နောက်နေတာလား? တော်ရုံဝိုင်ထင်လား? ၂
Vol. 63 Ch. 943
ဘာပဲဖြစ်ဖြစ် အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ကိုဘယ်သူမှမရနိုင်။
"လူကြီးမင်းလီ''
ဆရာမာက အထဲရောက်ရောက်ချင်း_
"ကျုပ် ဒီဝိုင်တစ်သုတ်ကို နေ့တိုင်းအဖုံးလုံမလုံစစ်ဆေးပါတယ်... ဘာပြဿနာမှမရှိနိုင်ပါဘူး''
လီရှင်းလည်း ပြုံးပြီး_
"ဆရာမာကိုယုံတာပေါ့! အခု မြည်းကြည့်မယ်''
လီရှင်းကပြောရင်းဆိုရင်း ဝိုင်စည်တစ်စည်နားလျှောက်သွားကာ သေချာဖွင့်လိုက်သည်။ ဝိုင်နံ့ပြင်းပြင်းက ချက်ချင်းထွက်လာ၏။
"တကယ် ဆယ်စုနှစ်ချီစိမ်ထားတဲ့ဝိုင်ပဲ''
လီရှင်းကပြောသည်။ သက်တမ်းရင့်မောက်ထိုက်နဲ့စိမ်ရင်တောင် ဒီလောက်အနံ့မကောင်းနိုင်။
တစ်ခါတည်း သူ့ဘေးမှဝိုင်ဇွန်းကိုကောက်ယူပြီး တစ်ငုံမြည်းကြည့်သည်။
အထိအတွေ့၊ အရသာ၊ အနံ့က ဝိုင်သစ်ဆိုတာ ယုံရခက်ခက်ပင်။
တစ်ဇွန်းသောက်ပြီးနောက် နောက်တစ်ဇွန်းခပ်ကာ ဆရာမာကိုပေးရင်း_
"ဆရာမာ... ခင်ဗျားလည်းမြည်းကြည့်!''
ဆရာမာက ဟိတ်ဟန်ထုတ်မနေ။ အတွေ့အကြုံရှိသူဖြစ်၍ ဒီဝိုင်တစ်သုတ်ကိုမြည်းချင်နေသည်။
ရှန်းရွှေလက်ဆောင်ဆန်အကြောင်း သူသိသလို ဒီဝိုင်ကို ဒီဆန်နှင့်စိမ်ထားမှန်းလည်းသိသည်။
ဝိုင်သိုလှောင်ခန်းထဲမှာ ဝိုင်စပ်ရင်း သူမြည်းခဲ့ဖူးသည်။ အရင်က နည်းနည်းစူးရှရှဆိုသော်လည်း ဒီဝိုင်ဘယ်လောက်အရသာရှိလဲ သူသိသည်။
"အင်း!''
ဆရာမာလည်း မြည်းကြည့်ပြီး အလွန်စိတ်လှုပ်ရှားနေသည်_
"ဒီဝိုင်က မစူးတော့ဘူး... ဝိုင်နံ့ထွက်ပြီး သောက်လို့ကောင်းတယ်''
ချင်လင်လည်း ဇွန်းယူပြီး တစ်ငုံသောက်ကြည့်သည်။
သူကအရက်မသောက်တတ်သော်လည်း ခွဲခြားတတ်လာပြီ။ ဥပမာ ဝိုင်နံ့ကစူးရှရှမရှိတော့ဘဲ အနံ့မွှေးလာကြောင်း သူသိသည်။
"ဆရာမာ''
လီရှင်းက တန်းပြောသည်_
"ချင်းလင်ဝိုင်ပုလင်းတွေ ကျွန်တော့်အတွက်ပြင်ပေးပါ... အရည်အသွေးမြင့်တာ လိုချင်တယ်... ကျွန်တော်တစ်သုတ်ပြန်ယူသွားပြီး ကောင်းကောင်းထိန်းသိမ်းထားမယ်''
"ကျုပ်ပို့ခိုင်းလိုက်ပါမယ်!''
