← Chapters

ဆန့်ကျင်ဘက်သို့ သွား

Vol. 122 Ch. 1590

ဆန့်ကျင်ဘက်သို့ သွား

Vol. 122 Ch. 1590

“စုမူကျဲရဲ့ အပြစ် မဟုတ်ပါဘူး… စုမူကျဲက တာအိုဒဿနတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆိုပေမယ့် ငါနဲ့တွေ့တိုင်း ငါက သူ့ထက်အကြီးဆိုတာ အမှတ်ရနေတာလေ…. ငါက ဒဏ္ဍာရီတွေထဲမှာပဲ ပါခဲ့တာဆိုတော့ ငါနဲ့တွေ့တိုင်း နည်းနည်း နေရခက်သလို ဖြစ်နေမှာ မထူးဆန်းပါဘူး”

ကောင်းကင်နတ်အရှင်လင်က ပြောသည်။ “ဆိုတော့ သူက ငါနဲ့ စကားပြောချင်ပေမယ့် ဘာပြောရမှန်း မသိတော့ နင့်အကြောင်းပဲ အမြဲပြောနေတာ... စစ်ယိုယို နင့်ကို စျေးထဲ ခေါ်သွားပြီး အဝတ်စတစ်စ ကြိုက်ပေမယ့် ငွေပါမလာတဲ့အတွက် နင့်ကို အဝတ်ဆိုင်မှာ အပေါင်ထားခဲ့တာကို မှတ်မိသေးလား… ပြီးတော့ နင့်ကို ပြန်ရွေးဖို့ မေ့သွားတာလေ…. မျက်ကန်းက သွားရွေးရတာဆို”

“ရွာလူကြီးကတော့ တော်တော်ပါးစပ်ဖွာတာပဲ… ဘွားဘွားကလည်း...”

ချင်မူ့နဖူးတွင် သွေးကြောများ ထောင်လာသည်။ သူက ရွှေသင်္ဘောကို ထိန်းချုပ်ရင်း ကောင်းကင်ထက်သို့ ဆက်လက်ရွက်လွှင့်လိုက်ရင်း ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ “ပိုင်ချွီအာက အခုလေးတင် မမကြီးကို အကူအညီ တောင်းလိုက်တာ ရှိတယ်… ချုံဧကရာဇ်ခေတ်က ရှင်ကျန်သူတွေလေ.... သူတို့တွေကို သူ ဖွက်ထားပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်တွေက မလုံလောက်ဘူး… ဆိုတော့ ကပ်ဘေးကြီးမှာ သူတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးတဲ့”

“ခိုင်ဧကရာဇ်ခေတ် လူတွေကလည်း ချုံဧကရာဇ်ခေတ်ရဲ့ ရှင်ကျန်သူတွေပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လူတွေကလည်း ချုံဧကရာဇ်ခေတ်ရဲ့ ရှင်ကျန်သူတွေပဲ…. ငါ့ရဲ့ နှလုံးသားထဲမှာ ဘယ်သူပဲဖြစ်ဖြစ် ကွာခြားချက် မရှိဘူး”

ကောင်းကင်နတ်အရှင်လင်က အေးအေးဆေးဆေး ပြောလိုက်၏။ “အဲ့ဒီလူတွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့သာ ပူးပေါင်းခိုင်းလိုက်…. ငါ နေရာသုံးနေရာကို သွားစရာ မလိုတော့ဘူးပေါ့”

သူမက ချင်မူ့ခံစားချက်များကို ဆက်လက်မမေးမြန်းပေ။ စိတ်ခံစားချက်များနှင့် ပတ်သက်သည့် ကိစ္စများကို သူမသည် ဝေးဝေးသာ ရှောင်တတ်၏။

လက်ရှိအချိန်တွင် သူမ၏စိတ်ထဲ၌ အနီရောင်ကြိုးထုံး၏ လမ်းစဉ်ကို လေ့လာရန်သာ ရှိသည်။ အနီရောင်ကြိုးထုံးသည် ရှုပ်ထွေးလွန်းသည့်အတွက် သူမပင်လျှင် နားလည်နိုင်ရန် နှစ်ထောင်သောင်းပေါင်းများစွာ လိုအပ်ပေလိမ့်မည်။ ဤအခြေအနေရ အနီရောင်ကြိုးထုံးအား ဖန်တီးရန် မည်မျှခက်ခဲသည်ကို သိနိုင်ပေသည်။

