ချိပ်စည်းပျက်ပြယ်ခြင်း
Vol. 018 Ch. 1743
ငရဲတံခါးကို အကာအကွယ်လုပ်ထားဟန်ရသော ချင်းဟယ်နတ်ဓားနှင့် ပုတီးစေ့များသည် ဝင်္ကပါအစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းထားသည်။
ထိုအခိုက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုနေရာသို့ ပြေးသွားနေကြဆဲပင်။ သူတို့အားလုံးက ချင်းဟယ်နတ်ဓားနှင့် ရတနာပုတီးစေ့များကို လိုချင်ကြသည်။ သို့သော်လည်း သူတို့က ရတနာများအနီးသို့ ရောက်သွားသည်နှင့် အလင်းတန်းများ၏တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံရတော့သည်။ ရန်ဟောင်တချို့မှာ အသက်ပင်ဆုံးရှုံးသွားရသည်။
ငရဲတံခါးကား ချဉ်းကပ်မရနိုင်။
လက်ရှိတွင် စွမ်းအားမြင့်တန်ခိုးရှင်တစ်စုသည် သူတို့ထံသို့ ဦးတည်နေသည်။ သူတို့ထဲမှ တစ်ယောက်မှာ အလွန်အားကောင်းသော အရှိန်အဝါရှိ၏။ သူကား ရှန်ရှင်းကလန်၏လက်ထောက်ခေါင်းဆောင်ဖြစ်သည်။ သူ၏စွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်း၏။ သူ၏ပုံရိပ်သည် ဗုဒ္ဓအသွင်သို့ ပြောင်းလဲသွားသည်။ သူက ခြေထောက်ကို လှမ်းလိုက်လျှင် ဧရာမခြေထောက်တံဆိပ်တော်တစ်ခုသည် ချင်းဟယ်ဓားနှင့် ပုတီးစေ့တို့ထံသို့ ဦးတည်သွား၏။
ရတနာပုတီးစေ့များသည် ချင်းဟယ်နတ်ဓားကို လှည့်ပတ်နေကြသည်။ ချင်းဟယ်နတ်ဓားသည် ရောင်စဉ်အလင်းတန်းများကို ထုတ်လွှတ်နေ၏။ ထိုဓားအလင်းများအောက်တွင် ဧရာမခြေထောက်တံဆိပ်တော်သည် အစိတ်စိတ်အပိုင်းပိုင်း ပြိုကွဲသွား၏။
လျှို့ဝှက်နယ်မြေဘုံမှ တန်ခိုးရှင်များသည်လည်း ထိုနေရာတွင် ရှိနေကြသည်။ သို့သော်လည်း သူတို့ အနီးသို့ မကပ်နိုင်ကြပေ။ စွမ်းအားက ကြီးမားလွန်းလှသည်။
အင်ပါယာနန်ဆိုသည့်အတိုင်း၊ သူသည် လွန်ခဲ့သော နှစ်များစွာကတည်းက ဘုံသုံးထောင်တွင် ထိပ်သီးပုဂ္ဂိုလ်ဖြစ်နေခဲ့သည်။ ထိုစဉ်က တိုက်ပွဲများပြီးကတည်းက သူသည် သူ၏သမီးကိုသာ အလေးထားအာရုံစိုက်ပေးနေခဲ့သည်။ ထို့ကြောင့်ပင် သူသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို လူအများက စတင်မေ့လျော့လာခဲ့ကြ၏။
