်သို့ လွင့်ပျံလာသည်။ ထို့နောက်တွင် ၎င်းအစီအရင်ကို သူမ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်စေခဲ့သည်။ ထို့နောက်ဟွမ်းသည် အသံလုံအစီအရင်ကို ရုတ်သိမ်းလိုက်၏။

“အရှင်..၊ ကျွန်မ ထွက်သွားလို့ရပြီလား”

လော့ရွှယ်နင်သည် ဟွမ်းကို မချင့်မရဲကြည့်ကာ ပြောလိုက်၏။ သူမ၏ စိတ်ဝိညာဉ်အပိုင်းအစကို ပြန်လည်တွေ့ရှိပြီဖြစ်သောကြောင့် ပေါင်းစပ်ရန် အလျင်လိုနေပြီဖြစ်သည်။

“ကောင်းပြီ၊ သူမရဲ့ မှတ်ဉာဏ်တွေ ဖျတ်စီးဖို့မကြိုးစားနဲ့”

ဟွမ်းသည် လော့ရွှယ်နင်ကို ကြည့်ကာ အလေးနက် သတိပေးလိုက်၏။

“စိတ်ချပါအရှင်၊ ကျွန်မမှာ ဆယ်သက် ရှိရင်တောင်၊ မလုပ်ရဲပါဘူး”

လော့ရွှယ်နင်သည်လည်း အလေးအနက် ကတိပေးလိုက်၏။ သူမသာ ကတိဖျတ်မိပါက လော့ရှန်းမျိုးနွယ်သည် ပျက်စီးသွားနိုင်ချေရှိသည်။

“နင်အာ၊ သွားတော့မှာလား”

ထိုဟုန်ကျွင်းသည် သူမထွက်သွားတော့မည်ကို မြင်ပြီးနောက် မေးလိုက်၏။ သူ၏လေသံသည် အနည်းငယ် ဝမ်းနည်းနေပုံပေါက်၏။

“တတိယအစ်ကို၊ ကျွန်မကိစ္စတွေဖြေရှင်းပြီးရင် ဆရာ့ကို လာတွေ့ပါမယ်”

လော့ရွှယ်နင်သည် အကျိုးသင့်အကြောင်းသင့် စဉ်းစားပြီးနောက် ပြောလိုက်၏။ မည်သို့ သူမမှတ်ဉာဏ်ပျောက်ဆုံးခဲ့သည့် အချိန်ကပင် ဖြစ်စေ ထိုလူများသည် သူမအပေါ် စိတ်ရင်းဖြင့် ကောင်းမွန်စွာဆက်ဆံပေးခဲ့သည်။

“ဆရာက သေဆုံးသွားပြီ”

ထိုက်ဟုန်ကျွင်း၏ လေသံသည် အလွန်ပင် တုန်ယင်နေ၏။

“ရှင်..၊ ဘာဖြစ်ခဲ့တာလဲ”

လော့နင်ရွှယ်သည်လည်း အံ့ဩတုန်လှုပ်သွား၏။ နတ်အင်ပါယာထျန်းရှီသည် သူမအပေါ် အကောင်းဆုံး လူတစ်ဦးဖြစ်ခဲ့သည်။ နတ်အင်ပါယာထျန်းရှီသည် အဆင့်တစ် နတ်အင်ပါယာအဆင့်သာရှိလျှင်တောင် ထျန်းယွမ်ကုန်းမြေတွင် မည်သူမျှ သူ့အားဒုက္ခရောက်အောင်မလုပ်နိုင်ပေ။ သူမပင် မသိလိုက် သူမ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျနေခဲ့သည်။

ထိုက်ဟုန်ကျွင်းသည် သူ့ကိုယ်သူသာ အပြစ်တင်သည့်လေသံဖြင့် အစအဆုံးရှင်းပြလိုက်သည်။

“တတိယအစ်ကို၊ ဂိုဏ်းကို ဆရာလက်ထပ်ကထပ် ပိုပြီး ကြီးကျယ်ခမ်းနားအောင် လုပ်ပါ၊ ဒါဆို ဆရာရဲ့ စတေးမှုက အလကားမဖြစ်တော့ဘူး”

လော့နင်ရွှယ်သည် သူမကိုယ်တိုင်ဝမ်းနည်းနေသော်လည်း ထိုက်ဟုန်ကျွင်းကို နှစ်သိမ့်လိုက်၏။ သူတို့သည် စကားအနည်းငယ်ပြောပြီးနောက်တွင် ဟွမ်းကို နှုတ်ဆက်လိုက်၏။

“အရှင်၊ ကျွန်မကို ခွင့်ပြုပါဦး၊ ပြီးတော့ ထိုက်ရွှမ်ဂိုဏ်းကိစ္စကို ကျွန်မကျေးဇူးတင်ပါတယ်”

