ကံကြမ္မာ
Vol. 122 Ch. 1589 (2)
ပိုင်ချွီအာမှာ လိုသည့်အရာ ရသွားသော ကလေးမလေးသဖွယ် ပျော်ရွှင်သွားပြီး ပြင်ဆင်ရန် နန်းဆောင်ထဲ ဝင်သွားသည်။ ထိုအချိန်မှာပင် ကောင်းကင်နတ်အရှင်လင်၏အသံ ထွက်လာလေသည်။ “နောက်တစ်ယောက်စာပါ ပြင်လိုက်ပါ”
ပိုင်ချွီအာသည် သူမဘက်သို့ လှည့်၍ အတန်ကြာ အသေအချာ ကြည့်ပြီးနောက် ဇဝေဇဝါ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်လင်လား… ချုံဧကရာဇ် ကောင်းကင်နတ်အရှင်လင်လားဟင်”
သူမ ငယ်ငယ်တုန်းက ဖခင်နှင့်အတူ ချုံဧကရာဇ် ကောင်းကင်နတ်ဘုံဆီသို့ လိုက်သွားခဲ့ဖူး၍ ကောင်းကင်နတ်အရှင်လင်အား အဝေးမှ မြင်တွေ့ခဲ့ဖူးသည်။
ကောင်းကင်နတ်အရှင်လင်မှာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ရုပ်ရည်သွင်ပြင်ကို သိပ်အလေးမထားပေ။ ချုံဧကရာဇ်ခေတ်တွင် သူမသည် အမြဲတမ်း ဖိုသီဖတ်သီသာ နေထိုင်ခဲ့၏။ သို့သော် ယခုတွင်တော့ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အမျိုးသမီးတစ်ဦးပမာ ပြင်ဆင်ခြယ်သထားလေသည်။ သို့သော် ဆံနွယ်များကိုတော့ အလုပ်ရှုပ်လွန်းသဖြင့် ဂရုမစိုက်ချင်သောကြောင့် ခပ်တိုတို ညှပ်ထား၏။ သူမ၏ ယခုအသွင် ယခင်တုန်းက ကျားသစ်၀တ်ရုံ ကောက်ရိုးဖိနပ်ပုံစံဖြင့် အလွန်တရာ ကွဲပြားနေလေသည်။
ကောင်းကင်နတ်အရှင်လင်လည်း သူမကို မှတ်မိသွားသည်။ “နဂါးဖြူမျိုးနွယ်လား… ချုံဧကရာဇ်ခေတ် ဓားနတ်ဘုရား… ငါ နင့်ကို အရင်က မြင်ဖူးတယ်… လွန်ခဲ့တဲ့နှစ်လေးသောင်းတုန်းက ချုံဧကရာဇ်ခေတ် ပျော်ပွဲရွှင်ပွဲ မှာမလား… ပိုင်ဖန်းရုံမြို့အရှင်နဲ့အတူ လိုက်လာခဲ့တာလေ… အဲဒီတုန်းက ဒီလောက်လေးပဲ ရှိသေးတာ”
သူမက လက်ဖြင့် သူမ၏အရပ်အား တိုင်းတာပြသည်။
“ကောင်းကင်နတ်အရှင်က တော်တော် မှတ်ဉာဏ်ကောင်းတာပဲနော်”
ပိုင်ချွီအာမှာ အံ့အားသင့်နေသည်။ ထိုအချိန်တုန်းက ပွဲတော်တွင် မျိုးနွယ်စု သောင်းပေါင်းများစွာ ပါဝင်ဆင်နွဲခဲ့ကြသည် မဟုတ်ပါလော။ ကောင်းကင်နတ်အရှင်လင်က လူတစ်သောင်းကျော်ကို တစ်ချက်လေးကြည့်ရုံဖြင့် သူမ၏ရုပ်ရည်သွင်ပြင်ရော အသံအနေအထားကိုပါ မှတ်မိနိုင်ခဲ့သည်။ အလွန်တရာ အံ့သြဖွယ်ကောင်းလှ၏။