လင်မှာ အစကတည်းက အလွန်တရာ ထက်မြတ်ဉာဏ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ကောင်းကင်နတ်အရှင်ယွင်ပင်လျှင် ကောင်းကင်နတ်အရှင်လင်၏ ပါရမီ၊ သိမြင်နားလည်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့က သူ့ထက် သာလွန်သည်ဟု လေးစားအားကျစွာ ချီးကျူးခဲ့ဖူးလေသည်။ ကောင်းကင်နတ်အရှင်ယွင်သည် သူ့ကိုယ်သူ နှိမ့်ချ၍ လေးစားစွာ အမွှမ်းတင်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်လင်၏ ပါရမီ၊ သိမြင်နားလည်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့က အမှန်တကယ်လည်း မြင့်မား၏။

ချင်မူကလည်း သူ၏နှလုံးသားကို တည်ငြိမ်စေလိုက်ပြီး တာအိုအမှတ်အသားများကို ဆင်လင်သိမြင်နားလည်နေသည်။ နားမလည်သော အပိုင်းသို့ ရောက်လာလျှင် ချက်ချင်း မေးမြန်းတတ်သည်။

အစပိုင်းတွင် ကောင်းကင်နတ်အရှင်လင်သည် စိတ်ရှည်လက်ရှည် ဖြေကြားပေးသော်လည်း နောက်ပိုင်းတွင် စိတ်မရှည်တော့ပေ။ သူ၏ မေးခွန်းများက ရိုးရှင်းလွန်းသည်ဟု ခံစားရသဖြင့် မာန်မဲတော့သည်။ “အဲဒါတွေ အကုန်လုံးက ငါ သိမြင်နားလည်ထားတာတွေထဲမှာ ပါပြီးသားလေ ... သွား ကိုယ့်ဘာသာကိုယ် သိမြင်နားလည်အောင် လုပ်”

နောက်ဆုံးတွင် ရွှေသင်္ဘောကား ဟင်းလင်းပြင်အလွှာ ၃၅ လွှာကို ဖြတ်သန်းသွားပြီး အန္တိမဟင်းလင်းပြင်သို့ ရောက်လာခဲ့ချေပြီ။ လေအေးများက ‌တဝှီးဝှီး တိုက်ခတ်လျက် ဒြပ်ထုအားလုံးကို လွင့်ပြယ်ပျောက်ကွယ်သွားနေစေသော်လည်း ရွှေသင်္ဘောကိုတော့ မည်သို့မျှ မလုပ်နိုင်ချေ။

ကောင်းကင်နတ်အရှင်လင်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံသို့ သွားရာလမ်းအား လက်ညှိုးထိုးပြပေးသဖြင့် ချင်မူလည်း ရွှေသင်္ဘောကို ထိုလမ်းကြောင်းအတိုင်း ရွက်လွှင့်သွားစေသည်။ အန္တိမဟင်းလင်းပြင်မှာ စကြ၀ဠာတစ်ခုလုံးထက် အဆပေါင်းများစွာ ကြီးမားလှပေသည်။

စကြ၀ဠာ ကြီးထွားလာသည်နှင့်အမျှ ၎င်းသည်လည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဟင်းလင်းပြင်အလွှာ ၃၅ လွှာသည် တဖြည်းဖြည်း စကြ၀ဠာနှင့် နှိုင်းယှဉ်လာနိုင်ပြီး ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်က ပိုမိုပါးလွှာကာ နဂါးငွေ့တန်းများကလည်း ဝေးသထက် ဝေးလံလာပေလိမ့်မည်။

‘ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ အန္တိမဟင်းလင်းပြင်မှာတံဆိပ်ခတ်နှိပ်ပြီး ငါ့ရဲ့ စွမ်းအားကို ပြိုင်ဘက်ကင်းအောင် လုပ်နိုင်ပြီလား”

ချင်မူ့မျက်လုံးများက တဖျတ်ဖျတ်တောက်ပသွားပြီး သူက ကပ်ဘေးဓားကို ဆွဲထုတ်လိုက်သည်။ သင်္ဘောထိပ်ဦးတွင် ရပ်၍ သူ၏ကောင်းကင်နတ်သိုင်းအား အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်နိုင်ရန် ကြိုးစားကြည့်လေသည်။

သူက ကပ်ဘေးဓား၏ ပထမဦးဆုံးတိုက်ကွက် ဖြစ်သည့် ကပ်‌ဘေးပင့်မြှောက်ဓားမှ အစပြု၍ ၃၁ ကွက်မြောက် တိုက်ကွက် ဘဝပြန်ဝင်စားခြင်းဓားကွက်အထိ တစ်လျှောက်လုံး အသက်သွင်းလိုက်သည်။

သို့သော် ကောင်းကင်နတ်သိုင်း ၃၁ခုအား အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်လိုက်သည့်အခါ အစအနပင် မကျန်ခဲ့ဘဲ မီးခိုးငွေ့များပမာ လွင့်ပျယ်ပျောက်ကွယ်သွားလေသည်။

