လေဟာနယ်ဘုံ
Vol. 018 Ch. 1744
ရွှယ်ယူမြို့မှ လူများအားလုံးက ခေါင်းမော့ကာ အပေါ်ကို ကြည့်ကြသည်။
အမှောင်ထုသည် မြို့ကို ချဉ်းနင်းဝင်ရောက်လာခဲ့ပြီးဖြစ်သည်။ ကောင်းကင်တွင် ငရဲတံခါးသည် သိသာထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ပြီးဖြစ်သည်။ ထိုအရာသည် ကောင်းကင်တစ်ပြင်လုံးကို ဖုံးအုပ်ထားပြီးဖြစ်သည်။
ကောင်းကင်ကား ပြောင်းလဲသွားချေပြီ။
ရွှယ်ယူမြို့မှ လူတိုင်းက ကြီးကြီးမားမားကိစ္စတစ်ခုဖြစ်ပျက်တော့မည်ကို နားလည်ကြသည်။
ရီဖူရှင်းကလည်း အပေါ်ကို မော့ကြည့်သည်။ ငရဲတံခါးသည် တကယ့်ငရဲသို့ သွားရောက်နိုင်သည်ဟု ယခင်က ကောလာဟလများအဖြစ် သူက ကြားဖူးသည်။ သို့သော်လည်း ထိုကိစ္စက အမှန်တကယ်အားဖြင့် မဖြစ်နိုင်။
သို့ဆိုလျှင် ဤတံခါးက မည်သည့်နေရာသို့ ဆောင်ယူသွားနိုင်သနည်း။
“အရှင်ထိုက်ရွှမ်က ဒါနဲ့ပတ်သက်ပြီး သိပါသလား...” ရီဖူရှင်းက မေးသည်။
“ဆက်ကြောင်း...” အရှင်ထိုက်ရွှမ်က ပြောသည်။ ရီဖူရှင်းက နားမလည်။
ဆက်ကြောင်း...။
ငရဲတံခါးသည် ဆက်ကြောင်းတစ်ခုဖြစ်သည်ဟု အရှင်ထိုက်ရွှမ်က ပြောသည်။
“လက်ရှိဘုံသုံးထောင်က မဟာအင်ပါယာနှစ်ပါး လောကကြီးကို စုစည်းတုန်းကနဲ့ မတူဘူး။ ဘုံပေါင်းများစွာကို စိုးမိုးနေတဲ့ အင်အားစုတွေ အများကြီးရှိတယ်။ အဲဒီအထဲမှာမှ ဒီနေ့အထိ တည်တံ့နေခဲ့တဲ့ အင်အားစုတွေရှိသလို ငရဲတံခါးလို ပျောက်ကွယ်သွားတဲ့ အင်အားစုတွေလည်း ရှိတယ်...” အရှင်ထိုက်ရွှမ်က ပြောသည်။
ရီဖူရှင်း စိတ်မတည်မငြိမ် ဖြစ်လာသည်။ အရှင်ထိုက်ရွှမ်က မည်သည့်သဘောကို ဆိုလိုချင်သနည်း။
သို့ဆိုလျှင် ဘုံသုံးထောင်အပြင် တခြားဘုံများ တည်ရှိနေသည်ဆိုသည့် သဘောလား။
တခြားဘုံတွေက မည်သည့်နေရာတွင် ရှိသနည်း။
ငရဲတံခါးက မည်သည့်နေရာနှင့် ဆက်သွယ်ထားသော တံခါးနည်း။
အစစ်အမှန်ကမ္ဘာက မည်သို့သော ပုံစံဖြစ်သနည်း။
“လော့ရွှီက ငါ့ထက် သိလိမ့်မယ်...” အရှင်ထိုက်ရွှမ်က ရှန်လော့ရွှီကို ကြည့်ကာ ပြောသည်။
ရှန်လော့ရွှီကား ရှန်ကလန်မှ ဖြစ်ကာ ရှန်ကလန်သည် နှစ်ပေါင်းများစွာ ဘုံးကိုးခု၌ ထိပ်သီးအဆင့်တွင် ရှိခဲ့၏။ သူတို့တွင် တခြားအင်အားစုများ မသိသော အချက်အလက်များ ရှိပေသည်။ ကလန်ခေါင်းဆောင်၏သမီး ရှန်လော့ရွှီသည်လည်း တခြားလူများ မသိသော အရာများကို သိပေသည်။
