← Chapters

ယုံကြည်ရသော ချင် နှင့် အားကိုးရသော မူ

Vol. 122 Ch. 1588

ယုံကြည်ရသော ချင် နှင့် အားကိုးရသော မူ

Vol. 122 Ch. 1588

ဖရိုဖရဲခန်းမ၏ သခင်လေးခုနစ်သည် သူ့အရှေ့တွင် ရှိနေသော ချင်မူပင် ဖြစ်နေ၏။ ချင်မူမှာ သိလိုက်လျှင်ချင်း ခိုင်ဧကရာဇ် မည်မျှထိတ်လန့်ခဲ့ရမည်မှန်း မှန်းဆကြည့်နိုင်ပေသည်။

သခင်လေးခုနစ်, ချင်မူ သူ့အား ပြောပြခဲ့သည့် အရာများက ပို၍ပင် အံ့ဩမှင်သက်ခဲ့ရသေးသည်။

ခိုင်ဧကရာဇ်အနေဖြင့် ဖရိုဖရဲခန်းမထဲတွင် တွေ့ကြုံခဲ့ရသည့် အရာများအား မည်သူ့ကိုမှ မပြောပြခဲ့ပေ။ စည်းကမ်းရှိပြီး နှုတ်လုံသည့် ဧကရာဇ်တစ်ပါး ဖြစ်သည့်အလျောက် ချင်မူ့ထက် တည်ငြိမ်ပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းတတ်သည်။

ခိုင်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းဖြင့် နဂါးဟန်ခေတ်အစောပိုင်းများသို့ ပြန်လည်သွားရောက်ခဲ့စဉ်အခါကလည်း ချင်မူ့အကြောင်း မည်သူ့ကိုမျှ မပြောခဲ့ပေ။

နဂါးဟန်ခေတ်သို့ ရောက်စဉ်တွင်လည်း သူက ဘေးမှ ကြည့်သူအဖြစ်သာ အတတ်နိုင်ဆုံး နေခဲ့သည်။ သမိုင်းကြောင်းတွင် ဝင်ရောက်ပတ်သက်ခဲ့သော ချင်မူနှင့် မတူပေ။ ချင်မူသည် ဂနာမငြိမ်သည့်အပြင် စပ်စုကြွားဝါတတ်သော အကျင့်ရှိသည့်အတွက် နဂါးဟန်ခေတ်အစောပိုင်းတွင် ၀ရုန်းသုန်းကား ဗြောင်းဆန်စေခဲ့သေး၏။

ခိုင်ဧကရာဇ်မှာ စိတ်ကို ငြိမ်ငြိမ်ထားရင်း ဓားကျမ်းစာကို ဖတ်ရှုနေသည်။ သူက ဖရိုဖရဲခန်းမတွင် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်ကို ရင်ထဲတွင်သာ မြှုပ်နှံထားပြီး မည်သူကိုမှမပြောပြရန် ဆုံးဖြတ်ထားလေသည်။

ချင်မူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ခိုင်ဧကရာဇ်နှင့် သူသည် ယခင်တုန်းက ကောင်းကင်မဟာမိတ်ကို ထူထောင်ခဲ့ကြသော ကောင်းကင်နတ်အရှင်လေးပါး ဖြစ်ခဲ့ကြ၏။ ယခုတွင် လေးယောက်သား ပြန်လည်ဆုံစည်းကြရပြီဖြစ်သည့်အတွက် သူ့ရင်ထဲတွင် လှုပ်ရှားလာမိတော့သည်။

သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကောင်းကင်မဟာမိတ်ရဲ့ တည်ထောင်သူအကြီးအကဲတွေထဲမှာ နောက်တစ်ယောက်ပဲ ကျန်တော့တယ်…. ကျွန်တော့်ရဲ့ ရွှေသင်္ဘောရော..”

သူက စိတ်လှုပ်တရှား မေးနေသည်။ “လောက‌ပေါင်းကူးရွှေသင်္ဘောက ရန်သူလက်ထဲတော့ ရောက်မသွားဘူးမလား… ကျွန်တော် ဒီသင်္ဘောကို သုံးပြီး ကောင်းကင်နတ်အရှင်ယွင်ရဲ့ ရုပ်ခန္ဓာကို မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံဆီ ပို့ရမှာ… ကောင်းကင်နတ်အရှင်ယွင် အချုပ်အနှောင်ကနေ လွတ်မြောက်လာတဲ့အခါ မဟာခြုံလွှမ်းကောင်းကင်ဘုံကနေ ဆင်းသက်လာနိုင်လိမ့်မယ်… ဒီလိုဆို တည်ထောင်သူအကြီးအကဲငါးဦး ပြန်လည်ဆုံစည်းလို့ရပြီပေါ့”

ကောင်းကင်နတ်အရှင်လင်က စာအုပ်ပုံကြားမှ ခေါင်းမော့လာသည်။ “ရွှေသင်္ဘောကို တာအိုဒဿနတက္ကသိုလ်အပြင်မှာ ကျောက်ချထားတယ်…”

