တကယ့်ဝိုင်သစ်! လေလံပွဲစစချင်း လန့်စရာ!
Vol. 63 Ch. 944
လီရှင်းက ဥက္ကဌပေါင်စကားနားထောင်ရင်း ပြုံးလိုက်ပြီး_
"ဥက္ကဌပေါင်... ကျွန်တော်နောက်နေတာမဟုတ်ဘူး... ဒါ ဒီနေ့ဧည့်ခံမယ့်ချင်းလင်ဝိုင်ပဲ... ဒီချင်းလင်ဝိုင်က မနှစ်ကထုတ်တာဆိုပေမဲ့ ခင်ဗျားတို့ထင်သလို လုံးဝမဟုတ်ဘူးနော်''
လီရှင်းကပြောရင်းဆိုရင်း ချင်းလင်ဝိုင်ပုလင်းဖွင့်ပြီး ဥက္ကဌပေါင်နှင့်ဥက္ကဌလျိုတို့ရှေ့တွင် ဖန်ခွက်များထဲလောင်းထည့်လိုက်သည်။
ဥက္ကဌပေါင်၊ ဥက္ကဌလျိုတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဒီဝိုင်သစ်က ဘာများထူးခြားမှာမလို့လဲ? ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့လည်းမတူ။
ဘယ်လိုနည်းသုံးသုံး၊ ဘယ်နှစ်နှစ်အရက်ဖြူထည့်ထည့်၊ ဝိုင်အသစ်ဆိုတာနှင့်တင် သက်တမ်းရင့်ဝိုင်များကိုမယှဉ်နိုင်။
သို့ရာတွင် လီရှင်းက အားလုံးအတွက်ငှဲ့ထားပြီဖြစ်၍ သူတို့ရှေ့မှဖန်ခွက်ကိုကောက်ယူပြီးသောက်ကြည့်ရတော့သည်။
အရသာခံကြည့်ခြင်းက လေးစားမှုပြခြင်းပင်။ ပြီးမှ လီရှင်းကဝိုင်ကောင်းထုတ်မတိုက်ရင် ဆင်ခြေပေးပြီးထွက်လာရုံသာ။
လူအများစုက ဒီလိုတွေးကြလိမ့်မည်။
သူတို့က ဥက္ကဌပေါင်လို လီရှင်းနှင့်အထူးတလည်ရင်းနှီးမှုမျိုးမရှိ။
တစ်ဖက်ကဖိတ်၍ တေက်လျှောက်လာခဲ့ရသည်။ နောက်ဆုံးကျ သူပြောတဲ့ဝိုင်ကောင်းက ဝိုင်သစ်တဲ့။ နည်းနည်းတော့ရယ်စရာကောင်းနေသည်။
ဥက္ကဌပေါင်လည်း သူ့ရှေ့ကခွက်ကိုယူပြီး သောက်ကြည့်သည်။ လီရှင်းက သူများကိုလှည့်စားတတ်သူမဟုတ်မှန်း သူသိသည်။
ဒီဝိုင်က တကယ်ထူးခြားလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ဝိုင်လေ။
ဥက္ကဌပေါင်က ဝိုင်ခွက်ကိုပါးစပ်ထဲထည့်ကာတစ်ငုံသောက်ပြီး မျက်နှာထားပြောင်းသွားသည်။ သူကအမှတ်တမဲ့နောက်တစ်ငုံသောက်ကာ_
"ဒါ...''
ဝိုင်ကိုအရသာခံပြီး ဥက္ကဌလျိုကတန်းပြောသည်_
"လီရှင်း... မင်းစနေတာ သိသားပဲ... ဒါဘယ်လိုလုပ်ဝိုင်သစ်ဖြစ်မှာလဲ? ခုနှစ်တပ်ထားတဲ့ဝိုင်ပုလင်းနဲ့ မင်းငါတို့ကိုလန့်အောင်လုပ်တာ''
တခြားလူများကလည်း လီရှင်းငှဲ့ပေးသောဝိုင်ကိုအရသာခံပြီး ပြုံးပြုံးပြုံးပြုံးနှင့်_
"ဝိုင်ကောင်း... ဒီချင်းလင်ဝိုင်က တကယ်ဝိုင်ကောင်းပဲ!''
