ကြောက်စရာကောင်းသော နဂါးငွေ့တန်းကြယ်သခင်...
Vol. 23 Ch. 348
" နဂါးငွေ့တန်းကြယ်သခင် သနားခံပါတယ်။ တစ်ခါလောက် ချမ်းသာပေးပါ။ " အသားတောင်ကြီး ရှန်ရှန်းက နဂါးငွေ့တန်းကြယ်သခင်ပြသနေသည့် ခွန်အားကို ခံနိုင်ရည်မရှိတော့ဘဲ အလိုလိုတောင်းပန်စပြုလာသည်။
ထို့အပြင် သူ၏ နေရာရွေ့ပြောင်းသည့်နည်းစနစ်မှာ အတင်းအကျပ် တားဆီးခံလိုက်ရပြီး အချိန်တိုအတွင်း ဒုတိယအကြိမ် လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် အသားတောင်ကြီး ရှန်ရှန်းအတွက် အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လင်းယွမ်အား တောင်းပန်ခြင်းသာ ဖြစ်သည်။
သူ၏ စကားမဆုံးမီ လင်းယွမ်က လက်ဝှေ့ရမ်းလိုက်သည်နှင့် ကြီးမားသော ကမ္ဘာစွမ်းအားက စိတ်ဝိညာဉ်တိုက်ခိုက်မှုနှင့် ရောယှက်ကာ ရှန်ရှန်းပေါ်သို့ ကျရောက်သွားသည်။
ဝုန်း...
အသားတောင်ကြီး ရှန်ရှန်းက သွေးမှုန်များအဖြစ် တိုက်ရိုက် ပေါက်ကွဲသွားသည်။
လင်းယွမ်က သွေးမှုန်များအားလုံးကို စုဆောင်းခဲ့သည်။ ထိုကဲ့သို့ အထူးသက်ရှိများ၏ သွေးအဆီအနှစ်များက အလွန်တန်ဖိုးရှိပြီး သွေးမျိုးဆက်ဆေးအဖြစ် ပြုလုပ်ပါက စကြာဝဠာသလင်းကျောက် ထောင်ချီ သောင်းချီ ရနိုင်လေသည်။
" ဟင် ဒီအထူးသက်ရှိက မသေဘူးလို့ ငါခံစားရတယ်။ " လင်းယွမ်က တစ်နေရာသို့ ကြည့်လိုက်သည်။
အိုတုကို သတ်လိုက်သောအခါ လင်းယွမ်က ချောမွေ့စွာ ပြုလုပ်ခဲ့ပြီး ပြိုင်ဘက်သေဆုံးသွားပြီးနောက် လင်းယွမ်က ဘာရှုပ်ထွေးမှုမှ မဖြစ်ခဲ့ပေ။သို့သော် ရှန်ရှန်းကို သတ်လိုက်သောအခါ လင်းယွမ်က ထူးဆန်းသော ခံစားချက်ကို ရခဲ့သည်။
" ကံ... ဒီအထူးသက်ရှိရဲ့ အစစ်အမှန်ခန္ဓာကိုယ်က အသက်ရှင်နေတုန်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ကံ၏ နိယာမများက အလွန်လျို့ဝှက်ဆန်းကြယ်ပြီး ကျိန်စာသတ်ဖြတ်ခြင်းစွမ်းရည်ကဲ့သို့သော ထူးခြားစွမ်းရည်များကို ဆင်းသက်လာနိုင်စွမ်းရှိလေသည်။
သက်ရှိများတည်ရှိပြီး ပြင်ပကမ္ဘာနှင့် အပြန်အလှန် ဆက်ဆံနေသရွေ့ ကံက သဘာဝအလျောက် ဖြစ်ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် ကံ၏ နိယာမများထဲသို့ ဝင်ရောက်ခြင်းက လွယ်ကူလှသည်။ အဋ္ဌမအလွှာသို့ တက်လှမ်းလာသူများက ကံ၏ နိယာမများကို နိဒါန်းအဆင့် နားလည်ကြသည်။
