မသေချင်သေးရင်ရှေ့ကဖယ်လိုက်
Vol. 6 Ch. 88
“အစ်ကိုကြီး သူ့ကို တိုက်ခိုက်ရင် မနိုင်နိုင်ဘူး၊ သူကအရမ်းအားကောင်းတယ်”
လင်းယိုဟန်သည် လျှိုမင်ယွမ်ကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။
လျှိုမင်ယွမ်သည် အနည်းငယ်အံ့ဩသွားသော်လည်း ထိုမိန်းကလေးသည် ပါရမီရှင်တစ်ဦးဖြစ်နေသည်ကို အမှတ်ရသွားခဲ့သည်။
“ဒုတိယအစ်ကို ဒီမိန်းကလေးက သာမန်မဟုတ်ဘူးပဲ၊ ရှောင်ယွမ်ရဲ့ စွမ်းအားတစ်ချို့ကိုတောင် ခန့်မှန်းနိုင်တယ်”
ပိုင်ကျန့်ယွီသည် လုရှင်းယန်ကို တီးတိုးပြောဆိုလိုက်၏။ လုရှင်းယန်သည် ခေါင်းညိတ်လိုက်၏။ ဟွမ်းသည် သူတို့ အားလုံးကို အရှိန်အဝါ ဖိနှိပ်သည့် နည်းစနစ် တစ်ခုသင်ပေးခဲ့သည်။ ထိုနည်းစနစ်သည် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ပေးသည့် နည်းစနည်မဟုတ်ပေ။ ကိုယ်ပိုင်အရှိန်အဝါများကို ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် လေ့ကျင့်ရသည့်နည်းစနစ်ပင်။ ဤနည်းစနစ်သည် သူတို့ထက် အဆင့်မြင့်သည့် ကျင့်ကြံသူများပင် ရုတ်တရက်ကြည့်ရုံနှင့် သူတို့၏ စွမ်းအားကို မခန့်မှန်းနိုင်တော့ပေ။ သို့သော် သေချာစစ်ဆေးကြည့်လျှင်တော့ သူတို့၏ စွမ်းအားကို ခန့်မှန်းသိရှိနိုင်သည်။
“မဖြစ်နိုင်ဘူး..”
ထိုအခါမှ လင်းဟွေ့သည် လျှိုမင်ယွမ်ကို အသေအချာစစ်ဆေးပြီးနောက် တုန်လှုပ်သွားခဲ့သည်။ သူ၏မျက်စိဖြင့် မြင်တွေ့နေရသည်ကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
“ဘုန်း...”
သို့သော်လျှိုမင်ယွမ်သည် သူ၏ ရှေ့တွင် ချက်ချင်းပေါ်လာခဲ့ပြီး ထိုးနှက်လိုက်သည်။ သူတော်စင်ကနဦးအဆင့်တွင်သာ ရှိနေသေးသည့် လင်းဟွေ့သည် လျှိုမင်ယွမ်၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ချေ။ ထို့ကြောင့် ချက်ချင်းပင် လွင့်စင်သွားသည်။
“ဟမ်..”
