တားမြစ်ရုံမဟုတ်ဘူးလား? ၃
Vol. 63 Ch. 933
ပြီးတော့ ပြည်တွင်းမျိုးစေ့ကုမ္ပဏီတွေက သူတို့စျေးကွက်ထဲဖောက်ဝင်၊ သူတို့စျေးကွက်ကိုသိမ်းပိုက်ပြီး၊ သူတို့နိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ငန်းကိုချုပ်ကိုင်ထားရင် ပိုမကောင်းဘူးလား?
အရင် ဒီမျိုးစေ့ထက်နှစ်ဆနည်းတဲ့မျိုးစေ့နဲ့တောင် စိုက်ပျိုးရေးလုပ်ငန်းကိုလည်ပင်းညှစ်နိုင်ခဲ့သည်။ အခု သူတို့ထက်နှစ်ဆများသွားပြီ။
သူတို့လိုက်မလုပ်နိုင်ရင် ပြည်တွင်းမျိုးစေ့ကုမ္ပဏီကိုအပြစ်တင်နေလို့မရ။ ဒီမျိုးစေ့ကုမ္ပဏီတွေကိုဆက်ပြီးလုပ်ပိုင်ခွင့်ပေးမပေး သူစဉ်းစားရဦးမည်။
ချင်လင်က ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။ သူ့ရုံးခန်းထဲရောက်ရောက်ချင်း အင်တာနက်ပေါ်တွင်သီးနှံသုတေသနစာအုပ်ရှာလိုက်သည်။
အစ်ကိုလီက သူ့ပခုံးပေါ်တဝက်ပစ်တင်လိုက်မှတော့ မတတ်နိုင်၊ သက်ဆိုင်ရာဗဟုသုတတွေလေ့လာရတော့မည်။
သေပြီ၊ ရှေ့လျှောက် တကယ်နဖူးတွေ့ဒူးတွေ့ဆို သူဘာမှပြောနိုင်မှာမဟုတ်ဘူးမလား?
အခု အစ်ကိုလီသာ သူ့ရှေ့မှာရှိရင် ပြောပစ်ချင်တာ_ "$@#~!''
ပြီးတော့ ဘွဲ့ရပြီးမှဒီစာအုပ်တွေပြန်ဖတ်ရတာ ရင်နာလိုက်တာ။
သူ့စိတ်ထဲကဂိမ်းကလည်း စိုက်ပျိုးရေးဂိမ်းဖြစ်နေသည်။ ပညာတတ်ဉာဏ်ကြီးရှင်ဂိမ်းမဟုတ်။ မဟုတ်ရင် သူအသာလေးဖတ်နိုင်လောက်သည်။
ချင်လင်တွေးတောနေစဉ် ရုတ်တရက် သူ့စိတ်ထဲမှဂိမ်းကလှုပ်ရှားမှုရှိလာသည်။

မြို့တော်ဝန်သောမတ် ပေါ်လာပြန်၏။
အရင်တစ်ခေါက်က သောမတ်အပြုအမူကြောင့် ဒီမြို့တော်ဝန်ကိုသူစိတ်ပျက်နေပြီ။
ဒီသောမတ်က လူတွေကိုအကွက်ရွှေ့ပြီး ကုန်းဆင်းနေကျ။ ဆုလာဘ်တွေပေးတဲ့ NPC ကောင်းမဟုတ်တော့။
သို့ရာတွင် သောမတ်ပေါ်လာခြင်းက ဇာတ်ကွက်ရှိသည့်သဘောလည်းဖြစ်သည်။ သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံပေါက်သွားစေပြီး သောမတ်ပေါ် ကလစ်နှိပ်လိုက်သည်။
သောမတ်က ချက်ချင်းပြန်ဖြေ၏_
(ဟိုင်း! တွေ့ရတာဝမ်းသာပါတယ်... အခုတလော မင်းရဲ့စိုက်ပျိုးရေးခြံက အလုပ်ဖြစ်နေပါလား... မင်းကသတ္တုမြို့တော်ရဲ့ဂုဏ်ဆောင်ပဲ... ငါတို့မြို့မှာစာကြည့်တိုက်ဆောက်တော့မယ်... စာကြည့်တိုက်မှာ ပါဝင်လှူဒါန်းချင်လား?)