"သောက်တောင်မသောက်ရသေးဘူး... အနံ့က နှစ် ၃၀ ဝိုင်နံ့ရတယ်!''
"နှစ် ၃၀ မကဘူးထင်တယ်... အဲဒီထက်များမယ်''
"လှည့်စားခံရတော့မလို့... တကယ်ဝိုင်သစ်မှတ်နေတာ!''
"လီရှင်း ပြောပါဦး''
ဥက္ကဌပေါင်က ပြုံးပြုံးနှင့်_
"ဒီဝိုင် ဘယ်နှစ်နှစ်လဲ? မသောက်ကြည့်ရင် ယုံနိုင်မှာမဟုတ်ဘူး!''
"ဟုတ်ပါ့''
ဥက္ကဌလျိုက ဝင်ပြောသည်_
"ဝိုင်သက်တမ်းကိုတောင် ငါမပြောနိုင်ဘူး... ထူးဆန်းတယ်!''
တခြားသူများကလည်းခေါင်းညိမ့်ပြပြီး မယုံနိုင်ကြ။
သူတို့အားလုံးပေါင်းလိုက်ရင် ပြည်တွင်းမှာထိပ်တန်းဝိုင်အရသာခံသူတွေလို့ဆိုနိုင်တယ်မလား? နည်းလမ်းတကျပြောရရင် ဝိုင်သက်တမ်းကိုအရသာခံဖို့မဖြစ်နိုင်။
နှစ် ၁၀၀ ကျော်ဝိုင်မဟုတ်ရင် ဝိုင်စဖောက်သည့်အချိန်မှပြီးပြည့်စုံသောအချိန်ကွာခြားချက်ကို သူတို့မပြောနိုင်ပေ။
ဒီဝိုင်က တကယ်နည်းနည်းထူးဆန်းသည်။ အရသာ၊ အနံ့၊ အထိအတွေ့အရ နှစ် ၃၀၊ ၄၀ ရှိနိုင်သည်။ သို့ရာတွင် တိတိကျကျမပြောနိုင်သောကြောင့် ထူးဆန်းနေသည်။
လီရှင်းက သူတို့မျက်နှာထားကိုကြည့်ပြီး ရယ်လိုက်ကာ_
"ဥက္ကဌပေါင် ဥက္ကဌလျို... ကျွန်တော်မညာဘူး... ဒါတကယ် ဝိုင်အသစ်... မနှစ်က ကျွန်တော်ကိုယ်တိုင် ချင်းလင်ဝိုင်လုပ်ငန်းမှာစိမ်ခဲ့တာ''
"ဘယ်လို?''
သူ့စကားကြောင့် ဥက္ကဌပေါင်အံ့ဩသွားသည်။
တခြားသူများကလည်း လီရှင်းကိုမယုံနိုင်ပုံနှင့်ကြည့်ကြသည်။
သူတို့အားလုံးက ဝိုင်စုဆောင်းသူတွေ။ ဝိုင်သစ်ကဒီလောက်အရသာရှိတာ တစ်ခါမှမတွေ့ဖူး။ အရသာက အရမ်းကောင်းပြီး ဝိုင်သစ်အနံ့မျိုးမရပေ။ ထူးထူးခြားခြားအနံ့ရှိသည်။
ဒါပေမဲ့ လီရှင်းက သူတို့ကိုလိမ်စရာအကြောင်းလည်းမရှိ။
"လီရှင်း.. မင်းဒီဝိုင်ကိုမနှစ်ကဖောက်ခဲ့တာဆို အရသာကဘာလို့မတူတာလဲ?''
ဥက္ကဌလျိုက အမှတ်တမဲ့ထမေးသည်_
"ဝိုင်သစ်ဆို ဒီလိုမဟုတ်နိုင်ဘူးလေ''
လီရှင်းကရှင်းပြသည်_
"ဒီဝိုင်ကိုအထူးပါဝင်ပစ္စည်းတွေထည့်ထားတာ... ဥက္ကဌပေါင်.. ခင်ဗျားရှန်းရွှေလက်ဆောင်ဆန်အကြောင်းသိတယ်မလား? ဒီဝိုင်ကို ရှန်းရွှေလက်ဆောင်ဆန်နဲ့လုပ်ထားတာ... အဲဒီထဲကအရည်အသွေးကောင်းတာနဲ့''
"ရှန်းရွှေလက်ဆောင်ဆန်?''