ဆရာမာကခေါင်းညိမ့်ပြီး ဝိုင်သိုလှောင်ခန်းအပြင်ထွက်သွားသည်။ ဒီဝိုင်တစ်သုတ်လုပ်ဖို့ သူဌေးက လူကြီးမင်းလီကိုဖိတ်ပြီး ဝိုင် ၂၀% ပေးမည်မှန်း သူသိသည်။
ဆရာမာထွက်သွားသောအခါ လီရှင်းကမေးသည်_
"ချင်လင်... ဒီဝိုင်တစ်သုတ်က အရမ်းအဓိပ္ပါယ်ရှိတယ်... ရှန်းရွှေလက်ဆောင်ဆန်ဝိုင်ပထမအသုတ်က ချင်းလင်ဝိုင်လုပ်ငန်းကထုတ်တဲ့ပထမဆုံးအဆင့်မြင့်ဝိုင်ပဲ''
"ဝိုင်သိုလှောင်ခန်းနဲ့စုတဲ့သူတွေအတွက် ဒီဝိုင်ကိုစုဆောင်းတာ ထူးထူးခြားခြားအဓိပ္ပါယ်ရှိတယ်... မင်းလေလံဆွဲဖို့စိတ်ကူးရှိလား? စျေးကောင်းရမှာ''
"အထူးသက်တမ်းရှိတဲ့ဝိုင်ထွက်လာတာနဲ့ သူတို့ကလေလံဆွဲကြတယ်... အထက်တန်းစုဆောင်းသူတွေနဲ့ ငါမင်းကိုချိတ်ပေးမယ်... အွန်လိုင်းကဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် ရတယ်''
"အင်း! လုပ်လို့ရတယ်! ဒါပေမဲ့ အွန်လိုင်းလေလံပဲလုပ်မယ်''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်_
"ဘာပဲဖြစ်ဖြစ် ဒီတစ်သုတ်မှာ ဝိုင်သိပ်မရှိဘူး''
လီရှင်းပြောတာ သူသဘောပေါက်သည်။
မောက်ထိုက်နှင့်ဖန်းကျိုက သုံးလေးနှစ် ဒါမှမဟုတ် အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီး ပုံမှန်လေလံတင်ကာ သူတို့ဝိုင်တန်ဖိုးတက်အောင်ထိန်းထားသည်။
လီရှင်းကပြုံးပြီး_
"ရတာပေါ့... ငါစီစဉ်ပေးမယ်... ချင်းလင်ဝိုင်လုပ်ငန်းလေလံအောင်မြင်စေရမယ်... ဒါပေမဲ့ ငါ့ကိုအချိန်ပေးဦး!''
“အင်း!”
ချင်လင်ခေါင်းညိမ့်လိုက်သည်။
အွန်လိုင်းလေလံဆွဲဖို့ အချိန်ယူရလိမ့်မည်။
မကြာမီ ဆရာမာက ချင်းလင်ဝိုင်ပုလင်းတချို့ယူလာပြီး လီရှင်းကိုဝိုင်ဖြည့်ပေးသည်။
ချင်းလင်ဝိုင်ပုလင်းက မောက်ထိုက်ကဲ့သို့ ကတ်တီဝက်ဆံ့သောပုလင်းဖြစ်သည်။
ပုလင်းပေါ်တံဆိပ်ကပ်လိုက်ခြင်းပင်။ ဘာပဲဖြစ်ဖြစ် ယမကာထုတ်ကုန်များ၏သက်တမ်းက တခြားသောက်စရာများနှင့်မတူ။ ရက်စွဲက ထွက်သောနေ့မဟုတ်၊ ထုတ်လုပ်သောနေ့ဖြစ်သည်။
ဒီဝိုင်တစ်သုတ်က မနှစ်ကဖြစ်၍ မနှစ်ကဝိုင်လုပ်သောနေ့ကိုကပ်ထားသည်။
ရောစပ်ပြီးဝိုင်မှာ ကတ်တီ ၁၅၀ နီးပါးရှိသည်။ လီရှင်း၏ ၂၀% က ကတ်တီ ၃၀ ဖြစ်၍ ပုလင်း ၆၀ ရှိသည်။
ချင်းလင်ဝိုင်နှင့်မင်မြို့တော်ပြန်ရောက်သောအခါ ပျော်လွန်း၍ပါးစပ်မစေ့နိုင်။
ဒီဝိုင်အာနိသင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့်မယှဉ်နိုင်သော်လည်း ကြေးညိုဆေးဖက်ဝင်ဝိုင်ပုလင်းထက်တော့ပိုကောင်းသည်။
