← Chapters

လနန်းဆောင်၊ လက်ဖက်ရည်ကြမ်းနှင့် မွှေးပျံ့သော ရနံ့

Vol. 122 Ch. 1589 (1)

လနန်းဆောင်၊ လက်ဖက်ရည်ကြမ်းနှင့် မွှေးပျံ့သော ရနံ့

Vol. 122 Ch. 1589 (1)

ချင်မူက ရွှေသင်္ဘောကို ရှာ၍ အန္တိမဟင်းလင်းပြင်သို့ ခရီးနှင့်တော့မည့်အချိန်တွင် ကောင်းကင်နတ်အရှင်လင် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

“နင် အန္တိမဟင်းလင်းပြင်ဆီ ဘယ်လို သွားပြီး ကောင်းကင်နတ်အရှင်ယွင်ကို ရှာရမလဲ သိလို့လား” သူမက သင်္ဘောအောက်တွင် ရပ်နေရင်း လှမ်းမေးသည်။

ချင်မူမှာ အနည်းငယ်ကြောင် သွားပြီးနောက် ပြုံးလိုက်ပြီး လက်ကမ်းပေးလိုက်လေသည်။

ကောင်းကင်နတ်အရှင်လင်က သူ၏လက်ကို ကိုင်၍ သင်္ဘောပေါ် တက်လာသည်။

“နင့်သင်္ဘောက တစ်ခုခု ထူးဆန်းတယ်”

ကောင်းကင်နတ်အရှင်လင်က သင်္ဘောထိပ်ဦးတွင် ရပ်ကာ ပြောသည်။ “သင်္ဘောပေါ်မှာ တစ်ယောက်ယောက် တွေ့လိုက်ရပေမယ့် ဘယ်သူလဲ ဆိုတာတော့ မမြင်လိုက်ရဘူး… ဒါ့အပြင် နင့်သင်္ဘောက သိပ်ကြီးပြီး အထဲမှာ နေရာဟင်းလင်းပြင်တွေ ခန့်မှန်းလို့မရအောင်ကို ရှိတယ်…. ယွဲ့ကို ရှာဖွေခိုင်းကြည့်ပေမယ့် နှစ်တစ်ဝက်ကြာတာတောင် အကုန်လုံး ရှာမတွေ့သေးဘူး”

ချင်မူမှာ ထိတ်လန့်သွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာ နှစ်တစ်ဝက် ရှာခဲ့သည့်တိုင် သင်္ဘောတစ်ခုလုံးကို ရှာမတွေ့နိုင်ခဲ့ဘူးတဲ့လော။

ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းများမှာ ပေါ့သေးသေး မဟုတ်ပေ။ သူမ၏အောင်မြင်မှုများက မြင့်မားလွန်းသည့်အတွက် ချင်မူပင်လျှင် လေးစားအားကျရသည်။ သူမအတွက် စကြ၀ဠာတစ်ခု၏ အဆုံးမှ နောက်တစ်ခုကို သွားရောက်ရန် နှစ်အနည်းငယ်သာ ကြာပေလိမ့်မည်။

“ယွဲ့ ပြောတာတော့ ဒီသင်္ဘောက အသက်ရှိနေသလို သူ့စိတ်ဆန္ဒအတိုင်း ချုံ့နိုင် ချဲ့နိုင်တယ်တဲ့ … သင်္ဘောပေါ်မှာ ပုန်းနေတဲ့ ပုဂ္ဂိုလ်က နင် ရှာမတွေ့အောင် လုပ်နေတာနေမှာ” ကောင်းကင်နတ်အရှင်လင်က သင်္ဘောကို ကြည့်ရင်း ပြောသည်။

ချင်မူ သူမ ကြည့်နေသည့် နေရာသို့ လှမ်းကြည့်လိုက်ရာ ရွှေသင်္ဘောအပြင်ပိုင်းရှိ နန်းဆောင်များကိုသာတွေ့လိုက်ရသည်။ ယခုအချိန်အထိ သူသည် လောကပေါင်းကူးသင်္ဘောတစ်စင်းလုံးကို မမြင်တွေ့ရသေးပေ။

“မမကြီး ပြောချင်တာက မီလော့နန်းတော်အရှင်သခင်က ဒီသင်္ဘောပေါ်မှာ နေနေတယ်ဆိုတဲ့ အဓိပ္ပာယ်လား”

