ငါ အရမ်းကြောက်တာပဲ....
Vol. 23 Ch. 347
" ငါတို့မှားသွားပါတယ် နဂါးငွေ့တန်းကြယ်သခင်။ " အသားတောင်ကြီးက ပြောလိုက်သည်။
" ဒီနေ့စပြီး ငါတို့ ထွက်သွားပါမယ်။ နဂါးငွေ့တန်းကြယ်သခင်ရှေ့မှာ ထပ်မပေါ်လာစေရပါဘူး။ " အသားတောင်ကြီး ရှန်ရှန်းက တောင်းပန်လိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က ယခုမှ တက်လှမ်းလာသည်ဖြစ်စေ သူ၏ သဘောထားကိုသိပြီးနောက် အထူးသက်ရှိများအတွက် အကောင်းဆုံး ရွေးချယ်မှုမှာ ထွက်သွားရန်သာဖြစ်သည်။
အဆုံးတွင် ကြယ်သခင်တစ်ယောက်အနေဖြင့် နဂါးငွေ့တန်းကြယ်သခင်တွင် သူတို့ကို ကိုင်တွယ်ရန် နည်းလမ်းများစွာ ရှိလေသည်။ မိတ်ဆွေများကို ခေါ်မလား။ ဆရာကို တောင်ဆိုမလား။ အားလုံးက ဖြစ်နိုင်လေသည်။
ထို့အပြင် နဂါးငွေ့တန်းကြယ်သခင်ပြသခဲ့သော ခွန်အားက အဋ္ဌမအလွှာ အထွတ်အထိပ်အောက် နိမ့်ကျခြင်းမရှိဘဲ သူ၏ အော်ရာက သူတို့ကို မသက်မသာ ခံစားရစေသည်။
" မင်းတို့က ငါ့ဂြိုလ်တွေ အများကြီးဝါးမျိုပြီးမှ လွယ်လွယ်လေး ထွက်သွားလို့ရမယ်လို့ ထင်နေတာလား။ " လင်းယွမ်က ခေါင်းအနည်းငယ်ခါလိုက်ပြီး ကြီးမားသော စွမ်းအားတစ်ခုက သူ၏ လက်ထဲမှ ဂြိုလ်ပေါ်သို့ ဆင်းသက်လာသည်။
ကြောက်မက်ဖွယ်စွမ်းအားက ဂြိုလ်၏ မျက်နှာပြင်ကို လွှမ်းမိုးသွားပြီး လင်းယွမ်သာ မထိန်းထားလျှင် ဂြိုလ်တစ်ခုလုံး ပျက်ဆီးသွားမည်ဖြစ်သည်။
" မကောင်းတော့ဘူး။ " အသားတောင်ကြီး၏ ခန္ဓာကိုယ်က ရုတ်တရက် ဖောင်းကားလာပြီး အထက်မှ ဖိအားကို ခုခံရန် ကြိုးစားနေသည်။ သို့သော် ရှန်ရှန်းက ကြာကြာမခုခံနိုင်သည်ကို သိနေလေသည်။
" ဒီနဂါးငွေ့တန်းကြယ်သခင်က ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေတာလဲ။ ဒါက အဋ္ဌမအလွှာကို အခုမှ တက်လှမ်းတာလား။ အသက်တစ်ရာအောက်လား။ " အသားတောင်ကြီး ရှန်ရှန်းက ခါးသီးမှုကို ခံစားလိုက်ရသည်။
သူက မလှမ်းမကမ်းရှိ အိုတုကို ကြည့်လိုက်ရာ သူ၏ မူလပုံစံကို အတင်းအကျပ် ထုတ်ဖော်လိုက်သော်လည်း နဂါးငွေ့တန်းကြယ်သခင်၏ ဖိအားအောက်တွင် အိုတု၏ မူလပုံစံက လက်ချောင်းအရွယ်လောက်သာ ရှိ၍ အထူးသက်ရှိများ၏ ခမ်းနားထည်ဝါမှုများ ပျောက်ကွယ်သွားပြီး ချစ်စရာပင် ကောင်းနေလေသည်။
" နဂါးငွေ့တန်းကြယ်သခင်.... "
အသက်ဆယ်ကြိမ်ရှူစာလောက် ရုန်းကန်ပြီးနောက် အသားတောင်ကြီး ရှန်ရှန်းက ထပ်မံပြောလိုက်သည်။ " ကြယ်သခင်ရဲ့ ဆုံးရှုံးမှုအတွက် ကျုပ်က စကြာဝဠာသလင်းကျောက် နှစ်သောင်း လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်။ "
အသားတောင်ကြီး ရှန်ရှန်းက စိတ်ပျက်နေသည်။ သူဝါးမျိုခဲ့သော ဂြိုလ်အများစုက အရိပ်မျိုးနွယ်အုပ်ချုပ်စဉ်ကာလကဖြစ်သော်လည်း ယခု ကြယ်သခင်က အရာအားလုံးကို ဆုံးဖြတ်ထားပြီဖြစ်ရာ ဘာမှမတတ်နိုင်တော့ပေ။