“နောက်ပိုင်းလည်း တွေ့ခဲ့ရသေးတယ်”
ကောင်းကင်နတ်အရှင်လင်က ပြောသည်။ “မာန်ဟုန်မြစ်အစပိုင်းမှာ ခြင်းတောင်းတစ်လုံး ကိုင်ပြီး ငိုယို အကူအညီတောင်းနေတဲ့ အမျိုးသမီးကို မှတ်မိလား ... ခြင်းတောင်းထဲမှာ ကလေးတစ်ယောက် ပါတယ်… သူတို့ကို ကယ်ဖို့ နင့်ကို လွှတ်လိုက်တဲ့သူက ငါပဲ…. နောက်ပိုင်း အဲဒီကလေး ကြီးလာတော့လည်း နင်နဲ့ တွေ့ဖို့ လွန်ခဲ့တဲ့ နှစ်လေးသောင်းက ပို့ပေးခဲ့သေးတယ်”
ပိုင်ချွီအာမှာ မျက်လုံးများ ပြူးကျယ်သွားပြီး မည်သို့ပြန်ပြောရမည်မှန်း မသိတော့ပေ။
သူတို့သုံးယောက်၏ကံကြမ္မာမှာ အံ့ဩမှင်သက်ဖွယ်ကောင်းစွာ ဆက်နွယ်နေ၏။
လွန်ခဲ့သည့် နှစ်လေးသောင်းတုန်းက ချင်မူသည် ပိုင်ချွီအာကို ကယ်တင်ရန် ပိုင်ဖန်းရုံမြို့သို့ ရောက်လာခဲ့၏။ နှစ်လေးသောင်း ကုန်လွန်သွားသည့်အခါ ပိုင်ချွီအာက ကောင်းကင်နတ်အရှင်လင်၏ လမ်းပြမှုဖြင့် ၏အနှီးထုပ်ထဲမှ ချင်မူ့ကို ကယ်တင်ခဲ့သည်။ ချင်မူ အရွယ်ရောက်လာသည့်အခါတွင် ကောင်းကင်နတ်အရှင်လင်က ပိုင်ဖန်းရုံမြို့သို့ ပြန်ပို့ပေးခဲ့လေသည်။
ချင်မူက ကျောက်စားပွဲကို နေရာချလိုက်ပြီး ပိုင်ချွီအာက လက်ဖက်ရည်ကြမ်း နွေးနေသည်။ ချင်မူက ကောင်းကင်နတ်အရှင်လင်ကို တစ်ခွက် ငှဲ့ပေးလိုက်ရာ သူမက တစ်ငုံမျှ သောက်ပြီးနောက် ဘေးတွင် ချထား၏။ ထို့နောက် တစ်ယောက်တည်း အတွေးနက်နေသည်။
ပိုင်ချွီအာက ချင်မူ့ကို ဇဝေဇဝါ ကြည့်သဖြင့် ချင်မူက ပြုံးပြလိုက်သသည်။ “သူက အဲ့လိုပဲဗျ… သိပ်ပြီး အာရုံမစိုက်ပါနဲ့”
သူက လက်ဖက်ရည်ကြမ်းကို ဖြည်းဖြည်းချင်း သောက်နေသည်။ လက်ဖက်ရည်ရနံ့သည် သူ့ဘေးရှိ အမျိုးသမီးကဲ့သို့ မွှေးပျံ့နေကာ စိတ်အာရုံကို ဆွဲဆောင်နိုင်၏။ တစ်ငုံမျှ သောက်ရုံနှင့် အရသာက အချိန်အတော်ကြာအောင် လျှာတွင် စွဲကျန်ရစ်ခဲ့သည်။
ချင်မူက လက်ဖက်ပင်အား မော့ကြည့်၍ သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။ “ချုံဧကရာဇ်ကောင်းကင်နတ်ဘုံကနေ ပြောင်းစိုက်ထားတာမလား”