ရှန်လော့ရွှီ သက်ပြင်းချသည်။
“မင်း တကယ် သိချင်တာလား...” ရှန်လော့ရွှီက ရီဖူရှင်းကို မေးသည်။
“အင်း...” ရီဖူရှင်းက ခေါင်းညိတ်သည်။
“နတ္တိအင်ပါယာနန်းတော်က မင်းကို ဆက်သွယ်ဖူးပြီးသားပဲ။ ဒါက မင်း အနှေးနဲ့အမြန်သိလာမယ့်ကိစ္စဖြစ်တယ်”
ရီဖူရှင်းက ခေါင်းညိတ်သည်။
မရေမတွက်နိုင်သော တန်ခိုးရှင်များသည် တခြားနေရာများတွင်ရပ်ကာ ဖြစ်ပျက်နေသည်များကို ပြောဆိုဆွေးနွေးနေကြသည်။ အများစုမှာ ဘုံကိုးခုမှ အဆင့်မြင့်တန်ခိုးရှင်များဖြစ်ကြ၏။
ရီဖူရှင်းက ရှန်ကလန်မှ ရှန်ကျဲ့ကိုလည်း သတိထားမိသည်။
မိစ္ဆာလူငယ်သည်လည်း ကောင်းကင်ထက်တွင် ရပ်နေသည်။ သူ၏မျက်လုံးတွင် စိတ်လှုပ်ရှားသော အငွေ့အသက်များ အထင်းသားပေါ်နေ၏။
သူကား ရာစုနှစ်အနည်းငယ် စောင့်စားပြီးဖြစ်သည်။
သူသည် အမှောင်ထုတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရကာ သည်နေ့သည်ရက်ကို စောင့်ဆိုင်းနေခဲ့၏။
ယခု သူစောင့်စားနေသော နေ့ရက် ရောက်လာချေပြီ။
လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးတန်ခိုးရှင်အချို့သည်လည်း ရှိနေကြ၏။ သူတို့အားလုံး၏မျက်နှာအမူအရာများက လေးနက်နေသည်။
လက်ရှိဖြစ်ပျက်နေသည်က ကောင်းခြင်းလား ဆိုးခြင်းလား မည်သူမှ မသိပေ။
မည်သို့ဆိုစေ သူတို့သည် ဖြစ်လာသမျှကို ရင်ဆိုင်ရပေမည်။
ဘန်း...
ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် လေပွေမုန်တိုင်းတစ်ခုဖြစ်ပေါ်လာခဲ့၏။ အာကာသစွမ်းအားများ တလိမ့်လိမ့်ဖြစ်ပေါ်လာခဲ့ကာ လေဟာနယ်သည် တွန့်လိမ်ပျက်ယွင်းလာခဲ့၏။
မုန်တိုင်းရှေ့ကို လူတစ်စု ရုတ်တရက် ပေါ်လာခဲ့သည်။ သူတို့က အနည်းငယ် အံ့အားသင့်စွာဖြင့် စစ်မြေပြင်ကို ကြည့်သည်။ ထို့နောက် သူတို့က ပြုံးလိုက်ကြ၏။
“လေဟာနယ်ဘုံ...” တန်ခိုးရှင်တစ်ဦးက ပြုံးလျှက်ပြောသည် “ရာစုနှစ်တစ်ခုကြာပြီးနောက်မှာ လေဟာနယ်ဘုံက တဖန်ပြန်ပွင့်လာပြီ။ စိတ်ဝင်စားစရာပဲ...”
“လေဟာနယ်ဘုံ...”
ထိုစကားကိုကြားလျှင် ရွှယ်ယူမြို့မှ တန်ခိုးရှင်များ အံ့အားသင့်သွားကြသည်။ ထိုစကားက မည်သည့်အရာကို ဆိုလိုသနည်း။
လေဟာနယ်ဘုံ...။
သူတို့သည် ရွှယ်ယူမြို့တွင်ဖြစ်သည်။ အဘယ်ကြောင့် လေဟာနယ်ဘုံဖြစ်ရမည်နည်း။
