ဟယ်ရှားအိပ်မက်!
Vol. 63 Ch. 939
ချင်လင်က သူ့လုပ်ပုံကိုင်ပုံကြောင့် လီခိုင်အံ့ဩနေမှန်းမသိ။
သူ့စိတ်နှင့်ကြွက်သားထဲမှမှတ်ဉာဏ်အတိုင်း သုတေသနလိုက်လုပ်နေသည်။ သူက အပြည့်အဝအာရုံစိုက်ထား၏။
ဒါသုတေသနစမ်းသပ်ခြင်း၏ဆွဲဆောင်မှုဖြစ်ကောင်းဖြစ်မည်။
ဒီလိုစိတ်ဝင်စားမှုမရှိရင် သုတေသနလုပ်ဖို့မပြောနှင့် သူများလုပ်တာကြည့်နေရရင်တောင် စိတ်ပင်ပန်းစရာ။
ဒါပေမဲ့ အခု ချင်လင်ကမတူ၊ သူ့အရည်အချင်းကိုတွေ့နေသလို စိတ်နှစ်မြှုပ်ထားသည်။
သုတေသနသမားတွေကလုပ်ရင်း သုတေသနထဲစိတ်ရောက်သွားတတ်ကြတာကို သူအခုသိပြီ။
အင်တာနက်ပေါ်မှာ နာမည်ကြီးသင်္ချာပညာရှင် GodV ဆိုတာရှိတယ်ဟုတ်?
သူ့ပုံစံက ဖိုသီဖတ်သီနှင့်။ ပေါက်စီနှင့်ရေသာသောက်ပြီး တစ်နေကုန်သင်္ချာတွက်နိုင်သည်ဟုဆိုကြသည်။
သူ့ဘဝအဓိပ္ပါယ်ကဘာလဲ?
ဒီလိုမေးတဲ့သူက သင်္ချာထဲမှာစိတ်နှစ်ရင်ဘယ်လောက်ပျော်စရာကောင်းလဲမသိသူဖြစ်မည်။
ဒီလိုပျော်ရွှင်မှုမျိုးကို တော်ရုံလူနားမလည်နိုင်။
ချင်လင်က သုတေသနအတိုင်း ကိရိယာတန်ဆာပလာများနှင့်ဆက်တိုက်လုပ်နေသည်။ ထို့နောက် မိုက်ခရိုစကုပ်များအောက်တွင်စစ်ဆေးကြည့်သည်။
လီခိုင်က မိုက်ခရိုစကုပ်ရှေ့လျှောက်သွားပြီး တစ်ချက်ကြည့်လိုက်သည်။ မိုက်ခရိုစကုပ်အောက်တွင် မျိုးစိတ်ဆဲလ်များအသစ်ထွက်လာပြီးပေါင်းစည်းနေသည်ကိုမြင်ရသည်။
တစ်နည်းပြောရရင် ညီလေးချင်ရဲ့သုတေသနက တစ်ဝက်အောင်မြင်ပြီ။ အချက်အလက်ကိုအတိအကျတွက်ချက်နိုင်သရွေ့ အောင်မြင်ပြီဟုယူဆနိုင်သည်။
ဒါ...
လီခိုင်မှာ မယုံတစ်ဝက်နှင့်။
ခရီးသွားမေဂျာတစ်ယောက်က သီးနှံအထွက်တိုး PhD တွေပဲလုပ်နိုင်တဲ့မျိုးစိတ်သုတေသနကိုလုပ်နိုင်တာ ဘယ်လောက်အံ့ဩစရာကောင်းလဲ စဉ်းစားကြည့်?
ဘယ်သူမှယုံနိုင်မည်မဟုတ်။
ဘေးပတ်လည်ရှိသုတေသနသမားများမှာ အမှတ်တမဲ့ငြိမ်သွားပြီး သူတို့သူဌေးကိုကြည့်လိုက်ကြသည်။
အခုတော့ ပါမောက္ခလီခိုင်နဲ့သူဌေးက ဘာလို့ဒီလောက်ရင်းနှီးနေလဲသိပြီ။ သူဌေးကချမ်းသာရုံသာမက ကုမ္ပဏီကိုကောင်းကောင်းဖွံ့ဖြိုးလာအောင်လုပ်နိုင်စွမ်းရှိတာပဲ။
ဘယ်လောက်ကြာသွားသည်မသိ။ ချင်လင်က လီခိုင်အား စမ်းသပ်ချက်တစ်ခုပေးရင်း_
"အစ်ကိုလီ... ဒါတစ်ချက်ကြည့်ပေးပါဦး... သုတေသနပြီးပြီလား?''