လျှိုမင်ယွမ်သည် လင်းဟွေ့ကို ထိုးလိုက်ပြီးနောက် သူ့အနားသို့ စွမ်းအင်တစ်ခု ချဉ်းကပ်လာသည်ကို ခံစားမိသွားသည်။ ထို့ကြောင့် ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ခုန်တက်ကာ ရှောင်လိုက်၏။
လင်းယိုဟန်သည် လျှိုမင်ယွမ်ကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သို့သော် လျှိုမင်ယွမ်၏ တုန့်ပြန်မှုသည် မြန်ဆန်နေခဲ့သည်။ သို့သော် လင်းဟွေ့သည်လည်း ချက်ချက် လိုက်လာခဲ့ပြီး တိုက်ခိုက်လိုက်သည်။
“ဒုတိယ အစ်ကို ကျုပ်တို့ဝင်ပါသင့်လား”
ပိုင်ကျန့်ယွီသည် ထိုသုံးဦးတိုက်ခိုက်နေပုံကိုကြည့်ကာမေးလိုက်၏။
“ဒီကိစ္စက နည်းနည်းခက်သား၊ စောင့်ကြည့်ရအောင် ရှောင်ယွမ်လဲ တိုက်ခိုက်ခွင့်ရတာပေါ့”
လုရှင်းယန်သည် ဝင်မပါသေးရန်ဆုံးဖြတ်လိုက်သည်။ ထိုသုံးဦး၏ ဆက်ဆံရေးသည် အနည်းငယ်ရှုပ်ထွေးနေ၏။
ကောင်းကင်ထက်တွင် လျှိုမင်ယွမ်သည် လင်းယိုဟန်၏ တိုက်ခိုက်မှုများကို ရှောင်ရှားကာ လင်းဟွေ့ကိုသာ တိုက်ခိုက်နေ၏။
လင်းဟွေ့သည် သူ၏ ဓားမော့ကို ထုတ်ကာ လျှိုမင်ယွမ်ကို ခုတ်ပိုင်းလိုက်သည်။ လျှိုမင်ယွမ်သည် ဘေးတိုက် ရှောင်ရှားလိုက်ကာ ချက်ချင်းပင် လင်းဟွေ့ အနီးချဉ်းကပ်လိုက်သည်။ ထို့နောက် သူ၏ လက်သီးနှင့် ထိုးချလိုက်၏။ လင်းဟွေ့ သည် ထိုလက်သီးကို သူ၏ဓားမော့အပြားနှင့်ကာလိုက်၏။ သို့သော် လျှိုမင်ယွမ်၏ အင်အားသည် အတော်ပင် ပြင်းထန်သည်။ လင်းဟွေ့သည် သူ၏ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်တော့ကာ ချက်ချင်းပင် အောက်သို့ပြုတ်ကျသွား၏။
လျှိုမင်ယွမ်သည် လင်းဟွေ့နောက်ကို လိုက်ရန် ဦးတည်ကာ ခုန်ဆင်းလိုက်၏။ သို့သော် လင်းယိုဟန်သည် သူ၏ ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။
“မိန်းကလေးလင်း ဖယ်ပေးပါ၊ ဒါက ကျုပ်တို့ နှစ်ဦးကြားက ကိစ္စပါ”
လျှိုမင်ယွမ်သည် သူ၏ရှေ့တွင် ပိတ်ရပ်နေသည့် လင်းယိုဟန်ကို ကြည့်ကာပြောလိုက်၏။
“ကျွန်မ မျက်နှာကို ထောက်ပြီး၊ ကျွန်မအစ်ကိုကြီးကို ခွင့်လွှတ်ပေးလို့ရမလား”
လင်းယိုဟန်သည် သူမ၏ မျက်နှာညိုးငယ်စွာနှင့် တောင်းဆိုလိုက်သည်။ လျှိုမင်ယွမ်၏ မျက်ဝန်းထဲတွင် လင်းဟွေ့ကို သတ်ဖြတ်ချင်နေသည့် အကြည့်များပေါ်လွင်နေသည်။ ထို့ကြောင့် သူမသည် ဝင်ရောက်တားဆီးနေခြင်းဖြစ်သည်။
“မိန်းကလေးရဲ့ မျက်နှာကို ထောက်ထားရလောက်တဲ့အထိ ကျုပ်တို့ကမရင်းနှီးဘူး”
လျှိုမင်ယွမ်သည် ဂရုမစိုက်စွာပြောလိုက်၏။ သူသည် လင်းအိမ်တော် အစေခံ မဟုတ်တော့သည့်အတွက် သူမအားဂရုစိုက်ရန်မလိုအပ်တော့ချေ။