ကံ၏ နိယာမထဲသို့ ဝင်ရောက်သွားသည်နှင့် ကံကြမ္မာချိတ်ဆက်မှုများကို ခံစားနိုင်သည်။ လင်းယွမ်က အိုတုကို သတ်ဖြတ်ခြင်းနှင့်တူ၏။ အိုတုက လုံးဝသေဆုံးသွားသောအခါ လင်းယွမ်နှင့် သူကြားရှိ ကံကြမ္မာချိတ်ဆက်မှုက ရပ်တန့်သွားသည်။
သို့သော် လင်းယွမ်က ရှန်ရှန်းကို သတ်လိုက်သောအချိန်တွင် ပြိုင်ဘက်က သေဆုံးသွားသော်လည်း သူတို့၏ ဆက်နွယ်မှုက ရှိနေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ ရှန်ရှန်းက မသေသေးပေ။ ၎င်းက ကံ၏ နိယာမကို အလွယ်တကူ အသုံးပြုခြင်းဖြစ်သည်။
ကံ၏ နိယာမကို လေ့လာရန် လွယ်ကူသော်လည်း နက်နက်နဲနဲ နားလည်ရန် မယုံနိုင်လောက်အောင် ခက်ခဲလေသည်။ လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ခြင်းထက်ပင် ပိုမိုခက်ခဲလေသည်။
ဝေးလံသော စကြာဝဠာလျို့ဝှက်နယ်မြေတစ်ခုအတွင်း၌။
" ငါ နှစ်ထောင်ပေါင်းပေါင်းများစွာ ကြိုးစားအားထုတ်ပြီး သန့်စင်ထားတဲ့ ကိုယ်ပွားတစ်ခုက ဒီလိုပဲ သေဆုံးသွားတာလား။ " ရှန်ရှန်းက မှင်သက်နေသည်။
ထိုကဲ့သို့ သတိကြီးသော အထူးသက်ရှိအတွက် ကိုယ်ပွားတစ်ယောက်က အလွန်အရေးကြီးလေသည်။ ခန္ဓာကိုယ်အစစ်က ထိုနေရာတွင် ပုန်းအောင်းပြီး ကိုယ်ပွားကို အပြင်ထွက်ခိုင်းခြင်းက လုံးဝ လုံခြုံလေသည်။ သို့သော် ယခုတော့ ကိုယ်ပွားက သေဆုံးသွားခဲ့သည်။
နောက်တစ်ခု ဖန်တီးရန်အတွက် ရာစုနှစ်အချို့ သို့မဟုတ် ထောင်စုနှစ်အချို့ ကြာမြင့်မည်ဖြစ်ပြီး ထိုသို့ဖြစ်လျှင်တောင် ယခင်တစ်ခုလောက် ကောင်းနိုင်မည်မဟုတ်ပေ။
" ငါ့ကိုယ်ပွား၊ ငါ့ရတနာတွေ၊ ငါ့စကြာဝဠာသလင်းကျောက်တွေ..." ရှန်ရှန်းက ငိုချင်သော်လည်း မျက်ရည်မကျပေ။
" မလုပ်သင့်ဘူး။ ငါ တုံ့ဆိုင်းမနေခဲ့သင့်ဘူး။ " ရှန်ရှန်း၏ စိတ်ထဲတွင် နောင်တများ ပြည့်နှက်လာသည်။
အရိပ်မျိုးနွယ် ဆုတ်ခွာပြီးနောက် သူလည်း ထိုကြယ်နယ်မြေမှ ထွက်သွားသင့်လေသည်။ အဆုံးတွင် ထိုကြယ်နယ်မြေကို အုပ်ချုပ်မည့်သူက လူသားမျိုးနွယ်ဖြစ်လေသည်။