လီခိုင်က စမ်းသပ်ချက်ကိုကြည့်ပြီး မှင်တက်သွားသည်။ ထို့နောက် ကွန်ပျူတာဖွင့်ကာ နှိုင်းယှဉ်ကြည့်သည်။
ထိုအထဲတွင် မုန်လာဥဖြူမျိုးစိတ်ပေါင်းစပ်ခြင်းသုတေသနအတွက် ပုံသေအချက်အလက်များရှိသည်။ တိတိကျကျအချက်အလက်ကိုမူ ပြည်တွင်းသုတေသနကွန်ရက်တွင်တွေ့နိုင်သည်။ အတိမ်းအစောင်းက ၅% မကျော်သရွေ့ သုတေသနအောင်မြင်သည်ဟုဆိုနိုင်သည်။
လီခိုင်က အချက်အလက်ချင်းမြန်မြန်တိုက်ကြည့်ကာ တအံ့တဩနှင့်_
"ညီလေးချင်... အမှားက ၁% တည်း... ဒီစမ်းသပ်ချက်ကို ဒေါက်တာအတော်များများမရနိုင်ဘူး''
တခြားသုတေသနသမားများက မျိုးစိတ်ပူးပေါင်းသုတေသနအကြောင်းသိသော်လည်း သူတို့ ၁% ရနိုင်သည်ဟုမပြောရဲ။
ဒီသူဌေးက တကယ်အံ့ဩစရာပဲ။ အနည်းဆုံးတော့ PhD ကျောင်းသားတွေ သူ့ကိုယှဉ်နိုင်မှာမဟုတ်။
ချင်လင်ကစာအုပ်ကြီးအတိုင်းသာ လုပ်လိုက်သည်ကို သူတို့မသိကြ။ စမ်းသပ်ချက်က ဘာအကြောင်း၊ ဘာစည်းမျဉ်း၊ ဘာညာသာရကာ ဘာမှသူမသိ။
သူလုပ်နိုင်တာ လျှို့ဝှက်ကျောက်စာကျေးဇူးပင်။
သူသာစာမေးပွဲဖြေရရင် ကောလိပ်က သီးနှံမေဂျာစာမေးပွဲတောင်အောင်နိုင်သည်။ PhD တွေ မာစတာတွေ မပြောနှင့်တော့။
ချင်လင်လည်းအဖြေကြားပြီး ပြုံးလိုက်သည်။
အကွက်ရွှေ့လို့ကောင်းလိုက်တာ။
သုတေသနအောင်မြင်ကြောင်းအတည်ပြုပြီးနောက် သတ္တုမြို့တော်စာကြည့်တိုက်ကို သူမျှော်လင့်နေပြီ။
ထို့ကြောင့် နောက်တစ်နေ့အိပ်ရာနိုးလျှင် အရင်ဆုံးရုံးခန်းထဲသွားပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်သည်။ ထို့နောက် သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်စာကြည့်တိုက်သွားပြီး ခန့်မှန်းဂိမ်းရှိမရှိကြည့်စေသည်။
အရသာသိပြီးနောက် ဒီအကြောင်းပဲတွေးနေမိသည်။
ဖြစ်ချင်တော့ ဒီနေ့ ခန့်မှန်းဂိမ်းမရှိသေး။ ဒီခန့်မှန်းဂိမ်းက ခဏခဏပေါ်ပုံမရ။
ဒါပေမဲ့ သူ့အတွက်ကိစ္စမရှိ။
ဒီခန့်မှန်းဂိမ်းက တစ်ချိန်လုံးမရရင်တောင် သူကငယ်သေးသည်။
၁၀ နှစ်၊ နှစ် ၂၀ လောက်ကြာရင် လျှို့ဝှက်ကျောက်စာတွေအများကြီးရနိုင်တယ်မလား?