“ရှောင်ယွမ်ကို မိန်းကလေးတွေနဲ့စကားပြောနည်းစနစ်သင်ပေးရင်ကောင်းမလား”
လုရှင်းယန်သည် တီးတိုးပြောလိုက်၏။ ပိုင်ကျန့်ယွီသည်လည်း ထောက်ခံလိုက်၏။ ထိုက်ရွှမ်ဂိုဏ်းတွင် ရွှေယင်နှင့် တိုက်ခိုက်ခဲ့သည့်အချိန်ကလည်း ထိုအကောင်လေးသည် အနည်းငယ်ပင် မသက်ညာခဲ့ချေ။
“ရှင်ကျေနပ်အောင် ကျွန်မတို့ လင်းအိမ်တော်က ဘာလုပ်ပေးရမလဲပြောပါ”
လင်းယိုဟန်သည် ညှိနှိုင်းရန်ကြိုးစားလိုက်သည်။ သူမသည် ထိုနှစ်ဦးကြားရှိ ပဋိပခများကို သေချာမသိသော်လည်း နှစ်ဦးနှစ်ဖက် အထိအခိုက်နည်းစေရန် ညှိနှိုင်းလိုက်သည်။
“မိန်းကလေးလင်း လုပ်နိုင်တဲ့အရာ ကျုပ်ရှေ့က ဖယ်ပေးဖို့ပဲ၊ မဟုတ်ရင် ကျုပ်အဆိုး မဆိုနဲ့”
လျှိုမင်ယွမ်သည် အနည်းငယ်စိတ်တိုလာခဲ့သည်။ ဤမိန်းကလေးသည် အလွန်ပင် စိတ်အနှောက်ယှက်ပေးနေ၏။
“ယိုဟန် ရှေ့ကနေဖယ်”
လင်းဟွေ့သည် ကုန်းရုန်းထလာကာ ထပ်မံတိုက်ခိုက်ရန်ပြင်လိုက်သည်။
“အကိုကြီး သူက အတည်မတိုက်သေးလို့ ဒီအခြေအနေပဲ ရှိသေးတာ နားမလည်ဘူးလား၊ သူသာတကယ်တိုက်မယ်ဆို ကျွန်မလဲ မနိုင်လောက်ဘူး”
လင်းယိုဟန်သည် လင်းဟွေ့ ကို အော်ငေါက်လိုက်၏။ လင်းဟွေ့သည် လင်းယိုဟန်၏ အော်ငေါက်မှုကြောင့် အံ့ဩမှင်သတ်သွား၏။ သူ၏ ညီမသည် တစ်ခါမှ မအော်ငေါက်ဖူးချေ။ သို့သော် ယခုတွင် လျှိုမင်ယွမ်ကြောင့် အော်ငေါက်နေပြီဖြစ်သည်။ သူလက်မခံနိုင်တော့ချေ။ ထို့ကြောင့် လျှိုမင်ယွမ်ကို ဒေါသတကြီးပြောဆိုလိုက်၏။
“အဲ့ဒီအချိန်ကတည်းက တစ်ခါတည်း မင်းကို အသေသတ်ခဲ့ရမှာ”
“အစ်ကိုကြီး ဘာပြောတယ်..”
လင်းယိုဟန်သည် လင်းဟွေ့၏ စကားကြောင့် သူမ၏ ခန္ဓာကိုယ်ပင် တုန်ယင်သွားသည်။ သူတို့ နှစ်ဦးကြားတွင် ကြီးမားသည့် ပြသနာတစ်ခုရှိမည်ဟုထင်ခဲ့သော်လည်း ထိုမျှလောက်ကြီးမည်ဟု မထင်ထားခဲ့ချေ။ ထိုအချိန်က လျှိုမင်ယွမ်သည် လင်းအိမ်တော်၏ အစေခံသာ ဖြစ်သေး၏။ အဘယ်ကြောင့် သူမအစ်ကိုကြီးသည် သတ်ရန်ကြိုးစားခဲ့သနည်း။ သူမသည် ဘယ်လိုဆက်ပြီး ဖြောင်းဖြရမည်မှန်းမသိတော့ချေ။ သူမတွေဝေနေစဉ် လျှိုမင်ယွမ်သည် ချက်ချင်းလှုပ်ရှားလိုက်၏။ သူ၏ ဒေါသသည် အဆုံးစွန်ထိရောက်ရှိလာပြီဖြစ်သည်။
လင်းဟွေ့သည် လျှိုမင်ယွမ် သူ့ဆီ ဦးတည်လာနေသည့်ကို သတိပြုမိပြီးနောက် ချက်ချင်းပင် သူ၏ဓားမော့ အတွင်း ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာ ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။ ဓားမော့အလင်းတန်းတစ်ခုထွက်လာကာ လျှိုမင်ယွမ်ထံ ဦးတည်လာခဲ့သည်။
“ဝုန်း..”
လျှိုမင်ယွမ်သည် ထိုဓားမော့အလင်းတန်းကို ဂရုမစိုက်ချေ။ သူ၏ စိတ်ဝိညာဉ်သုံးကာ တားဆီးလိုက်၏။
“ဘုန်း..”