ပိုင်ချွီအာက ခေါင်းညိတ်သည်။ “ဆရာကတော်ရှု၊ ကျင်းယန်က တစ်ပင်ပေးခဲ့တာလေ… ရှုရှန်းဟွာက အရင်တုန်းက နင့်ကို လက်ဖက်ရည်ကြမ်းနဲ့ ဧည့်ခံဖူးတယ်လို့ ပြောတယ်…. နင်က တစ်ဝက်တောင် လှည့်စားယူသွားခဲ့တာဆို”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း သူ့ကိုယ်သူ အတော်လေးဂုဏ်ယူနေမိသည်။ “လက်ဖက်ခြောက်တွေ လှည့်စားယူသွားတာ မဟုတ်ပါဘူး… သူ့ကိုတော့ ကောင်းကောင်းလှည့်စားခဲ့တယ်လေ”
ပိုင်ချီအာက ခပ်တိုးတိုး ရယ်လျက် လက်ဖက်ရည်ကြမ်း သောက်လိုက်သည်။
ချင်မူမှာ သူမကို ကြည့်နေရင်း သူမနှင့်အတူ ကောင်းကင်တွင် ခရီးသွားခဲ့ဖူးသည်များကို ပြန်လည်အမှတ်ရနေသည်။ လနန်းဆောင်တွင် သူမနှင့်အတူ ကုန်ဆုံးခဲ့သည့်အချိန်များကိုလည်း ပြန်လည်တွေးနေသည်။ ကြယ်တာရာများအား နှောက်ယှက်ခဲ့ပုံ၊ ကျန်းပိုင်ကွေ့နှင့် ယွီချိန်ကျစ် သူတို့အား လာရောက်စစ်ဆေးကြပုံ... စသဖြင့်။
ထိုအမှတ်အရများသည် သူ့တစ်ဘ၀လုံးတွင် အပျော်ရွှင်ရဆုံးနှင့် အလွတ်လပ်ဆုံး အချိန်အခါ ဖြစ်ခဲ့၏။
သူက ပြုံးလိုက်ပြီး တည်ငြိမ်အေးဆေးနေသော တာအိုနှလုံသားဖြင့် လက်ဖက်ရည်ကြမ်းအား တိတ်ဆိတ်စွာ သောက်နေသည်။
သူ့အနေဖြင့် ဤသို့စိတ်နှလုံး အေးအေးချမ်းချမ်း နေနိုင်ရန် မလွယ်လှပေ။
သူနှင့် ပိုင်ချွီအာကြားရှိ ကံကြမ္မာမှာ အံ့ဩဖွယ်ကောင်းလွန်း၏။
အချိန်တစ်ခု ကြာပြီးနောက် ကောင်းကင်နတ်အရှင်လင်က ရုတ်တရက် ထပြောသည်။ “ငါ တွက်ချက်ပြီးပြီ.. နှစ်ငါးသောင်း အချိန်ပေး.. ငါ နင့်အတွက် အဖြေရှာပေးနိုင်တယ်”
သူမကြောင့် ကျန်နှစ်ယောက်မှာ အလန့်တကြား ဖြစ်သွားကြသည်။ ထိုအချိန်မှသာ ကောင်းကင်နတ်အရှင်လင်သည် အနီရောင်ကြိုးထုံးအကြောင်း ပြောနေမှန်း ချင်မူ သဘောပေါက်သွားပြီး ငိုရခက် ရယ်ရခက်ဖြစ်နေလေသည်။
ကောင်းကင်နတ်အရှင်လင်က လက်ဖက်ရည်ကြမ်းခွက်ကို ကိုင်လိုက်ရာ ပိုင်ချွီကာက ချက်ချင်း ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်လင်၊ ခဏလေး စောင့်ပေးပါဦးနော်…. အေးနေပြီဆိုတော့ ကျွန်မ နောက်တစ်ခွက် သွားလဲပေးပါ့မယ်”