ချင်မူ မျက်မှောင်ကြုတ်နေစဉ် ကောင်းကင်နတ်အရှင်လင်၏ အသံက သူ့အနောက်မှ ထွက်ပေါ်လာသည်။ “ကောင်းလိုက်တဲ့ ကောင်းကင်နတ်သိုင်းပါလား”

ချင်မူ ပြန်လှည့်ကြည့်လိုက်သည့်အခါတွင် ကောင်းကင်နတ်အရှင်လင်သည် သူ ကောင်းကင်နတ်သိုင်းအား တံဆိပ်ခတ်နှိပ်ခဲ့သည့် နေရာသို့ ကြည့်နေ၏။ “ကောင်းလိုက်တဲ့ ကောင်းကင်နတ်သိုင်းပဲ”

ချင်မူက ပြုံးလိုက်သည်။ “‌ဒါက ခိုင်ဧကရာဇ် ဖန်တီးထားတဲ့ တာအိုကျင့်စဉ်စနစ်လေ… ကျွန်တော်က ကောင်းကင်ဘုံ ၃၁ ဘုံအထိ ကျင့်ကြံပြီးနေပြီ… ကောင်းကင်ဘုံ ၃၆ ဘုံကို ရောက်တဲ့အခါကျ အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်နိုင်လိမ့်မယ်…. မမကြီးလင်၊ တာအိုကျင့်စဉ်စနစ်အကြောင်း သိပ်မသိသေးဘူးမလား… ကျွန်တော် ပြောပြမယ်လေ…. အစတုန်းကတော့ အယုံအကြည် မရှိခဲ့ကြဘူး… အခုတော့ တော်တော်လေး အရေးပါနေပြီ… တာအိုကျင့်စဉ်စနစ်ကို ကောင်းကင်ဘုံ ၃၆ ဘုံအဖြစ် ခွဲထားတယ်…”

ကောင်းကင်နတ်အရှင်လင်က လက်ခါပြသည့်အပြင် ခေါင်းပါ ရမ်းပြသည်။ “တာအိုကျင့်စဉ်စနစ်ဆိုတာ လူတစ်ယောက်တည်းရဲ့ အထင်အမြင်ပဲ… ငါ ခိုင်ဧကရာဇ်နဲ့ တာအိုဒဿနတက္ကသိုလ်မှာ ပြောပြီးသွားပြီ… အဲဒါထက် မပိုဘူး…”

ချင်မူ့မျက်လုံးများက ပြူးကျယ်သွားပြီး သူ့မှာ ထစ်အစွာ ရေရွတ်လိုက်မိသည်။ “ခင်ဗျား… ခင်ဗျား”

ကောင်းကင်နတ်အရှင်လင်သည် ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ နင့်ရဲ့ ပါရမီနဲ့ဆိုရင် တာအိုကျင့်စဉ်စနစ်ဆိုတာ သာမန်လူတွေအတွက် စည်းမျဉ်းတွေ ချမှတ်ပြီး စည်းမျဉ်းတွေအတိုင်း နေထိုင်ခိုင်းတာဆိုတာကို သိရမှာပေါ့…. အဆုံးအစွန်အထိ လျှောက်လှမ်းနိုင်ရင် တာအိုရနိုင်လိမ့်မယ်…. ဒါပေမဲ့ ဒါတွေက သာမန်လူတွေကို ချုပ်ခြယ်ထားတာပဲ”

ချင်မူမှာ အသက်အောင့်ထားမိပြီး နှလုံးပင် ရပ်ပေတော့မည်။

ကောင်းကင်နတ်အရှင်လင်က ပြော၏။ “နင့်မှာ ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေနဲ့ ဖွဲ့တည်ထားတဲ့ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းဆိုတဲ့ ကောင်းကင်နတ်သိုင်း ရှိတာ ငါ တွေ့မိတယ်…အဲ့ဒီသိုင်းကွက်ကို အန္တိမဟင်းလင်းပြင်မှာ ထုတ်သုံးလိုက်”

ချင်မူက သူမပြောသည့်အတိုင်း လက်ညှိုးထိုးလိုက်သည်။

သူသည် ဤအချိန်အတွင်း ကမ္ဘာဦးဖရိုဖရဲလက်ချောင်း၏ အပြောင်းအလဲတို့အား သိမြင်နားလည်ခဲ့သောကြောင့် လက်ချောင်း၏စွမ်းအားမှာ အံ့ဩမှင်သက်ဖွယ်ကောင်းလှ၏။ ခရမ်းရောင်အလင်းတန်းတစ်တန်းက သူ၏လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး အန္တိမဟင်းလင်းပြင်ကို ဖြတ်ကာ လက်ချောင်းရာတစ်ခု ကျန်စေခဲ့သည်။