ထို့နောက် ချက်ချင်းပင် လင်းဟွေ့၏ ရင်ဘက်အား ထိုးချလိုက်၏။ လင်းဟွေ့သည် လျှိုမင်ယွမ်၏ မြန်ဆန်မှုကို မတုန့်ပြန်နိုင်တော့ပေ။ လင်းဟွေ့သည် လဲကျသွားခဲ့၏။ သူသည် ပြန်ထရန် ပြင်လိုက်သည့်အချိန်တွင် လက်သီးတစ်လုံးသည် သူ၏ မျက်နှာထံ ဝင်ရောက်လာသည်။ ထို့နောက် လဲကျနေသည့် လင်းဟွေ့၏မျက်နှာကို လျှိုမင်ယွမ်သည် ဒေါသများ အကုန်ဖွင့်ထုတ်လိုက်သည့်အလား ဆက်တိုက်ပင် ထိုးနှက်နေသည်။
ခဏအကြာတွင် လျှိုမင်ယွမ်သည် လင်းဟွေ့အား ထိုးနှက်နေခြင်းကို ရပ်တန့်လိုက်၏။ အကြောင်းမှာ သူ၏ လည်တိုင်ကို ဓားတစ်ချောင်းနှင့် အထောက်ခံထားရသောကြောင့်ပင်။ သူသည် သက်တောင့်သက်သာဖြစ်နေသည့်အလားပင် ထရပ်ကာ မေးလိုက်၏။
“မိန်းကလေးလင်းက ကျုပ်နဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား”
“မဟုတ်ပါဘူး၊ ကျွန်မ အစ်ကိုကြီးဆီက ရှင့်ကို သတ်တဲ့ အကြောင်းရင်းကို မေးချင်လို့ပါ”
လင်းယိုဟန်သည် ဖြေရှင်းချက်ပေးလိုက်၏။ သူမသည် လျှိုမင်ယွမ်ကို မည်သို့တားရမည်မှန်းမသိချေ။ ဤအတိုင်းဆက်သွားပါက လင်းဟွေ့သည် သေသွားမည်မှာကျိန်းသေပင်။ ထို့နောက် သူမသည် လင်းဟွေ့ကိုကြည့်ကာ မေးလိုက်၏။
လင်းဟွေ့၏ မျက်နှာသည် ယောင်ကိုင်းနေပြီး သွေးများစွာလဲ စီးကျနေသည်။ သူသည် သေလုမြောပါး ဒဏ်ရာရထားသည်မဟုတ်သော်လည်း သူ၏ ပုံစံကြောင့် အလွန်ရှက်နေ၏။ လျှိုမင်ယွမ်၏ ထိုးနှက်ချက်များကို မည်သို့မှပင် မကာကွယ်နိုင်ခဲ့ချေ။ သူ၏ စိတ်အတွင်းတွင် ကြောက်ရွံ့မှုထက် နောင်တတရားကပို၍ကြီးစိုးလာသည်။ ထိုအရာသည် လျှိုမင်ယွမ်ကို အသေမသတ်ခဲ့မိခြင်းပင်။ ထို့နောက် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဒေါသတကြီး ပြောလိုက်သည်။
“ဒီကောင်က သေသင့်တဲ့ကောင်မလို့ပဲ၊ ကိုယ့်အဆင့်ကိုယ်မသိပဲ မအပ်စပ်တဲ့အရာကို တောင့်တနေတဲ့ကောင်”
“ရွှတ်..ရွှတ်..ရွှတ်”
“အား..”
လင်းဟွေ့သည် အသံကုန်ခြစ်ကာဟစ်အော်လိုက်ရ၏။ လင်းဟွေ့၏ ခြေထောက်နှစ်ဖက်နှင့် လက်မောင်းတစ်ဖက်ကို ကြည်လင်နေသည့်ဓားမြောင် တစ်သုံးခုထိုးဖောက်သွားခြင်းကြောင့်ပင်။ထိုအရာသည် လျှိုမင်ယွမ်၏ ချက်ချင်းပင် စိတ်စွမ်းအင်နှင့် ပုံဖော်ထားသည့် ဓားမြှောင်တစ်စင်းဖြစ်သည်။ လင်းယိုဟန်သည် လွန်စွာပင်တုန်လှုပ်သွားခဲ့သည်။ ထိုဓားများ ထွက်ပေါ်လာမှုကို သူမပင် မမြင်လိုက်ရချေ။
“မိန်းကလေးလင်း မသေချင်သေးရင် ရှေ့ကဖယ်လိုက်”