သို့သော်လည်း လတ်တလောတွင် ငရဲခန်းစစ်မြေပြင်တွင် ရုတ်တရက် အဆုံးမဲ့သော အလင်းများ ထွက်ပေါ်လာခဲ့သည်။ ဗုဒ္ဓအလင်းသည် ကောင်းကင်၌ ထွန်းလင်းနေ၏။ ထိုအလင်းများမှာ ဗုဒ္ဓရုပ်တုများမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။
တဝုန်းဝုန်းမြည်သံများကို ကြားရသည်။ ဧရာမဗုဒ္ဓပုံရိပ်တစ်ခုသည် သူတို့ထံသို့ လျှောက်လှမ်းလာ၏။ သူ၏ခြေလှမ်းတိုင်းက မြေပြင်ကို တုန်ခါစေသည်။
လူအများအပြားက ရပ်တန့်ကာ ထိုပုံရိပ်ထံသို့ လှမ်းကြည့်ကြသည်။ သူကား ပေပေါင်းထောင်ချီမြင့်သည်။ ပိန်သွယ်မြင့်မားသော ရှေးဟောင်းဗုဒ္ဓသည် ကျင့်ကြံသူများအနီးသို့ ရောက်လာ၏။ သူက ရှေ့ကို လှမ်းသွားလျှင် နောက်တွင် ဧရာမခြေရာများ ကျန်ရစ်သည်။
သူကား ရှန်ရှင်းကလန်ခေါင်းဆောင်ဖြစ်သည်။ တောင်တန်းဘုံမှ ကျင့်ကြံသူများ၏အမူအရာများ ပြောင်းလဲသွားသည်။
ထိုဘိုးတော်ကြီးသည်ပင် ဤနေရာသို့ ရောက်လာ၏။
ငရဲတံခါးတွင် ဖြစ်ပျက်နေသည်များမှာ ပိုမိုပြင်းထန်သော အခြေအနေတစ်ခုသို့ ရောက်လာခဲ့ပြီဖြစ်သည်။ ပုဂ္ဂိုလ်ကြီးများ စတင်၍ ရောက်လာခဲ့ချေပြီ။
ရီဖူရှင်း၏ပုံရိပ်သည် အရှင်ဗုဒ္ဓ၏စွမ်းအားများကို သုံးကာ ရွှယ်ယူခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ သူက ဆူညံသံများထွက်ပေါ်ရာနေရာသို့ ကြည့်လိုက်သည်။ ထိုနေရာမှ ပိန်သွယ်သော ဗုဒ္ဓပုံရိပ်သည် သူ့အား ပြုံးယောင်သန်းလျက် ကြည့်နေသည်။
ထိုဧရာမပုံရိပ်ကို မြင်လျှင် ရီဖူရှင်းသည် ရှေးဟောင်းဗုဒ္ဓစွမ်းအားများကို ငှားယူအသုံးပြုလျှင်ပင် အနိုင်မယူနိုင်ကြောင်း ခံစားမိ၏။
သူကား ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်သည်။
“မိတ်ဆွေလေး... ဒါက ဗုဒ္ဓရဲ့ရတနာတစ်ခုပဲ။ အခု ကျုပ် အဲဒါကို ယူသွားရလိမ့်မယ်...” ထိုပုံရိပ်က ပြုံးလျှက်ပြောသည်။ ထို့နောက် သူက ဧရာမလက်ကို ဆန့်ထုတ်ကာ ဗုဒ္ဓမီးအိမ်နှင့် စေတီတို့ကို လက်ဖဝါးထဲသို့ ထည့်သည်။ ထို့နောက် သူက အနီးမှ လူများကို ကြည့်၏။ ဆရာတော်ပုတောက်နှင့် ကွေ့ကျန်းတို့ကိုမြင်လျင် သူက မှတ်ချက်ချသည် “ထျန်ရှင်းဘုန်းတော်ကြီးကျောင်းဟာ ရှန်ရှင်းကလန်ထက် တကယ် သာပါပေတယ်...”
ပြောရင်းဖြင့်ပင် သူက ငရဲတံခါးရှိရာသို့ လှမ်းသွားလိုက်သည်။
“ရှန်ရှင်း...”