လက်ချောင်းရာသည် အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ပေ။ လက်ချောင်းရာထဲတွင် ကိန်းဝပ်နေသည့် ကမ္ဘာဦးဖရိုဖရဲလက်ချောင်း၏ အနန္တပြောင်းလဲမှုများက အဆက်မပြတ် ရွေ့လျားပြောင်းလဲနေကြသည်။ လက်ချောင်းရာကို အန္တိမဟင်းလင်းပြင်သည် ဖယ်ရှားမပစ်နိုင်ချေ။

ချင်မူမှာ ကြောင်အသွားပြီး လက်ချောင်းရာကို အသေအချာ စစ်ဆေးကြည့်နေသည်။ သူ့နှလုံးသားထဲတွင် တစ်စုံတစ်ခုကို သိမြင်နားလည်လိုက်သော်လည်း မည်သည့်အတွေးအခေါ်ကို သိမြင်နားလည်လိုက်မှန်း မသိပေ။

“ဒီ ကောင်းကင်နတ်သိုင်းက ဘယ်ကောင်းကင်ဘုံအထိ ရောက်ပြီလဲ” ကောင်းကင်နတ်အရှင်လင်က မေး၏။

ချင်မူက လက်ခါရမ်းပြသည်။ “ဒါက ကျွန်တော့်ကောင်းကင်နတ်သိုင်း မဟုတ်ဘူး… မီလော့နန်းတော်ရဲ့ တာအိုအမှတ်အသားတွေကနေ နားလည်ထားတဲ့ ကောင်းကင်နတ်သိုင်း… မီလော့နန်းတော်အရှင်သခင်ရဲ့ ကောင်းကင်နတ်သိုင်းဗျ”

“နင့်ရဲ့အတွေးအခေါ်အတိုင်းဆိုရင် တာအိုကျင့်စဉ်စနစ်ရဲ့ ၃၁ ဘုံမြောက် ကောင်းကင်နတ်သိုင်းကရော နင့်ကောင်းကင်နတ်သိုင်း ဖြစ်တော့မလား…. မဟာတာအိုမျိုးစုံရဲ့ ကောင်းကင်နတ်သိုင်း ဖြစ်မှာပေါ့…. ကမ္ဘာဦးဖရိုဖရဲလက်ချောင်းက နင့်ရဲ့ကောင်းကင်နတ်သိုင်းဟုတ်သလို မီလော့နန်းတော်အရှင်သခင်ရဲ့ ကောင်းကင်နတ်သိုင်းလည်း ဟုတ်တယ်”

ကောင်းကင်နတ်အရှင်လင်က မေးသည်။ “ကမ္ဘာဦးဖရိုဖရဲလက်ချောင်းက တာအိုကျင့်စဉ်စနစ်မှာ ဘယ်ကောင်းကင်ဘုံအထိ ရောက်နေပြီထင်လဲ”

ချင်မူမှာ ကြောင်အနေပြီး သူမ၏အတွေးများကို လိုက်မမှီနိုင်တော့ချေ။

“ဒီကောင်းကင်နတ်သိုင်းအတွက်‌ ကောင်းကင်ဘုံမရှိဘူး”

ကောင်းကင်နတ်အရှင်လင်က ရှင်းပြသည်။ “မီလော့နန်းတော်အရှင်သခင်က တာအိုကျင့်စဉ်စနစ်ကို ကျော်လွန်နေပြီ… သူက တာအိုရဲ့အနှစ်သာရကို သိမြင်နားလည်နေတဲ့အတွက် တာအိုကျင့်စဉ်စနစ်က သူ့ကို ပိတ်လှောင်မထားနိုင်ဘူး…. နင် တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံမယ်ဆိုရင် စည်းမျဉ်းတွေ၊ နိယာမတွေနဲ့ ချုပ်နှောင်ခံရလိမ့်မယ်… ရုန်းထွက်တဲ့အချိန်ကျမှ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းက တာအိုကျင့်စဉ်စနစ် မဟုတ်တာတောင် ဘာလို့အားကောင်းနေသလဲ သိလိမ့်မယ်”

ချင်မူမှာ ဇဝေဇဝါဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသည်။

ကောင်းကင်နတ်အရှင်လင်က သူ့ကို ကြည့်၍ မျက်မှောင်ကြုတ်လာ၏။ သူမက စိတ်ရှည်စွာ ပြောတော့သည်။ “တာအိုသဘာဝက လှိုင်းဂယက်တွေအတိုင်း ပြောင်းလဲနေတာ မဟုတ်ဘူး… တာအိုသဘာ၀က နှစ်တွေ ကုန်ဆုံးသွားရင်တောင်မှ ကြီးရင့်မသွားဘူး… ဒီလူ့ဘဝမှာ ကိုယ်ကိုယ်တိုင်ရဲ့နှလုံးသားကိုပဲ စဉ်းစားဆင်ခြင်ရမယ်… နင် အခု နားလည်ပြီလား”

“ကျွန်တော်…”

ချင်မူမှာ မျက်လုံး‌ထောင့်စွန်းများ တုန်ရီနေပြီး အ,ထစ် အ,ထစ် ဖြင့် ဖြေလိုက်သည်။ “ကျွန်တော် နားမလည်သေးဘူးဗျ….”

