လင်းယိုဟန်
Vol. 6 Ch. 86
တပည့်များသည် သူ့၏ ဆရာက ပြောခဲ့သည့် အကြွေးနှစ်ခုအကြောင်းကို သိချင်သွားခဲ့သည်။ တစ်ခုက မုန့်ချန်အာကိစ္စ ဖြစ်နိုင်သော်လည်း၊ နောက်တစ်ခုကို မသိပေ။ သူတို့၏ဆရာသည် အကြွေးတင်ခံသူမဟုတ်ချေ။ ထို့ကြောင့် ပိုင်ကျန့်ယွီသည် ဦးဆောင်ကာမေးလိုက်၏။
“ဆရာ၊ လော့ရှန်းမျိုးနွယ်အပေါ်တင်တဲ့အကြွေးက ဘာကိုပြောတာလဲ”
“အရင်က လော့ရှန်းမျိုးနွယ်ခေါင်းဆောင်က ဆရာကို သူတို့မျိုးနွယ်ရဲ့ အဓိကနည်းစနစ်ကို လက်ဆောင်ပေးဖူးတယ်၊ ဒါပေမဲ့ ခွင့်ပြုချက်မရှိရင် တစ်ခြားသူကို ပြန်သင်ပေးလို့မရဘူး၊ ဒါပေမဲ့ ဆရာက မင်ယွမ်ကို သင်ပေးလိုက်တယ်လေ”
ဟွမ်းသည် လျှိုမင်ယွမ်အား ပေးအပ်ခဲ့သည့် ကျင့်စဉ်သည် ခရမ်းလနှလုံးသားကဲ့သို့ မျိုးနွယ်များသာ ကျင့်ကြံခွင့်ရှိသည့် ကျင့်စဉ်ဖြစ်သည်။ ထို့အပြင် မျိုးနွယ်ပြင်ပ ကျင့်ကြံသူများသည် ထိုကျင့်စဉ်ကို ကျင့်ကြံပါက ၎င်းမျိုးနွယ်၏ သတ်ဖြတ်မှုကို မလွဲမသွေခံရမည်ဖြစ်သည်။
“ဆရာ..”
“စိတ်မပူနဲ့၊ အဲ့ဒီမျိုးနွယ်က ဆရာ့ကိုပေးထားတာပဲ၊ ပြသနာရှာရဲရင် သူတို့တစ်မျိုးလုံးကို ရိုက်လိုက်မယ်”
လျှိုမင်ယွမ်သည် တစ်ခုခုပြောရန်ပြင်လိုက်သည့်အချိန်တွင် ဟွမ်းသည် စကားဖြတ်ပြောလိုက်ခြင်းဖြစ်သည်။
“ဆရာ တစ်ချိန်ကျရင် လော့ရှန်းမျိုးနွယ်ကို အဲ့ဒီအကြွေး တပည့်ကိုယ်တိုင်ဆပ်ပါ့မယ်”
လျှိုမင်ယွမ်သည် ကတိပေးလိုက်၏။ သူ့အတွက်ကြောင့်သာ သူ၏ဆရာသည် ထိုကိစ္စကို လုပ်ဆောင်လိုက်ရခြင်းဖြစ်သည်။ ထို့အတွက် သူ့ကိုယ်သူ အပြစ်မကင်းဟု ခံစားမိသည်။
“အများကြီး မတွေးနဲ့၊ ဗဟိုကုန်းမြေကိုသွားကြမယ်”
ထို့နောက် သူတို့သည် ပန်းဝိညာဉ်လှေကိုထုတ်ကာ ဗဟိုနယ်မြေသို့ ဦးတည်သွားကြသည်။ ဟွမ်းသည် ဗဟိုနယ်မြေ၏ ပြိုင်ပွဲကို စိတ်မဝင်စားသော်လည်း ထိုနယ်မြေ၏ အချိန်တံခါးကို စိတ်ဝင်စားနေသည်။ ထိုအရာသည် သူတပည့်များ ကျင့်ကြံမှုများ တိုးတက်စေရန် အထောက်အကူပြုနေ၏။
ဗဟိုကုန်းမြေ၏ ကြယ်တာယာနန်းတော်တွင် နတ်အင်ပါယာ ရှင်းဝေ့ကျန်းသည် နန်းတော်သခင် လီချင်းဟုန်၏ တင်ပြချက်များကို နားထောင်နေခဲ့သည်။ ထို့အပြင် ရှင်းဝမ်ကျဲသည်လည်း ဤနေရာတွင် ရှိနေခဲ့သည်။