ချင်မူမှာ ချက်ချင်း သွားကြည့်ချင်သော်လည်း ခိုင်ဧကရာဇ်က ဓားကျမ်းစာကို ပိတ်ကာ မျက်ခုံးပင့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း တကယ်ပဲ မြေအောက်ဘုံအရှင်သခင်ကို ကယ်ချင်တာလား…”

ချင်မူသည် တုံ့ခနဲ ရပ်၍ သူ့အား မယုံသင်္ကာ လှမ်းကြည့်လိုက်၏။

“မင်း ဒီတိုက်ပွဲကို နိုင်မယ့် အခွင့်အရေး မရှိမှန်း ကောင်းကောင်းသိပါတယ်”

ခိုင်ဧကရာဇ်က ဓားကျမ်းစာအား ရွာလူကြီးထံ ပြန်ပေး၍ ထရပ်လိုက်သည်။ “နတ်ဘုရင်လန်ဝူရဲ့ စွမ်းဆောင်ရည်တွေက လုံလောက်အောင် မမြင့်မားသေးဘူး … မင်း ကောင်းကင်နတ်အရှင်တွေကို တိုက်ခိုက်ရင် သေချာပေါက် ရှုံးနိမ့်မှာပဲ… ထိုက်ချူနဲ့ ရွှင်ပျော်ပျော်ကျေးရွာ တိုက်ပွဲနောက်ပိုင်း ဖန်ဆင်းရှင်မျိုးနွယ်က လူဦးရေပမာဏ တစ်ထောင်၊ နှစ်ထောင်ပဲ ကျန်တော့တာ… လန်ဝူသာ တစ်ခုခု ဖြစ်သွားရင် ဖန်ဆင်းရှင်မျိုးနွယ် မျိုးသုဥ်းသွားနိုင်တဲ့ အန္တရာယ် ရှိတယ်”

လန်ဝူက တိတ်ဆိတ်စွာ ထိုင်နေရာမှာ ဝင်ပြေသည်။ “ကောင်းကင်နတ်အရှင်မူက ဖန်ဆင်းရှင်တွေရဲ့ အထွတ်အမြတ်ကလေးငယ်ပဲ… ကျွန်မ သူ့ကို ယုံတယ်”

“ဟွေ့၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ လန်ရွှမ်နဲ့ ကောင်းကင်နတ်အရှင်ရှုတို့က ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကနေ ပြန်ရောက်လာခဲ့ကြပြီး… အားလုံးက အခု မတူကြတော့ဘူး…. ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ သိုင်းအခြေခံကလည်း သူတို့လောက် မမြင့်ဘူး… နှောက်ယှက်ရုံပဲ တတ်နိုင်ပြီး‌ သေစေနိုင်တဲ့အန္တရာယ် ပေးနိုင်မှာ မဟုတ်ဘူး”

ခိုင်ဧကရာဇ်က ဆက်ပြောသည်။ “သူ့အနေနဲ့ နှစ်လေးသောင်းလုံး တာအိုဒဏ်ရာတွေ ခံခဲ့ရပြီးတော့ သက်သာလာတာလည်း မကြာသေးဘူး …. အဲ့ဒီနှစ်လေးသောင်းအတွင်းမှာ သူ့ရဲ့ခွန်အားက သိပ်ပြီး တိုးတက်မလာခဲ့ပေမယ့် သူ့ရန်သူတွေကတော့ အဆပေါင်းများစွာ များပြားလာခဲ့ပြီ ….ယိုတုတိုက်ပွဲမှာ သူလည်း အသက်အန္တရာယ်ရှိတယ်”

ကောင်းကင်နတ်အရှင်ယွဲ့သည် တည်ငြိမ်အေးဆေးနေသော မျက်နှာအမူအရာဖြင့် ဝင်ပြော၏။ “ငါ့တာအိုဒဏ်ရာတွေကို ကောင်းကင်နတ်အရှင်မူက ကုသပေးခဲ့ပြီးပြီ…. သူ ငါ့ကို ယိုတုဆီ သွားစေချင်ရင် ငါ ယိုတုကို သွားမယ်…. စစ်မြေပြင်မှာ ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ်”

ခိုင်ဧကရာဇ်က မှင်သေသေ ထောက်လိုက်သည်။ “အဲ့ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ…. အတိတ်တုန်းက ကောင်းကင်နတ်အရှင်ဆယ်ပါးက ခင်ဗျားရဲ့ နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းကို မချိုးဖျက်နိုင်ခဲ့ကြဘူး… ဒါပေမဲ့ အခုတော့ ခင်ဗျားရဲ့ နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ကောင်းကင်နယ်စာမင်းရုပ်ခန္ဓာရဲ့ အကြည့်အောက်ကနေ လွတ်မြောက်နိုင်မယ် ထင်လို့လား….”

ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ ကောင်းကင်နယ်စားမင်း၏ လမ်းညွှန်‌ပေးမှုကြောင့် မက်မွန်တောအုပ်သို့ ရောက်လာပြီး သူမနှင့် တွေ့ဆုံနိုင်ခဲ့သည့်အဖြစ်အား ပြန်တွေးမိသွားသည်။ သူမ၏ နှလုံးသားမှာ အေးခဲသွားတော့သည်။

ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသော ရှေးဟောင်းနတ်ဘုရားဘုရင်အနေဖြင့် သူမ၏ အန္တိမ နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းကို အလွယ်တကူ ချိုးဖျက်နိုင်ပေသည်။

ထို့အပြင် ကောင်းကင်နတ်အရှင်ဟွေ့လည်း ရှိနေသေးသည်။ ကောင်းကင်နတ်အရှင်ဟွေ့သည် တာအိုမီးတောက်ဘိုးဘေးနယ်မြေအား ထိန်းချုပ်ခဲ့စဉ်တုန်းက တာအိုမီးတောက် ကောင်းကင်ဘုံကိုးလွှာ ယဇ်ပလ္လင်ကို သုံး၍ သူမ၏ အန္တိမ‌နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ခဲ့သည်။

သို့ဆိုလျှင် ခိုင်ဧကရာဇ်၏ စကားအတိုင်း သူမအနေဖြင့် သူမကိုယ်သူမ ခုခံကာကွယ်နိုင်ရန်ပင် ခက်ခဲ‌နေချေပြီ။

ခိုင်ဧကရာဇ်က အေးဆေးတည်ငြိမ်စွာဖြင့် ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်လင်၏ စွမ်းဆောင်ရည်တွေကလည်း တက်လိုက်ကျလိုက် ဖြစ်နေတယ် … တက်နေတဲ့ အချိန်ဆိုရင် တာအိုသိုင်းပညာရှင်တွေအထိတောင် ချေမှုန်းနိုင်ပေမယ့် ကျနေတဲ့ အချိန်ဆိုရင်တော့ ကောင်းကင်နတ်အရှင်တွေ သူ့ကို သတ်သွားလိမ့်မယ်”

ကောင်းကင်နတ်အရှင်လင်က ပြောသည်။ “ငါ့အသက်ကို ကောင်းကင်နတ်အရှင်မူ ကယ်ထားခဲ့တာ… ဒ့ါအပြင် ငါ့ကို ဘယ်သူမှ မသတ်နိုင်ဘူး”

ခိုင်ဧကရာဇ်သည် အေးစက်စွာ ရယ်မောလိုက်၏။ “နောက်ထပ်နှစ်လေးသောင်းလောက် ပိတ်မိနေရုံက လွဲပြီး ဘာမှမဖြစ်ဘူးပေါ့လေ”

ကောင်းကင်နတ်အရှင်လင်မှာ မည်သည်မှ မပြောတော့ပေ။

”ကောင်းကင်နတ်အရှင်ရုံက အင်အားကြီးမားပေမယ့် ကောင်းကင်နတ်အရှင်ဟွဲ့ထက် သန်မာလို့လား... မသန်မာဘူးလေ”

ခိုင်ဧကရာဇ်က ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ယွင်ကို အသက်ပြန်သွင်းတယ်ပဲ ထားဦး… မင်း သူ့ခန္ဓာကိုယ်ကို သူ့ဆီ ပြန်ပေးလိုက်ရင်တောင်မှ သူ့ခန္ဓာကိုယ်က အားနည်း‌နေသေးတယ်.… အများဆုံး ဧကရာဇ်ပလ္လင်အဆင့်ပဲ ဖြစ်နေဦးမှာပဲ…. သူ့မှာ အင်အားကြီးတဲ့ တာအိုသစ်ပင်နဲ့ တာအိုသစ်သီး ရှိနေပေမယ့် သူကိုယ်တိုင် ကျင့်ကြံထားတာမှ မဟုတ်တာ…. သူ့အနေနဲ့ မဟာဧကရာဇ်ရဲ့ စွမ်းအားကို အပြည့်အ၀ ခြယ်လှယ်နိုင်ဖို့ အချိန်ကြာလိမ့်ဦးမယ်..”

သူက ရန်သူနှင့် မဟာမိတ်များ၏ အားနည်းချက်၊ အားသာချက်များကို ထောက်ပြနေသည်။ “လာမယ့် နှစ်ပေါင်းများစွာအထိ မဟာဧကရာဇ်ရဲ့ စွမ်းအားကို ဘယ်တော့မှ မခြယ်လှယ်တော့မှာလည်း ဖြစ်နိုင်တယ်….”

