← Chapters

ထူးဆန်းသော ဘူးသီးခြောက်...

Vol. 23 Ch. 353

ထူးဆန်းသော ဘူးသီးခြောက်...

Vol. 23 Ch. 353

" မင်းတို့နှစ်ယောက် အခုတော့ ပင်မကြယ်မှာ နေကြပေါ့။ နောက်ပိုင်းလုပ်စရာရှိရင် မင်းတို့လုပ်လို့ရတယ်။ အလကားတော့ လုပ်ရမှာမဟုတ်ပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။

အမှန်တွင် နောက်လိုက်များကို အပြည့်အဝ အသုံးချနိုင်သော်လည်း လင်းယွမ်မှာ ထိုသို့လုပ်ရန် ဆန္ဒမရှိပေ။ ကြယ်နယ်မြေတစ်ခု ဖွံ့ဖြိုးတိုးတက်လာလျှင် ကြီးမားသော အကျိုးအမြတ်များကို ရရှိနိုင်ပြီး လင်းယွမ်က ထိုအကျိုးအမြတ်များကိုလည်း မျှဝေရန် ဆန္ဒရှိလေသည်။

ချီခွန်ပင်မကြယ် ရှစ်စန်းတောင်ထိပ်။

ထိုက်ယန်မူလစိတ်ဝိညာဉ်က ခန်းမထဲတွင် ထိုင်နေပြီး လင်းယွမ်က ထိုက်ယန်နိယာမကို နားလည်မှု မြင့်တက်လာသည်နှင့်အမျှ ထိုက်ယန်မူလစိတ်ဝိညာဉ်၏ တည်ရှိမှုကလည်း ပို၍ သန်မာလာသည်။

" ငါ့ရဲ့ လက်ရှိခွန်အားက...." လင်းယွမ် သို့မဟုတ် ယန်စိတ်ဝိညာဉ်၏ မျက်နှာပေါ်တ်ိင် အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ မီးလျှံကမ္ဘာက ကြီးထွားလာပြီး မိုင်လေးသိန်းထိ ကျယ်ဝန်းလာသည်။ ၎င်းက အဋ္ဌမအလွှာ အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အတွင်းကမ္ဘာအတွက် ပုံမှန်စံနှုန်းဟု ပြောနိုင်လေသည်။

" သာမန် အဋ္ဌမအလွှာ အထွတ်အထိပ်ထက် အားမနည်းဘူး။ " လင်းယွမ်က သူ့ကိုသူ အကဲဖြတ်လိုက်သည်။

ထိုက်ယန်နိယာမကို အပြည့်အဝ နားလည်ခြင်းက ထိုက်ယန်မူလစိတ်ဝိညာဉ်ကို အဋ္ဌမအလွှာ အထွတ်အထိပ်ထိ ရောက်သွားစေခဲ့သည်။ ထို့အပြင် ထိုက်ယန်မူလစိတ်ဝိညာဉ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခြင်းမဟုတ်ပေ။ ၎င်း၏ အနှစ်သာရ မူလစိတ်ဝိညာဉ်ဖြစ်သောကြောင့် နိယာမများ၏ အကန့်အသတ်က ၎င်း၏ အကန့်အသတ်ပင် ဖြစ်သည်။

" အခုက အဋ္ဌမအလွှာရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ ဒါပေမယ့် ထိုက်ယင်နိယာမကို အပြည့်အဝ နားလည်သွားရင် ထိုက်ယင်မူလစိတ်ဝိညာဉ်ကလည်း အဋ္ဌမအလွှာကို ရောက်သွားလိမ့်မယ်။ ဒါဆို သူတို့ကို ထိုက်ကျိမူလစိတ်ဝိညာဉ်အဖြစ် ပေါင်းစည်းလိုက်ရင် ငါ့ရဲ့ ခွန်အားက ဘယ်လိုဖြစ်သွားမလဲ။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ ပေါင်းစည်းခဲ့သော ထိုက်ယင်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့က ထိုက်ကျိမူလစိတ်ဝိညာဉ်မှ ခွဲထွက်လာခြင်းဖြစ်သည်။ ထိုနှစ်ခုကို ပြန်လည်ပေါင်းစည်းပြီး တစ်ခုတည်းဖြစ်လာနိုင်သည်။ ထို့အပြင် ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့ ပေါင်းစည်းလိုက်သောအခါ သူတို့၏ စွမ်းအားက သိသိသာသာတိုးတက်လာပြီး မူလခန္ဓာကိုယ်အောက် နိမ့်ကျမည်မဟုတ်ပေ။