“အရှင်..၊ လင်းယွမ်နယ်မြေ၊ မိစ္ဆာနယ်မြေနဲ့ မြောက်ပိုင်းနယ်မြေက ပြိုင်ပွဲဝင်တွေ အားလုံး ဗဟိုမြို့တော်ကို ရောက်နေပါပြီ၊ လင်းယွမ်နယ်မြေနဲ့ မိစ္ဆာနယ်မြေက နတ်အင်ပါယာတွေနဲ့ ပြိုင်ပွဲဝင်လူငယ်တွေ အပြင် ပြိုင်ပွဲကိုကြည့်ရှုဖို့ ကျင့်ကြံသူအများအပြားလည်း ရောက်လာခဲ့ကြပြီ၊ ဒါပေမဲ့ မြောက်ပိုင်းနယ်မြေက နတ်အင်ပါယာ ဟေးချုံးနဲ့ ပြိုင်ပွဲဝင်တွေပဲရောက်လာကြတယ် အခြားကျင့်ကြံသူတွေမပါခဲ့ဘူး”
“ဆရာ မြောက်ပိုင်းနယ်မြေက ထူးဆန်းနေတယ်၊ မိစ္ဆာနယ်မြေရဲ့ သားရဲတွေ ကျုးကျော်မှုမှာလဲ မိစ္ဆာနယ်မြေကို မကူညီခဲ့ဘူး၊ ပြီးတော့ ဗဟိုမြို့တော်ကို ရောက်ကတည်းက သူတို့ကို စီစဉ်ပေးထားတဲ့ အိမ်တော်ကနေ မထွက်လာခဲ့ကြဘူး၊ ပြီးတော့ အရှေ့ပိုင်းနယ်မြေမှာတွေ့ခဲ့တဲ့သူကလဲ ကြောက်စရာကောင်းနေတယ်၊ တပည့်တို့ အဲ့ဒီလူကို ပိုသတိထားတာကောင်းမယ်”
ရှင်းဝမ်ကျဲသည် မျက်မှောင်ကြုတ်ကာ သူစိတ်အတွင်းမတင်မကျ ဖြစ်နေသည်ကို ပြောလိုက်၏။ သူ၏ အိမ်မက်သည် ဖြစ်ပျက်မှုများကို အတိအကျမြင်တွေ့ရခြင်းမဟုတ်သော်လည်း ဖြစ်လာနိုင်သည့် အခြေအနေတစ်ခုကို မြင်တွေ့ရခြင်းဖြစ်သည်။ ဤကုန်းမြေတွင် သူ၏ဆရာကို သေဆုံးသည်အထိ တိုက်ခိုက်နိုင်သူမရှိချေ။ ဘာမှန်းမသိသည့်လူတစ်ဦးပေါ်ပေါက်လာမှုနှင့် ထိုလူ၏ ခွန်အားသည် ဘယ်အဆင့်ရှိသိမှန်းသေချာမသိရပေ။ ထို့ကြောင့် ရှင်းဝမ်ကျဲ၏ သံသယများ ပိုမိုများပြားလာခြင်းဖြစ်သည်။
“မိစ္ဆာနယ်မြေကို မကူညီခဲ့တာက မြောက်ပိုင်းနယ်မြေက မိစ္ဆာမျိုးနွယ် အပေါ် အမြင်မကြည်သေးလို့ဖြစ်မယ်၊ သိပ်တော့ အများကြီးတွေးလို့မဖြစ်ဘူး၊ အဲ့ဒီလူက ကြောက်စရာကောင်းတာတော့ အမှန်ပဲ၊ အန္တရာယ်ပေးမဲ့ ရည်ရွယ်ချက်တော့ မတွေ့ရပေမဲ့ ဆရာတို့ ပိုသတိထားတာကောင်းပါတယ်၊ ပြီးတော့ နတ်အင်ပါယာထိုက်ကို အဲ့ဒီလူအကြောင်း အနည်းငယ်မေးမြန်းကြည့်မယ်”
ရှင်းဝေ့ကျန်းသည် သူ၏တပည့်အား အတွေးများကို လက်ခံပြီး စုံစမ်းရန်ပြင်လိုက်၏။ ရှင်းဝမ်ကျဲသည် သူ၏ မကောင်းသည့် အိမ်မက်ကြောင့် အရာရာ သံသယ မျက်လုံးများနှင့် ကြည့်ရှုကာ သတိထားနေသည်ကို ရှင်းဝေ့ကျန်း သိလေသည်။ ထို့အပြင် သူသည်လည်း ဟွမ်း၏ ထျန်းယွမ်ကုန်းမြေတွက် ပေါ်ပေါက်လာမှုကို စိတ်ထင့်နေခဲ့သည်။