သူက စဉ်းစားနေသည်။ “ဒါပေမဲ့ မီလော့နန်းတော်အရှင်သခင်က သေသွားပြီဆိုတော့ သင်္ဘောပေါ်က ပုဂ္ဂိုလ်က သူ မဖြစ်နိုင်ဘူး… သူ့ရဲ့တံဆိပ်အမှတ်အသားပဲ ဖြစ်လောက်တယ်… ဒါမှမဟုတ် တစ်ယောက်ယောက်က တကယ်ပဲ သင်္ဘောပေါ်မှာ ပုန်းနေတာပေါ့”

သူက တခဏစဉ်းစားပြီးနောက် သင်္ဘောပေါ်၌ ရှာဖွေလိုချင်စိတ်ကို မြိုသိပ်လိုက်ရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင်ကို အရင်ဆုံး သွားတွေ့ဖို့က ပိုအရေးကြီးတယ်… ကျွန်တော့်ရဲ့ရွှေသင်္ဘောက ထူးခြားဆန်းပြားတော့ အန္တိမဟင်းလင်းပြင်ကို ဝင်ရောက်လို့ရတယ်လေ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွင်ရဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံ ဘယ်မှာ ရှိလဲ ဆိုတာတော့ မသိဘူး”

“မဟာခြုံလွှမ်းကောင်းကင်ဘုံက သိပ်ကို အရေးကြီးတယ်… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ထိုက်ချူသာ တွေ့သွားခဲ့ရင် ကောင်းကင်နတ်အရှင်ယွင် သေချာပေါက် သေလိမ့်မယ်... ဒါကြောင့် သူ ပုန်းနေရတာ”

ကောင်းကင်နတ်အရှင်လင်က ပြော၏။ “မဟာခြုံလွှမ်းကောင်းကင်ဘုံ ဘယ်မှာရှိလဲ သိတဲ့သူ များများစားစား မရှိဘူးဆိုတော့ ငါ ဘယ်လိုသွားရမလဲ ပြောပြပေးမယ်… လမ်းမှာ နှစ်လေးသောင်းကြာ သိမြင်နားလည်ခဲ့တာတွေကိုလည်း သင်ပေးရတာပေါ့”

ချင်မူမှာ ပျော်ရွှင်ဝမ်းမြောက်သွားသည်။

ကောင်းကင်နတ်အရှင်လင်က စဉ်းစားပြီးနောက် အသိစိတ်အလျဉ်ဖြင့် နှစ်လေးသောင်းကြာ သိမြင်နားလည်ခဲ့သည်တို့ကို သူ့အား လွှဲပြောင်းပေးလိုက်သည်။ ဤနည်းက အချိန်ကုန်သက်သာသည့်အပြင် ချင်မူ့အနေဖြင့် နားလည်သိမြင်ရန်လည်း ပိုမိုလွယ်ကူပေသည်။

ရွှေသင်္ဘောက ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း မြောက်တက်သွားပြီး တစစ အရှိန်မြှင့်ကာ ရွက်လွှင့်ထွက်ခွာသွားတော့သည်။

ရွှေသင်္ဘောပေါ်တွင် ချင်မူသည် သင်္ဘောကို ပဲ့ကိုင်နေရင်း ကောင်းကင်နတ်အရှင်လင် လွှဲပြောင်းပေးခဲ့သည့် အသိပညာများကို လေ့လာသုံးသပ်နေသည်။ ရွှေသင်္ဘောသည် အရှိန်တစ်ခုသို့ ရောက်သည့်အခါမှသာ ဟင်းလင်းပြင်ကို ဖောက်ထွက်သွားနိုင်ပေလိမ့်မည်။

လွန်ခဲ့သည့် နှစ်လေးသောင်းကျော်အတွင်း ကောင်းကင်နတ်အရှင်လင် သိမြင်နားလည်ထားခဲ့သည့် အရာများက သာမန်ကာလျှံကာ မဟုတ်ပေ။ ချင်မူ သူမကို လွှဲပြောင်းပေးခဲ့သည့် မီလော့နန်းတော် တာအိုအမှတ်အသားများမှာလည်း ရှင်းလင်းအဖြေထုတ်ပြီး ဖြစ်နေသည်။

ဤသည်က အလွန်တရာကြီးမားသော အောင်မြင်မှုကြီးတစ်ခု ဖြစ်၏။

မီလော့နန်းတော် တာအိုအမှတ်အသားများထဲတွင် အဆုံးမသတ်နိုင်သော အပြောင်းအလဲတို့ ကိန်းဝပ်နေသည်။ ၎င်းတို့က အဆုံးမရှိသော အချက်အလက်များ ဖြစ်ပြီး ပြောင်းလဲကြသည့်အချိန်တွင် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသဖြင့် နှိုင်းယှဉ်၍မရနိုင်အောင် ရှုပ်ထွေးနေစေ၏။

