← Chapters

အင်းဆက်မျိုးနွယ်၏ ပစ်မှတ်....

Vol. 23 Ch. 358

အင်းဆက်မျိုးနွယ်၏ ပစ်မှတ်....

Vol. 23 Ch. 358

လအနည်းငယ်ကြာပြီးနောက် နဂါးငွေ့တန်းကြယ်နယ်မြေသို့ ဧည့်သည်တစ်ယောက် ရောက်လာသည်။

" ဟားဟားဟား မင်းက ချီခွန်ရဲ့ တပည့်လေးလား အထင်ကြီးစရာပဲ။ " နန်းတော်အတွင်း၌ လင်းယွမ်က ဦးခေါင်းပြောင်နှင့် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ထိုလူ၏ လှုပ်ရှားမှုတိုင်းက တောက်ပပြီး မြင့်မြတ်သော အော်ရာတစ်ခု ထုတ်လွှတ်နေပြီး သူ၏ အနီးတွင် ရှိနေသော သူများကို သက်သောင့်သက်သာ ခံစားရစေသည်။

" အဖြူရောင်အလင်းကြယ်သခင် အဲ့လိုပြောနေရင် ကျွန်တော် နည်းနည်း ရှက်မိလိမ့်မယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

အဖြူရောင်အလင်းကြယ်သခင်က လူသားမျိုးနွယ်မှ အဋ္ဌမအလွှာ အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်ပြီး ချီခွန်ကြယ်သခင်၏ မိတ်ဆွေတစ်ယောက်လည်း ဖြစ်သည်။ အဖြူရောင်အလင်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူမဟုတ်သော်လည်း သူ၏ ခွန်အားက အဋ္ဌမအလွှာ အထွတ်အထိပ်တွင် အမှန်တကယ် ရှိနေလေသည်။

လေဟာနယ်နိယာမအပေါ် နားလည်မှုတွင် သူက ချီခွန်ကြယ်သခင်အောက်နိမ့်ကျခြင်းမရှိပေ။ သူက သတ်မှတ်ထားသော စကြာဝဠာစွမ်းအားတစ်ခုကို နားမလည်သေးသောကြောင့်သာ ချီခွန်ကြယ်သခင်ထက် အနည်းငယ် နိမ့်ကျနေခြင်းဖြစ်သည်။

အဋ္ဌမအလွှာတစ်ယောက်က အခြေခံအားဖြင့် အဋ္ဌမအလွှာ စတုတ္ထအဆင့်တွင် ရှိနေခြင်းဖြစ်သည်။ ခြားနားချက်တစ်ခုမှာ သူတို့က စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ထားပြီး ၎င်းက သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးရုံသာမက နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ ရှေ့တွင် သူတို့၏ အသက်ကို ကယ်တင်နိုင်မည့် စွမ်းရည်ကိုပင် ပေးစွမ်းနိုင်လေသည်။

" ဒီမှာ မင်းတောင်းထားတဲ့ မိုးကြိုးနှလုံးသားပဲ။ " အဖြူရောင်အလင်းကြယ်သခင်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်ပြီး မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော တုန်ခါနေသည့် နှလုံးတစ်ခုကို ထုတ်ပေးလိုက်သည်။

မိုးကြိုးနှလုံးသားက ထိပ်တန်းအရည်အသွေးရှိသည့် အဋ္ဌမအလွှာ စကြာဝဠာရတနာတစ်ခုဖြစ်သည်။ လင်းယွမ်၏ အတွင်းကမ္ဘာက လျင်မြန်စွာ ကျယ်ပြန့်လာသည်နှင့်အမျှ ထိုသို့သော စကြာဝဠာရတနာများကို လိုအပ်လာသည်။ သူက ချီခွန်ကြယ်သခင်ထံမှ အဖြူရောင်အလင်းကြယ်သခင်က မကြာသေးမီကမှ ထိုမိုးကြိုးနှလုံးသားကို ရရှိခဲ့ကြောင်း သိရှိခဲ့ရပြီး လင်းယွမ်က ကုန်သွယ်ရန် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

" ကျေးဇူးတင်ပါတယ် အဖြူရောင်အလင်းကြယ်သခင်။ " လင်းယွမ်က စကြာဝဠာသလင်းကျောက် ၁၂၀၀၀ ကို ထုတ်ယူလိုက်သည်။

ထိပ်တန်းအရည်အသွေးရှိသော အဋ္ဌမအလွှာ စကြာဝဠာရတနာတစ်ခုအနေဖြင့် မိုးကြိုးနှလုံးသားက ပုံသေစျေးနှုန်းမရှိဘဲ စကြာဝဠာသလင်းကျောက် တစ်သောင်းမှ နှစ်သောင်းကြား ရောင်းဝယ်ကြသည်။ အဖြူရောင်အလင်းကြယ်သခင်က ချီခွန်ကြယ်သခင်၏ မျက်နှာကြောင့် စကြာဝဠာသလင်းကျောက် ၁၂၀၀၀ ဖြင့် ရောင်းပေးခဲ့ခြင်းဖြစ်သည်။