မိစ္ဆာနယ်မြေတွင် သားရဲများ သောင်းကျန်းခဲ့သည့်အချိန်တွင် မြောက်ပိုင်းနယ်မြေသည် ကူညီခဲ့ခြင်း မရှိပေ။ အကြောင်းမှာ မိစ္ဆာမျိုးနွယ်များ ထျန်းယွမ်ကုန်းမြေသို့ ဝင်ရောက်ခဲ့စဉ်က မြောက်ပိုင်းနယ်မြေသည် အခြားနယ်မြေသုံးခုထက် ပို၍အထိနာခဲ့သည်။ ထိုစဉ်က အရှေ့ပိုင်းနယ်မြေလည်းတည်ရှိနေဆဲပင်။ အချိန်တွေကြာလာသည့်အခါ အခြားနယ်မြေသုံးခုသည် ရေရှည်တိုက်ပွဲများကြောင့် မိစ္ဆာမျိုးနွယ်ကို နယ်မြေတစ်ခုယူရန် သဘောတူခဲ့ကြသည်။ သို့သော် မြောက်ပိုင်းနယ်မြေသည် မိစ္ဆာမျိုးနွယ်များကို မုန်းတီးခဲ့သည့် အငြိုးများ မပျယ်သေးချေ။
“ဟုတ်ကဲ့ပါ၊ ဆရာ”
“အဲ့ဒီလူရဲ့ တပည့်တွေက လင်းယွမ်နယ်မြေကိုကိုယ်စားပြုပြိုင်ပွဲဝင်မှာမို့ နောက်ထပ်လဝက်နေရင် အင်ပါယာသုံးပါးနဲ့ ပြိုင်ပွဲအတွက် အသေးစိတ် စီမံဆွေးနွေးဖို့ ဖိတ်ခေါ်ထားလိုက်၊ ပြီးတော့ မင်းဗဟိုမြို့တော်မှာပဲ အဲ့ဒီလူပေါ်လာရင် တိတ်တဆိတ်စောင့်ကြည့်နေ”
ရှင်းဝေ့ကျန်းသည် သူ့တပည့်အား အမိန့်ပေးလိုက်သည်။ ရှင်းဝမ်ကျဲသည်လည်း နားလည်သည့်အကြောင်းပြောကာ နှုတ်ဆက်၍ထွက်ခွာသွားသည်။
“နန်းတော်သခင်၊ လင်းယွင်ဂိုဏ်းရဲ့ လူငယ်လေးကရော ဘယ်လိုအခြေအနေရှိလဲ”
ရှင်းဝေ့ကျန်းသည် ထိုကိစ္စများကို သူ၏တပည့်နှင့် လွှဲလိုက်ပြီးနောက် ဗဟိုနယ်မြေနှင့်ပတ်သတ်သည့် အခြားကိစ္စများကို လီချင်းဟုန်အား ဆက်လက်မေးမြန်းနေ၏။
ဗဟိုမြို့တော်သည် ဗဟိုနယ်မြေ၏ အဓိကအချက်အချာကျသည့် မြို့တော်တစ်ခု ဖြစ်သည်။ ထိုက်ရွှမ်မြို့ထက် သုံးဆဝန်းကျင့်ခန့်ပိုမိုကျယ်ပြန့်သည်အပြင် ကျင့်ကြံသူများလည်းပိုမိုများပြား၏။ ထို့အပြင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများကို နေရာတိုင်းတွင် တွေ့ရှိနိုင်ပြီး သူတော်စင်အဆင့် ကျင့်ကြံသူများလည်း မရှားပါးပေ။ အခြားနယ်မြေများနှင့် ယှဉ်လျှင် ဗဟိုနယ်မြေရှိဝိညာဉ်စွမ်းအင်များသည် ပိုမိုသိပ်သည်း၏။ ထို့အပြင် ဗဟိုမြို့တော်ကို နတ်ဘုရင်တစ်ပါးအုပ်ချုပ်နေခြင်းဖြစ်သည်။ ထိုအရာသည် အခြားနယ်မြေများ၏ ဂိုဏ်းချုပ်များနှင့်ပင် အဆင့်အတန်းတူညီနေသည်။
ရှောင်ထျန်းသည် ဗဟိုမြို့တော်ရှိ သူတို့အား အနားယူရန်စီစဉ်ပေးထားသည့် အိမ်တော်တွင် ထိုက်ဟုန်ကျွင်းနှင့် ဆွေးနွေးနေ၏။
“ဘာအကြောင်းလဲ”
ရှောင်ထျန်းသည် သူ့အားလာရောက်ဆွေးနွေးနေခြင်းကြောင့် ထိုက်ဟုန်ကျွင်းသည် မေးလိုက်၏။
“ဆရာဦးလေး၊ အဲ့ဒီအကြီးအကဲ နဲ့ သူ့ရဲတပည့်တွေ ဗဟိုနယ်မြေကို ရောက်လာပါ့မလား”
ရှောင်ထျန်းသည် စိုးရိမ်စွာမေးလိုက်၏။