"ကျွတ် ကျွတ်''
စကားပြောအကြောင်းအရာကိုဖတ်ပြီး ချင်လင်မှုန်ကုပ်သွားသည်။
ဒီတစ်ခါ ဆုအကြောင်းတောင်မပြောတော့။ တန်းလှူခိုင်းနေပြီ။
သို့ရာတွင် 'စာကြည့်တိုက်'ဆိုသောစာလုံးမြင်ပြီး သူသတိရသွားသည်။
စာကြည့်တိုက်ထဲတွင် ရှက်တတ်သော မျက်မှန်နှင့်ကောင်မလေးမေရီရှိသည်။ သူကစားခဲ့သောစိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပထမပုံစံမှာ မေရီဖြစ်သည်။
နောက်ပြီး စာကြည့်တိုက်မှာ ခန့်မှန်းရသောဂိမ်းပါသည်။ ခန့်မှန်းချက်မှန်လျှင် ထင်မထားသောလက်ဆောင်များရတတ်သည်။
ထို့ကြောင့် လက်ဆောင်မရဘဲ အလကားလှူရမည်ဆိုရင်တောင် လက်ခံနိုင်သေးသည်။ သူက 'လှူဒါန်းမည်'ကိုနှိပ်လိုက်သည်။
သူ့ဂိမ်းဇာတ်ကောင်ရွှေပြားများ ချက်ချင်းလျော့သွား၏။
(လှူဒါန်းတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်... စာကြည့်တိုက်ဖွင့်ရင် အသိပေးပါမယ်... ဖွင့်တဲ့အခါ ခန့်မှန်းဂိမ်းပါပါမယ်... မှန်တဲ့သူက ထူးထူးခြားခြားလက်ဆောင်ရနိုင်ပါတယ်!)
သောမတ်က စကားပြောပြီးသည်နှင့် လှစ်ခနဲပြန်ပြေးသွားသည်။
သူ့ပုံစံကြောင့် ချင်လင်က သောမတ်ကိုအထင်သေးမိပြန်သည်။
မကြာမီ_
မြို့ကြီးထဲတွင်_
ဝန်ကြီးလုနှင့် Barus လည်း ထပ်ပြီးတွေ့ဆုံသည်။
ဒီတစ်ခါ သူကခြေတစ်လှမ်းသာနေပြီဖြစ်၍ ခံစားချက်ကမတူတော့။ သူတို့ကိုတားမြစ်ရင် သူတို့ကလည်းတန်ပြန်နိုင်ပြီ။
Barus က ဝန်ကြီးလုနှင့်တွေ့သောအခါ လောလောနှင့်_
"မစ္စတာလု... အရင်ကိစ္စဆက်ပြောရအောင်... မျိုးစေ့တားမြစ်တဲ့ကိစ္စမှာ ကျုပ်တို့သေချာမစဉ်းစားဘဲလုပ်မိတဲ့အတွက် အားနာပါတယ်''
"ဟင်း ဟင်း!''
ဝန်ကြီးလုကပြုံးတုံ့တုံ့နှင့် Barus ကိုကြည့်နေသည်။
စင်ပေါ်ရောက်ရောက်ချင်း အလျှော့ပေးတောင်းပန်သောကြောင့် သူပြုံးရွှင်သွားသည်။ တကယ်ရေလိုက်ငါးလိုက်နေတတ်တာပဲ။
Barus က ရှက်ကိုးရှက်ကန်းဖြစ်နေသော်လည်း ထုတ်မပြရဲပေ။