ဒါဆိုရင် ထူးချွန်သိပ္ပံပညာရှင်တောင်ဖြစ်လာနိုင်သည်။
ရုတ်တရက် တစ်ယောက်ယောက် တံခါးလာခေါက်သည်။ တော်ဝင်ပညာရှင်လီကပြုံးပြုံးနှင့်ဝင်လာပြီး_
"သူဌေးချင်... မနေ့က ချင်းလင်ဓာတ်ခွဲခန်းမှာသုတေသနလုပ်တာဆို? ဘာလို့ငါ့ကိုမခေါ်ရတာလဲ?''
"တော်ဝင်ပညာရှင်လီ ဘယ်လိုလုပ်သိလဲ?''
ချင်လင်အံ့ဩသွားသည်။
"အင်တာနက်ပေါ်ကလူတွေသိပြီးကုန်ပြီ... ငါလည်းသိတာပေါ့''
တော်ဝင်ပညာရှင်လီက ချက်ချင်းပြုံးပြီးဖြေသည်။
မျိုးစေ့အထွက်တိုးနည်းပညာသုတေသနမှာ သူဌေးချင်နာမည်ပါသောကြောင့် သူနည်းနည်းဇဝေဇငါဖြစ်ခဲ့သည်။
အခုတော့ သူဌေးချင်တကယ်သုတေသနလုပ်တတ်မှန်း သူသိပြီ။ အင်တာနက်ပေါ်မှာတင်ထားတဲ့မျိုးစိတ်ကူးပြောင်းပေါင်းစပ်ခြင်းသုတေသနက အကုန်ရှင်းပြလိုက်ပြီမလား။
တော်ဝင်ပညာရှင်လီစကားကြောင့် ချင်လင်ကချက်ချင်းဖုန်းထုတ်ပြီးကြည့်လိုက်သည်။ ခဏအကြာ ဆဲချင်စိတ်ပေါက်လာပြန်၏။
ရေပန်းစားရှာဖွေမှုထဲဝင်နေသောတစ်ပုဒ်မှာ:
"ရှောင်ချင် အသည်းအသန်စမ်းသပ်နေပုံပြမယ်!''
သူက ကလစ်နှိပ်ပြီးဗီဒီယိုကြည့်လိုက်ရာ မနေ့ကစမ်းသပ်နေပုံပါလာသည်။
ဗီဒီယိုတင်ထားတဲ့အကောင့်က ချင်းလင်ဓာတ်ခွဲခန်းတဲ့!
$@#~!
အစ်ကိုလီပဲဖြစ်မယ်။
ဒါပေမဲ့ ဒီလိုနာမည်မျိုး သူလုံးဝမလိုချင်။
ပြီးတော့ ဗီဒီယိုကရေပန်းစားနေပြီ။ ဖျက်ဖို့မမီတော့။
ထိုဗီဒီယိုကြောင့် အင်တာနက်မှာအုတ်အော်သောင်းတင်းဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ဆိုကတည်းက နာမည်ကြီးချင်ချင်။ ချင်းလင်ဓာတ်ခွဲခန်းရဲ့မျိုးစေ့အထွက်တိုးနည်းပညာနာမည်ကြီးတာကလည်း မကြာသေး။
နောက်ပြီး စာလည်းတော် သိုင်းလည်းတော်တဲ့ရှောင်ချင်က နာမည်ကြီးခေါင်းစဉ်ဖြစ်နေသည်။ ဒီဗီဒီယိုထွက်လာတော့ စိတ်မဝင်စားဘဲမနေနိုင်ကြပေ။
"အရင်တစ်ခါ ရှောင်ချင်မြင်းစီးတာတွေ့ဖူးတယ်... လှံကိုင်တာလည်း အားနဲ့မာန်နဲ့... အခု ရှောင်ချင်က သုတေသနလုပ်နေပြန်ပြီ... အသည်းအသန်အာရုံစိုက်နေတာကြည့်ကောင်းလိုက်တာ''
"စံပြဆိုတာ ဒီလိုဖြစ်နေရမယ်... ကြံခိုင်တဲ့ခန္ဓာကိုယ်နဲ့ထက်မြက်တဲ့ဦးနှောက်... ဒါလူငယ်တွေအကုန်ကြွေမှာ?''
