ကြယ်နယ်မြေ ရွှေ့ပြောင်းနေထိုင်ခြင်း....
Vol. 23 Ch. 356
" အခွင့်အလမ်း။ ဒါက တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းပဲ။ ကြီးမြတ်သူတစ်ယောက်တောင် မျိုးဆက်တစ်ခုရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ပေးဖို့ ခက်ခဲတယ်။ "လင်းယွမ်က တွေးလိုက်သည်။
ကြီးမြတ်သူများက အရားအားလုံးထက် မြင့်မားစွာ ရပ်တည်နေကြပြီး စကြာဝဠာထက်ကျော်လွန်ကာ မူလကမ္ဘာကိုပင် ထိခိုက်အောင် ပြုလုပ်နိုင်ကြသည်။ သို့သော် ၎င်းက သူတို့ကိုယ်တိုင်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး အခြားဆင့်ကဲပြောင်းလဲသူများအတွက် ကန့်သတ်ချက်များနှင့် အချုပ်အနှောင်များကို ချိုးဖျက်ရန်ဆိုလျှင် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရပေလိမ့်မည်။
" ဒီဘူးသီးခြောက်ကို ဘယ်တော့မှ ထုတ်ဖော်လို့မဖြစ်ဘူး။ " လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
သူက နတ်ဆိုးကျောက်စိမ်းမျှောင်စင်သို့ သာမန်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ဒုတိယနည်းလမ်းကို အကြောင်းကြားနိုင်လေသည်။ အကြောင်းမှာ သူ့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။ နတ်ဆိုးကျောက်စိမ်းမျှော်စင်တွင် အဖွဲ့ဝင်တစ်ဦးရှိသည်ဖြစ်စေ ဆယ်ဦးရှိသည်ဖြစ်စေ ကွာခြားမှုအနည်းငယ်သာ ရှိလေသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုလုံးကို အချိန်တိုအတွင်း နားလည်ရန် မဖြစ်နိုင်ပေ။
သို့သော် လင်းယွမ်အတွက် ထိုဘူးသီးခြောက်က တစ်လုံးသာ ရှိ၏။ ဉာဏ်ပညာနတ်ဘုရားကို ပြောပြခဲ့လျှင် ကြီးမြတ်သူတစ်ယောက်က ငှားရန် တောင်းဆိုလာလျှင် လင်းယွမ် မည်သို့လုပ်ရမည်မသိပေ။
" ဆက်လုပ်မယ်။ " လင်းယွမ်က ဘူးသီးခြောက်ကို လှုပ်ခါပြီး အဝကို အောက်သို့ လှည့်လိုက်သည်။
မကြာမီ ဘူးသီးခြောက်အဝတွင် အနီရောင်အရည်တစ်စက် ထပ်မံဖြစ်ပေါ်လာသည်။ လင်းယွမ် ယခင်မြိုချခဲ့သော အရည်တစ်စက်က အပြည့်အဝ စုပ်ယူနိုင်ခြင်းမရှိသေးဘဲ သူ၏ ရုပ်ခန္ဓာက ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရည်ကို အပြည့်အဝ စုပ်ယူရန် ခံနိုင်ရည်ရှိသည်အထိ ဆက်လက်ကြိုးစားရမည်ဖြစ်သည်။