“ငါ ကောင်းကင်နတ်အရှင်ဟောင်ကို အနိုင်ယူနိုင်ပေမယ့် ထိုက်ချူရော ကောင်းကင်နတ်အရှင်ဟောင်ကိုပါ တစ်ပြိုင်နက်တည်း အနိုင်မယူနိုင်ဘူး… ထိုက်ချူ ငါ့ကို ရှင်းလင်းဖယ်ရှားလိုက်တာနဲ့ အားလုံး သူ့လက်ထဲမှာ သေကြရလိမ့်မယ်…. လက်ရှိ ထိုက်ချူနဲ့ ကောင်းကင်နတ်အရှင်ဟောင်တို့က အရင်တုန်းက မဟာဧကရာဇ်အောက် အားနည်းမနေဘူး”

ချင်မူက ပြော၏။ “ကျွန်တော်…”

“မင်းက ကောင်းကင်နတ်အရှင်ဟောင်နဲ့ ထိုက်ချူကို တိုက်နိုင်လို့လား…. မြေအောက်ဘုံအရှင်သခင်ကလည်း အသုံးမ၀င်ဘူး… ပြီးတော့ ထိုက်ချူဘက်မှာ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးလည်း ရှိနေသေးတယ်… ဘယ်သူက သူတို့ကို ခုခံနိုင်မှာလဲ…” ခိုင်ဧကရာဇ်က မေးခွန်းထုတ်လိုက်သည်။

ချင်မူမှာ မျက်မှောင်ကြုတ်သွားတော့သည်။

ခိုင်ဧကရာဇ်က တည်ကြည်လေးနက်စွာ ပြောသည်။ “ယိုတုတိုက်ပွဲက ထောင်ချောက်တစ်ခုပဲ…. ‌မြေအောက်ဘုံအရှင်သခင်ကို ဖယ်ရှားဖို့ မဟုတ်ဘူး… ငါတို့ကို ဖယ်ရှားဖို့…. ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အင်အားက ပြီးပြည့်စုံနေပြီ…. သူက မြေအောက်ဘုံအရှင်သခင်ကို နာမည်ခံပြီး ငါတို့ကို ရှင်းလင်းသတ်ဖြတ်ချင်နေတာ…. ငါတို့အနေနဲ့ သူတို့ အရေးနိမ့်အောင် လုပ်နိုင်ရင်တောင်မှ အနိုင်ရနိုင်ဖို့က မဖြစ်နိုင်ဘူး… ယိုတု သူတို့လက်ထဲ ရောက်သွားတာကို ကြည့်နေရမှာပဲ”

သူ၏ လေသံက နူးညံ့ပျော့ပျောင်းသွားသည်။ “မြေအောက်ဘုံအရှင်သခင်က သေချင်နေတာပဲလေ... ရှေးဟောင်းနတ်ဘုရားတွေနဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်ချင်နေတာ မဟုတ်လား….” သူက ပြော၏။ “ဒီတိုက်ပွဲက ငါတို့အတွက် မလိုအပ်ဘူး…. ငါတို့တတွေ အောင်မြင်နိုင်မယ့် မျှော်လင့်ချက်လေး ရထားတဲ့အချိန်မှာ မလိုအပ်တဲ့ တိုက်ပွဲကြောင့် အရေးသာနိုင်မယ့် အနာဂတ် ပျောက်ကွယ်သွားလို့ မဖြစ်ဘူး… ဒါက ရူးနှမ်းတဲ့ လုပ်ရပ်ပဲ”

ချင်မူက တခဏ ငြိမ်သက်နေပြီးနောက် ပြော၏။ “ကျွန်တော်တို့ မလှုပ်ရှားရင် ကောင်းကင်နတ်ဘုံက ပိုပြီး အရေးသာသွားလိမ့်မယ်…. ကျွန်တော်တို့ တိုက်ခိုက်မယ်ဆိုရင် ယိုတုကို ပြန်ယူနိုင်မယ့် အခြေအနေ ရှိသေးတယ်…. ယိုတုကို ပြန်ယူနိုင်မှ အနာဂတ်မှာ အကွက်ရွှေ့နိုင်မယ့် အခွင့်အလမ်း ရှိမှာ… ယိုတုသာ ပြိုလဲသွားရင် အနာဂတ်မှာ ရှင်သန်နိုင်မယ့် အခွင့်အလမ်း မရှိတော့ဘူး….”

“ငါတို့ ပြန်မယူနိုင်ရော”

ခိုင်ဧကရာဇ်က သူ၏မျက်ဝန်းများသို့ စေ့စေ့စိုက်ကြည့်လိုက်သည်။ သူ၏ စကားလုံးများက ဓားတာအိုကဲ့သို့ စူးရှထက်မြစွာဖြင့် တစ်လှမ်းချင်း ဖိနင်းနေပြီး ခုခံနိုင်ရန် အခွင့်အရေး မပေးချေ။ သူက တာအိုနှလုံးသား၏ အားနည်းချက်ကို တန်းတန်းမတ်မတ် ချိန်ရွယ်ထားသည်။ “ငါတို့ တိုက်ပွဲမှာ ဘယ်လောက်ပဲ ကြိုးစားတိုက်ခိုက်ပါစေ ယိုတုကို ပြန်မယူနိုင်ရင်ရော…. မင်းရဲ့ တာအိုမိတ်ဆွေတွေ ‌သေ‌သွားရင်ရော”