သို့သော် သူက မျက်ကန်းယုံကြည်မှုနှင့် မျှော်လင့်နေခဲ့သည်။ လူသားမျိုးနွယ်က သိမ်းပိုက်သွားလျှင်တောင် သူ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိနိုင်ဘူးဟု ထင်ခဲ့လေသည်။
ထို့အပြင် လူသားကြယ်သခင်အသစ်က မကောင်းသော ရည်ရွယ်ချက်ရှိလျှင်တောင် သူက ထွက်ပြေးနိုင်လေသည်။ လူသားမျိုးနွယ်၏ ကြယ်သခင်အသစ်က အဋ္ဌမအလွှာသို့ တက်လှမ်းခါစ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်ပြီး သူ့လို အဋ္ဌမအလွှာ အထွတ်အထိပ်နီးပါး ရှိသူတစ်ယောက်ကို ထိန်းသိမ်းထားနိုင်စွမ်းရှိမည်မဟုတ်ပေ။
သို့သော် နဂါးငွေ့တန်းကြယ်သခင်က ထိုမျှကြောက်စရာကောင်းလိမ့်မည်ဟု ဘယ်သူက ထင်မိမှာလဲ။
" ကြောက်စရာကောင်းတယ်။ လုံးဝ ကြောက်စရာကောင်းတယ်။ "
နဂါးငွေ့တန်းကြယ်သခင်၏ တိုက်ခိုက်ပုံများကို တွေးမိသေယအခါ ရှန်ရှန်းက မတုန်လှုပ်မိဘဲ မနေနိုင်ပေ။ သို့သော် သူက လက်စားချေရန် မစဉ်းစားခဲ့ပေ။
လက်စားချေဖို့လား။ နဂါးငွေ့တန်းကြယ်သခင်ကိုလား။ လူသားမျိုးနွယ်မဟာမိတ်ကိုလား။
အင်အားကြီးမားသော ကြယ်တာယာမဟာမိတ်အဖွဲ့၏ အထူးသက်ရှိများပင် မလုပ်နိုင်တာ သူ့လို အထူးသက်ရှိလေးတစ်ကောင်က ဘယ်လိုလုပ်လက်စားချေနိုင်မှာလဲ။ သူ၏ အသက်ကို ကယ်တင်နိုင်ခြင်းကပင် ကံကောင်းနေပြီဖြစ်သည်။
လင်းယွမ်က ရှန်ရှန်းမသေသေးသည်ကို သတိပြုမိသော်လည်း သိပ်ဂရုမစိုက်ပေ။ ယခုပင် သူက ရှန်ရှန်းကို အနိုင်ယူနိုင်လျှင် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းနှင့် နောက်ပိုင်းတွင် ပြောစရာပင်မလိုပေ။
" စစ်နိုင်ပစ္စည်းတွေကို ကြည့်ရအောင်။ "
လင်းယွမ်က ကြီးမားသော ဂြိုလ်ကြီးကို သူ့နေရာတွင် ပြန်ထားလိုက်သည်။ အဋ္ဌမအလွှာ အထူးသက်ရှိနှစ်ကောင်၏ အသိုက်ဖြစ်သောကြောင့် ထိုဂြိုလ်က စကြာဝဠာစွမ်းအားများစွာ ဝန်းရံထားပြီး အဆင့်မြင့်အသက်ဂြိုလ်များထဲတွင် ထူးခြားလေသည်။
လင်းယွမ်က အိုတုနှင့် ရှန်ရှန်းကို တိုက်ခိုက်ရာတွင် ဂြိုလ်ကို မထိခိုက်စေရန် ကြိုးစားခဲ့ပြီး တိုက်ခိုက်မှုများကို ဂြိုလ်၏ မျက်နှာပြင်ပေါ်တွင်သာ ထိန်းချုပ်ထားခဲ့သည်။
" အထူးသက်ရှိ သွေးအဆီအနှစ်..."