တချိန်တည်းတွင် အရှိန်အဝါကြီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရှန်ရှင်းကလန်ခေါင်းဆောင်က လှမ်းကြည့်သည်။ ကောင်းကင်ထက်တွင် ရွှေရောင်ဗုဒ္ဓတစ်ပါး ပေါ်လာ၏။
ထိုရွှေရောင်ဗုဒ္ဓကိုမြင်လျှင် ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ ဘုန်းကြီးများနှင့် တောင်တန်းဘုံမှ ကျင့်ကြံသူများသည် လက်နှစ်ဘက်ကို အုပ်မိုးကာ အရိုအသေပေးကြသည်။
ရွှေရောင်ဗုဒ္ဓကား သူတို့၏ဆရာတော်ဖြစ်သည်။
“မင်းက ဒီအကျိုးဆက်ကို ကောင်းကောင်းသိတာပဲ...” ဗုဒ္ဓက ရှန်ရှင်းကလန်ခေါင်းဆောင်ကို ပြောသည်။
“ကျုပ်သိတယ်... မဟာအင်ပါယာက ဒီကိစ္စမှာ ဝင်မစွက်ဖက်ဘူးလေ။ ဟုတ်တယ်မလား” ရှန်ရှင်းကလန်ခေါင်းဆောင်က ဆက်ပြောသည် “ဒီလိုဆိုမှတော့ ကျုပ်တို့အခုလုပ်နေတာတွေက လက်ခံလို့ရတဲ့အနေအထားလို့ ဆိုလိုတာပဲ။ သက်ကြားအိုဘုန်းကြီး.... ခင်ဗျား အပြင်လောကကို တစ်ခါလောက် မကြည့်ချင်ဘူးလား...”
“အချိန်ကျလာတဲ့အခါ ကျုပ်သွားကြည့်မှာပေါ့...” ဆရာတော်က ပြန်ပြောသည်။
“မှန်တာပေါ့... ခင်ဗျားက ဗုဒ္ဓရဲ့ ဆက်ခံသူပဲကို... ခင်ဗျားက ကျုပ်နဲ့ကွာခြားတယ်....ဒါပေမဲ့ ကျုပ်ကတော့ တကယ့်ကမ္ဘာအစစ်အမှန်ကို တွေ့မြင်ချင်တယ်...” ရှန်ရှင်းကလန်ခေါင်းဆောင်က ပြောသည်။
“မင်းအခုမြင်နေတာက အမှန်တရားပဲ...” ထျန်ရှင်းဘုန်းတော်ကြီးကျောင်းဆရာတော်က ပြောသည်။
“ခင်ဗျားက ဘာလို့ ကိုယ့်ဘာသာကိုယ် လိမ်ညာနေရတာလဲ...” ရှန်ရှင်းကလန်ခေါင်းဆောင်က အသာပြုံးကာ ပြောသည် “လူအများစုအတွက်တော့ ဒါက အမှန်တရားပဲ။ ဒါပေမဲ့ ခင်ဗျားနဲ့ကျုပ်အဆင့်မှာ ဒါက တကယ်တော့ အစစ်အမှန်မဟုတ်ဘူးဆိုတာ သူတို့သိလိမ့်မယ်...”
“ဒီနေရာက ငါတို့အမိမြေပဲ...” ထျန်ရှင်းဘုန်းတော်ကြီးကျောင်းဆရာတော်က ပြောသည်။
“ဒါက ခင်ဗျားရဲ့အမိမြေပဲ...” ရှန်ရှင်းကလန်ခေါင်းဆောင်က ပြောသည်။ ထို့နောက် သူက ထျန်ရှင်းဆရာတော်ကို ထပ်မကြည့်တော့။ သူက ငရဲခန်းမနန်းတော်သို့ ဆက်လက်၍ ရွေ့လျားသွားသည်။ သူက ချင်းဟယ်ဓားနှင့် ရတနာပုတီးစေ့များကို ရင်ဆိုင်ကာ ရှေ့တိုးသွား၏။
ရတနာများအနီးသို့ရောက်သောအခါ ချင်းဟယ်ဓားနှင့် ပုတီးစေ့တို့မှ ဗုဒ္ဓအလင်းသည် သူ့အပေါ်သို့ ကျဆင်းလာခဲ့၏။ တရှဲရှဲမြည်သံများ ထွက်ပေါ်လာခဲ့သည်။ သူ၏ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်သည် အမှန်တကယ် တိုက်စားခြင်းကို ခံနေရသည်။ ထိုဖျက်ဆီးအားက သူ့အတွက်ပင် ခံနိုင်ရန် ခက်ခဲလှသည်။
ရှန်ရှင်းကလန်ခေါင်းဆောင်က သူ့ကိုယ်သူကြည့်ကာ ရေရွက်သည် “ဒါက တကယ်ပဲ အာကာသဖျက်ဆီးခြင်းဓားစွမ်းအားပဲ... အင်ပါယာနန်ဟာ ကျုပ်ထက် စွမ်းအားကြီးတယ်...”