ကောင်းကင်နတ်အရှင်ယွဲ့မှာ အနည်းငယ် မျက်မှောင်ကြုတ်နေ၏။ ခိုင်ဧကရာဇ်သည် ယနေ့တွင်မှ အတော်လေး စကားများနေပြီး စကားလုံးများကလည်း ခက်ထန်နေသည်။ သာမန် တွေ့မြင်နေကျပုံစံနှင့် မတူပေ။

နတ်ဘုရင်လန်ဝူကလည်း ခိုင်ဧကရာဇ်ကို လှမ်းကြည့်နေပြီး သူမ၏ မျက်လုံးထဲတွင် သံသယဝင်နေသော အရိပ်အယောင်များ ပြည့်နေသည်။

သူမသည် ခိုင်ဧကရာဇ်နှင့် ရင်းနှီးခဲ့သည့်အလျောက် များသောအားဖြင့် တည်ငြိမ်အေးဆေးသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်း ကောင်းကောင်းသိထား၏။ သို့သော် ယနေ့တွင် ခိုင်ဧကရာဇ်မှာ သူ၏စိတ်နှင့် တာအိုနှလုံးသားကို မထိန်းချုပ်နိုင်သယောင်ပင်။

ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော်က ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင်ပဲလေ … ပြန်အသက်သွင်းပေးလို့ရတယ်…”

“ပြန်အသက်သွင်းလို့ မရတော့ရင်ရော”

ခိုင်ဧကရာဇ်က သူ့ကို ဆက်လက်ဖိအားပေးနေသည်။ “မင်းရဲ့ ကောင်းကင်နတ်သိုင်းက ပြိုင်ဘက်ကင်း မဟုတ်တဲ့အပြင် အားနည်းချက်တွေ ရှိနေတယ်.. မြေအောက်ဘုံအရှင်သခင်ကို ကယ်တင်ဖို့အတွက် မင်းရဲ့ တာအိုမိတ်ဆွေတွေကို အသက်နဲ့ လဲ တိုက်ခိုက်ခိုင်းပြီး ပြန်အသက်မသွင်းပေးနိုင်ရင် မင်းရဲ့ တာအိုနှလုံးသားလည်း ပြိုလဲသွားလိမ့်မယ်မလား…”

ကောင်းကင်နတ်အရှင်လင်သည်ပင် ခေါင်းမော့လာကာ ခိုင်ဧကရာဇ်အား မယုံသင်္ကာ လှမ်းကြည့်လိုက်သည်။ သူမမှာ အေးတိအေးစက်ဖြင့် မည်သူကိုမှ ဂရုမစိုက်တတ်သော်လည်း ခိုင်ဧကရာဇ် ထူးဆန်းနေသည်ကိုတော့ သတိထားမိသေးသည်။

ချင်မူမှာ ပြန်လည်ချေပရန် အခက်တွေ့နေသည်။

ခိုင်ဧကရာဇ်က ထပ်မံ၍ ဖိနင်းလိုက်ပြန်သည်။ “ယိုတုတိုက်ပွဲက ငါတို့နဲ့ ကောင်းကင်နတ်အရှင်ဟောင်၊ ထိုက်ချူတို့ကြားက တိုက်ပွဲမဟုတ်ဘူး… မီလော့နန်းတော်ရဲ့ သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ တိုက်ပွဲပဲ… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ထိုက်ချူကို တိုက်ခိုက်နေရမှာ မဟုတ်ဘဲ သူတို့ကို တိုက်ခိုက်နေရမှာ … ငါတို့ရဲ့ လက်ရှိ အစွမ်းအစတွေနဲ့ သခင်လေးသုံးနဲ့ သခင်လေးလေးကို အနိုင်ယူနိုင်မယ် ထင်နေတာလား…”

ချင်မူက ပါးစပ်ဟလိုက်သည်။

“မြေအောက်ဘုံအရှင်သခင်က မင်းရဲ့ မဟာမိတ်ဆိုပေမယ့် ငါတို့ရဲ့ မဟာမိတ် ဟုတ်လို့လား”

ခိုင်ဧကရာဇ်၏ စကားများသည် ပို၍ စူးရှခက်ထန်လာ၏။ ချင်မူ့မှာ အာစေးမိနေတော့သည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က မင်းကို ကယ်တင်ပေးခဲ့တယ် ဆိုပေမယ့် သူတို့ကို အကြွေးပြန်ဆပ်ပေးပြီလေ…. ကောင်းကင်နယ်စားမင်းကို ကယ်တင်ပေးခဲ့တဲ့အပြင် မြေအောက်ဘုံအရှင်သခင် ယိုတုက ကောင်းကင်နတ်ဘုံစစ်တပ်တွေကိုလည်း ဖယ်ရှားနိုင်အောင် ကူညီပေးခဲ့သေးတယ်…. အဲဒါကြောင့် ဝန်ထုတ်ဝန်ပိုးတွေနဲ့ သေမလိုတောင် ဖြစ်ခဲ့ရသေးတာ… အကြွေးဆပ်တာ လုံလောက်နေပြီ… သူ့ကို ကယ်ဖို့အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကံကြမ္မာ၊ ရွှင်ပျော်ပျော်ကျေးရွာ၊ ဖန်ဆင်းရှင်တွေနဲ့ လူသားတွေအားလုံးကို စတေးခံမလို့လား…”