" ဒါဆို အရောင်းအဝယ် ပြီးပြီ။ " အဖြူရောင်အလင်းကြယ်သခင်က စကြာဝဠာသလင်းကျောက်များကို လက်ခံလိုက်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " မင်းနောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ။ စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ပြီး အဋ္ဌမအလွှာ တားဆီးမရသူဖြစ်ဖို့လား။ "

" အဋ္ဌမအလွှာ တားဆီးမရသူ။ အဲ့ဒါက အရမ်းခက်ခဲတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။

လူသားမျိုးနွယ် သို့မဟုတ် အခြားမျိုးနွယ်ခြားများဖြစ်စေ အားလုံးတွင် အဋ္ဌမအလွှာ၏ တားဆီမရသော စွမ်းအားရှင်များ ရှိကြသည်ာယ သို့သော် ယနေ့အထိ အဋ္ဌမအလွှာ၏ တားဆီးမရသူဖြစ်လာရန် တိကျသော နည်းလမ်းကို မထုတ်ဖော်နိုင်ကြပေ။ အဋ္ဌမအလွှာ တားဆီးမရသူများက ထူးခြားပြီး သူတို့နားလည်ထားသော စကြာဝဠာစွမ်းအားများကလည်း မတူညီကြပေ။

" အဋ္ဌမအလွှာမှာ တားဆီးမရသူဖြစ်ဖို့က တကယ်ခက်ခဲတယ်။ အဋ္ဌမအလွှာ အများစုက နဝမအလွှာကို တက်လှမ်းသွားတဲ့အထိ စကြာဝဠာစွမ်းအားတစ်ခုမှ နားမလည်နိုင်ကြဘူး။ "

အဖြူရောင်အလင်းကြယ်သခင်က ခေါင်းညိမ့်လိုက်သည်။ လူသားမျိုးနွယ်ကို ဥပမာကြည့်လျှင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ ထောင်ပေါင်းများစွာမှ အဋ္ဌမအလွှာ တားဆီးမရသူ တစ်ယောက်သာ ထွက်ပေါ်လာနိုင်သည်။

" အခြားဆင့်ကဲပြောင်းလဲသူတွေအတွက် ခက်ခဲပေမယ့် မင်းအတွက်ကတော့..." အဖြူရောင်အလင်းကြယ်သခင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။

လင်းယွမ်၏ အရည်အချင်းက သူမြင်ဖူးသမျှထဲတွင် လုံးဝကြောက်စရာအကောင်းဆုံး ဖြစ်၏။ အသက်တစ်ရာမပြည့်ခင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူဖြစ်လာရုံသာမက နဂါးငွေ့တန်းကြယ်နယ်မြေမှ အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများကို တစ်ယောက်တည်း ရှင်းလင်းခဲ့သည်။

၎င်းကို ပြီးမြောက်ရန် အနည်းဆုံး အဋ္ဌမအလွှာ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို လိုအပ်လေသည်။ ထို့ကြောင့် အခြားဆင့်ကဲပြောင်းလဲသူများအတွက် အဋ္ဌမအလွှာ တားဆီးမရသူဖြစ်လာရန် အလွန်ခက်ခဲလျှင်တောင် လင်းယွမ်အတွက် အချိန်တစ်ခုသာ လိုပေလိမ့်မည်။

အဖြူရောင်အလင်းကြယ်သခင်ထွက်သွားပြီးနောက် လင်းယွမ်က အတွေးနက်သွား၏။ မကြာသေးမီက သူလည်း အဋ္ဌမအလွှာ တားဆီးမရသူဖြစ်လာရန် မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားမိခဲ့သည်။ အဋ္ဌမအလွှာ တားဆီးမရသူများ၏ တစ်ယောက်ချင်း ကျွမ်းကျင်ထားသော စကြာဝဠာစွမ်းအားများက ကံကြမ္မာအရ ရရှိခဲ့ခြင်းဖြစ်ပြီး ပုံတူကူးယူ၍ မရနိုင်ပေ။.

လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူဖြစ်လိုလျှင် သူ၏ ကိုယ်ပိုင် စကြာဝဠာစွမ်းအားကို နားလည်ရန် လိုအပ်လေသည်။ သို့သော် အပြောကလွယ်သော်လည်း အလုပ်က ခက်ခဲလေသည်။

" ဖြည်းဖြည်းပေါ့။ အဋ္ဌမအလွှာ တားဆီးမရသူဖြစ်မလာရင်တောင် နဝမအလွှာကို တိုက်ရိုက်တက်လို့ရတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အဋ္ဌမအလွှာ တားဆီးမရသူက မည်မျှအားကောင်းသည်ဖြစ်စေ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ ရှေ့တွင် အသက်ရှင်ရန်သာ အခွင့်အရေးရှိပြီး အားနည်းသည်မှာ ရှင်းလင်းလေသည်။

ထို့အပြင် လင်းယွမ်က စကြာဝဠာစွမ်းအားတစ်ခုကို နားမလည်လျှင်တောင် သူ၏ အတွင်းကမ္ဘာကို မိုင်သန်းပေါင်းများစွာ ချဲ့ထွင်ထားလျှင် စကြာဝဠာစွမ်းအားကို အသုံးမပြုနိုင်လျှင်တောင် သူ၏ တိုက်ခိုက်ရေးစွမ်းအားက အဋ္ဌမအလွှာ တားဆီးမရသူများအောက် နိမ့်ကျမည်မဟုတ်ပေ။

နဂါးငွေ့တန်းကြယ်နယ်မြေ၏ အပြင်ဘက် စွန့်ပစ်ဂြိုလ်တစ်ခုပေါ်တွင် ပုံရိပ်ငါးခုက တိတ်ဆိတ်စွာ ရပ်နေကြသည်။ ထိုပုံရိပ်ငါးခုက သူတို့၏ အော်ရာများကို ဖုံးကွယ်ထားသော်လည်း ပတ်ဝန်းကျင် စကြာဝဠာနှင့် နူးညံ့စွာ လိုက်လျောညီထွေဖြစ်နေသောကြောင့် သူတို့ အဋ္ဌမအလွှာ တားဆီးမရသူများဖြစ်သည်မှာ ထင်ရှားလေသည်။

ဝုန်း....

ထိုအချိန်တွင် စိတ်အသိတစ်ခုက ဆင်းသက်လာသည်။ ဂြိုလ်တစ်ခုထက်ပင် ကြီးမားသော အင်းဆက်အသိုက်ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။

" အရှင်မင်းကြီး..." အဋ္ဌမအလွှာ တားဆီးမရသူ ငါးယောက်က အနည်းငယ် ဦးညွှတ်လိုက်ကြသည်။

အဋ္ဌမအလွှာ တားဆီးမရသူများအနေဖြင့် နဝမအလွှာနှင့် တွေ့လျှင်တောင် ထိုသို့ ရိုသေလေးစားမှုကို မလိုအပ်ပေ။ အကြောင်းမှာ အဋ္ဌမအလွှာ တားဆီးမရသူများက နဝမအလွှာတစ်ယောက်ရှေ့တွင်ပင် သူတို့၏ အသက်ကို ကယ်တင်နိုင်သည့် နည်းလမ်းများစွာ ရှိသောကြောင့် ဖြစ်သည်။ သို့သော် သူတို့၏ ရှေ့မှ အင်းဆက်အသိုက်က အင်းဆက်မျိုးနွယ်၏ မြင့်မြတ်သော သက်ရှိဖြစ်ပြီး နဝမအလွှာအထက်တွင် ရပ်တည်နေသူဖြစ်လေသည်။

" ဒီတစ်ခါ မင်းတို့ရဲ့ ပစ်မှတ်က နဂါးငွေ့တန်းကြယ်သခင်ပဲ။ လူသားမျိုးနွယ်ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်။ " အင်းဆက်အသိုက်အရိပ်က စိတ်ဝိညာဉ်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

အထွတ်အထိပ်မျိုးနွယ်များကြား တိုက်ပွဲများဖြစ်စေ အခြားနေရာတွင်ဖြစ်စေ နဝမအလွှာ သို့မဟုတ် ထိုထက်မြင့်သော အဆင့်များကို အသုံးပြုခြင်းမရှိပေ။ လူသားမျိုးနွယ်၏ ပါရမီရှင် နဂါးငွေ့တန်းကြယ်သခင်ကို လုပ်ကြံရန်ပင် သူတို့က ထိုသဘောတူညီချက်ကို ချိုးဖျက်မည်မဟုတ်ပေ။