လွန်ခဲ့သည်နှစ်တစ်သန်းတုန်းက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် သူသည် ဖန်ဆင်းခြင်းလမ်းစဉ်ကို ကောင်းကင်နတ်အရှင်လင်ထံ လွှဲပြောင်းပေးခဲ့သော်လည်း ယနေ့ ကောင်းကင်နတ်အရှင်လင် ပြောနေသည့် ကျင့်စဉ်ကိုတော့ သူ နားမလည်တော့ပေ။

ကောင်းကင်နတ်အရှင်လင်သည် ကောင်းကင်ရတနာကျင့်စဉ်စနစ်၊ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၊ တာအိုကျင့်စဉ်စနစ်တို့အပြင် လန်ယွီတျန်း လေ့လာဆည်းပူးနေသော ဘိုးဘေးနန်းတော်၏ ထိုက်ငါးပါးကောင်းကင်နတ်ဘုံကျင့်စဉ်စနစ်တို့နှင့် မတူညီသော ကျင့်စဉ်လမ်းအား လျှောက်လှမ်းနေပုံပင်။

ဤလမ်းစဉ်က ချင်မူ့ကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်ကိုပင်လျှင် ခေါင်းကုတ်နေရစေ၏။

“နင်က ကောင်းကင်နတ်အရှင်ယွင်လိုပဲ… တုံးလိုက်တာ” ကောင်းကင်နတ်အရှင်လင်က ခေါင်းတခါခါဖြင့် သူ့ကို လျစ်လျှူရှုသွားတော့သည်။

ချင်မူ့ခမျာ ပါးစပ်ကြီးဟောင်းလောင်း၊ မျက်လုံးကြီးအပြူးသားဖြင့် လှေထိပ်ဦးတွင်ထိုင်ကာ အဆုံးမရှိသော ဟင်းလင်းပြင်အား ငေးကြည့်နေမိတော့သည်။ တိုက်ခိုက်နေသည့်လေအေးများက ကွဲကြေသွားသည့် တာအိုနှလုံးသားအပိုင်းအစများကို လွင့်ထွက်သွားစေသည့်အလားပင်။

“တုံးလိုက်တာ…” ဆိုသည့် ကောင်းကင်နတ်အရှင်လင်၏အသံက လေထဲတွင် ပဲ့တင်ထပ်နေသယောင်ယောင်။

ချင်မူမှာ စိတ်ဓာတ်ကျစွာဖြင့် ငူငူကြီး ထိုင်ကာ တွေးတောစဉ်းစားနေသည်။ ကောင်းကင်နတ်အရှင်လင် ပြောသည်က မှန်ကန်၏။ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းသည် တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်နတ်သိုင်းတစ်ခု မဟုတ်သော်လည်း အလွန်တရာ သန်မာအားကောင်းသည်။

အနီရောင်ကြိုးထုံးချိပ်တံဆိပ်မှာလည်း အလားတူပင်။ တာအိုသိုင်းပညာရှင်များကိုပင် ဖိနှိပ်ထားနိုင်၏။

“နှလုံးသားကို ပြန်‌ဆန်းစစ်… နှလုံးသားကို ပြန်ဆန်းစစ်…”

သူက ထိုစကားများ၏ အဓိပ္ပာယ်ကို အဖြေရှာနေသော်လည်း စဉ်းစားလေလေ ပို၍ခေါင်းရှုပ်လာလေလေ ဖြစ်နေသည်။

ကောင်းကင်နတ်အရှင်လင်၏ သိုင်းအခြေခ့နှင့် မှော်စွမ်းအင်တို့မှာ သာမန်သာဖြစ်သည်။ သူမ၏ ချီစွမ်းအင်က ချင်မူ့အောက် နိမ့်ကျနေသလို၊ တာအိုကျင့်စဉ်စနစ်တွင်လည်း မည်သည့်အောင်မြင်မှုမှ မရှိပေ။ သို့သော် သူမသည် မဟာဧကရာဇ်ကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ် ပုဂ္ဂိုလ်တစ်ဦးကိုပင်လျှင် လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်နိုင်ခဲ့၏။