" ကျုပ်လည်း ဆန္ဒရှိပါတယ်။ " အိုတုကလည်း ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ဘဲ ပြောလိုက်သည်။
" စကြာဝဠာသလင်းကျောက် နှစ်သောင်းလား။ " လင်းယွမ်က အထူးသက်ရှိနှစ်ကောင်ကို ကြည့်လိုက်သည်။
သာမန်အဋ္ဌမအလွှာ သန်မာသူတစ်ယောက်က စကြာဝဠာသလင်းကျောက် ထောင်ဂဏန်းမှ သောင်းဂဏန်းထိ ပိုင်ဆိုင်နိုင်လေသည်။ အဋ္ဌမအလွှာသို့ တက်လှမ်းလာသူများက အများဆုံး တစ်သောင်းကျော်လောက်သာ ရှိလေသည်။
သို့သော် ထိုအထူးသက်ရှိနှစ်ကောင်က စကြာဝဠာသလင်းကျောက် နှစ်သောင်းကို ချက်ချင်းထုတ်ပေးရန် ဆန္ဒရှိသည်ကို ကြည့်လျှင် အတော်ချမ်းသာပုံရလေသည်။
ထိုအထူးသက်ရှိများက နှစ်ပေါင်းများစွာ ရှင်သန်လာကြသူများဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ သူတို့က ချမ်းသာကြွယ်ဝလာကြပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင် ဘယ်လိုသဘောရလဲ။ စကြာဝဠာသလင်းကျောက်နှစ်သောင်းက မင်းကို လျော်ကြေးပေးဖို့ လုံလောက်သင့်ပါတယ်။ " အသားတောင်ကြီး ရှန်ရှန်းက ခါးသီးစွာ ပြောလိုက်သည်။
သူက ကိုယ်ပွားစွမ်းရည်ကို ကျင့်ကြံထားပြီး မူလခန္ဓာကိုယ်က ဝေးလံသော ကြယ်နယ်မြေတွင် ရှိလေသည်။ သို့သော် ကိုယ်ပွားတစ်ခုဖြစ်သော်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံထားခြင်းကြောင့် ကိုယ်ပွားက မူလခန္ဓာကိုယ်နှင့် တိုက်ခိုက်ရေးစွမ်းအား တူညီလုနီးပါး ဖြစ်လေသည်။
သူကျဆုံးခဲ့လျှင် ယခုကဲ့သို့ သန်မာသော ကိုယ်ပွားတစ်ခုကို သန့်စင်ရန် နှစ်ပေါင်းမည်မျှကြာမလဲ မသိနိုင်ပေ။
" ဒီကိုယ်ပွားသာ မသေဆုံးခဲ့ရင် စကြာဝဠာသလင်းကျောက်အချို့ ပေးဆပ်ရတာ လက်ခံနိုင်ပါတယ်။ " ရှန်ရှန်းက တွေးလိုက်သည်။
နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ ထိုကိုယ်ပွားအတွက် ရင်းနှီးမြှုပ်နှံမှုက စကြာဝဠာသလင်းကျောက် နှစ်သောင်းထက် များစွာ ပိုလေသည်။
" အရူးတွေ " လင်းယွမ်က သူ၏ ကမ္ဘာစွမ်းအားများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဖိအားပေးလိုက်သည်။
မင်းတို့ကို ငါသတ်လိုက်ရင် အဲ့ဒီစကြာဝဠာသလင်းကျောက်တွေအားလုံးက ငါ့ဟာ ဖြစ်မသွားဘူးလား။
" နဂါးငွေ့တန်းကြယ်သခင် မင်းတကယ်ပဲ အဲ့လောက်ထိသွားဖို့ စီစဉ်ထားတာလား။ "
အသားတောင်ကြီး ရှန်ရှန်းက မျက်နှာဖြူဖတ်ဖြူရော် ဖြစ်သွား၏။ သူက စကြာဝဠာသလင်းကျောက် နှစ်သောင်းပေးရန် ဆန္ဒရှိခဲ့သော်လည်း နဂါးငွေ့တန်းကြယ်သခင်က သူတို့ကို လုံးဝဖျက်ဆီးပစ်ရန် ရည်ရွယ်နေလေသည်။
" နဂါးငွေ့တန်းကြယ်သခင် ငါတို့က ကြယ်စကြာဝဠာမဟာမိတ်အဖွဲ့ဝင်တွေဆိုတာ မင်းသိလား။ ငါတို့ကို သတ်ချင်ရင် ကြယ်စကြာဝဠာမဟာမိတ်အဖွဲ့ကို မင်းမေးပြီးပြီလား။ " အိုတုက နောက်ဆုံးတွင် မထိန်းချုပ်နိုင်ဘဲ ပြောလိုက်သည်။