ချင်မူသည် မီလော့နန်းတော်တွင် အချိန်အတော်ကြာနေခဲ့၍ တာအိုအမှတ်အသားတို့၏ လျှို့ဝှက်ချက်များကို အဖြေထုတ်နိုင်ခဲ့သော်လည်း ပြောင်းလဲမှုများကိုတော့ အဖြေမရှာနိုင်ခဲ့ပေ။

သို့ထိတိုင် သူသည် ဤသို့အပေါ်ယံသာ နားလည်ထားသည်ကို အသုံးပြုပြီး ကမ္ဘာဦးဖရိုဖရဲလက်ချောင်းကို ဖန်တီး၍ ကောင်းကင်နတ်အရှင်ဟွေ့၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် အခြားသူများအား သူ့ကို မတိုက်ခိုက်ရဲအောင် စွမ်းဆောင်နိုင်ခဲ့သေး၏။ တစ်ဖက်တွင် ပြောင်းလဲမှုများကို သိမြင်နားလည်ထားခြင်းမရှိသည့်အတွက် သူ၏လက်ချောင်းသည် ဦးတည်ရာတစ်ဖက်တည်းသာ သွားနိုင်သဖြင့် အလွယ်တကူ ရှောင်တိမ်း၍ ရနိုင်သည်။

သူသာ ကောင်းကင်နတ်အရှင်လင် လွှဲပြောင်းပေးခဲ့သည့် အပြောင်းအလဲတို့အား သိမြင်နားလည်နိုင်ပါက ချင်မူ၏ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းသည် သူ၏ဆန္ဒအတိုင်း ပြောင်းလဲနိုင်မည့်အပြင် စွမ်းအားကလည်း သိသိသာသာ တိုးတက်လာပေလိမ့်မည်။

အလားတူ သူသည် အနီရောင်ကြိုးထုံး၏ ပြောင်းလဲမှုများကို မီလော့နန်းတော်၏ တာအိုအမှတ်အသားပြောင်းလဲမှုများမှတစ်ဆင့် သိမြင်နားလည်နိုင်မည်ဖြစ်ရာ အနီရောင်ကြိုးထုံး၏ စွမ်းအားကိုလည်း သိသိသာသာ တိုးတက်လာစေမည်ဖြစ်၏။

သူ ထိုသို့လုပ်နိုင်ပါက အနီရောင်ကြိုးထုံးသည် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့ကို ချုပ်နှောင်ရုံသာ ချုပ်နှောင်နိုင်သည့် ကောင်းကင်နတ်သိုင်းတစ်ခုသာ ဖြစ်တော့မည် မဟုတ်ချေ။ ၎င်းချိပ်တံဆိပ်ဖြင့် ခတ်နှိပ်ခံရသည့် တစ်ဖက်ရန်သူမှာ ပြာကျသွားပေလိမ့်မည်။

“မမကြီးလင်၊ ကျွန်တော် ချိပ်တံဆိပ်တစ်ခုကို လွှဲပြောင်းပေးမယ်… အဲ့ဒါကလည်း မီလော့နန်းတော်ရဲ့ တာအိုအမှတ်အသားတွေကနေ ဆင်းသက်လာတာပဲ… ဒါပေမဲ့ တာအိုသံကြိုးတွေပါတဲ့အတွက် ပိုပြီးရှုပ်ထွေးတယ်”

ချင်မူ့ အသိစိတ်အလျဉ်က လှိုင်းထသွားပြီး အနီရောင်ကြိုးထုံးထံမှ သိမြင်နားလည်ခဲ့သည်များကို ကောင်းကင်နတ်အရှင်လင်အား လွှဲပြောင်းပေးလိုက်သည်။ “ကျွန်တော် အနီရောင်ကြိုးထုံးကို ပုံသေအနေအထားပဲ နားလည်နိုင်သေးတာ… ပြောင်းလဲမှုတွေကို နားမလည်သေးဘူး… မမကြီးအနေနဲ့ ပြောင်းလဲမှုတွေကို သိမြင်နားလည်ဖို့ ဘယ်လောက်ကြာမယ် ထင်လဲ”

ကောင်းကင်နတ်အရှင်လင်က‌ လှေဦးထိပ်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး အချိန်အတော်ကြာသည်အထိ မည်သည်မှ မပြောလာပေ။