ချင်မူမှာ တိတ်ဆိတ်နေသည်။

“ရှေးဟောင်းနတ်ဘုရားတစ်ပါးအတွက် မင်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးပြီ”

ခိုင်ဧကရာဇ်က လန်ဝူ၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်နှင့် ကျန်သူများကို ဝေဝဲ့ကြည့်လိုက်ပြီးနောက် ချင်မူ့ကို ပြန်ကြည့်၍ တည်ကြည်လေးနက်စွာ ပြောသည်။ “ရှေးဟောင်းနတ်ဘုရားတွေက မင်းနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ဘာမှ များများစားစား လုပ်မပေးခဲ့ပေမယ့် မင်းကတော့ သူတို့အတွက် အများကြီး လုပ်ပေးခဲ့တယ်… အခြေအနေတွေက ပိုပြီး ရှင်းလင်းပြတ်သားလာပြီ… အသက်နဲ့ လဲပြီး မျှော်လင့်ချက်နည်းတဲ့ တိုက်ပွဲကို တိုက်ခိုက်လို့ မဖြစ်ဘူး”

ချင်မူလည်း အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် သဘောတူစွာဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူက ခါးပြန်မတ်ကာ ပြုံးလိုက်၏။ “ကိစ္စတွေကို သေချာမတွေးတောမိတာ ကျွန်တော် မှားသွားပါတယ်…. ခင်ဗျားတို့ ယိုတုကို သွားစရာမလိုပါဘူး… ကျွန်တော်လည်း မသွားတော့ဘူး… မြေအောက်ဘုံအရှင်သခင်က သေကြောင်းကြံနေမှတော့ သေခွင့်ပေးလိုက်တာပေါ့… အရေးအကြီးဆုံးအရာက ယိုတု ကောင်းကင်နတ်ဘုံလက်ထဲ ရောက်မသွားအောင် နည်းလမ်းရှာဖို့ပဲ… လူသားတွေ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်သင့်သလဲ ထင်လဲ”

ခိုင်ဧကရာဇ်က ပြုံးလိုက်သည်။ “မင်း ဒီကိစ္စတွေကို သေချာ တွေးတောလိုက်တာ ငါ ဝမ်းသာပါတယ်… လူသားတွေ ဘယ်လိုကာကွယ်သင့်လဲ ငါ့မှာ အကြံတော့ ရှိတယ်… အဲ့ဒါက သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို ပြောင်းလဲပြီး လူသားတွေရဲ့ သေစာရင်းမှတ်တမ်းတွေကို ဖျက်ဆီးပစ်လိုက်ဖို့ပဲ”

ချင်မူ့မျက်လုံးများက တောက်ပလင်းလက်လာတော့သည်။ “ဒါဆို မြေအောက်ဘုံအရှင်သခင်ရဲ့ သေခြင်းရှင်ခြင်းစာအုပ်ကို လိုအပ်တယ်… သေခြင်းရှင်ခြင်းစာအုပ်က ကောင်းကင်နတ်အရှင်ရုံရဲ့ လက်ထဲမှာ…. ကောင်းကင်နတ်အရှင်ရုံကလည်း ကျွန်တော့်ကို သတိထား စောင့်ကြည့်နေတဲ့သူ မဟုတ်ဘူး….ကောင်းကင်နတ်အရှင်ယွင်ကို အရင်သွားတွေ့ပြီးရင် သူ့ကို သွားရှာလိုက်မယ်… သူ သတိမထားမိတဲ့အချိန်မှာ ခိုးလာခဲ့မယ်”

ခိုင်ဧကရာဇ်က ပြုံးလိုက်သည်။ “မင်းက တစ်လောကလုံးမှာ ဒုတိယမြောက် အထူးချွန်ဆုံး သူခိုး ဆိုတော့ သေခြင်းရှင်ခြင်းစာအုပ်ကို ခိုးဖို့ ငါ စိတ်ချပါတယ်”

ချင်မူက ကျယ်လောင်စွာ ရယ်မောရင်း ထွက်ခွာသွားသည်။

ခိုင်ဧကရာဇ်သည် သူ တာအိုဒဿနတက္ကသိုလ်မှ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး ကြည့်နေ၏။ ကောင်းကင်နတ်အရှင်ယွဲ့က ခိုင်ဧကရာဇ်၏ မျက်နှာကို အကဲခတ်နေသည်။ သူမက မှင်သေသေ မေးလိုက်သည်။ “ချင်ယဲ့၊ သူ မြေအောက်ဘုံအရှင်သခင်ကို မကယ်ဘူးဆိုတာ နင် ယုံလား”