ဥက္ကဌပေါင်က ရေရွတ်လိုက်သည်။
"အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်? အဲဒါမျိုးရှိလား?''
ဥက္ကဌလျိုလည်း အံ့ဩသွားသည်။
တခြားသူများကလည်း အချင်းချင်းမယုံနိုင်ပုံနှင့်ကြည့်လိုက်ကြသည်။
သူတို့လုံးဝမတွေးမိသောအရာပင်။
ရှန်းရွှေလက်ဆောင်ဆန်က အထွက်နှုန်းအကန့်အသတ်ရှိကြောင်း သူတို့သိသည်။ နှစ်တိုင်း ပမာဏနည်းနည်းသာရသည်။ မြို့တော်တင်ပို့သည်မှလွဲ၍ အပြင်မှာသိပ်မရောင်းပေးနိုင်။ အခု တစ်ကတ်တီ ယွမ် ၂၀၀၀၊ ၃၀၀၀ ပေါက်သည်။
များများစားစားမရှိခြင်းကြောင့် ယွမ် ၂၀၀၀၊ ၃၀၀၀ ပေးဝယ်ချင်ရင်တောင် ဘယ်သူမှရောင်းမည်မဟုတ်။ ဂုဏ်၊ အဆင့်အတန်း၊ အဆက်အသွယ်မရှိဘဲ မဝယ်နိုင်ပေ။
သူတို့ရှန်းရွှေလက်ဆောင်ဆန်စားနိုင်သော်လည်း ရံဖန်ရံခါသာဖြစ်သည်။ ရှန်းရွှေလက်ဆောင်ဆန်နှင့်ဝိုင်လုပ်မည်ဟု လုံးဝမတွေးခဲ့ဖူး။
မောက်ထိုက်နှင့်ဖန်းကျိုလိုကုမ္ပဏီသူဌေးများတောင် ဒီအကြောင်းတွေးမည်မဟုတ်ပေ။
ချင်းလင်ဝိုင်လုပ်ငန်းက ဒီရှန်းရွှေလက်ဆောင်ဆန်သုံးပြီး ဝိုင်စိမ်မယ်လို့ဘယ်ထင်မလဲ? ပြီးတော့ အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်တဲ့!
ရှန်းရွှေလက်ဆောင်ဆန်စားဖူးသော်လည်း အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်ဆိုတာ လုံးဝမကြားဖူးခဲ့။
သို့ရာတွင် လီရှင်းကဝိုင်ထုတ်လာပြီး ညာနေပုံလည်းမပေါ်။ တစ်နည်းပြောရရင် အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်တကယ်ရှိနေသည်။ သူတို့အဆင့်အတန်းကသိပ်မမြင့်သောကြောင့်သာ မရခြင်းဖြစ်မည်။
ဥက္ကဌပေါင်က မမေးဘဲမနေနိုင်တော့_
"လီရှင်း... မင်းက ရှန်းရွှေလက်ဆောင်ဆန်နဲ့ဝိုင်လုပ်တယ်... မနှစ်ကဝိုင်က ဒီလောက်အရသာရှိနိုင်လို့လား?''
လီရှင်းက အတည်မပြုနိုင်သောကြောင့်_
"ရှန်းရွှေလက်ဆောင်ဆန်က အဓိကဆိုပေမဲ့ အထူးဝိုင်စိမ်နည်းလည်းရှိသေးတယ်... ပြီးတော့ နှစ် ၆၀ ကျော်သက်တမ်းရှိတဲ့ဝိုင်သိုလှောင်ခန်းဟောင်းတစ်ခုရှိတယ်... ဆယ်စုနှစ်ချီဝိုင်လုပ်ငန်းအတွေ့အကြုံရှိတဲ့ဆရာကြီးက တောက်လျှောက်ကြည့်ရှုနေတာ... အဲဒါတွေအားလုံးကြောင့် ဒီလိုဝိုင်ကောင်းထွက်လာတာပဲ''
ထိုအချိန်တွင် အဖွဲ့အစည်းဥက္ကဌပေါင်တို့လက်သင့်ခံရတော့သည်။