သူ၏ဖျက်ဆီးမရနိုင်သော ခန္ဓာကိုယ်သည် တဖြေးဖြေး ပျက်စီးလာနေခဲ့သည်။ သို့သော်လည်း သူက ရှေ့ကို ဆက်တိုးသွားကာ အော်ဟစ်လိုက်သည် “အခုထွက်လာပြီး ငါ့ကိုကူညီပေး...”
သူက ထိုသို့ပြောလိုက်သည်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ဆင်းသက်လာခဲ့သည်။ ငရဲခန်းစစ်မျက်နှာပြင်တစ်ခုလုံးကို အနက်ရောင်အငွေ့အသက်များ လွှမ်းမိုးလာခဲ့၏။ ပိုမိုကြီးမားသော ပုံရိပ်များ ရောက်လာခဲ့သည်။ လျှို့ဝှက်နယ်မြေဘုံမှ တန်ခိုးရှင်များ၏မျက်နှာအမူအရာများ လေးနက်သွားကြကာ တချို့ဆိုလျှင် ထိုပုံရိပ်များကို ဦးညွှတ်ဂါရဝပြုကြသည်။
ဝုန်း...
လေထဲတွင် ပေါက်ကွဲသံတစ်ချက်ကြားရပြီး ရှန်လော့ရွှီ မြေပြင်သို့ ရောက်လာသည်။ သူမသည် ထိပ်တိုက်ရင်ဆိုင်မှုတွင် နောက်ဆုတ်ခဲ့ရ၏။ ကောင်းကင်ထက်တွင် မိစ္ဆာလူငယ်သည် ရီဖူရှင်းရှိရာသို့ အထင်အမြင်သေးသော မျက်လုံးများဖြင့် လှမ်းကြည့်နေသည်။
ထို့နောက် သူက ငရဲတံခါးရှိရာသို့ လှမ်းကြည့်သည်။ သူ၏မျက်လုံးများတွင် ဝမ်းသာသော အရိပ်အငွေ့များဖြစ်လာခဲ့၏။
ငရဲတံခါးပျောက်ကွယ်သွားခဲ့သည်မှာ ရာစုနှစ်အနည်းငယ်ရှိပြီဖြစ်သည်။ လူအများအပြားက သူတို့၏ကံကြမ္မာကို စိန်ခေါ်ရန် သဘောကျလိမ့်မည်ဟု သူက ယုံကြည်သည်။
ယခင် နေ့ရက်ဟောင်းများကို သူက အမှန်တကယ် သတိရမိသည်။
တစ်ယောက်ပြီးတစ်ယောက် ထိပ်သီးပုဂ္ဂိုလ်များ ရောက်လာခဲ့ကြသည်။ ရီဖူရှင်းသည်လည်း မူလပုံစံသို့ ပြန်ပြောင်းသွားခဲ့သည်။ သူသည် အနည်းငယ် စိတ်လှုပ်ရှားနေ၏။
လက်ရှိအခြေအနေကား သူပါဝင်နိုင်သော အရာမဟုတ်တော့။
မူလက သူသည် တစ်စုံတစ်ယောက်က ကျောင်းတော်ကို ပစ်မှတ်ထားနေသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း တကယ့်အဖြစ်မှန်က သူမှန်းထားသည်ထက် အဆမတန် ကျော်လွန်နေခဲ့သည်။
ရီဖူရှင်းသည် ဗုဒ္ဓနှစ်ပါး၏ပြောစကားများကို ကြားသည်။ ထိုစကားများ၏အဓိပ္ပာယ်က အဘယ်နည်း။
ကောင်းကင်လမ်းစဉ် ပြိုလဲသည်။ မဟာလမ်းစဉ်သည် အက်ကြောင်းများဖြစ်ပေါ်လာခဲ့၏။ သူတို့ရှိနေသော ကမ္ဘာသည် မည်သို့သော နေရာနည်း။
အဘယ်ကြောင့် တချို့က အစစ်အမှန်ကမ္ဘာမဟုတ်ဟု ဆိုသနည်း။
ဟူး...