" ကြယ်စကြာဝဠာမဟာမိတ်အဖွဲ့လား။ " လင်းယွမ်၏ အမူအရာက မပြောင်းလဲပေ။
ကြယ်စကြာဝဠာမဟာမိတ်အဖွဲ့မှာ အထူးသက်ရှိများက လူသားမျိုးနွယ်၊ အင်းဆက်မျိုးနွယ်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များကို ခုခံရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
သို့သော် ကြယ်စကြာဝဠာမဟာမိတ်၏ ဖွဲ့စည်းပုံက လျော့ရဲခဲ့သည်။ အကြောင်းမှာ ၎င်းက အထူးသက်ရှိအမျိုးမျိုးနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူသားမျိုးနွယ်နှင့် အက်ဆက်မျိုးနွယ်ကဲ့သို့ စည်းလုံးခြင်းမရှိခဲ့ပေ။
သို့သော် အထင်သေး၍ မရပေ။ အရိပ်မျိုးနွယ်က အိုတုနှင့် ရှန်ရှန်းတို့ကို သည်းခံခဲ့သည့်အကြောင်းရင်းမှာ သူတို့၏ နောက်ကွယ်မှ ကြယ်စကြာဝဠာမဟာမိတ်ကြောင့် ဖြစ်သည်။
သို့သော် အရိပ်မျိုးနွယ်က ကြယ်စကြာဝဠာမဟာမိတ်ကို သတိထားသော်လည်း လူသားမျိုးနွယ်ကတော့ မဟုတ်ပေ။ လူသားမျိုးနွယ်က အထူးသက်ရှိများ၏ သွေးအဆီအနှစ်ကို ထုတ်ယူပြီး သွေးမျိုးဆက်ဆေးအဖြစ် ဖန်တီးခဲ့ရာ အရောင်းရဆုံးပင် ဖြစ်ခဲ့သည်။
" မှန်တယ်။ နဂါးငွေ့တန်းကြယ်သခင် ငါတို့က ကြယ်တာရာမဟာမိတ်အဖွဲ့ဝင်တွေပါ။ " အသားတောင်ကြီး ရှန်ရှန်းက ချက်ချင်း ပြောလိုက်သည်။
လက်ရှိအခြေအနေတွင် သူတို့က ကြယ်တာရာမဟာမိတ်အဖွဲ့ကိုပင် အားကိုးနိုင်တော့သည်။
" ကြယ်တာရာမဟာမိတ်..." လင်းယွမ်၏ နှုတ်ခမ်းစများက တွန့်ကွေးသွားသည်။ " ဟားဟားဟား ငါ အရမ်းကြောက်တာပဲ။ "
ကြောက်စရာကောင်းသော စိတ်ဝိညာဉ်လှိုင်းများက ကမ္ဘာစွမ်းအားများနှင့် ရောယှက်ပြီး မုန်တိုင်းအဖြစ် ပြောင်းလဲကာ အိုတုဘက်သို့ ဦးတည်သွားသည်။
" မဟုတ်ဘူး။ "
အလွန်ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ အိုတု၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သွေးမှုန်များအဖြစ် ပေါက်ကွဲကာ သူ၏ စိတ်ဝိညာဉ်ပင် လျင်မြန်စွာ လွင့်ပျယ်သွားသည်။
" အိုတု " အသားတောင်ကြီး ရှန်ရှန်းက တုန်လှုပ်သွားသည်။ အိုတုက ကိုယ်ပွားစွမ်ရည်ကို မကျင့်ကြံထားသောကြောင့် သူ၏ သေဆုံးခြင်းက အစစ်အမှန်သေဆုံးခြင်းပင်ဖြစ်သည်။
" မင်းလည်း သူနဲ့အတူ လိုက်သွားလို့ရပြီ။ " လင်းယွမ်က အသားတောင်ကြီး ရှန်ရှန်းကို ကြည့်လိုက်ပြီး အိုတု၏ သွေးမှုန်များထဲမှ သိုလှောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရန် မမေ့လျော့ခဲ့ပေ။
လင်းယွမ်က ထိုနေရာသို့ လာရဲသည့်အတွက် အထူးသက်ရှိနှစ်ကောင်၏ နောက်မှ ကြယ်တာယာမဟာမိတ်ကို ဂရုမစိုက်ပေ။