အချိန်များကုန်လွန်လာသည်။ ခြောက်လကြာပြီးနောက် နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ အတွင်း၌ နီရဲနေသညွ မီးလျှံတစ်ခု လောင်ကျွမ်းနေ၏။ ကြောက်စရာကောင်းသော စွမ်းအားက လင်းယွမ်၏ အသား၊ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများကို လွယ်ကူစွာ လောင်ကျွမ်းနေပြီး သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်ကလည်း ပြင်းထန်စွာ ခုခံနေသည်။
အချိန်မည်မျှကြာသွားသည်မသိ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လင်းယွမ်၏ ခန္ဓာကိုယ်က ပြာမှုန်များအဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။ ချက်ချင်းပင် ပြာမှုန်များကြားမှ လင်းယွမ်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းလာသည်။
" ဘူးသီးခြောက်ကို ဖွင့်ဖို့ သွေးပြန်လည်မွေးဖွားခြင်းလိုမျိုး နည်းလမ်းတွေ လိုအပ်တာ အံ့ဩစရာမရှိဘူး။ ဒီလိုနည်းလမ်းတွေ မရှိဘဲ ဘူးသီးခြောက်ထဲက အရည်ကို စုပ်ယူတာက သေခြင်းပဲ အဆုံးသတ်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
သွေးပြန်လည်မွေးဖွားခြင်း ရှိနေသည့်တိုင် လင်းယွမ်က ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသည်။ သွေးပြန်လည်မွေးဖွားခြင်းကို အသုံးပြုသည့်အကြိမ်တိုင်း လင်းယွမ်၏ စွမ်းအားအချို့ကို သုံးစွဲနေရသည်။ လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်သော်လည်း မကြာခဏအသုံးပြုရန် မဖြစ်နိုင်ပေ။
" ဒါပေမယ့်..." လင်းယွမ်က ပြုံးလိုက်သည်။
လွန်ခဲ့သည့်ခြောက်လအတွင်း လင်းယွမ်က သူ၏ အချိန်အများစုကို ဘူးသီးခြောက်ထဲရှိ အနီရောင်အရည်ကို စုပ်ယူခြင်းဖြင့် ကုန်ဆုံးခဲ့ပြီး သွေးပြန်လည်မွေးဖွားခြင်းဖြင့် မည်မျှပြန်လည်မွေးဖွားလာသည်ကိုပင် မသိတော့ပေ။
သို့သော် ရလဒ်များကလည်း ထိရောက်လှသည်။ ယခုအခါ လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်နှစ်သန်းရှိနေပြီဖြစ်သည်။ ယခင် မိုင်ခုနှစ်သိန်း၏ သုံးဆဖြစ်၏။
ပုံမှန်အားဖြင့် အတွင်းကမ္ဘာကို မိုင်နှစ်သန်းချဲ့ထွင်နိုင်ရန် ပင်မလေဟာနယ်ပုံစံ သုံးထောင်ကို နားလည်ရန် လိုအပ်လေသည်။ သို့သော် ယခုအခါ လင်းယွမ်၏ ပင်မလေဟာနယ်ပုံစံ နားလည်မှုက နှစ်ထောင်ကျော်သာရှိလေသည်။
" ဆရာရဲ့ အတွင်းကမ္ဘာက ဘယ်လောက်ကြီးလဲမသိဘူး။ " လင်းယွမ်က စဉ်းစားလိုက်သည်။
ချီခွန်ကြယ်သခင်၏ မူလခန္ဓာကိုယ်မှာ ကြယ်ပင်လယ်ခွန်ဖြစ်ပြီး ၎င်း၏ အတွင်းကမ္ဘာ ကန့်သတ်ချက်က မိုင်ဆယ်သန်းထက် များစွာ ကျော်လွန်လေသည်။