"ဟား ဟား... သင်္ချာဉာဏ်ကြီးရှင် GodV ကို ဟုတ်လှပြီထင်နေတာ... အခု ရှောင်ချင်လည်းမဆိုးဘူး... သူကပိုကြည့်ကောင်းလို့ သူပိုတော်သလားလို့''
“……”
သာမန်အင်တာနက်ဆယ်လီများ၏မှတ်ချက်ပင်။ ရှောင်ချင်အပေါ်တရားသေအမြင်စွဲနေသောပြည်သူများလည်းဖြစ်သည်။
သီးနှံသုတေသနသမားများကလည်း ဗီဒီယိုကိုတွေ့ပြီး ပြန်တင်ကြသည်။
"ရှောင်ချင်က မျိုးစိတ်ကူးပြောင်းပေါင်းစပ်သုတေသနလုပ်နေပြီ... ဒါဒေါက်တာတွေမှလုပ်နိုင်တဲ့သုတေသနမျိုး''
"မျိုးစိတ်ကူးပြောင်းပေါင်းစပ်သုတေသနမှာ အမှား ၁% နဲ့ပြီးပြည့်စုံတဲ့ရလဒ်မျိုးကို သုတေသနသမားအတော်များများမရနိုင်ဘူး... ရှောင်ချင်က တော်လိုက်တာ!''
“…”
နောက်ဆုံး ချင်လင်ကစိတ်ပျက်လက်ပျက်နှင့် ဖုန်းချလိုက်သည်။ ရေပန်းစားနေပြီဆိုတော့ ပြန်ငြိမ်သွားတာပဲစောင့်ရတော့မည်။
ထင်တဲ့အတိုင်း တစ်ပတ်သာနာမည်ကြီးပြီး ပြန်ငြိမ်သွားလေသည်။
…
နေ့သစ်ရောက်လာသည်။
ချင်လင်က မနက်အစောကြီးနိုးလာပြီး နိုးနေပြီဖြစ်သောကျောက်မိုချင်းကိုကြည့်လိုက်သည်။ ထို့နောက် သူကအသံတိုးတိုးနှင့်_
"ဘာလို့အစောကြီးနိုးနေတာလဲ? နည်းနည်းလောက်ထပ်မအိပ်ချင်ဘူးလား?''
ကျောက်မိုချင်းဗိုက်က ကြီးသည်ထက်ကြီးလာပြီ။ ဒီအချိန်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက စိုးရိမ်စိတ်ပိုများပြီး စိတ်အထိအခိုက်မခံနိုင်။
ချင်လင်ကအမြဲလိုလို လေသံလေးနှင့်ပြောသည်။ လေသံမာမာမပြောရဲ။
တကယ်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးများ စိတ်ဆင်းရဲရခြင်းက သူတို့အမျိုးသားကြောင့်ပင်။
ကျောက်မိုချင်းနှင့်အတူ မျက်နှာသစ်ဆေးကြောသန့်စင်ပြီးနောက် ကျောက်မိုချင်းကိုအခန်းအပြင်ခေါ်လာသည်။ ထမင်းစားခန်းထဲရောက်သောအခါ လင်းဖန်က မနက်စာကိုဖွယ်ဖွယ်ရာရာပြင်ဆင်ထားသည်။
ကိုယ်ဝန်ဆောင်အတွက် စွပ်ပြုတ်ပါသည်။
ချင်လင်ကဆန်ပြုတ်သောက်ပြီးနောက် ကျောက်မိုချင်းနှင့်ခဏအချိန်ဖြုန်းပြီး အပန်းဖြေစံအိမ်အတွင်းဘက်မှထွက်ကာ ရုံးခန်းဘက်သွားလိုက်သည်။
ထို့နောက် သူ့ဂိမ်းဇာတ်ကောင်အား လုပ်နေကျနေ့စဉ်အလုပ်များလုပ်စေသည်။