ထိုလူပြောသည်ကို ရီဖူရှင်း သေသေချာချာ ကြားပေသည်။ မည်သည့်နေရာမှ လာမှန်းမသိသော ထိုလူစုသည် ထူးဆန်းသော စွမ်းအားများကိုသယ်ဆောင်လာခဲ့ကြ၏။
ထို့အပြင် သူက ‘လေဟာနယ်ဘုံ’ ဟူသော စကားကြောင့် ပို၍ စိုးရိမ်စိတ်ဝင်မိသည်။ ထိုစကားက သူ့စိတ်ထဲသို့ နောက်ထပ်နေရာတစ်နေရာကို တွေးမိစေသည်။
နတ္တိအင်ပါယာနန်းတော်...။
ဗဟိုအင်ပါယာဘုံတွင်ရှိကာ အရှင်ဒွန်ဟောင် တိုက်ရိုက်အုပ်ချုပ်သော ထိုတော်ဝင်ခန်းမသည် နတ္တိအင်ပါယာနန်းတော်ဟု ခေါ်တွင်သည်။
အဘယ်ကြောင့် ထိုနေရာကို နတ္တိအင်ပါယာနန်းတော်ဟု ခေါ်သနည်း။
အကြောင်းအရင်းကား ထိုနေရာသည် မဟာအင်ပါယာ ယာယီအားဖြင့် နန်းစိုက်ရာနေရာဖြစ်သောကြောင့်ပင်။ ထိုနေရာသည် မဟာအင်ပါယာ၏တကယ့်အစစ်အမှန်နန်းတော်မဟုတ်ပေ။
ထို့ကြောင့် လေဟာနယ်ဘုံဟူသော စကားကို ရီဖူရှင်း ပိုမို၍ နားလည်လာရသည်။
ဘုံသုံးထောင်သည် မရေမတွက်နိုင်သော သက်ရှိများနှင့် ကျင့်ကြံသူများ တည်ရှိရာနေရာဖြစ်သည်။ ထိုနေရာသည် ပြီးပြည့်စုံသောကမ္ဘာဖြစ်သော်လည်း တစ်ဘက်လူက လေဟာနယ်ဘုံဟု ခေါ်တွင်ခဲ့သည်။
“သူတို့က ကျုပ်တို့ကို နှုတ်ဆက်ဖို့ စောင့်နေကြတာလား...” တစ်ယောက်က ရွှယ်ယူမြို့မှ လူအုပ်ကို ကြည့်ကာ ပြောသည်။
“လေဟာနယ်ဘုံက ကြိုဆိုပါတယ်...”
မိစ္ဆာလူငယ်က အသက်ဝဝရှုကာ ပြောသည်။ သူကား အလွန် စိတ်အားထက်သန်နေသည်။
နောက်ဆုံးတွင် ထိုလူများ ရောက်လာကြချေပြီ။
ရီဖူရှင်း၏မျက်လုံးက ထိုလူများထံသို့ ရောက်နေသည်။ ငရဲတံခါးမှ တစ်ဆင့် ထိုလူများသည် ဤနေရာသို့ ရောက်လာကြ၏။ ဆိုလိုသည်က သူတို့သည် ဘုံသုံးထောင်မဟုတ်သော တခြားတစ်နေရာမှ ဖြစ်၏။
အသစ်ရောက်လာသူများက ထူးထူးဆန်းဆန်း မည်သည့်အရာကိုမှ မလုပ်ကြပေ။ သူတို့က မြေပြင်ပေါ်သို့ ဆင်းသက်ကာ ရွှယ်ယူမြို့ထဲသို့ ဝင်သွားကြည်။ လူအုပ်သည်လည်း တကယ့်အခြေအနေကို နားမလည်ကြသေးပေ။
“ပြန်သွားရအောင်...” အရှင်ထိုက်ရွှမ်က ပြောသည်။ သူတို့သည် လာမည့်ပြဿနာများအတွက် ပြင်ဆင်ရန် လိုပေသည်။
“အင်း... ပြန်ကြမယ်...” ရီဖူရှင်းကလည်း ခေါင်းညိတ်ကာ ဘေးမှ ရီချင်းယောင်ကို ကြည့်သည်။
ရီချင်းယောင်က တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ခေါင်းမော့ကာ ကြည့်၏။ သူမက တီးတိုးခေါ်သည် “အစ်ကိုဖူရှင်း..”