သို့သော် ၎င်းက ကန့်သတ်ချက်ရှိလေသည်။ ကြယ်ပင်လယ်ခွန်များပင် သူတို့၏ ကန့်သတ်ချက်ကို ရောက်သူများစွာ မရှိနိုင်ပေ။ လူသားဆင့်ကဲပြောင်းလဲသူများက ကန့်သတ်ချက်ကို ထိတွေ့လိုလျှင် ပြီးပြည့်စုံသော လေဟာနယ်နိယာမကို နားလည်ရန် လိုအပ်ပြီး ကြယ်ပင်လယ်ခွန်များအတွက်လည်း လွယ်ကူမည်မဟုတ်ပေ။
" ခနလောက် အနားယူဦးမှပဲ။ " လင်းယွမ်က ကျင့်ကြံခြင်းကို ရပ်တန့်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
" လေးစားရပါသော နဂါးငွေ့တန်းကြယ်သခင် လက်ရှိ နဂါးငွေ့တန်းကြယ်နယ်မြေကို အဆင်သင့်ဖြစ်နေပါပြီ။ ကြယ်နယ်မြေရွေ့ပြောင်းနေထိုင်ခြင်းကို စတင်မည်လား။ "
" ကြယ်နယ်မြေရွေ့ပြောင်းနေထိုင်ခြင်း..." လင်းယွမ်က အံ့ဩခြင်းမရှိပေ။
နဂါးငွေ့တန်းကြယ်နယ်မြေကို လူသားများက အရိပ်မျိုးနွယ်ထံမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းက အရိပ်မျိုးနွယ်၏ နယ်မြေဖြစ်ပြီး လူသားနိုင်ငံသားမျာယ မပါဝင်ပေ။ လင်းယွမ်က ပတ်ဝန်းကျင်နှင့် ရင်းနှီးရန်နှင့် မတည်ငြိမ်သော နေရာများကို ကိုင်တွယ်ရန် အရင်ရောက်လာခြင်းဖြစ်သည်။
ထိုကြယ်နယ်မြေကို လူသားမျိုးနွယ်ပိုင်နက်အဖြစ် အပြည့်အဝ ပြောင်းလဲရန် လူသားများနေထိုင်ခြင်းက မရှိမဖြစ် လိုအပ်လေသည်။ ကြယ်နယ်မြေအတွင်း အသက်ဂြိုလ် တစ်သန်းကျော်ရှိလျှင်တောင် လူသားများနေထိုင်ခြင်းမရှိလျှင် ထိုအသက်ဂြိုလ်များက အသုံးမဝင်ပေ။ ထို့အပြင် ရင်းမြစ်ဂြိုလ်များတွင်လည်း လူသားများနေထိုင်ရန် လိုအပ်လေသည်။
" စလိုက်ပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ နဂါးငွေ့တန်းကြယ်နယ်မြေက လူသားနိုင်ငံသားအများအပြားကို အမှန်တကယ် လိုအပ်နေပြီဖြစ်သည်။
ချီခွန်ကြယ်နယ်မြေ၊ အလယ်အဆင့် အသက်ဂြိုလ်တစ်ခုအပေါ်တွင် လူငယ်တစ်ယောက်က သူ၏ မိဘများကို နှုတ်ဆက်နေသည်။
" သား အဖေတို့ ဒီမှာ အေးအေးချမ်းချမ်းနေရတာ ဘယ်လောက်ကောင်းလဲ။ ဘာလို့ ဒီလောက်ဝေးလံတဲ့ ကြယ်နယ်မြေကို ရွှေ့ပြောင်းချင်ရတာလဲ။ " အဖေဖြစ်သူက သူ၏ သားကို ကြည့်ပြီး ပြောလိုက်သည်။
သာမန်နိုင်ငံသားများအတွက် ကြယ်နယ်မြေမပြောနှင့် ကြယ်စနစ်တစ်ခုမှပင် ထွက်ခွာနိုင်မည်မဟုတ်ပေ။ သားဖြစ်သူက နယ်စပ်ကြယ်နယ်မြေသို့ ပြောင်းရွှေ့သွားခြင်းမှာ သူတို့ တစ်ယောက်နှင့်တစ်ယောက် ပြန်တွေ့ရန် အခွင့်အရေးမရှိသလောက်ပင် ဖြစ်သည်။ သာမန်နိုင်ငံသားများအတွက် VR ကမ္ဘာမှ အထူးအခွင့်အရေးများလည်း မရှိပေ။