" အခုဆို ထိုက်ယင်မူလစိတ်ဝိညာဉ်က အလတ်စားစစ်မြေပြင်ကို သွားနိုင်လောက်ပြီ။ " လင်းယွမ်က စဉ်းစားလိုက်သည်။

အလတ်စား စစ်မြေပြင်ရှိ ထာဝရလေဟာနယ်အက်ကြောင်းများက စစ်မြေပြင်ငယ်မှ အက်ကြောင်းများထက် ပို၍ ကြီးမားလေသည်။ ထိုသို့ ကြီးမားသည့် ထာဝရလေဟာနယ်အက်ကြောင်းများတွင် ရှိနေခြင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုဆောင်မှုကို ပို၍ အရှိန်မြှင့်ပေးနိုင်လောက်ပေသည်။

သို့သော် လင်းယွမ် သတ္တမအလွှာတွင် ရှိနေစဉ် ဉာဏ်ပညာနတ်ဘုရားက မျိုးနွယ်ခြား စစ်မြေပြင်ငယ်များသို့ ကိုယ်ပွားနှင့်ပင် မသွားရန် တားမြစ်ခဲ့သည်။

ကိုယ်ပွားများက မည်သူမှ မကိုင်တွယ်နိုင်သော အရာများမဟုတ်ပေ။ အချို့ အဋ္ဌမအလွှာနှင့် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများတွင် ကိုယ်ပွားများကို ကိုင်တွယ်ရန် နည်းလမ်းများ ရှိကြလေသည်။ လင်းယွမ်က လူသားမျိုးနွယ်၏ ပါရမီရှင်ဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်ရာ ဉာဏ်ပညာနတ်ဘုရားက သူ၏ လုံခြုံရေးကို ဦးစားပေးသည်မှာ သဘာဝကျလေသည်။

ယခု လင်းယွမ်က အဋ္ဌမအလွှာသို့ ရောက်ပြီဖြစ်ရာ မျိုးနွယ်ခြားများ၏ အလတ်စားစစ်မြေပြင်သို့ သွားရန် ပြဿနာမရှိလောက်ပေ။ ပုံမှန်အရ အလတ်စားစစ်မြေပြင်တွင် အသန်မာဆုံးမှာ အဋ္ဌမအလွှာ တားဆီးမရသူများဖြစ်ပြီး နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် တွေ့ဆုံရန် အခွင့်အရေးနည်းလှပေသည်။

ယင်စိတ်ဝိညာဉ်က နှိမ့်ချစွာ နေထိုင်ပြီး ဆိုးရွားသော အခြေအနေ ပေါ်ပေါက်လာလျှင် ယင်စိတ်ဝိညာဉ်ကို စွန့်လွှတ်နိုင်လေသည်။ အလတ်စားစစ်မြေပြင်က နဂါးငွေ့တန်းကြယ်နယ်မြေထက် ပို၍ အန္တရာယ်များသော်လည်း လင်းယွမ်က သူ၏ အထောက်အထားကို ထုတ်ဖော်၍ သွားခြင်းမဟုတ်ပေ။ ထို့ကြောင့် ဖုံးကွယ်ထားလျှင် သူ၏ အထောက်အထားကို ဘယ်သူမှ မသိနိုင်ပေ။

" ဉာဏ်ပညာနတ်ဘုရား..." လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားကို ချက်ချင်း တောင်းဆိုလိုက်သည်။

မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ သွားလိုသူများက နတ်ဘုရားသုံးပါးထံ လျှောက်ထားရန် လိုအပ်ပြီး မဟုတ်လျှင် စစ်မြေပြင်ဖြတ်သန်းခွင့်ကို ရရှိမည်မဟုတ်ဘဲ လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများ နှစ်ဖက်လုံး၏ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

" လေးစားရပါသော အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် သင့်ရဲ့ တောင်းဆိုမှုကို အတည်ပြုပြီးပါပြီ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။

" ထင်တဲ့အတိုင်းပဲ အတည်ပြုလိုက်ပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