“ဘာလို့လဲ” ထိုက်ဟုန်ကျွင်းသည် မျက်မှောင်ကြုတ်သွားကာမေးလိုက်၏။
“ကျုပ်တို့ နယ်မြေက တပည့်ခြောက်ယောက်ပဲ ရွေးလာခဲ့ရတာလေ၊ သူတို့သာရောက်မလာရင် အတော်လေးနစ်နာသွားလိမ့်မယ်”
ရှောင်ထျန်းသည် ရှင်းပြလိုက်၏။
“အဲ့ဒါကို စိတ်ပူစရာမလိုဘူး၊ သူတို့လာလိမ့်မယ် သွားကျင့်ကြံချေတော့”
ထိုက်ဟုန်ကျွင်းသည် ရှောင်ထျန်းစိတ်ပူနေသည်များကို သိနေ၏။ ရှောင်ထျန်းသည် ဟွမ်း၏တပည့်လေးဦးကို နေရာလေးခုစာ ပေးအပ်ခဲ့ချင်းအပေါ် မကန့်ကွက်ပေ။ ထိုလေးဦးသည် သန်မာကြောင်းသူသိသောကြောင့်ပင်။ သို့သော် သူတို့သည် လင်းယွမ်နယ်မြေနှင့်ပတ်သတ်မှုရှိ မရှိကို သေချာမသိရချေ။ ထို့အပြင် ထိုလေးဦးအတွက် နေရာလေးခုစာပေးအပ်ခဲ့သောကြောင့် လင်းယွမ်နယ်မြေ၏ လူငယ်လေးဦးကိုလျော့ချခဲ့ရသည်။ သူတို့သာ ရောက်ရှိမလာခဲ့လျင် လင်းယွမ်နယ်မြေအတွက် ကြီးမားသည့် နစ်နာမှုပင်။
ထိုက်ဟုန်ကျွင်းသည်တော့ မစိုးရိမ်ခဲ့ပေ။ လွန်ခဲ့သည့်နှစ်နှစ်က ဟွမ်းနှင့်တွေ့ခဲ့သည့်အချိန်တွင် သူသည် ပြိုင်ပွဲဝင်စာရင်းပေးရန် တပည့်များ၏ အသက်နှင့် ကျင့်ကြံမှုအဆင့်ကို မေးခဲ့ဖူး၏။ ဟွမ်း၏ အဖြေကြောင့် အလွန်ပင် အံ့အားသင့်ခဲ့ရကာ မယုံကြည်နိုင်မှုများပင် ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဟွမ်းသည် သူ၏ အဆင့်အတန်းနှင့် လိမ်ပြောစရာအကြောင်းမရှိပေ။ ထို့ကြောင့်သာ ယခုတွင် တည်ငြိမ်နေခြင်း ဖြစ်သည်။
ဗဟိုမြို့တော်တွင် တည်ရှိသည့် လင်းအိမ်တော်တွင် အိမ်တော်ခေါင်းဆောင်ဖြစ်သူ လင်းထျန်းတောက်သည် သူ၏ သမီးဖြစ်သူ လင်းယိုဟန် ကိုပြိုင်ပွဲအတွက် မှာကြားမှုများပြုလုပ်နေသည်။
“ယိုဟန်၊ ပြိုင်ပွဲက တစ်လလောက်လိုသေးတယ်လေ၊ ဘာလို့ အိမ်တော်ကို အစောကြီးပြန်လာတာလဲ”
“ဟွန့်..အဖေကလဲ သမီးအိမ်ပြန်မလာဖြစ်တာကြာပြီလေ၊ အဖေ့ကိုလွမ်းလို့လေ၊ သမီးကိုပြန်မလာစေချင်ဘူးလား”
လင်းယိုဟန်သည် စိတ်ထဲမတင်မကျဖြစ်သွားသည့် လေသံလေးနှင့်ပြောလိုက်၏။ သူမသည် အဝါရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ပုံစံသည် ကလေးဆန်သည့် အလားပင်။ သူမ၏ မျက်နှာလေးသည် ကြည်လင်သန့်စင်နေပြီး ပါးမို့မို့လေးနှင့် ချစ်စဖွယ်ကောင်းလွန်း၏။ သူမသည် အသက်နှစ်ဆယ်သာရှိသေးသော်လည်း သူတော်စင်အဆင့် အထွတ်ထိပ်ပင်ရောက်ရှိနေသည်။