" အဖေ အမေ စကြာဝဠာက အရမ်းကျယ်ပြန့်တယ်။ ကျွန်တော်တစ်သက်လုံး ဒီဂြိုလ်ပေါ်မှာပဲ ပိတ်မိမနေချင်ဘူး။ အခု ကျွန်တော် ရွှေ့ပြောင်းမယ့်ကြယ်နယ်မြေက ကျွန်တော်တို့ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ နဂါးငွေ့တန်းကြယ်နယ်မြေပဲ။ ပထမဆုံး ရွှေ့ပြောင်းသူတွေက တစ်ယောက်အနေနဲ့ ကျွန်တော်က အခွင့်အရေးတွေ ပိုရနိုင်တယ်။ ပြီးတော့ ကျွန်တော် ဆင့်ကဲပြောင်းလဲသူတစ်ယောက်လည်း ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော် အဖေနဲ့အမေကို ပြန်လာတွေ့မှာပါ။ " လူငယ်က စိတ်အားထက်သန်နေပြီး သူ၏ မိဘများ၏ မျက်လုံးများထဲမှ ဝမ်းနည်းမှုများကို သတိမထားမိပေ။
" ထားလိုက်တော့ သားက အရွယ်ရောက်လာပြီပဲ။ သူ စိတ်ကူးရှိနေမှတော့ သွားခွင့်ပြုလိုက်ရအောင်။ " မိခင်ဖြစ်သူက ဘေးမှ သက်ပြင်းချလိုက်သည်။ " သားအဲ့ဒီကို ရောက်ရင် ဗီဒီယိုကောလ်ခေါ်ဖို့ မမေ့နဲ့နော်။ "
" သိပါပြီ။ ရွှေ့ပြောင်းရေးယာဉ်ရောက်တော့မယ်။ သားသွးတော့မယ်။ အဖေနဲ့အမေ ကျန်းမာရေးဂရုစိုက်ကြပါ။ " လူငယ်က အချိန်ကို တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားသည်။
မိဘနှစ်ပါးကတော့ သူတို့၏ သား ထွက်သွားသည်ကို ကြည့်နေကြပြီး ပျောက်ကွယ်သွားမှ အကြည့်လွှဲလိုက်ကြသည်။
လုသားမျိုးနွယ်မဟာမိတ်က အချိန်တိုင်းနယ်မြေချဲ့ထွင်နေသောကြောင့် ရွှေ့ပြောင်းနေထိုင်ခြင်းက သာမန်ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။
ကြယ်နယ်မြေအသစ်များသို့ ရွှေ့ပြောင်းနေထိုင်ခြင်းက အားသာချက်များနှင့် အားနည်းချက်များ ရှိလေသည်။ အားနည်းချက်မှာ နေထိုင်မှုပတ်ဝန်းကျင် သို့မဟုတ် ဂြိုလ်ပတ်ဝန်းကျင်က ယခင်ကြယ်နယ်မြေကဲ့သို့ တည်ငြိမ်ပြီး ဘေးကင်းမှုမရှိသည်မှာ သေချာလေသည်။ ကြယ်နယ်မြေအသစ်တွင် ဒေသခံလူမျိုးများ၏ ခြိမ်းခြောက်မှုကိုလည်း ခံရနိုင်လေသည်။
သို့သော် အားသာချက်များကတော့ ရှင်းလေသည်။ ၎င်းက မြင့်မားသော နေရာများအတွက် လမ်းကြောင်းများစွာ ရှိနေခြင်းဖြစ်သည်။ လူမှုအလွှာများက အခြေခံအားဖြင့် ပုံသေဖြစ်နေပြီး ဆင့်ကဲပြောင်းလဲသူ၊ အဆင့်မြင့်နိုင်ငံသား မဖြစ်လာလျှင် အလွှာများကြား ပါဝင်ရန် ခက်ခဲလေသည်။ သို့သော် ကြယ်နယ်မြေအသစ်များတွင် ထိုရည်မှန်းချက်များက ဖြစ်မြောက်ရန် လွယ်ကူလေသည်။ ဆင့်ကဲပြောင်းလဲသူဖြစ်လာရန် လမ်းကြောင်းအမျိုးမျိုးနှင့် နိုင်ငံသားအဆင့်မြှင့်တင်ရန်အတွက် လိုအပ်သော ကောင်းမှုအမှတ်များကို ရွှေ့ပြောင်းနေထိုင်သူများကို အားပေးရန်အတွက် အတိုင်းအတာတစ်ခုအထိ ဖွင့်ပေးထားသည်။