ပထမဆုံးအချက်မှာ လင်းယွမ်က သွေးအဆီအနှစ်များစွာကို စုဆောင်နိုင်ခဲ့သည်။
စကြာဝဠာ အထူးသက်ရှိများက ရှားပါကြပြီး ၎င်းတို့အများစုကို စကြာဝဠာမှ မွေးထုတ်ပေးခဲ့သောကြောင့် အများအားဖြင့် မျိုးပွားနိုင်စွမ်းမရှိပေ။ သူတို့၏ သွေးအဆီအနှစ်များက လူသားမျိုးနွယ်ထက် များစွာ သာလွန်လေသည်။
လူသားမျိုးနွယ်က လွန်ခဲ့သောအချိန်များတွင် အထူးသက်ရှိများ၏ မျိုးရိုးဗီဇများကို လူသားမျိုးရိုးဗီဇထဲသို့ ပေါင်းစပ်ရန် ကြိုးစားခဲ့ကြပြီး သွေးမျိုးဆက်ဆေးရည်များကို ဖန်တီးနိုင်ခဲ့သည်။
အထူးသက်ရှိများ၏ သွေးအဆီအနှစ်ကို နည်းလမ်းများစွာကို အသုံးပြုပြီး သွေးမျိုးဆက်ဆေးရည်ကို ထုတ်လုပ်လေသည်။
၎င်းတို့ကို မိမိမျိုးဆက်များ၏ မျိုးရိုးဗီဇထဲတွင် ထည့်သွင်းနိုင်ပြီး မိသားစုတစ်ခု ထူထောင်ရန် ကြိုးစားနေကြသော ဆင့်ကဲပြောင်းလဲသူများအတွက် သွေးမျိုးဆက်ဆေးရည်တစ်ခုတည်းပင်လျှင် မိသားစုကို နှစ်ပေါင်းများစွာ ကြီးပွားတိုးတက်စေရန် လုံလောက်လေသည်။
" ဒါနဲ့ ငါဆီမှာ ခေါင်းသုံးလုံး ရေခဲဝံပုလွေရဲ့ သွေးမျိုးဆက်ဆေးရည် ရှိသေးတာပဲ။ " လင်းယွမ်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြုံးလိုက်သည်။
ခေါင်းသုံးလုံး ရေခဲဝံပုလွေ၏ သွေးမျိုးဆက်ဆေးရည်က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်၏ အမွေအနှစ်များထဲမှ တစ်ခု ဖြစ်သည်။
" ငါ သွေးမျိုးဆက်ဆေးရည် ရှစ်ပုလင်း ကိုးပုလင်းလောက် ရလောက်တယ်။ " လင်းယွမ်က ရှန်ရှန်းနှင့် အိုတုတို့၏ သွေးအဆီအနှစ်များကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။
ထိုအထူးသက်ရှိနှစ်ကောင်က အလွန်ကြီးမားလှပြီး သူတို့၏ သွေးအဆီအနှစ်က ခေါင်းသုံးလုံးရေခဲဝံပုလွေထက် ပေါများလေသည်။
" သွေးမျိုးဆက်ဆေးရည် ရှစ်ပုလင်း တစ်ပုလင်းကို စကြာဝဠာသလင်းကျောက် သုံးထောင်ဆိုရင်တောင် သုံးသောင်းနီးပါးရနိုင်တယ်။ " လင်းယွမ်က ကျေနပ်သွား၏။
သာမန်အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ ပိုင်ဆိုင်မှုအားလုံး ပေါင်းလျှင်တောင် စကြာဝဠာသလင်းကျောက် တစ်သောင်းကျော်သာ ရှိလေသည်။ သို့သော် ယခု လင်းယွမ်၏ အကျိုးအမြတ်က သွေးအဆီအနှစ်တစ်ခုတည်းနှင့် သုံးယောက်စာလောက် ရနေပြီဖြစ်သည်။
ထို့အပြင် သူက သွေးမျိုးဆက်ဆေးရည်များကို လျှော့တွက်ထားခြင်းဖြစ်သည်။ သွေးမျိုးဆက်ဆေးရည်များက တစ်ပုလင်းလျှင် စကြာဝဠာသလင်းကျောက် သုံးထောင်ထက် ပိုတန်ကြေးရှိနိုင်လေသည်။
ထို့နောက် လင်းယွမ်က အထူးသက်ရှိနှစ်ကောင်၏ ရတနာများကို ကြည့်လိုက်သည်။
" တကယ်ချမ်းသာတာပဲ။ စကြာဝဠာသလင်းကျောက် နှစ်သောင်းပေးတာ အံ့ဩစရာမရှိဘူး။ "