“မလိုပါဘူး”
ကောင်းကင်နတ်အရှင်လင်က ခေါင်းမော့၍ တစ်ကြိုက်တည်း သောက်ချလိုက်သည်။ သူမက လက်ဖက်ရည်ကြမ်းခွက်ကို ပြန်ချကာ ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ သင်္ဘောပေါ်က စောင့်နေမယ်… အချိန်သိပ်မဖြုန်းနဲ့”
ချင်မူက ခေါင်းညိတ်ပြလိုက်ရာ ကောင်းကင်နတ်အရှင်လင်သည် ရွှေသင်္ဘောဆီသို့ ပြန်လျှောက်သွား၏။
ပိုင်ချွီအာမှာ ချင်မူ့ကို ကြည့်လိုက်ရာ သူသည် တစ်ချိန်လုံး သူမကိုသာ စိုက်ကြည့်နေခဲ့မှန်း သိလိုက်ရ၏။ သူမမှာ ရှက်သွေးဖြာလာမိသည်။
ချင်မူ သူမအား အချိန်အတော်ကြာအောင် ငေးမောနေခဲ့သည်မှာ သူ့လက်ထဲရှိ လက်ဖက်ရည်ကြမ်းများပင်လျှင် အေးသွားပြီဖြစ်၏။ ထို့နောက်မှသာ သူက တစ်ကြိုက်တည်း သောက်ချလိုက်ပြီး ခွက်ကို ပြန်ချပြီးနောက် ထရပ်လိုက်၏။ “ကျွန်တော် သွားရတော့မယ်”
ပိုင်ချွီအာက ထရပ်ပြီး သူ၏ဝတ်ရုံကို သပ်သပ်ရပ်ရပ် ပြင်ပေးသည်။ “အန္တရာယ်များမှာလား”
“ဘာမှမဖြစ်ပါဘူး”
ချင်မူသည် ထိုနေရာ၌ တည်ငြိမ်စွာ ရပ်နေပြီး သူမ ပြင်ပေးနေသည်ကို စောင့်နေ၏။ သူက ပြုံးလိုက်သည်။ “အမြဲတမ်း ဒီလိုပဲလေ…. ကျွန်တော် အများကြီး တွေ့ကြုံခဲ့ရဖူးပါပြီ”
“ဂရုစိုက် သိလား”
ပိုင်ချွီအာ၏အသံက တိုးညှင်းစွာ ထွက်လာသည်။ “ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့က ချုံဧကရာဇ်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်တွေမလား… ငါ့အစား တစ်ခုလောက် ပြောပေးပါလား… ငါ ချုံဧကရာဇ်ခေတ်က ပြည်သူပြည်သားတချို့ကို ကာကွယ်နေပေမယ့် ငါ့စွမ်းဆောင်ရည်တွေက မလုံလောက်ဘူး… သူတို့ကို ကာကွယ်ပေးဖို့ ကောင်းကင်နတ်အရှင်နှစ်ပါးကို ပြောပေးစေချင်တယ်”
ချင်မူက ခေါင်းညိတ်၍ လှည့်ထွက်လိုက်သည်။ ပိုင်ချွီအာမှာ သူ ရွှေသင်္ဘောဆီသို့ ထွက်ခွာသွားသည်ကို မမှိတ်မသုတ် ကြည့်နေသော်လည်း ချင်မူသည် ရုတ်တရက် ပြန်လှည့်လာ၍ သူမအား ဖက်လိုက်၏။
