← Chapters

မမျှော်လင့်ထားသော အရှေ့တိုက်မှ နောက်ထပ်ဧည့်သည်

Vol. 27 Ch. 376

မမျှော်လင့်ထားသော အရှေ့တိုက်မှ နောက်ထပ်ဧည့်သည်

Vol. 27 Ch. 376

...

တော်ဝင်မြို့တော်သည် တစ်ရက်တာအတွင်းမှာပင် များစွာသော ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရလေသည်။

နံနက်ပိုင်းတွင် တော်ဝင်အစောင့်များနှင့် ဘုန်းတော်ကြီးများသည် တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား မြို့တော်တစ်ဝန်းလုံးကို မွှေနှေက်ခဲ့ကြသည်။

ညနေပိုင်းတွင်မူ လမ်းများတစ်လျှောက်တွင် သြဇာကြီးမားသော ပုဂ္ဂိုလ်များစွာသည် တော်ဝင်နန်းတော်ဆီသို့ ဦးတည်ထွက်ခွာလာနေကြသည်ကို မြင်တွေ့ကြရသည်။

အထင်ကရ မိသားစုကြီးများ၏ နေအိမ်ကြီးများမှ ခမ်းနားထည်ဝါသော ရထားလုံးများသည်လည်း အစီအရီ ထွက်ခွာလာခဲ့ကြလေ၏။

တော်ဝင်အစောင့်များသည် မြို့တော်တစ်ဝန်းလုံး၏ အသွားအလာများကို ထိန်းချုပ်ထားခဲ့သည်။

ယင်းမှာ မြို့သူမြို့သားများကို ပင်မလမ်းမများမှ ဝေးဝေးတွင်သာသွားလာစေခဲ့ပြီး မှူးမတ်များနှင့် ဧည့်သည်တော်များ၏ ခရီးစဉ်အတွင်း အနှောင့်အယှက် မဖြစ်စေရန် ရည်ရွယ်ခြင်းပင် ဖြစ်လေသည်။

ဤကဲ့သို့ ပျားပန်းခပ်မျှ ရှုပ်ထွေးပွေလီလွန်းလှသော မြို့တော်ကြီးနှင့် ဆန့်ကျင်ဘက်ပင် မြို့တော်ပြင်ဘက်ရှိ မြင်ကွင်းများမှာမူ လွန်စွာ တည်ငြိမ်အေးချမ်းလျက် ရှိနေခဲ့၏။

အစောင့်များသည် မြို့ဝင်ပေါက်အနီးတွင် ရပ်နေကြပြီး ၎င်းတို့၏ လက်နှက်များကို ဆုတ်ကိုင်ထားလျက် အတော်လေး ငြီးငွေ့နေပုံရနေကြသည်။

၎င်းတို့ထဲမှ အချို့သည် တောက်ပနေသော မြို့တော်အတွင်းသို့ ရံဖန်ရံခါ လှည့်ကြည့်နေတတ်ကြပြီး အချို့မှာ သက်ပြင်းများခိုးချလေ့ရှိကြသည်။

“ဒီည တော်ဝင်ဧည့်ခံပွဲ ရှိတယ်၊ ငါတို့လည်း တက်ရောက်ခွင့်ရရင် ကောင်းမယ်...”

“ဟာသတွေ ပြောမနေနဲ့ ငါတို့လို လူမျိုးတွေက ဘယ်လိုမှ ဖိတ်ကြားခံရမှာ မဟုတ်ဘူး။ မင်း မသိဘူးလား ဧည့်ခံပွဲတွေဆိုတာ အရေးကြီးတဲ့ ဧည့်သည်တော်တွေအတွက်ပဲလေ။ မှူးမတ်တွေနဲ့ သြဇာကြီးတဲ့သူတွေပဲ ဖိတ်ကြားခံရတာ။”

“ငါ သိပါတယ်ကွာ.. ဧည့်သည်အဖြစ် တက်ရောက်ချင်တယ်လို့ မပြောပါဘူး။ ဒါပေမဲ့ နန်းတော်ထဲမှာ အစောင့်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရင်တောင် ဘယ်လောက်ကောင်းလိုက်မလဲတွေးမိလို့ပါ။ ငါတို့ကျ ဒီမှာပဲ ရပ်နေရပြီး အရေးမပါတဲ့ တာဝန်ကို ထမ်းဆောင်နေရတယ်လေ။”