နောက်ထပ်ထိပ်သီးပုဂ္ဂိုလ်တစ်ဦးသည် ရီဖူရှင်းဘေးသို့ ကျဆင်းလာခဲ့သည်။
“အရှင်ထိုက်ရွှမ်...” ထိုလူကိုမြင်လျှင် ရီဖူရှင်းက လေးစားစွာ နှုတ်ဆက်သည်။ အရှင်ထိုက်ရွှမ်ကား ကိုယ်တိုင် ရောက်လာခဲ့သည်။
အရှင်ထိုက်ရွှမ်အပြင် ဘုံကိုးခုမှ ထိပ်သီးပုဂ္ဂိုလ်များအားလုံး ရောက်လာခဲ့ကြသည်။
အရှင်ထိုက်ရွှမ်က ရှေ့ကို လှမ်းကြည့်သည်။ တစ်စုံတစ်ခုဖြစ်ပျက်တော့မည်ကို သူခံစားမိ၏။
လွန်ခဲ့သော နှစ် ၃၀၀ခန့်က သူ၏ကျင့်ကြံခြင်းအဆင့်သည် နိမ့်ပါးနေခဲ့သေးသည်။ သူသည် နောက်တစ်ဆင့်တက်ခဲ့သည်မှာ သိပ်မကြာသေးပေ။ ယခင်က သူသည် ထိပ်သီးတန်ခိုးရှင်တစ်ဦးအဖြစ် သတ်မှတ်ခြင်း မခံရသေးပေ။
ထို့ကြောင့် သူသည် အတိတ်မှ ဖြစ်ပျက်ခဲ့သည်များကို အပေါ်ယံသာ သိပေသည်။ ဘိုးတော်ကြီးများသည်သာ အတွင်းကျကျသိနားလည်ကြသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဘုံကိုးခုတွင် ထိပ်ဆုံး၌ ရပ်တည်နေသူများသည် အရှင်ထိုက်ရွှမ်ထက် ပိုသိနားလည်ကြပေသည်။
ထို့အပြင် လွန်ခဲ့သော နှစ်၃၀၀ခန့်က ဘုံကိုးခုမှ ထိပ်သီးပုဂ္ဂိုလ်များ၏အဆင့်သည် လက်ရှိခေတ်တန်ခိုးရှင်များထက် တစ်ဆင့်ပိုမြင့်ပေသည်။ ထိုခေတ်၌ များစွာသော ထိပ်သီးပုဂ္ဂိုလ်များ တည်ရှိခဲ့သည်။ ထို့အပြင် အင်အားစုများမှာလည်း ပေါများလှသည်။
ဥပမာအားဖြင့် ငရဲတံခါးဖြစ်သည်။ ကောလာဟလများအရ သူတို့ကို ပိုမိုကြောက်စရာကောင်းသော အင်အားစုတစ်ခုက ထောက်ပံ့ထားသည်။
တောင်တန်းဘုံတွင်လည်း များစွာသော အင်အားကြီးအဖွဲ့အစည်းများရှိနေသည်။
သို့တိုင်အောင် ထိုခေတ်ပျက်ကြီးထဲတွင် အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့သည် ဘုံသုံးထောင်ကို ရအောင်စုစည်းနိုင်ခဲ့ကြ၏။
သည်နှစ် ၃၀၀ အတွင်း ဘုံသုံးထောင်သည် အေးချမ်းနေခဲ့သည်။
ယခု ငရဲတံခါးပေါ်လာခြင်းက မည်သို့သော ပြဿနာများ သယ်ဆောင်လာမည်ကို အရှင်ထိုက်ရွှမ် မသိပေ။
ဘန်း...