ဟွမ်းသည် မည်သို့မျှပြန်မဖြေချေ။ သူ၏ ခေါင်းသာ ညိတ်လိုက်၏။ ထို့နောက်တွင် လော့ရွှယ်နင်သည် လက်ပုံစံတစ်ခုကို ထုတ်ဖော်လိုက်သည်။ ခဏအကြာတွင် သူမခန္ဓာကိုယ်မှ စွမ်းအင်အလင်းရောင်များပေါ်ထွက်လာကာ တဖြေးဖြေးပျောက်ကွယ်သွားခဲ့သည်။ ထိုအရာသည် နတ်ဘုရားကုန်းမြေ၏ အစီအရင်နည်းစနစ်တစ်ခုဖြစ်သည်။ နတ်ဘုရားကုန်းမြေ၏ မျိုးနွယ်ကြီးများသည် သူတို့၏မျိုးနွယ်ဝင်များ ပြင်ပလောကသို့ ထွက်သွားသည့်အချိန်တွင် ပြန်လာရလွယ်ကူစေရန် ထိုသို့အစီအရင်များ လုပ်ဆောင်ထားလေ့ရှိသည်။

“စီနီယာ ကျုပ်..”

လော့ရွှယ်နင် ထွက်ခွာသွားသည့်အချိန်တွင် ထိုက်ဟုန်ကျွင်းသည် ဟွမ်းကို မည်သို့ရှင်းပြရမည်မှန်း မသိတော့ချေ။

“ထားလိုက်တော့..”

ဟွမ်းသည် ခေါင်းယမ်းကာ ပြောလိုက်၏။ ဤကိစ္စသည် ထိုက်ဟုန်ကျွင်း တက်နိုင်သည့်အရာမဟုတ်ပေ။ ထို့ကြောင့် အခက်တွေ့ အောင် မလုပ်တော့ချေ။ သို့သော် ထိုက်ဟုန်ကျွင်းသည် ဖြစ်စဉ်အစအဆုံးကို ပြောပြခဲ့သည်။ ဟွမ်းသည် အရှေ့ပိုင်းနယ်မြေသို့ ပြန်ရောက်လာသည့်အခါ လုရှင်းယန်သည် မီးနယ်မြေအဆင့်ကို ဈာန်ဝင်စားနေသောကြောင့် မပြောဖြစ်တော့ပေ။

“ကိစ္စတွေက အဲ့ဒီလိုဖြစ်ခဲ့တာပဲ”

ယခုလက်ရှိအချိန်တွင် ဟွမ်းသည် အားလုံးကိုရှင်းပြလိုက်၏။ အားလုံး၏ မျက်နှာထက်တွင် အံ့ဩမှုများနှင့် ပြည့်နက်သွားသည်။

“ဆရာ ဒါဆိုချန်အာက မသေတော့ဘူးလား၊ အဲ့ဒီမိန်းကလေးနဲ့ ပေါင်းစပ် ပြီးသွားရင် ချန်အာက ပျောက်ကွယ်သွားမှာလား”

လုရှင်းယန်သည် အနည်းငယ်တည်ငြိမ်လာသော်လည်း စိတ်အတွင်းရှုပ်ထွေးနေဆဲဖြစ်သည်။

“မိန်းကလေးမုန့်က လော့ရွှယ်နင်ရဲ့ စိတ်ဝိညာဉ်အပိုင်းအစဖြစ်တာမို့ လော့ရွှယ်နင်လို့ပဲပြောလို့ရတယ်၊ ဒါကြောင့် သူမတို့နှစ်ဦးကပေါင်းစပ်ပြီးသွားရင်တောင် အတူတူပဲလို့ပြောလို့ရတယ်၊ ဆရာရဲ့တောင်းဆိုမှုကြောင့် သူမရဲ့ မှတ်ဉာဏ်တွေကို ဖျတ်ဆီးပစ်မှာမဟုတ်ဘူး၊ ဒါကြောင့် မင်းရဲ့တည်ရှိမှုက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး”

ဟွမ်းသည် လုရှင်းယန်ကို အသေအချာရှင်းပြလိုက်သည်။ သူသည် လော့ရွှယ်နင်ကို တောင်းဆိုခဲ့သည်လား ခြိမ်းခြောက်ခဲ့သည်လားတော့ တပည့်များ မသိရှိပေ။

“ဆရာ အဲ့ဒီမိန်းကလေးကို ဘယ်မှာသွားရှာရမှာလဲ”

လုရှင်းယန်၏ ခံစားချက်များသည် ‘ချန်အာကိုဆုံးရှုံးလိုက်ရသည်လား’ ‘သူမရဲ့စိတ်ကရှင်သန်နေဦးပါ့မလား’ ဆိုသည့်မေးခွန်းများလည်းသူ၏ စိတ်အတွင်း ပြည့်နှက်နေသည်။

“နတ်ဘုရားကုန်းမြေရဲ့ မျိုးနွယ်ကြီးတစ်ခုဖြစ်တဲ့ ထျန်းလော့နယ်မြေ၊ လော့ရှန်းမျိုးနွယ်”

“လော့ရှန်းမျိုးနွယ်..၊ လော့ရွှယ်နင်..၊ ချန်အာ..”

လုရှင်းယန်သည် တီးတိုးရေရွတ်လိုက်၏။

All Chapters