သူမ၏စွမ်းအားကို မည်သည့်နေရာမှ ရရှိနေသနည်း။

ကောင်းကင်နတ်အရှင်လင်ကား ကောင်းကင်ဘုံ၊ ရှေးဟောင်းနတ်ဘုရားများနှင့် ကောင်းကင်နှင့် မြေကြီးတို့မှ စွမ်းအားငှားယူခဲ့ခြင်း မရှိသည့်အပြင် တာအိုကျင့်စဉ်စနစ်ကိုလည်း မကျင့်ကြံပေ။ အဘယ်ကြောင့် သူမ၏ ကောင်းကင်နတ်သိုင်းများက ထိုသို့ ပြိုင်ဘက်ကင်းစွမ်းအားမျိုးကို ပိုင်ဆိုင်ထားပါသနည်း။

'သူက ဒီခေတ်ထက် အများကြီး ကျော်တက်နေပြီ… မီလော့နန်းတော်အရှင်သခင်နဲ့ဆို တော်တော်တည့်မယ် ထင်တယ်’

ကောင်းကင်နတ်အရှင်ယွင်သည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံသို့ ရွှေသင်္ဘော ရောက်လာသည်ကို တွေ့လျှင် အလောတကြီး ကြိုဆို၏။ ချင်မူက သင်္ဘောပေါ်မှ ဆင်းကာ လှည့်ကြည့်လိုက်၏။ ကောင်းကင်နတ်အရှင်လင်ကား သင်္ဘောပေါ်၌ မလှုပ်မယှက် ထိုင်နေဆဲပင်။

ချင်မူ သူမကို လှမ်းခေါ်တော့မည့်အချိန်တွင် ကောင်းကင်နတ်အရှင်ယွင်က ချက်ချင်း တားပြီး ခေါင်းခါပြသည်။ “ထားလိုက်ပါ… ဒါနဲ့ ကောင်းကင်နတ်အရှင်မူက ဘာလို့ မှိုင်နေရတာလဲ”

သူ့မှာ ချင်မူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်ကာ အနည်းငယ်အံ့သြသွားမိသည်။ ချင်မူသည် သူ့ကို လာတွေ့ခဲ့သည့်အချိန်၊ ကောင်းကင်နတ်အရှင်ဟောင်၏ ဖမ်းဆီးခြင်းခံခဲ့ရတုန်းကပင် ပူပန်နေခဲ့ခြင်း မရှိပေ။ ထိုအစား ပျော်ရွှင်နေခဲ့သေးသည်။

ထိုသို့ အန္တရာယ်များသော အချိန်၌ပင် အကောင်းမြင်စိတ်ကို ထိန်းသိမ်းထားနိုင်သေးသည်။ ယခုတွင်တော့ မှိုင်တွေ၍ ယုံကြည်ချက်မရှိတော့သည့်အလားပင်။ ကောင်းကင်နတ်အရှင်ယွင်မှာ အတော်လေး အံ့အားသင့်နေမိသည်။

ချင်မူက သက်ပြင်းချလိုက်သည်။ “လမ်းမှာ ကောင်းကင်နတ်အရှင်လင် ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့်ပါဗျာ”

ကောင်းကင်နတ်အရှင်ယွင်က နားလည်စွာဖြင့် ပြုံးလိုက်သည်။ “ဪ…. အရေးမကြီးပါဘူးကွာ.. ငါဆို နေသားကျနေပြီ.. မင်းလည်း နောက်ဆို နေသားကျသွားလိမ့်မယ်”

ချင်မူက မကျေမနပ် အသံတစ်ချက်ပြု၍ သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာအား ထုတ်လိုက်သည်။ “ခင်ဗျားရဲ့ ရုပ်ခန္ဓာကို ပြန်ပေးဖို့အပြင် ကျွန်တော် လာရတဲ့ အကြောင်းအရင်း နောက်တစ်ခု ရှိသေးတယ်…”

“မြေအောက်ဘုံအရှင်သခင်ကိစ္စလား…”

ကောင်းကင်နတ်အရှင်ယွင်က သူ၏ရုပ်ခန္ဓာကို စစ်ဆေးကြည့်သည်။ သူ၏ရုပ်ခန္ဓာသည် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ ရုပ်ခန္ဓာဖြစ်သော်လည်း ယခင်ကလောက် အသက်ဓာတ် မကိန်းနေတော့ပေ။ သူ ပြန်ပူးကပ်လိုက်လျှင် ကြိုးကြိုးစားစား ကျင့်ကြံဂရုစိုက်ရန် လိုအပ်လိမ့်မည်။ “ငါ ဒီမှာ နေရတာ ပျင်းလွန်းလို့ အရည်ပျော်တော့မယ်ကွာ…” သူက ပြောသည်။ “အဲ့ဒါကြောင့် မြေအောက်ဘုံအရှင်သခင်အကြောင်း လျှောက်စပ်စုနေတာ”