ခိုင်ဧကရာဇ်က တည်ကြည်လေးနက်စွာ ဖြေသည်။ “ကောင်းကင်နတ်အရှင်မူက ထူးဆန်းပေမယ့် ကတိတော့ အမြဲတမ်း တည်ပါတယ်… ကျွန်တော် သူ့ကို ယုံတယ်”

“လူတစ်ယောက်ရဲ့ပါး စပ်ဆိုတာ တစ္ဆေတစ်ကောင်လို အမြဲတမ်း ပြောင်းလဲနေနိုင်တယ်”

ကောင်းကင်နတ်အရှင်ယွဲ့က နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက မြေအောက်ဘုံအရှင်သခင်ကို ကယ်မယ်ဆိုရင် နင် သွားမှာလား”

ခိုင်ဧကရာဇ်က ခပ်ပြတ်ပြတ် ဖြေ၏။ “ကျုပ် မသွားဘူး… အခုလေးတင် သူ့ကို အကျိုးဆက်တွေ ပြောပြခဲ့ပြီးပြီ… ဘာလို့ သေတွင်းထဲ ခုန်ချရမှာလဲ…. လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို မြေအောက်ဘုံအရှင်သခင်အတွက်ကြောင့်နဲ့ အလဟဿ အဖြစ်မခံနိုင်ဘူး… ခင်ဗျားက ကောင်းကင်နတ်အရှင်မူကို မယုံပေမဲ့ ကျုပ်ကိုတော့ ယုံရမယ်မလား… ကျုပ်၊ ချင်ယဲ့က ကတိတည်တဲ့ ယောက်ျားတစ်ယောက်ပဲ… တစ်ခါမှ ကတိမဖျက်ခဲ့ဖူးဘူး… ကျုပ်ကို မယုံရင် ကောင်းကင်နတ်အရှင်လင်ကို မေးကြည့်လို့ရတယ် … ကောင်းကင်နတ်အရှင်လင်က အခြားသူတွေထက် ကျုပ်အကြောင်း ပိုသိတယ်”

ကောင်းကင်နတ်အရှင်လင်က ထရပ်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။ “ကောင်းကင်နတ်အရှင်ချင်က ယုံကြည်ရတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ… ငါ သူ့ကို သမိုင်းကြောင်းတစ်လျှောက် ခေါ်သွားခဲ့ပေမယ့် ဘယ်သူ့ကိုမှ ပြန်မပြောခဲ့ဘူး”

ကောင်းကင်နတ်အရှင်ယွဲ့သည် အလျင်အမြန် ထရပ်၍ မေးလိုက်၏။ “လင်၊ ဘယ်သွားမလို့လဲ”

“ကောင်းကင်နတ်အရှင်မူကို စောင့်ကြည့်ဖို့ လိုက်သွားမလို့”

ကောင်းကင်နတ်အရှင်လင်က ခေါင်းပင် မလှည့်ကြည့်လာချေ။ “လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက မီလော့နန်းတော်ရဲ့ တာအိုအမှတ်အသားတွေကို သူ ငါ့ကို သင်ပေးခဲ့တယ်… ငါ သိမြင်နားလည်ထားတာတွေ သူ့ကို ပြန်မသင်ပေးရသေးဘူး… ငါ ပြန်လာတာ စောင့်နေကြပါ”

သူမက ခပ်သုတ်သုတ် ထွက်ခွာသွားသည်။

ခိုင်ဧကရာဇ်ကလည်း အပြင်သို့ လျှောက်သွား၍ ပြော၏။ “ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်အရှင်ယွင်ကို တွေ့ပြီးရင် သေခြင်းရှင်ခြင်းစာအုပ်ကို ခိုးဖို့ ယိုတုဆီ သွားလိမ့်မယ်… ကျုပ်လည်း လူသားမျိုးနွယ်ရဲ့ သေခြင်းမှတ်တမ်းတွေ ဖျက်စီးတာ ပြင်ဆင်ဖို့အတွက် ရွှင်ပျော်ပျော်ကျေးရွာကို ပြန်ရမယ်”

သူက တာအိုဒဿနတက္ကသိုလ်မှ ထွက်ခွာသွားပြီး ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် လန်ဝူကို ကြည့်လိုက်၏။ သူမက ပြုံးလျက် ပြောသည်။ “သူတို့အကုန်လုံး ထွက်သွားပြီပဲ… လန်ဝူ၊ နင်ရော … နင် အားတယ်ဆိုရင် ငါတို့ ကောင်းကင်နတ်အရှင်ယွင်ရဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံဆီ သွားကြရအောင်လေ… ကောင်းကင်နတ်အရှင်ယွင်နဲ့ မတွေ့တာ ကြာပြီမလား”