ပိုင်ချွီအာလည်း မရုန်းဘဲ သူ၏ရင်ခွင်ထဲတွင် တိတ်ဆိတ်စွာ ခေါင်းလေးမှီထားသည်။
တခဏကြာပြီးနောက် ချင်မူက သူမကို လွှတ်ပေးကာ လှည့် ၍ထွက်ခွာသွားတော့၏။
“ဒီမိန်းကလေး မဆိုးဘူးပဲ”
သင်္ဘောပေါ်တွင် ကောင်းကင်နတ်အရှင်လင်က တည်ငြိမ်အေးဆေးစွာ ထိုင်နေသည်။ သူမက ချီစွမ်းအင်ကို လှည့်ပတ်ရင်း အနီရောင်ကြိုးထုံးများ၏ တည်ဆောက်ပုံထဲရှိ ပြောင်းလဲမှုများနှင့် နက်နဲမှုများကို နားလည်သိမြင်နိုင်ရန် ကြိုးစားနေရာမှ ခေါင်းမော့မလာဘဲ ပြောသည်။ “နင်နဲ့ သူက ပေါင်းဖက်လိုက်ရင် နေနဲ့ လ၊ ရွှေနဲ့ မြလို ပြီးပြည့်စုံမှာပဲနော်”
“ဟုတ်မှာပေါ့ဗျာ” ချင်မူက ပြုံးလိုက်ပြီး ရွှေသင်္ဘာကို အသက်သွင်းလိုက်သည်။
ကောင်းကင်နတ်အရှင်လင်က ဆက်ပြောသည်။ “ယွဲ့အာပြောတာ နင် သူ့ကို ပုံတူပန်းချီ ဆွဲပေးထားတယ်ဆို… သူက အဲ့ပန်းချီကို တော်တော်လေး တန်ဖိုးထား မြတ်နိုးတာတဲ့လေ”
ချင်မူ့မျက်လုံးများက ဂနာမငြိမ်စွာ ဟိုသည်ကြည့်နေပြီး သူ့လည်ပင်းမှ ချွေးသီးချွေးပေါက်တစ်ပေါက် စီးကျနေသည်။
“နင်နဲ့ ဧကရာဇ်ယွိရှို့တို့ရဲ့ ဆက်ဆံရေးကလည်း တော်တော်လေးကောင်းတယ်လို့ စုမူကျဲက ငါ့ကို ပြောတယ်… နင်တို့နှစ်ယောက် ငယ်ငယ်လေးတုန်းကဆိုရင် ခိုးတောင် ခိုးပြေးခဲ့သေးတာဆို… တရား၀င် လက်မထပ်ခဲ့တာပဲ ရှိတယ်တဲ့” ကောင်းကင်နတ်အရှင်လင်က ဆက်ပြောသည်။
ချင်မူ့လည်ဂုတ်တွင် ချွေးများ ရွှဲစိုလာပြီး သူ၏ကျောကုန်းသို့ပင် စီးကျနေတော့သည်။
ကောင်းကင်နတ်အရှင်လင်က ခေါင်းမော့၍ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ “လန်ဝူအတွက် နင် ဆွဲပေးခဲ့တဲ့ ပန်းချီတောင် ရှိတယ်လို့ စုမူကျဲ တိတ်တိတ်လေး ပြောခဲ့သေးတယ်… ပန်းချီဆရာ ဆွဲခဲ့တဲ့ ပန်းချီက ပိုကောင်းပေမယ့် လန်ဝူက နင်ဆွဲပေးတာကိုပဲ သိမ်းထားပြီးတော့ သူ့ဟာကို မီးရှို့ပစ်လိုက်တာဆို”
ချင်မူမှာ ကျောရိုးတလျှောက် ကြက်သီးတဖြန်းဖြန်း ထသွားသည်။ သူ အားကုန်သုံး၍ ရွှေသင်္ဘောအား အသက်သွင်းလိုက်၏။ သင်္ဘောကား ဟင်းလင်းပြင်ကို ဖောက်ထွက်ဖြတ်သန်း၍ ပျောက်ကွယ်သွားတော့သည်။