“သွားကြမယ်...” ရီဖူရှင်းက သူမ၏လက်ကို ကိုင်ဆွဲကာ ပြောသည်။ သူတို့ မြန်ဆန်စွာဖြင့် ထွက်ခွာလာခဲ့ကြ၏။
ပိုမိုများပြားသော တန်ခိုးရှင်များ ရွှယ်ယူမြို့သို့ ရောက်လာခဲ့ကြသည်။
သို့သော်လည်း ရီဖူရှင်းတို့က ထွက်သွားကြပြီဖြစ်သည်။ ထို့အတူ တခြားအင်အားစုများသည်လည်း အသီးသီးပြန်သွားကြ၏။ သူတို့က လာမည့်အပြောင်းအလဲများအတွက် ပြင်ဆင်ရန် လိုပေသည်။
မှန်သည်၊ ရွှယ်ယူမြို့သည် ထိုအပြောင်းအလဲများကို ပထမဆုံးရင်ဆိုင်ရမည့် မြို့ဖြစ်ပေသည်။
…
ရီဖူရှင်းတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ တန်း၍ ပြန်သွားခဲ့ကြသည်။
ကျောင်းတော်သို့ ရောက်ပြီးသည့်တိုင် ရီဖူရှင်းကား စိတ်မငြိမ်မသက်ဖြစ်နေခဲ့၏။ သူတို့က ကျောင်းတော်ကို ပစ်မှတ်ထားနေသော အင်အားစုတစ်ခုခုကို စုံစမ်းရန် သွားခဲ့ကြခြင်းဖြစ်သော်လည်း တကယ်တမ်းတွင် မထင်ထားသော ရလဒ်များဖြစ်ပေါ်လာခဲ့သည်။
သည်ခရီးတွင် သူတို့က မည်သည့်အကျိုးအမြတ်မှ မရခဲ့ပေ။
ရှန်လော့ရွှီ၊ အရှင်ထိုက်ရွှမ်၊ ရီဖူရှင်းနှင့် ဖေးရွှီတို့အားလုံး တစ်နေရာတည်းတွင် စုစည်းနေကြသည်။
ရီဖူရှင်းက ရှန်လော့ရွှီကို ငြိမ်သက်စွာ ကြည့်နေသည်။ သူသည် အပြန်လမ်းတစ်လျှောက်လုံး သူမ ရှင်းပြမည့်အရာများကို စောင့်မျှော်နေခဲ့၏။
သူမက ပြန်ရောက်သည်နှင့် အရာအားလုံးကို ရှင်းပြမည်ဖြစ်သည်။
“ဘာနဲ့ပတ်သက်ပြီး မင်းအသိချင်ဆုံးဖြစ်မလဲ...” ရှန်လော့ရွှီက ရီဖူရှင်းကို မေးသည်။
“အဖွား... အဲဒါက အမှန်လား...” ရီဖူရှင်းက မေးသည်။ ထိုလူများက မိမိတို့လောကကို လေဟာနယ်ဘုံဟု ခေါ်ခဲ့ကြသည်။
ဘုံသုံးထောင်သည် အမှန်တကယ် အတုအယောင်လောကလား။
“အသေအချာပဲပေါ့။ အဲဒါ အမှန်ပဲ။ မရေမတွက်နိုင်တဲ့သက်ရှိတွေက ဒီလောကမှာ နေထိုင်ကြတာပဲ။ အဲဒါက ဘယ်လိုလုပ် အတုအယောင်ဖြစ်မှာတဲ့လဲ...” ရှန်လော့ရွှီက ပြောသည်။
“ဒါဆို သူတို့က လေဟာနယ်ဘုံနဲ့ နတ္တိအင်ပါယာနန်းတော်ဆိုပြီးတော့ ဘာလို့ သုံးကြတာလဲ...” ရီဖူရှင်းက မေးသည် “အရှင်ထိုက်ရွှမ် အဆင့်တက်တော့ သူက ကောင်းကင်လမ်းစဉ်ဟာ မပြည့်စုံဘူးလို့ ပြောတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ...”
“ပြီးတော့ အဖွား... ဘုံသုံးထောင်ဟာ အဆုံးအစမဲ့ ကျယ်ပြောတယ်။ အရှင်ထိုက်ရွှမ်တောင်မှ လောကအဆုံးကို မသွားနိုင်ဘူး။ အဆုံးမရှိတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲလူတွေ ဘာလို့ ဒီကို မြန်မြန်ဆန်ဆန် ရောက်လာနိုင်တာလဲ...”
ရီဖူရှင်းက မေးခွန်းများကို ဆက်တိုက်ထုတ်သည်။ သူနားမလည်သည်များ အများအပြား ရှိနေသည်။
“ဒါက ရှုပ်ထွေးတယ်ထင်ရပေမဲ့ တကယ်တော့ ရိုးစင်းတယ်။ တခြားလောကအနေနဲ့ကြည့်ရင် သူတို့ဟာ အစစ်အမှန်ဖြစ်တယ်။ ငါတို့ကတော့ လေဟာနယ်ဘုံဖြစ်တယ်။ ဒါပေမဲ့ ငါတို့အတွက်ကျတော့ သူတို့ဟာ လေဟာနယ်ဘုံဖြစ်တယ်” ရှန်လော့ရွှီက ဆက်ပြောသည် “ငါက ရှန်ကလန်ရဲ့ မှတ်တမ်းနည်းနည်းကို ဖတ်ဖူးတယ်။ ဒဏ္ဍာရီအရတော့ ဘုံသုံးထောင်ဟာ သီးခြားနယ်ပယ်နှစ်ခုဖြစ်ပြီးတော့ တစ်ခုနဲ့တစ်ခု ပြောင်းပြန်အနေအထားနဲ့ ဆက်စပ်တည်ရှိတယ်။ ဆိုလိုတာက သူတို့ဟာ ငါတို့ဆီကို ရောက်ဖို့ လေဟာနယ်ကို ဖြတ်စရာမလိုဘူး။ ဘာလို့လဲဆိုတော့ ငါတို့အကြား အကွာအဝေးမရှိလို့ပဲ...”
***