သို့ရာတွင် အခုသူ့ဂိမ်းဇာတ်ကောင်ကို အရင်ဆုံးလုပ်ခိုင်းသည်က စာကြည့်တိုက်သွားပြီး မေရီရှိမရှိကြည့်စေခြင်းပင်။
မေရီက ကောင်တာမှာပဲထိုင်နေသည်။
စာကြည့်တိုက်ဖွင့်ပွဲပြီးကတည်းက မေရီထမလာသေး။ ဘယ်တော့မှထွက်လာမည်မသိပေ။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်အနောက်ဘက် နတ်ဘုရားမတောင်ပေါ်သွားစေသည်။
ဒီနေ့ နတ်ဘုရားမတောင်ပေါ် မိုးရွာနေသည်။ သည်းကြီးမည်းကြီးပင်။
အပြင်မှာဆို အိမ်ပြန်ပြေးမည်ဖြစ်သော်လည်း ဂိမ်းဖြစ်နေ၍ မိုးဘယ်လောက်သည်းသည်း သူ့ဂိမ်းဇာတ်ကောင်ကိုသွားခိုင်းသည်။
ပုံမှန်အတိုင်းဆို ရာသီဥတုထူးခြားရင် ထင်မထားတာတစ်ခုခုရတတ်သည်။
ဒီနေ့ နတ်ဘုရားမတောင်ပေါ်တွင် ဝက်သစ်ချပင်တချို့ပြန်ထွက်သည်။ အဲဒါကလွဲပြီး တခြားအပင်များက သာမန်သစ်ပင်များသာ။
ထို့နောက် တောင်တန်းထွက်ကုန်များဘက်သွားကြည့်သည်။ သူရောက်ရောက်ချင်း အပင်အများကြီးထွက်နေသည်ကိုတွေ့ရသည်။
ထင်တဲ့အတိုင်း ရာသီဥတုပြောင်းလို့ ထူးထူးခြားခြားတွေရပြီ။
ထိုအပင်အားလုံးမှာ အသီးများပြွတ်ခဲပြီး ညွတ်ကျနေသည်။
နောက်ပြီး သူ့ဂိမ်းဇာတ်ကောင်ကိုအနားကပ်ကြည့်စေရာ အပင်များကတမူထူးခြားသည်ကိုသတိထားမိသည်။ အပင်များအောက်တွင် ဗွက်အိုင်ပြီးရွှံ့ထနေသည်။
အရင်တောင်တန်းထွက်ကုန်များက မြေကြီးပေါ်ဖြစ်သည်ချည်းပင်။ အခု ဗွက်အိုင်နှင့်ရွှံ့က ထူးထူးခြားခြားအဓိပ္ပါယ်ရှိလိမ့်မည်။
ချင်လင်ကဂိမ်းဇာတ်ကောင်အား အပင်ရှေ့ရပ်စေရာ အပင်ကဂိမ်းဇာတ်ကောင်ထက်အများကြီးပိုရှည်နေသည်။ 2D ကာတွန်းပုံဖြစ်ပြီး စပါးပင်နှင့်တူနေသည်။
မဟုတ်သေး။
စပါးပင်က ဘယ်လိုလုပ်ဒီလောက်ရှည်မှာလဲ?
ဘာအပင်လဲ သူအရမ်းသိချင်နေပြီ။
ချင်လင်ကတွေးတောပြီး သူ့ဂိမ်းဇာတ်ကောင်အား အပင်ရိတ်သိမ်းစေရာ ချက်ချင်းစာထွက်လာသည်။
(ဂုဏ်ယူပါတယ်... မျိုးပြောင်းစပါး ၁၀ ကတ်တီရပါပြီ!)
(ဂုဏ်ယူပါတယ်... မျိုးပြောင်းစပါး ၁၀ ကတ်တီရပါပြီ!)
“???”
အသိပေးစာကြောင့် ချင်လင်လုံးဝကြောင်သွားသည်။
တကယ် သော*က်စပါးလား?
စပါးပင်က ဒီလောက်ရှည်ရလား?