ရှန်ရှန်းနှင့် အိုတုတို့၏ ရတနာများ၊ သတ္တုများနှင့် လက်နက်များ အားလုံးပေါင်းလျှင် စကြာဝဠာသလင်းကျောက် ခြောက်သောင်းကျော် တန်ဖိုးရှိလေသည်။ ၎င်းတို့အနက် ရှန်ရှန်းက စကြာဝဠာသလင်းကျောက် လေးသောင်းကျော်နှင့် အိုတုက နှစ်သောင်းကျော် ပါဝင်လေသည်။
ထိုအထူးသက်ရှိနှစ်ကောင်၏ သွေးအဆီအနှစ်များကို ထည့်တွက်လျှင် လင်းယွမ်၏ အကျိုးအမြတ်မှာ စကြာဝဠာသလင်းကျောက် တစ်သိန်းကျော်ပေလိမ့်မည်။
" ဂြိုလ်ပြင်ဆင်မှုအတွက် ကုန်သွားတဲ့ စကြာဝဠာသလင်းကျောက်ကို ဒီလောက်မြန်မြန် ပြန်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " လင်းယွမ်က ပြုံးလိုက်၏။
နဂါးငွေ့တန်းပင်မကြယ်၏ အဆင့်နှစ် ပြင်ဆင်မှုက လင်းယွမ်ကို စကြာဝဠာသလင်းကျောက် တစ်သိန်းကုန်ကျစေခဲ့သည်။ လင်းယွမ်က ထိုစကြာဝဠာသလင်းကျောက် တစ်သိန်းကို နဂါးငွေ့တန်းကြယ်နယ်မြေ အပြည့်အဝ လည်ပတ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများ တည်ထောင်ပြီးမှသာ ပြန်ရနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခု အထူးသက်ရှိနှစ်ကောင်ကို ရှင်းလင်းရုံနှင့် အားလုံး ပြန်လည်ရရှိခဲ့သည်။
" ဆက်လုပ်ရမယ်။ ပစ်မှတ်တွေရှိသေးတယ်။ " လင်းယွမ်က ချက်ချင်း အခြားတစ်နေရာသို့ ဦးတည်သွားသည်။
နဂါးငွေ့တန်းကြယ်နယ်မြေတွင် အခြေချနေထိုင်သော အထူးသက်ရှိများနှင့် တစ်ကိုယ်တော် မျိုးနွယ်ခြားသန်မာသူများ၏ အချက်အလက်များကို ရရှိပြီးနောက် လင်းယွမ်က သူတို့ကို အမျိုးအစားနှစ်မျိုး ခွဲခြားခဲ့သည်။
ပထမအမျိုးအစားမှာ ရှန်ရှန်းနှင့် အိုတုတို့ကဲ့သို့ ဂြိုလ်များကို စားသုံးသူများဖြစ်ပြီး သူတို့ကို ချန်ထားလည်း နဂါးငွေ့တန်းကြယ်နယ်မြေအတွက် ထိခိုက်မှုသာ ရှိပြီး အသုံးမဝင်ပေ။
ထို့ကြောင့် လင်းယွမ်အတွက် သူတို့ကို ကိုင်တွယ်မှုမှာ နောက်လာမည့်ပြဿနာများကို ဖယ်ရှားရန် သူတို့ကို တိုက်ရိုက်သတ်ပစ်ခြင်းနှင့် နဂါးငွေ့တန်းကြယ်နယ်မြေမှ မောင်းထုတ်ခြင်းဖြစ်သည်။
ဒုတိယအမျိုးအစားမှာ ကြယ်နယ်မြေကို ထိခိုက်ခြင်းမရှိဘဲ နဂါးငွေ့တန်းကြယ်နယ်မြေနှင့် ပူးပေါင်းပြီး ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားသူများဖြစ်သည်။ သူတို့က ရတနာများနှင့် ရှားပါးပစ္စည်းများကို ထုတ်လုပ်ပြီး လူသားမျိုးနွယ်ကို အကျိုးပြုလေသည်။
ထိုအထူးသက်ရှိများက ပူးပေါင်းနေသရွေ့ လင်းယွမ်က သူတို့အား နေထိုင်ခွင့်ပြုပြီး ကာကွယ်မှုပင် ပေးဦးမည်ဖြစ်သည်။
ယခု လင်းယွမ်၏ ပစ်မှတ်များက ပထမအမျိုးအစားရှိ အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများ ဖြစ်သည်။
အောင်မြင်မှု၏ အရသာကို မြည်းစမ်းပြီးနောက် လင်းယွမ်က တတ်နိုင်သမျှ မြန်မြန်လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ အကယ်၍ သတင်းများ ပျံ့သွားလျှင် အထူးသက်ရှိများက ကြောက်လန့်ပြီး အဝေးသို့ ထွက်ပြေးသွားကြပေလိမ့်မည်။