ချီခွန်ကြယ်သခင်က နဂါးငွေ့တန်းကြယ်နယ်မြေတွင် လူသားမျိုးနွယ်ကို သစ္စာမဖောက်သရွေ့ သူ့ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ပြီး အရာအားလုံးကို လူသားမျိုးနွယ်က တာဝန်ယူပေးမည်ဟု အာမခံခဲ့သည်။
" နဂါးငွေ့တန်းကြယ်သခင် ငါမင်းကို မှတ်ထားမယ်။ " အသားတောင်ကြီး ရှန်ရှန်းက လင်းယွမ်ကို စူးစိုက်ကြည့်နေပြီး နာ်းစနစ်တစ်ခုကို အသုံးပြုနေပုံရသည်။ သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်လှိုင်းများနှင့်အတူ တစ်ခဏချင်း ပျောက်ကွယ်သွားသည်။
အထူးသက်ရှိတစ်ဦးအနေဖြင့် ရှန်ရှန်းက အိုတုထက် များစွာ သတိကြီးလေသည်။ လူသားမျိုးနွယ်က ထိုကြယ်နယ်မြေကို သိမ်းပိုက်လိုက်ပြီဟု သိသောအခါ သူက ဂြိုလ်များအား ဝါးမျိုသည့်အရေအတွက်ကို လျှော့ချခဲ့သည်။
သူ၏ သတိကြီးသော စရိုက်ကြောင့် ရှန်ရှန်းက အသက်ကယ်နည်းစနစ်များစွာကို ပြင်ဆင်ထားပြီး ထိုလေဟာနယ်ရွေ့ပြောင်းခြင်းစွမ်းရည်မျိုးကို ရရှိရန် ရှန်ရှန်းက ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ ခဏအတွင်း အလင်းနှစ်ပေါင်းများစွာကို တည်နေရာရွေ့ပြောင်းနိုင်လေသည်။
" ယင်ယန် ထိုက်ကျိ ပိုင်းခြားခြင်း။ " လင်းယွမ်၏ မျက်လုံးများက တစ်လုံးက ယင်၊ တစ်လုံးက ယန်ဖြစ်သွားပြီး ထိုက်ကျိကမ္ဘာပုံရိပ်က မိုင်သန်းတစ်ရာကို လွှမ်းခြုံသွားသည်။
ကမ္ဘာပုံရိပ်က ကမ္ဘာမဟုတ်ဘဲ အတွင်းကမ္ဘာ၏ ပုံရိပ်ဖြစ်သောကြောင့် အတွင်းကမ္ဘာထက် အဆပေါင်းများစွာ ကြီးမားနိုင်လေသည်။
မိုင်သန်းရှစ်ဆယ်အကွာတွင် တစ်စုံတစ်ခု တိုက်မိသံထွက်ပေါ်လာပြီး ရှန်ရှန်းက ထွက်ပေါ်လာရန် ဖိအားပေးခံလိုက်ရသည်။
" ဒါက " ရှန်ရှန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
" လေဟာနယ်ပိုင်းခြားခြင်း။ ကမ္ဘာပုံရိပ်။ "
" ဒါက ပင်မလေဟာနယ်ပုံစံ နှစ်ထောင်ကို နားလည်မှ အသုံးပြုနိုင်တဲ့ နည်းစနစ်တစ်ခုပဲ။ ပြီးတော့ အတွင်းကမ္ဘာက မိုင်ခြောက်သိန်းကျယ်ဝန်းရမယ်။ ဒီနဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုသတ္တဝါမျိုးလဲ။ " ရှန်ရှန်းက အနည်းငယ် စိတ်ပျက်အားငယ်သွားသည်။
ပုံမှန်အားဖြင့် အဋ္ဌမအလွှာ အထွတ်အထိပ်အဆင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အတွင်းကမ္ဘာက မိုင်ငါးသိန်းကျယ်ဝန်းလေသည်။ အတွင်းကမ္ဘာက ပို၍ ကြီးသည်နှင့် ဆင့်ကဲပြောင်းလဲသူ၏ စွမ်းအားက ပိုကောင်းနိုင်ပြီး ကြီးမားသော အတွင်းကမ္ဘာကို အမှီပြုပြီး ပြင်ပလေဟာနယ်နှင့် အချိန်ကို သက်ရောက်နိုင်လေသည်။ လေဟာနယ်နိယာမအပေါ် နားလည်မှု လုံလောက်လျှင် သက်ရောက်မှုက ပိုမိုကြီးမားနိုင်လေသည်။
ဝုန်း....
လင်းယွမ်က ရှေ့တစ်လှမ်း လှမ်းလိုက်သည်။ သူက ချက်ချင်း ရှန်ရှန်းအထက်သို့ ရောက်လာသည်။