လက်ရှိတွင် ရတနာပုတီးစေ့သည် တိုက်ခိုက်ခြင်းခံနေရသည်။ ရှန်ရှင်းကလန်ခေါင်းဆောင်သည် ပုတီးစေ့တစ်လုံးအား အတင်းဆုပ်ကိုင်ထားသည်။ ကြောက်စရာကောင်းသော စွမ်းအားသည် သူ၏လက်ကို စီးဆင်းလာခဲ့ကာ သူ့လက်ဖဝါးအား ခြောက်သွေ့စေပြီး အရိုးစုပုံစံသို့ တမုဟုချင်း ပြောင်းလဲစေခဲ့သည်။ သို့တိုင်အောင် သူသည် ပုတီးစေ့ကို တင်းတင်းဆုပ်ကိုင်ထား၏။
တခြားသော တန်ခိုးရှင်များကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ တိုက်ခိုက်ကြ၏။ တချို့က ပုတီးစေ့များကို ပစ်မှတ်ထားကာ တချို့က ချင်းဟယ်ဓားကို လှမ်းဆွဲကြသည်။
အစိမ်းရောင်နတ်အလင်းများ ကောင်းကင်ကို ဖုံးအုပ်သွားသည်။ အရှင်ထိုက်ရွှမ်က ရှေ့ကို တက်လှမ်းသွားလိုက်လျှင် ကြောက်မက်ဖွယ်အလင်းတစ်ခုသည် တန်ခိုးရှင်များကို ဖုံးလွှမ်းလာခဲ့သည်။ ပြင်းထန်သော မုန်တိုင်းတစ်ခုက လူတိုင်းကို ရိုက်ခတ်သွား၏။
မုန်တိုင်းအလယ်တွင် ရပ်နေကြသောသူတချို့မှာ ဒဏ်ရာများ ရသွားကြသည်။ သို့သော်လည်း ဝင်္ကပါမှာလည်း ပျက်စီးသွား၏။ ရတနာပုတီးစေ့များ နေရာအနှံ့ပျံ့ကျဲသွားကာ ချင်းဟယ်ဓားမှာလည်း တုန်ခါနေသည်။
ဝှီး...
အစိမ်းရောင်အလင်းတန်းသည် ကောင်းကင်ကို ထိုးတက်သွားသည်။ ထို့နောက်တွင် ချင်းဟယ်ဓားသည် လေဟာနယ်ကို ဖြတ်သန်းကာ နန်ထျန်းနတ်ပြည်ထောင်မှ တန်ခိုးရှင်များရှိရာသို့ ပျံသန်းသွား၏။ သူသည် နန်ထျန်းနတ်ပြည်ထောင်မှ တန်ခိုးရှင်များရှေ့ မြေပြင်တွင် လာရောက်ထိုးစိုက်၏။ နန်လော့ရှန်းကား ဓားရှေ့တွင် ရပ်နေသည်။
ဓားသည် သူ၏သခင်ကို သိပေသည်။
“လော့ရှန်း... ဓားကို ကိုင်လိုက်...” ဓားထံမှ အသံတစ်သံကို ကြားရသည်။
“အဖေ...” နန်လော့ရှန်းက လက်ဆန့်တန်းကာ ချင်းဟယ်ဓားကို ဆုပ်ကိုင်လိုက်သည်။ အစိမ်းရောင်အလင်းများ သူမ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ ဓားအသိသည် သူမ၏ခန္ဓာကိုယ်ကို သန့်စင်ကာ သူမအား ပိုမိုလှပထည်ဝါစေ၏။
ဝုန်း...
အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ချင်းဟယ်ဓားနှင့် ပုတီးစေ့များ၏အတားအဆီးမရှိတော့ရာ ငရဲခန်းကို ပိတ်ဆို့ထားသော အစီအရင်လည်း ပျက်စီးသွားပြီဖြစ်သည်။ ချက်ချင်းပင် မုန်တိုင်းသည် လေဟာနယ်တစ်ခုလုံးကို အုပ်မိုးလာခဲ့၏။
“အချိန်ကျလာပြီ...”
မိစ္ဆာလူငယ်၏မျက်လုံးများထဲတွင် ဝမ်းသာအားရသော အငွေ့အသက်များဖြစ်ပေါ်နေသည်။ ထို့နောက် သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
ရာစုနှစ်အနည်းငယ် စောင့်စားပြီးနောက်တွင် ထိုအရာက ရောက်လာခဲ့လေပြီ။
“နောက်ဆုတ်...” တစ်ယောက်က အော်ဟစ်လိုက်သည်။
အမှောင်ထုသည် ကောင်းကင်ကို ဖုံးလွှမ်းလာခဲ့၏။ များစွာသော တန်ခိုးရှင်များ ဆုတ်ခွာကြရသည်။
“ဒီက ထွက်သွားရအောင်...” အရှင်ထိုက်ရွှမ်က အမိန့်ပေးသည်။ ပြင်းထန်သော အားအင်တစ်ခုသည် အားလုံးကို ရစ်ပတ်သွား၏။ လျှပ်တပြက်တွင် သူတို့အားလုံး မူလနေရာမှ ပျောက်ကွယ်သွား၏။
ရွှယ်ယူမြို့တွင် မြစ်ဝါမြစ်အပေါ်၌ လူတစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများသည်လည်း ကောင်းကင်ထက်တွင် ပေါ်လာ၏။
ကမ်းပါးမှ လူအများအပြားက ထိုမြင်ကွင်းကိုတွေ့လျှင် အံ့အားသင့်သွားကြသည်။
“ကြည့်မနေနဲ့... သွားကြမယ်...” အရှင်ထိုက်ရွှမ်က ကျယ်လောင်စွာ ပြောသည်။ လူအများအပြားမှာ မည်သည့်ကိစ္စဖြစ်ပျက်နေသည်ကို မသိကြသေးပေ။ ထိုစဉ်မှာပင် မြစ်ဝါမြစ်ရေသည် အထက်ကို ဆန်တက်လာခဲ့ကာ ကောင်းကင်ကို ရိုက်ခတ်လာကြတော့သည်။
ထိုအချိန်တွင် လူတချို့မှာ မြစ်ဝါမြစ်အပေါ်၌ ပျံသန်းနေကြဆဲဖြစ်သည်။ မြစ်ဝါမြစ်ရေသည် ရုတ်တရက် သူတို့ထံသို့ ရိုက်ခတ်မိလျှင် ထိုလူများမှာ ချက်ချင်းပျောက်ကွယ်သွားကြ၏။ စွမ်းအားမြင့်တန်ခိုးရှင်များ ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။
မြစ်ဝါမြစ်ပြင်ထက်တွင် မရေမတွက်နိုင်သော အနက်ရောင်အငွေ့တန်းများဖြစ်ပေါ်လာခဲ့ကာ ကောင်းကင်သို့ ပျံတက်သွားကြသည်။
လူအများအပြားက ကောင်းကင်ကို မော့ကြည့်နေကြ၏။ ထို့နောက်တွင် ကောင်းကင်ထက်၌ ကြောက်မက်ဖွယ်ကောင်းသော ငရဲတံခါးဝတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။
အနက်ရောင်အလင်းများသည် ကောင်းကင်တခွင်ကို လွှမ်းခြုံထားသည်။ ရွှယ်ယူမြို့ကောင်းကင်သည်ကား တဖြေးဖြေး နက်မှောင်သွားခဲ့၏။ သေမင်းစွမ်းအားများ တစ်မြို့လုံးကို ရစ်သိုင်းထားသည်။
“မကောင်းတာ တစ်ခုခုဖြစ်တော့မယ်...”
ကောင်းကင်ကို မော့ကြည့်ကာ လူအများအပြားက ထင်ကြေးပေးနေကြ၏။
***