အဋ္ဌမအလွှာ ခွန်အားနှင့် အထောက်အထားများ ဖုံးကွယ်ထားလျှင် အလတ်စားစစ်မြေပြင်ကို သွားခြင်းက အန္တရာယ်မရှိလောက်ပေ။ ထို့အပြင် ကြီးမြတ်သူရှချင်ပေးလိုက်သော စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲနှင့် သူက ပို၍ လုံခြုံလေသည်။

စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲက မူလခန္ဓာကိုယ်တွင် ရှိသော်လည်း ကိုယ်ပွားက မှတ်ဉာဏ်ညစ်ညမ်းခြင်း သို့မဟုတ် မူလခန္ဓာကိုယ်ကို ထိခိုက်စေသော နည်းလမ်းများကြုံတွေ့လာလျှင် အသက်ဝင်နိုင်လေသည်။ ထိုအချိန်တွင် လွှမ်းမိုးမှုမှ ခဏတာ လွတ်မြောက်ပြီး ကိုယ်ပွားက ကိုယ်ကိုကိုယ်ဖျက်ဆီးနိုင်လေသည်။

မျိုးနွယ်ခြားများ၏ စစ်မြေပြင်ငယ်တွင် ယင်စိတ်ဝိညာဉ်က ရွေးချယ်ထားသော အလတ်စားစစ်မြေပြင်သို့ စတင်ထွက်ခွာလာသည်။

အမှန်တွင် အသက်သာဆုံး နည်းလမ်းမှာ ယန်စိတ်ဝိညာဉ်က အလတ်စားစစ်မြေပြင်သို့ သွားပြီး ယင်စိတ်ဝိညာဉ်က ချီခွန်ပင်မကြယ်သို့ ပြန်လာခြင်းဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်နှစ်ခုလုံး ထွက်ပေါ်လာနိုင်ပြီး လင်းယွမ်က မစွန့်စားလိုသောကြောင့် ထိုသို့မလုပ်ခြင်းဖြစ်သည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး ပင်မကြယ်ကို ကြည့်လိုက်သည်။

" တိုးတက်မှုကောင်းတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူ၏ လက်အောက်ခံ အဋ္ဌမအလွှာ လေးယောက်နှင့် သတ္တမအလွှာ နှစ်ယောက်တို့၏ စီမံခန့်ခွဲမှုအောက်တွင် နဂါးငွေ့တန်းပင်မကြယ်က ဖွံ့ဖြိုးတိုးတက်နေပြီး အနီးရှိ ကြယ်နယ်မြေကုန်သည်အဖွဲ့အစည်းများက စတင်နေရာယူလာကြသည်။

" ဆက်ပြီး စစ်ဆေးရမယ်။ " လင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး သူ၏ အကျိုးအမြတ်များကို စစ်ဆေးလိုက်သည်။

ထိုအထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများကို လိုက်လံရှင်းလင်းခြင်းက လင်းယွမ်အတွက် ကြီးမားသောအကျိုးအမြတ်ကို ရရှိစေသည်။ အထူးသဖြင့် ရှန်ရှန်းနှင့် အိုတုတို့ဆီမှ စကြာဝဠာသလင်းကျောက် တစ်သိန်းနီးပါး ရရှိခဲ့သည်။

စစ်ဆေးထားသော ရတနာများကို သိုလှောင်လက်ကောက်ထဲသို့ ထည့်လိုက်ပြီး ကျန်သော ပစ္စည်းမျိုးစုံကို စစ်ဆေးလိုက်သည်။

အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများက ရတနာအမျိုးမျိုးကို စုဆောင်းထားတတ်ကြသည်။ ယခုအခါ အမျိုးအမည်မသိသော ရတနာများက လင်းယွမ်၏ လက်ထဲတွင် တောင်လိုပုံနေလေသည်။

လင်းယွမ်က ထိုရတနာမျိုးစုံကို တန်ဖိုးဖြတ်ရန် ရိုးရှင်းသော နည်းလမ်းတစ်ခု ရှိလေသည်။ ၎င်းမှာ ထိုရတနာများကို တိုက်ရိုက်ဖျက်ဆီးခြင်းပင် ဖြစ်သည်။ သူ၏ စွမ်းအားကို ခံနိုင်သော မည်သည့်ရတနာမဆို တန်ဖိုးရှိလေသည်။

ဝုန်း ဝုန်း ဝုန်း....

လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်နှင် ရာချီသော ရတနာမျိုးစုံက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။

" ဟမ် " လင်းယွမ်က အကြည့်လွှဲတော့မည့်အချိန်တွင် မီးခိုးရောင်ဘူးသီးခြောက်တစ်ခုကို တွေ့လိုက်ရသည်။

" ဒီဘူးသီးခြောက်က ငါ့တိုက်ခိုက်မှုကို ခံနိုင်တာလား။ " လင်းယွမ်က ပြုံးလိုက်သည်။ ထိုဘူးသီးခြောက်က မည်သို့အသုံးဝင်သည်ဖြစ်စေ တန်ဖိုးရှိသည်မှာ အမှန်ပင် ဖြစ်သည်။

" ဘာထူးခြားလဲ ကြည့်ရအောင်။ " လင်းယွမ်က ဘူးသီးခြောက်ကို ဆုပ်ကိုင်ပြီး အနည်းငယ် အားထည့်လိုက်သော်လည်း ဘယ်လိုမှမနေသည်ကို တွေ့လိုက်ရသည်။

" ဟင် " သူ၏ စိတ်အသိကို ထုတ်လွှတ်ပြီး ဘူးသီးခြောက်ကို ထိတွေ့လိုက်သောအခါ လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" စိတ်အသိတောင် ဒီဘူးသီးခြောက်ထဲကို မဝင်နိုင်ပါလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားပြီး လက်ဖဝါးအရွယ် ဘူးသီးခြောက်ကို သေချာစစ်ဆေးလိုက်သည်။

စကြာဝဠာထဲတွင် မာကျောလွန်းပြီး ဖျက်ဆီးရန် ခက်ခဲသော ရတနာများစွာ ရှိသော်လည်း ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ စိတ်အသိကို တားဆီးနိုင်သော အရာများမှာ အလွန်နည်းပါးလှသည်။

စိတ်အသိစွမ်းအားက ကမ္ဘာစွမ်းအား သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားထက် ပိုမိုပြင်းထန်ပြီး ၎င်းက စိတ်စွမ်းအားမှ ဆင်းသက်လာခြင်းဖြစ်သည်။ လင်းယွမ်၏ လက်ရှိ စိတ်စွမ်းအားညွှန်းကိန်းနှင့် အဋ္ဌမအလွှာ ရတနာများကို အသေးစိတ်မဟုတ်လျှင်တောင် အများစုကို မြင်နိုင်စွမ်းရှိလေသည်။

" အဋ္ဌမအလွှာ ရတနာ ဒါမှမဟုတ် စကြာဝဠာရတနာလား။ " လင်းယွမ်က မီးခိုးရောင်ဘူးသီးခြောက်၏ မျက်နှာပြင်ကို ထိတွေ့လိုက်ရာ အေးစက်နေပြီး အဆင့်မြင့် သတ္တုတစ်မျိုးနှင့် တူနေသည်။

" ဒါကို ဘာနဲ့လုပ်ထားတာလဲ။ " လင်းယွမ်က ထိုမီးခိုးရောင်ဘူးသီးခြောက်မှာ လူလုပ်ထားခြင်းလား သို့မဟုတ် အလိုအလျောက် ဖြစ်ပေါ်လာခြင်းလား မဆုံးဖြတ်နိုင်ပေ။

" ဉာဏ်ပညာနတ်ဘုရား ဒီဘူးသီးခြောက်က ဘာလဲဆိုတာ သိလား။ " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။

လူသားမျိုးနွယ်၏ နတ်ဘုရားသုံးပါးအနက် တစ်ပါးဖြစ်သည့် ဉာဏ်ပညာနတ်ဘုရားက လူသားတို့သိရှိထားသော ရတနာအားလုံးနီးပါးကို မှတ်တမ်းတင်ထားလေသည်။ အဖိုးတန်ရတနာများ၊ စကြာဝဠာရတနာများ မည်သည့်ရတနာများဖြစ်စေ လူသားဆင့်ကဲပြောင်းလဲသူများက မှတ်တမ်းတင်ထားသရွေ့ ဉာဏ်ပညာနတ်ဘုရားက သိနိုင်လေသည်။ ထို့ကြောင့် ဉာဏ်ပညာနတ်ဘုရားကို တိုက်ရိုက်မေးလိုက်ခြင်းက အဓိပ္ပါယ်ရှိလေသည်။

All Chapters