ချင်မူက သူ့အား မေးသည်။ “နောင်တော်ယွင်၊ နောင်တော်ဆိုရင်ရော မြေအောက်ဘုံအရှင်သခင်ကို ကယ်မှာလား”

“ကယ်မှာပေါ့”

ကောင်းကင်နတ်အရှင်ယွင် ရုပ်ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ဝင်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ထိန်းချုပ်လိုက်သည်။ သူက သိပ်တွေးမနေဘဲ ပြော၏။ “မြေအောက်ဘုံအရှင်သခင်နဲ့ ငါက သိပ်တော့ မရင်းနှီးပါဘူး… ဒါပေမဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ သေခြင်းရှင်ခြင်းက ယိုတိုကို ပိုင်ဆိုင်နိုင်မှုနဲ့ ဆက်နွယ်နေတယ်လေ… ယိုတုပိုင်ဆိုင်မှုက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအပြင် လူသားမျိုးနွယ်ရဲ့ သေခြင်းရှင်ခြင်းနဲ့ ဆက်နွယ်နေတယ်… ဒါကြောင့် ဘာတွေပဲ ဖြစ်လာဖြစ်လာ ငါ့အသက်ကို စတေးရမယ်ဆိုရင်တောင် အကောင်းဆုံး ကြိုးစားပြီး မြေအောက်ဘုံအရှင်သခင်ကို ကယ်ရမှာပဲ.. ကောင်းကင်နတ်ဘုံလက်ထဲ ယိုတု ရောက်သွားလို့ မဖြစ်ဘူး..”

ချင်မူက သက်ပြင်းရှည်ကြီး တစ်ချက်ချ၍ ပြုံးလိုက်သည်။ “နောင်တော့်စကားကြောင့် ကျွန်‌တော့်ရင်ထဲက အလုံးတစ်လုံး ကျသွားပြီ”

ကောင်းကင်နတ်အရှင်ယွင်သည် အကြောဆန့်၍ ချီနှင့် သွေးတို့ကို စီးဆ်းစေလိုက်ရင်း ပြုံးလိုက်၏။ “မင်းကို ကူညီနိုင်တာ ငါ ဝမ်းသာပါတယ်”

ချင်မူက သူ့ကို ပတ်၍ လျှောက်နေပြီး ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်း တစ်ခုပြီး တစ်ခုအား သူ၏ခန္ဓာကိုယ်တွင် တံဆိပ်ခတ်နှိပ်ကာ သွေးများ လှည့်ပတ်နိုင်ရန်နှင့် ကောင်းကင်ရတနာများ သန့်စင်နိုင်ရန် ကူညီပေးနေသည်။ “နောင်တော်ယွင်နဲ့ ကျွန်တော် အတွေးတူတယ် … ဒါပေမဲ့ နောင်တော်က နဂါးဟန်ခေတ်မှာ ကျရှုံးခဲ့ရတာဆိုတော့ အားလုံးကို ရင်းပြီး မြေအောက်ဘုံအရှင်သခင်ကို ကယ်မှာက အကြံကောင်းတော့ မဟုတ်ဘူးဗျ”

ကောင်းကင်နတ်အရှင်ယွင်၏ မျက်နှာကြီးမှာ မည်းမှောင်သွားသည်။

ချင်မူက သူအား ဆက်၍ ပတ်လျှောက်နေရင်း ကောင်းကင်နတ်သိုင်းများ အသက်သွင်း၍ သူ၏ ချီနှင့်သွေးတို့ကို သန်မာနေစေသည်။ “ကောင်းကင်နတ်အရှင်ဟောင်က နောင်တော့်ရဲ့ ရန်သူတော်ဟောင်းတစ်ယောက်ပဲ… နောင်တော့်ကို အတော်လေးလေ့လာထားလိမ့်မယ်… နောင်တော့်ရဲ့ အကျင့်စရိုက်တွေ၊ အစီအစဉ်တွေနဲ့ အနာဂတ်မှာ ဘာလုပ်မလဲဆိုတာကို ‌ခရေစေ့တွင်းကျ သိထားလိမ့်မယ်… ဒါကြောင့် နောင်တော် နဂါးဟန်ခေတ်မှာ ရှုံးနိမ့်ခဲ့ရတာပဲ”

ကောင်းကင်နတ်အရှင်ယွင်၏ မျက်နှာကြီးက ပို၍မည်းမှောင်လာသော်လည်း ချင်မူ့ ချီနှင့် သွေးတို့က သူ၏ဦးခေါင်းဆီသို့ စီးဆင်းလာသဖြင့် ကောင်းမွန်လာသည်။ သူ၏မျက်နှာမှာ သွေးရောင်သမ်းလာပြီး ပြန်လည်ဝင်းပလာတော့သည်။