အဲဒါကြောင့် မိုးရွာပြီး ရွှံ့တွေဗွက်တွေရှိနေတာပေါ့?
ဂိမ်းရေးဆွဲသူက ဒီမျိုးစေ့ကိုထည့်ချင်ရင် မျိုးစေ့ဆိုင်မှာထည့်လိုက်ရုံပဲမလား?
ဒီလိုမြင်ကွင်းမျိုးဖန်တီးနေတာ လူအား၊ငွေအားကုန်လိုက်တာ။
ဒါကြောင့် ဂိမ်းဆွဲတဲ့သူကိုအတွန့်တက်ပေးရမှာ။
ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကို နောက်ထပ်မျိုးပြောင်းစပါးပင်နားသွားပြီး ရိတ်သိမ်းစေသည်!
(ဂုဏ်ယူပါတယ်... မျိုးပြောင်းစပါး ၁၂ ကတ်တီရပါပြီ!)
(ဂုဏ်ယူပါတယ်... မျိုးပြောင်းစပါးမျိုးစေ့ ၂ စေ့ရပါပြီ!)
ဒီတစ်ခါက မျိုးစေ့နှစ်စေ့။
ချင်လင်က ဂိမ်းဇာတ်ကောင်အား မျိုးပြောင်းစပါးပင်အားလုံးဆက်ရိတ်သိမ်းစေသည်။
(ဂုဏ်ယူပါတယ်... မျိုးပြောင်းစပါး ၁၅ ကတ်တီရပါပြီ!)
(ဂုဏ်ယူပါတယ်... မျိုးပြောင်းစပါးမျိုးစေ့ ၁ စေ့ရပါပြီ!)
…
(ဂုဏ်ယူပါတယ်... မျိုးပြောင်းစပါးမျိုးစေ့ ၁ စေ့ရပါပြီ!)
ချင်လင်က အချိန်ယူပြီး တောင်တန်းထွက်ကုန်နေရာတွင်ထွက်နေသောမျိုးပြောင်းစပါးအားလုံးရိတ်သိမ်းလိုက်သည်။ နောက်ဆုံး မျိုးပြောင်းစပါးပင်များမှ မျိုးစေ့ ၇ စေ့နှင့် စပါး ၇၅ ကတ်တီရသည်။
နောက်ပြီး မျိုးစေ့ကမတူ။ ဂိမ်းလက္ခဏာအတိုင်း မျိုးပြောင်းစပါးပင်မှရိတ်သိမ်းပြီးသည်နှင့် မျိုးစေ့ဖြစ်သွားသည်။
မျိုးပြောင်းစပါးအကြောင်း သူသိချင်နေပြီ။
သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေပြီး သူကဂိမ်းထဲတန်းဝင်လိုက်သည်။ ထို့နောက် မှတ်ချက်ဖတ်လိုက်သည်:
(မျိုးပြောင်းစပါး: ပုံမှန်!)
(နတ်ဘုရားမတောင်ပေါ်ကျခဲ့သောစပါးမျိုးဖြစ်သည်။ နတ်ဘုရားမတောင်ပတ်ဝန်းကျင်နှင့်ရာသီဥတုကြောင့် မျိုးပြောင်းစပါးဖြစ်လာသည်!)
(မျိုးပြောင်းစပါးမျိုးစေ့: ပုံမှန်!)
(မျိုးပြောင်းစပါးစိုက်နိုင်သော အထူးမျိုးပြောင်းစပါးမျိုးစေ့ဖြစ်သည်။ အပင်က ပြောင်းပင်လောက်ရှည်ပြီး စပါးစေ့က မြေပဲခွံလောက်ကြီးနိုင်သည်!)
အကုန် သာမန်တွေ!
တောင်တန်းထွက်ကုန်တွေကို ချင်လင်ပထမဆုံးအကြိမ်ရတိုင်း သာမန်ပစ္စည်းများဖြစ်သည်။
သို့ရာတွင် မှတ်ချက်ဖတ်ပြီးနောက် ရုတ်တရက်စာတစ်ကြောင်းကိုသူတွေးမိသည်:
ဟယ်ရှားအိပ်မက်!