ချင်လင်လည်း အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ဝိုင်သုံးလေးပုလင်းကို ရုံးခန်းထဲပြန်ယူလာသည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်ပြီး ဒီချင်းလင်ဝိုင်တစ်သုတ်၏အရည်အသွေးများကိုကြည့်လိုက်သည်။
(ချင်းလင်ဝိုင်: အရည်အသွေး ၂)
(အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ကို ဆယ်စုနှစ်ချီဝိုင်သိုလှောင်ခန်းထဲလှောင်ထားသောချင်းလင်ဝိုင်ဖြစ်သည်:
အာဟာရကြွယ်ဝခြင်း +၂၊ အရသာ +၂၊ အနံ့မွှေးခြင်း +၂၊ သောက်ကောင်းခြင်း +၂၊ အိုမင်းခြင်းကိုဆန့်ကျင်သောဗီတာမင်ဓာတ်များ +၂၊ ဝိုင်ရနံ့ကြွယ်ဝခြင်း +၁)
သူ့အရည်အသွေးတွေက ဆယ်စုနှစ်သက်တမ်းဝိုင်တွေထက်လုံးဝသာသွားပြီ။
ဝိုင်နံ့ပိုင်းမှာ ဒီဝိုင်တစ်သုတ်က ဆယ်စုနှစ်ချီဝိုင်တွေလောက်မကောင်း။ သို့ရာတွင် ရှန်းရွှေလက်ဆောင်ဆန်ကိုယ်တိုင်ကိုက အရသာ +၂၊ အနံ့မွှေးခြင်း +၂၊ စားကောင်းခြင်း +၂ အရည်အသွေးများရှိသည်။ လုံးဝလွှမ်းမိုးနိုင်သည်။
ထို့ကြောင့် ဝိုင်ချင်းနှိုင်းယှဉ်ကြည့်လျှင် နှစ် ၃၀ သက်တမ်းပရီမီယံမောက်ထိုက်မှာ လေလံစျေးယွမ် ၂၀၀၀၀၀ ရနိုင်သည်။ သူသာ ဒီဝိုင်တစ်သုတ်ကိုလေလံဆွဲရင် အနည်းဆုံးယွမ် ၂၀၀၀၀၀ ရမည်။
ဒီကောင်က ချင်းလင်ဝိုင်စုဆောင်းသူများကိုဆွလိုက်သလိုဖြစ်မည်။ စျေးကွက်ထဲမှချင်းလင်ဝိုင်က တကယ်ကောင်းတာနှမြောစရာ။
လီရှင်းက မင်မြို့တော်ပြန်လာပြီး သူ့အလုပ်ကိုမမေ့။ ပြည်တွင်းဝိုင်စုဆောင်းသူများကိုအရင်ဆက်သွယ်သည်။ ပထမဆုံးတစ်ယောက်က ဥက္ကဌပေါင်ပင်။
ဒီလူတွေကိုဖိတ်ရတဲ့အကြောင်းရင်းက ရှင်းပါသည်။ ဝိုင်ကောင်းတစ်မျိုးရထားသောကြောင့် အားလုံးကိုဧည့်ခံချင်သည်ဟူ၍။
လီရှင်းက ဝိုင်လောကမှာနာမည်ကြီးဖြစ်ပြီး မင်မြို့တော်မှာအတော်ဆုံးတစ်ယောက်ဖြစ်သည်။ နောက်ပြီး ချင်းလင်ကုမ္ပဏီသူဌေးနှင့်သိကျွမ်းသည်။
အခု ချင်းလင်ကုမ္ပဏီသူဌေးစုဆောင်းထားတဲ့ဝိုင်တွေက ဘယ်လောက်လန့်စရာကောင်းတဲ့အကြောင်း ဥက္ကဌပေါင်ဆီမှတဆင့် သိကုန်ကြပြီ။ အားကျသူ၊ မနာလိုသူများ တစ်ပုံတပင်။
ဒီအချက်နဲ့တင် လီရှင်းကဝိုင်လောကမှမဟုတ်ရင်တောင် ဝိုင်ကောင်းရှိသည်ကြားလျှင် သွားကြဦးမည်။ ချင်းလင်ကုမ္ပဏီသူဌေးဆီက ဝိုင်ကောင်းရခဲ့တာဆို ဘယ်လိုလုပ်မလဲ?