ထို့ကြောင့် မိမိကိုယ်ကိုယ် အားမရဘဲ ကြီးမားသော ရည်ရွယ်ချက်ရှိသူများက ရွှေ့ပြောင်းနေထိုင်ခြင်းကို အားပေးကြလေသည်။
ချီခွန်ပင်မကြယ်။
လင်းယွမ်က ရွှေ့ပြောင်းနေထိုင်ခြင်းကို အကျဉ်းချုပ် ပြန်လည်သုံးသပ်နေသည်။
" ချီခွန်ကြယ်နယ်မြေက နိုင်ငံသားတွေ အများကြီး ပြောင်းရွှေ့လာတာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
နဂါးငွေ့တန်းကြယ်နယ်မြေက ရှစ်စန်းတောင်ထိပ်သခင်၏ နယ်မြေဖြစ်ရာ ရွှေ့ပြောင်းရန် ရွေးချယ်ရမည်ဆိုလျှင် အကြောင်းမသိသော ကြယ်နယ်မြေများကို ရွှေ့ပြောင်းခြင်းထက် နဂါးငွေ့တန်းကြယ်နယ်မြေသို့ လာရောက်ခြင်းက ပို၍ ကောင်းလေသည်။ ရှစ်စန်းတောင်ထိပ်သခင်၏ ဂရုစိုက်မှုမခံရလျှင်တောင် အနည်းဆုံး နှိမ့်ချဆက်ဆံခြင်းကို ခံရမည်မဟုန်ပေ။
" လူသားမျိုးနွယ်က ကြီးမားတဲ့ လူဦးရေကို အခြေခံပြီး စကြာဝဠာတစ်ခုလုံး ဖြန့်ကျက်နေတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
အထွတ်အထိပ်မျိုးနွယ်များထဲမှ တစ်ခုဖြစ်သည့် အင်းဆက်မျိုးနွယ်က စစ်မှန်သော အဖွဲ့ဝင်များ ရှားပါးပြီး သူတို့၏ အသိုက်မှ ထုတ်လုပ်သည့် အင်းဆက်စစ်သည်များသာ ရှိကြသည်။
လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်တို့ကြား စစ်ပွဲများတွင် အင်းဆက်မျိုးနွယ်အသိုက်တစ်ခုက မရေတွက်နိုင်သော လူသားဆင့်ကဲပြောင်းလဲသူများစွာကို တိုက်ခိုက်နိုင်လေသည်။ အင်းဆက်မျိုးနွယ်အသိုက်၏ ကြောက်စရာကောင်းဆုံး အချက်မှာ အင်းဆက်စစ်သည်များကို အဆက်မပြတ် ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ၎င်းက သူတို့၏ စွမ်းအားကို သုံးစွဲရလျှင်တောင် အကန့်အသတ် မရှိသလောက်ပင် ဖြစ်၏။
သို့သော် လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်၏ စစ်ပွဲတွင် ကြီးမြတ်သူများ မပါဝင်လျှင်တောင် အင်းဆက်မျိုးနွယ်က လူသားမျိုးနွယ်၏ ဖိအားပေးခြင်းကို ခံနေရသည်။ လူသားမျိုးနွယ် အားထားသည့်အရာမှာ လူသားဆင့်ကဲပြောင်းလဲသူများ၏ ကြီးမားသော အရေအတွက်ပင် ဖြစ်သည်။