လန်ဝူက ထရပ်လိုက်ပြီး အနိမ့်အမြင့်မရှိသော လေသံဖြင့် တုံ့ပြန်သည်။ “သူနဲ့ သွားတွေ့ရမယ်တဲ့လား…. မဟာဧကရာဇ်ကို တိုက်ခိုက်ဖို့အတွက် ကျွန်မရဲ့ မျိုးနွယ်ဝင် သန်းပေါင်းများစွာ မဟာဧကရာဇ် သတ်ဖြတ်တာကို ထိုင်ကြည့်နေခဲ့တာ အခုထိ မှတ်မိနေသေးတယ်… အဲဒီအချိန်ကစပြီး သူနဲ့ ဘယ်တော့မှ ပြန်မတွေ့ဘူးလို့ ကျိန်ဆိုခဲ့ပြီးသား”

ကောင်းကင်နတ်အရှင်ယွဲ့က သူမ၏လက်ကို ဆုပ်ကိုင်၍ တောင်းပန်တိုလျှိုးစွာ ပြောသည်။ “လင်နဲ့ ငါလည်း အဲဒီမတော်တဆမှုမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်… ငါတို့ရဲ့ အမှား…”

လန်ဝူက သူမ၏လက်ကို အသာအယာ ဖယ်ရှားလိုက်သည်။ “လင်နဲ့ ယွဲ့ အပေါ် ကျွန်မ ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး…. ယွင်ကိုပဲ အပြစ်တင်ခဲ့တာ… သူက ကျွန်မရဲ့ သူရဲကောင်းတစ်ယောက် ဆိုပေမယ့်…. ထားပါလေ စိတ်မပူပါနဲ့… ဖန်ဆင်းရှင်မျိုးနွယ်မှာ လူဦးရေ တစ်ထောင်ကျော်လောက် ကျန်သေးတယ်… ကျွန်မ ယိုတုကို မသွားတော့ဘူး”

ကောင်းကင်နတ်အရှင်ယွဲ့မှာ သူမ ထွက်ခွာသွားသည်ကို ကြည့်နေမိ၏။

သူမနှင့် ရွာလူကြီးတို့ နှစ်ယောက်တည်းသာ တာအိုဒဿနတက္ကသိုလ်တွင် ကျန်ရစ်ခဲ့တော့သည်။ ကောင်းကင်နတ်အရှင်ယွဲ့က ခေါက်တုံ့ခေါက်ပြန် လျှောက်၍ ဓားကျမ်းစာ လေ့လာနေသော ရွာလူကြီးအား အကဲခတ်နေသည်။ သူမက ဒေါသထွက်လွန်းသဖြင့် ဟက်ခနဲ ရယ်လိုက်သည်။ “စုမူကျဲ… နင် ဓားကျမ်းစာကို ရေးခဲ့တာလား… ဘာတွေများ ကြည့်စရာရှိလို့လဲ”

ရွာလူကြီးက သူမအား ခေါင်းမော့ကြည့်လာသည်။ “ခိုင်ဧကရာဇ်က အခုလေးတင် အမှားတွေ ပြင်ပေးသွားတဲ့အပြင် ဓားကွက်အသစ်တချို့ကိုလည်း ကျမ်းစာထဲမှာ ရေးခဲ့တယ်လေ…. ကျုပ် အခု လေ့လာနေတာ”

ကောင်းကင်နတ်အရှင်ယွဲ့က သူ့လက်ထဲမှ ဓားကျမ်းစာကို ‌ဆတ်ခနဲ လှမ်းယူကာ ပြုံးလိုက်သည်။ “နင်က ကောင်းကင်နတ်အရှင်မူအကြောင်း ကောင်းကောင်းသိတယ်မလား… သူ မြေအောက်ဘုံအရှင်သခင်ကို ကူညီမယ်ထင်လား”

ရွာလူကြီးသည် သူမလက်ထဲရှိ ဓားကျမ်းစာကို ကြည့်ရင်း ဂရုတစိုက် ပြော၏။ “ဒုက္ခိတဘိုးဘွားကျေးရွာရဲ့ ကျုပ်တို့ကိုးယောက်က အမြဲတမ်း ဖြောင့်မတ်ပြီး ကတိမဖျက်တတ်တဲ့သူတွေပါ.. မူအာကို ကျုပ်တို့ ပျိုးထောင်ပေးခဲ့တာဆိုတော့ သူလည်း ကျုပ်တို့ရဲ့ အကျင့်စရိုက်တွေကို အမွေရထားတာပေါ့… မူအာက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့တဲ့ ကလေးတစ်ယောက်ပါ…. ကောင်းကင်နတ်အရှင်၊ ပျက်စီးသွားမယ်နော်… ဓားကျမ်းစာက သိပ်အဖိုးတန်တာ”

All Chapters