“အနိုင်ရတဲ့သူတွေက သူတို့ အောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်ကူးယူတတ်ကြတယ်… ဆိုတော့ ကောင်းကင်နတ်အရှင်ဟောင်က နောင်တော့်ကို ရှင်းလင်းခဲ့တဲ့နည်းလမ်းနဲ့ ကျွန်တော့်ကို ရှင်းလင်းဖို့ ကြိုးစားမှာပဲ”

ချင်မူက သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးထိုးလိုက်ပြီး ဦးနှောက်ကို အသက်သွင်းလိုက်သည်။ သူက ပြုံးလျက် ဆက်ပြော၏။ “ဒါကြောင့် ဆန့်ကျင်ဖက်ကို လုပ်ဖို့ ကျွန်တော် ပြင်ဆင်ထားတယ်”

ကောင်းကင်နတ်အရှင်ယွင်မှာ သူ၏ဦးနှောက် ပြန်လည် လည်ပတ်လာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး အတွေးအမြင်များနှင့် အသိစိတ်တို့လည်း လှုပ်ရှားလာကြသည်။ သူက တအံ့တဩ မေးလိုက်လေသည်။ “ဆန့်ကျင်ဖက်ကိုတဲ့လား... ဘယ်လိုလုပ်မှာလဲ…”

“မြေအောက်ဘုံအရှင်သခင်ကို သတ်မှာ”

ချင်မူက ကောင်းကင်နတ်အရှင်ယွင်၏ ကောင်းကင်တံတား ကောင်းကင်ရတနာကို လှမ်းဆုပ်ကိုင်လိုက်သည်။ သူက ကောင်းကင်တံတားကို ဓားဖြင့် ခုတ်ပိုင်းကာ ရယ်မောလိုက်၏။ “ကောင်းကင်နတ်အရှင်ဟောင်က မြေအောက်ဘုံအရှင်သခင်ကို သတ်ချင်နေတာမလား… ဆိုတော့ သူ့ထက် ခြေတစ်လှမ်း စောပြီး မြေအောက်ဘုံအရှင်သခင်ကို အရင် သတ်ပစ်မယ်”

ကောင်းကင်နတ်အရှင်ယွင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

ကောင်းကင်နတ်အရှင်ဟောင်ထက် ခြေတစ်လှမ်း‌ စော၍ မြေအောက်ဘုံအရှင်သခင်ကို သတ်မည်တဲ့လော။

“ခဏလေး… ကောင်းကင်နတ်အရှင်မူ ငါ့ ကောင်းကင်တံတား ကောင်းကင်ရတနာကို ဘယ်တုန်းက ပိုင်းဖြတ်လိုက်တာတုန်း”

ဤလူငယ်သည် သူ့အား မေးမြန်းခြင်းပင် မရှိခဲ့ချေ။

သူသည် ကောင်းကင်တံတား ကောင်းကင်ရတနာကို ဦးစွာဖွင့်လှစ်ခဲ့သည့် ကောင်းကင်နတ်အရှင်တစ်ပါး မဟုတ်ပါလော။ ကောင်းကင်တံတားသာ ပျက်စီးသွားပါက ကောင်းကင်နန်းဆောင်၏ အဆင့်အားလုံး ပြိုလဲသွားပေလိမ့်မည်။

ဤရုပ်ခန္ဓာသည် သူ၏မှော်စွမ်းအင်ကို ခံနိုင်ပါမည်လော။

ကောင်းကင်နန်းဆောင်၏ မှော်စွမ်းအင်များသာ ဖိချလိုက်ပါက သူ၏ရုပ်ခန္ဓာသည် ချက်ချင်း ပျက်စီးပြိုကွဲကာ ဖရိုဖရဲဖြစ်သွားလိမ့်မည်။

“ခဏလေးနေပါဦး… ကောင်းကင်နတ်အရှင်မူ၊ ငါ ပြောတာ နားထောင်ပါဦး”

ချင်မူက ကပ်ဘေးဓားကို ကျစ်ကျစ်ပါအောင် ဆုပ်၍ သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်လိုက်သည်။ ၎င်းက ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်ဆီးသွားသည့်အပြင် သေခြင်းရှင်ခြင်းကောင်းကင်ရတနာ၊ ကောင်းကင်နတ်အသွင်၊ အရပ်ခြောက်မျက်နှာ၊ ဓာတ်ကြီးငါးပါးနှင့် အခြားကောင်းကင်ရတနာများကိုလည်း ပျက်စီးသွားစေတော့၏။

All Chapters