ထို့ကြောင့် ဖိတ်ကြားခံရသူများမှာ ဘယ်မြို့ကဖြစ်ဖြစ် လေယာဉ်လက်မှတ်ဝယ်ပြီး မင်မြို့တော်ကိုတစ်နေ့တည်းသွားကြသည်။
သူတို့လိုဝိုင်စုဆောင်းသူများအဖို့ ဝိုင်ကောင်းကိုအတူတူအရသာခံရခြင်းက ကြီးကျယ်သောအခမ်းအနားပင်။
ထို့ကြောင့် တတိယမြောက်နေ့တွင် လီရှင်းဖိတ်ထားသောလူအားလုံးရောက်လာသည်။ သူတို့ကို မင်မြို့တော်၏အကြီးဆုံးဟိုတယ်၊လင်းလက်ဟိုတယ်ဧည့်ခန်းတွင် စီစဉ်ပေးထားသည်။
ဥက္ကဌပေါင်က လီရှင်းကိုမြင်မြင်ချင်း လက်ဆွဲနှုတ်ဆက်ပြီး_
"လီရှင်း... မင်းဆီမှာ ဝိုင်ကောင်းရှိတယ်ဆို... ငါ့အဖွဲ့အစည်းကအလုပ်တွေဘေးချပြီး ချက်ချင်းလာတာကွ''
"ဥက္ကဌပေါင်... ဒီတစ်ခေါက်ဝိုင်က ခင်ဗျားလုံးဝစိတ်ပျက်ရမှာမဟုတ်ဘူး''
လီရှင်းကပြုံးပြုံးနှင့်ပြောသည်။
နောက်တစ်ယောက်က လီရှင်းကိုလက်ဆွဲနှုတ်ဆက်ပြီးမေးပြန်သည်_
"လီရှင်း... မတွေ့တာကြာပြီနော်... မင်းပြောတဲ့ချင်းလင်သူဌေးဆီက ဝိုင်ကောင်းရခဲ့တာလား?''
"ဥက္ကဌလျို... ခင်ဗျားပြောတာ အမှန်ပဲ... ပြီးရင် အားလုံးမြည်းကြည့်ရအောင်''
လီရှင်းလည်းပြုံးပြီး လက်ဆွဲနှုတ်ဆက်သည်။
ထို့နောက် သူဖိတ်ထားသောလူများနှင့် ဆက်ပြီးလက်ဆွဲနှုတ်ဆက်သည်။ သူဖိတ်ထားသူများအားလုံး ဝိုင်ချစ်သူများဖြစ်ပြီး သာမန်လူများမဟုတ်ကြ။ အားလုံးက ထိပ်တန်းဝိုင်စုဆောင်းသူများဖြစ်သည်။
ပထမဆုံးလေလံမှာ ဒီလူတွေပါရင်ကို ချင်းလင်ဝိုင်လုပ်ငန်းအဖို့လိုလောက်ပြီ။
ဆယ်လီညစာစားပွဲလိုပင်။ နတ်မင်းကြီးလေးပါးစလုံးဖိတ်ထားရင် အဆင့်အတန်းက အဆင့် B ဆယ်လီတစ်ရာကျော်ဖိတ်ထားတာထက်ပိုမြင့်သည်။
ထို့နောက် လီရှင်းက ချင်းလင်ဝိုင်ပုလင်းယူလာပြီးစားပွဲပေါ်တင်ခိုင်းသည်။
တခဏချင်း ဥက္ကဌပေါင်၊ဥက္ကဌလျိုတို့က ဝိုင်ကိုမျက်စိရောက်သွားပြီး ချင်းလင်ဝိုင်မှန်းသိလိုက်သည်။
အခု ချင်းလင်ဝိုင်ကနာမည်အရမ်းကြီးနေပြီ။