အင်းဆက်မျိုးနွယ်က ယခင်က ထိုသဘောတူမှုကို ချိုးဖျက်ခဲ့ဖူးသည်။ အကြောင်းမှာ ကမ္ဘာပြင်ပမှ ကြီးမြတ်သူအလောင်းကြောင့် ဖြစ်သည်။ ၎င်းက အင်းဆက်မျိုးနွယ်အတွက် နောက်ထပ် ကြီးမြတ်သူတစ်ယောက် မွေးဖွားလာရန် မျှော်လင့်ချက်ကြောင့် ထိုသဘောတူညီချက်ကို တိုက်ရိုက်ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် နဂါးငွေ့တန်းကြယ်သခင်က လူသားမျိုးနွယ်၏ ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် မျှော်လင့်ချက်မရှိသေးပေ။ အင်းဆက်မျိုးနွယ်အတွက် နဂါးငွေ့တန်းကြယ်သခင်ကိာ လုပ်ကြံခြင်းက စစ်မြေပြင်တွင် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုများကို လျှော့ချရန် ကြိုးစားခြင်းမျှသာ ဖြစ်သည်။

" အရှင်မင်းကြီး အဲ့ဒီ နဂါးငွေ့တန်းကြယ်သခင်က အခုမှ အဋ္ဌမအလွှာကို ရောက်တာပါ။ သူက အဋ္ဌမအလွှာ တားဆီးမရသူရဲ့ တိုက်ခိုက်ရေးစွမ်းအားရှိရင်တောင် ကျွန်တော်တို့ တစ်ယောက်တည်းဆို လုံလောက်ပါတယ်။ ဘာလို့ငါးယောက်တောင်လိုတာလဲ။ " ဘယ်ဘက်အစွန်ဆုံးမှ အဋ္ဌမအလွှာ တားဆီးမရသူက မေးလိုက်သည်။

" အဋ္ဌမအလွှာကို အခုမှရောက်တာလား။ " အင်းဆက်အသိုက်အရိပ်က ထိုလူကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

အခြားလေးယောက်က ၎င်းကို မြင်သောအခါ အင်းဆက်မျိုးနွယ်က ပို၍ အရေးပါသော အချက်အလက်များ သိထားခြင်း သို့မဟုတ် ပိုမိုနက်နဲသော အကြံအစည်များ ရှိမည်ကို နားလည်သွားသည်။

" နဂါးငွေ့တန်းကြယ်သခင်က ငါတို့အင်းဆက်မျိုးနွယ်က လူသားမျိုးနွယ်ရဲ့ လက်ရှိခေတ်ရဲ့ ပါရမီရှင်တွေကို အဆင့်သတ်မှတ်ရာမှာ ခုနှစ်ယောက်မြောက်အဖြစ် သတ်မှတ်ခံရတယ်။ " အင်းဆက်အသိုက်ပုံရိပ်က ပြောလိုက်သည်။

" ခုနှစ်ယောက်မြောက် " အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်က အံ့ဩသွားကြသည်။

အင်းဆက်မျိုးနွယ်ကဲ့သို့ အထွတ်အထိပ်မျိုးနွယ်တစ်ခုက ပါရမီရှင်များကို သတ်မှတ်ရာတွင် အလွန်တင်းကြပ်ပြီး သူတို့၏ ပါရမီရှင်စာရင်းတွင် ကဏ္ဍများစွာကို ထည့်သွင်းစဉ်းစားလေသည်။ နဂါးငွေ့တန်းကြယ်သခင်က ခုနှစ်ယောက်မြောက်အဖြသ် သတ်မှတ်ခံရသောကြောင့် သူနှင့် ပက်သက်သော ကဏ္ဍတိုင်းက ကြောက်စရာကောင်းပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းရဲ့ ကြီးထွားနှုန်းက အရမ်းမြန်တယ်။ " အင်းဆက်အသိုက်ပုံရိပ်က ရေရွတ်လိုက်သည်။

အင်းဆက်မျိုးနွယ်တွင် လူသားမျိုးနွယ်ကဲ့သို့ VR ကမ္ဘာနှင့် နတ်ဘုရားသုံးပါးမရှိသော်လည်း သူတို့တွင် ထိပ်တန်း ရှေ့ဖြစ်ဟောသူများစွာ ရှိလေသည်။ သတင်းအချက်အလက်များစွာကို ပေါင်းစပ်ပြီး သူတို့က နဂါးငွေ့တန်းကြယ်သခင်၏ အလားအလာကို ခန့်မှန်းခဲ့ကြသည်။ သူက ကြီးမြတ်သူများ၏ မျိုးဆက်များ သို့မဟုတ် ထူးခြားသော အမွေအနှစ်ရရှိထားသည့် ဆင့်ကဲပြောင်းလဲသူများအောက် မနိမ့်ပေ။

နောက်ဆုံးတွင် သူတို့က သူ့ကို ခုနှစ်ယောက်မြောက်နေရာတွင် ထားခဲ့ကြသည်။ အမှန်တွင် အင်းဆက်မျိုးနွယ်၏ ရှေ့ဖြစ်ဟောသူများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လင်းယွမ်က ဖန်တီးခဲ့ကြောင်း မသိကြသေးပေ။

All Chapters