ချင်မူကလည်း အလျင်လိုမနေပေ။ သူက တာအိုအမှတ်အသားများကို ဆက်လက်လေ့လာနေပြီး သင်္ဘောကို အရှိန်တင်ရွက်လွှင့်နေသည်။ ၎င်းသည် ကမ္ဘာဦးဘုံ၏ ကောင်းကင်သို့ ရောက်ရှိကာ လမင်းအား ဖြတ်သန်းသွားပြီး ဖြစ်၏။

လပေါ်တွင် နန်းဆောင်တစ်ဆောင် ရှိသည်။ ချင်မူ လှမ်းကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးသည် ကျောတွင် ဓားလွယ်ထားလျက် နန်းဆောင်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမသည် ပန်းခူးရန် ခြင်းတောင်းတစ်လုံးကို ကိုင်ထား၏။

အမျိုးသမီးက ရွှေသင်္ဘောနှင့် ၎င်းပေါ်ရှိ ချင်မူ့ကို မြင်လျှင် နန်းဆောင်မုခ်၀အရှေ့၌ တိတ်ဆိတ်စွာ ရပ်နေသည်။

ချင်မူက ရွှေသင်္ဘောကို ထိန်းချုပ်၍ လအား အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းစေပြီးနောက် အရှိန်လျှော့လိုက်သည်။ နောက်ဆုံးတွင် ရွှေသင်္ဘောက ရပ်တန့်သွားတော့သည်။

သူက သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ပြီး လနန်းဆောင်အရှေ့သို့ ရောက်လာ၏။ နန်းဆောင်အရှေ့တွင် ပန်းပင်များနှင့် အခြားအပင်များစွာ ပေါက်နေသည့်အပြင် နှစ်တစ်ရာခန့်သက်တမ်း ရှိသည့် လက်ဖက်ပင်အိုကြီးတစ်ပင်လည်း ရှိသည်။

လက်ဖက်ပင်၏ ကြီးထွားနှုန်းမှာ နှေးကွေးသော်လည်း သက်တမ်းတစ်ရာရှိပြီ ဖြစ်သောကြောင့် အတော်လေးမြင့်မားနေ၏။

“မတွေ့ရတာ ကြာပြီနော်”

အမျိုးသမီးက လက်ဖက်ပင်အောက်တွင် ရပ်ကာ ကြိုဆိုသည်။ ဖြူစင်စင်ကြယ်သော လရောင်တို့က လက်ဖက်ပင်၏ အရွက်များပေါ်သို့ ဖြာကျတောက်ပနေ၏။

မွှေးပျံ့နေသော ရနံ့က လရောင်ထဲတွင် မြောလွင့်နေချေသည်။

ချင်မူက ရှေ့သို့ လျှောက်သွားပြီး လက်ဖက်ပင်အောက်သို့ ရောက်လာသည်။ သူက မည်သည့်စကားမှမပြောဘဲ ပိုင်ချွီအာကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ပိုင်ချွီအာသည် ယခင်အတိုင်း မြင်သူတိုင်းကို နှလုံးအေး၍ စိတ်ချမ်းသာစေသော အလှတရားကို ပိုင်ဆိုင်ထားသေးသည်။

“နင် လက်ဖက်ရည်ကြမ်း သောက်ရတာ ကြိုက်တယ်ဆိုတာ ငါ သိလို့ လက်ဖက်ပင်တစ်ပင် စိုက်ထားခဲ့တာလေ”

လက်ဖက်ပင်အောက်တွင် ရပ်နေသော သူမ၏အလှတရားက အနောက်ရှိ ခမ်းနားတင့်တယ်သော ကောင်းကင်နန်းဆောင်ကို မှေးမှိန်သွားစေသည်။ လေထဲတွင် မွှေးပျံ့နေသော ရနံ့လေးများသည်လည်း သိမ်ငယ်နေသယောင်ပင်။ “နင်နဲ့ ငါ မတွေ့ရတာ ကြာပြီဆိုတော့ လက်ဖက်ရွက်တွေက ရင့်ကုန်တဲ့အတွက် ငါ တစ်ယောက်တည်း သောက်လိုက်ရတယ်… အစတုန်းကတော့ သောက်ရတာ မကြိုက်ပေမယ့် တဖြည်းဖြည်းနဲ့ ကြိုက်လာမိတယ်”

ချင်မူ့စိတ်အစဉ်မှာ ရုတ်တရက် တည်ငြိမ်အေးဆေးသွားပြီး သူက ပြုံးလိုက်မိသည်။ “လက်ဖက်ရည်ကြမ်း ကျန်သေးလား… ကျွန်တော့်မှာ အရေးကြီးကိစ္စ မရှိဘူးဆိုတော့ တစ်ခွက်သောက်ပြီးမှ ပြန်တော့မယ်”

All Chapters