ဥက္ကဌပေါင်ရဲ့နှစ် ၇၀ ချင်းလင်ဝိုင်သုံးပုလင်းမှာ နိုင်ငံတကာအရက်ဖလှယ်ပွဲတွင်ပြသောပုလင်းအပြင် တစ်ပုလင်းချန်ကောင်းချန်ထားလိမ့်မည်။
သူတို့ကထိုပုလင်းကိုတွေးမိသော်လည်း ဥက္ကဌပေါင်က အစည်းအဝေးတွင်ဧည့်ခံရန် အဖွဲ့အစည်းမှာသိမ်းထားပြီး မထုတ်ပေ။
"အားလုံးပဲ''
လီရှင်းကပြောသည်_
"ဒါ ချင်းလင်ကုမ္ပဏီကရခဲ့တဲ့ဝိုင်ကောင်းတွေပဲ... အားလုံးမြည်းကြည့်ကြပါ''
ဥက္ကဌပေါင်တို့က ပိုပြီးစိတ်အားထက်သန်လာသည်။
"ဒါ အရင်နှစ်ကချင်းလင်ဝိုင်လား?''
"နှစ် ၇၀ ချင်းလင်ဝိုင်က အရမ်းအရသာရှိတာ... ဒီတစ်ခါ ဘယ်နှစ်နှစ်လဲ?''
"လီရှင်းကထုတ်ပြီးဖိတ်မှတော့ နှစ်ကမနည်းလောက်ဘူး''
“……”
ဥက္ကဌပေါင်တို့ကပြောရင်းဆိုရင်း ချင်းလင်ဝိုင်ပုလင်းကိုကောက်ပြီး စူးစမ်းကြည့်ကြသည်။
ရက်စွဲကိုမြင်သောအခါ ဥက္ကဌပေါင်တို့ကြောင်သွားသည်။
"ဒီဝိုင်က မနှစ်ကမှထွက်တာ? လီရှင်း ဒီလိုတော့မနောက်နဲ့လေ''
ဥက္ကဌပေါင်က အောင့်သက်သက်နှင့်ပြောသည်။
ဥက္ကဌလျိုတို့ကလည်း လီရှင်းကိုတအံ့တဩကြည့်လိုက်ကြသည်။
မနှစ်ကမှထွက်တဲ့ချင်းလင်ဝိုင်က ဘယ်လောက်ကောင်းမှာမလို့လဲ?
အမှန်အတိုင်းပြောရရင် သူတို့ရဲ့ဝိုင်သိုလှောင်ခန်းထဲမှာလည်း မနှစ်ကချင်းလင်ဝိုင်ရှိသည်။ အရသာက မောက်ထိုက်၊ဖန်းကျိုတို့လို အဆင့်နိမ့်ဝိုင်အသစ်လောက်သာ။ လုံးဝအရသာမခံနိုင်။
ဝယ်ပြီးဝိုင်သိုလှောင်ခန်းထဲထည့်ထားရတဲ့အကြောင်းရင်းက ဝိုင်သိုလှောင်ခန်းထဲမှာ အမျိုးအစားစုံအောင်ဖြစ်သည်။ ဒီဝိုင်အသစ်ကို နောက်ထပ် ၁၀ နှစ်၊ နှစ် ၂၀ လောက်ထားရင် အရသာတွေ့လောက်ပြီ။
၁၀ နှစ်၊ နှစ် ၂၀ ကြာပြီးတဲ့အခါ သူတို့ဝိုင်သိုလှောင်ခန်းရှိသေးရင်ပေါ့။
အခု လီရှင်းကအဝေးကြီးလှမ်းဖိတ်ပြီး ဒီလိုဝိုင်မျိုးနဲ့ဧည့်ခံတယ်?
သူတို့ကိုဟာသလုပ်နေတာပဲ။
ဥက္ကဌပေါင်က ချက်ချင်းပြောလိုက်သည်_
"လီရှင်း မနောက်နဲ့တော့... တကယ့်ဝိုင်ထုတ်ပြ!''