မြို့ပြင်ဘက်တွင် တာဝန်ပေးခံရသော အစောင့်များစွာသည် သူတို့ကိုယ်သူတို့ အသုံးမဝင်ဟုပင် ခံစားမိခဲ့ကြ၏။

အထူးသဖြင့် မြို့၏ အဓိက အကာအကွယ်မှာ နတ်ဘုရားမ၏ ကောင်းချီးနယ်မြေ ကိုယ်တိုင်ပင် ဖြစ်နေသောကြောင့်ပင်တည်း။

သန့်စင်ပရောဟိတ်မ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ဤအကာအကွယ်လွှာကို ဖြတ်သန်းဝင်‌ရောက်နိုင်မည် မဟုတ်ပေ။

အကယ်၍ ထိုအကာအကွယ်လွှာကို ဖြတ်သန်းနိုင်သော ရန်သူဆိုပါကလည်း ၎င်းတို့ကဲ့သို့အဆင့်ဖြင့် ထိုကဲ့သို့သော သူမျိုးကို တားဆီးနိုင်မည်တဲ့လား...။

ထို့ကြောင့် ယင်းအစား ၎င်းတို့သည် နန်းတော်အတွင်း အစောင့်များသာ ဖြစ်ခဲ့ပါက ယခုထက် အများကြီး ပိုမို အသုံးဝင်နိုင်သည်ဟု ခံစားမိခဲ့ကြခြင်း ဖြစ်လေသည်။

နန်းတွင်းအစောင့်များသည် လုပ်ခလစာ ပိုရရုံသာမက သန့်စင်ဧကရာဇ်နှင့်လည်း ပို၍ နီးကပ်စွာ ထိတွေ့ခွင့်ရသောကြောင့် ၎င်းတို့ထက် သြဇာအာဏာ ပိုမိုရရှိထားကြသည်။

“ဟေ့ကောင်တွေ ဧည့်ခံပွဲအကြောင်း စိတ်ကူးယဥ်နေတာတွေ မေ့လိုက်ကြပါဟ” ဟု အခြားအစောင့်တစ်ဦးက ခေါင်းခါရင်း ပြောလိုက်သည်။

“မင်းတို့ စိတ်ကူးပိုယဥ်လေလေ လက်တွေ့က ပိုပြီး စိတ်ပျက်စရာကောင်းလေလေပဲ ဖြစ်လာလိမ့်မယ်”

“ဒါ့အပြင် ဒီတစ်ခေါက် ဧည့်ခံပွဲက မိစ္ဆာဂိုဏ်းက သံတမန်တွေအတွက်ပဲ။ သူတို့ ကိုဧည့်သည်တော်တွေအဖြစ် ဧည့်ခံရတဲ့ ဒီလိုပွဲမျိုးမှာ အဲဒီ ရူးသွပ်တဲ့လူတွေနား တကယ်ပဲ မင်းတို့ ရှိနေချင်တာသေခြာလို့လား။ သူတို့အကြောင်း ဒဏ္ဏာရီတွေ မကြားဖူးဘူးလား။”

“ဒဏ္ဏာရီတွေပါဆိုမှ ချဲ့ကားထားတာတွေ မဖြစ်နိုင်ဘူးလား။ ဆိုလိုတာက သူတို့က သူတို့ကို နည်းနည်းလေး လေးစားမှုမရှိလိုက်တာနဲ့ ဘုရင်နိုင်ငံတွေကိုတောင် ဖျက်ဆီးပစ်တဲ့ မကောင်းဆိုးဝါးတွေလို့ မင်းက တကယ်ပဲယုံကြည်သလား။ အဲဒါက လူတွေသူတို့ကို ကြောက်အောင် တမင်တကာသက်သက် လျှောက်ဖြန့်ထားတဲ့ ကောလာဟလတွေကော မဖြစ်နိုင်ဘူးလား။”

“ငါလဲ မင်းပြောတာ သဘောတူတယ်။ ငါ့ညီမလေးက နန်းတော်တွင်းကအစေခံလေ။ သူမ ပြောတာက မိစ္ဆာဂိုဏ်းက သံတမန်တွေက သာမန်ပါပဲတဲ့။ နည်းနည်းလေးမှ ရူးသွပ်ဖောက်ပြန်နေတဲ့ပုံ မပေါ်ပါဘူးတဲ့။ သူတို့က သန့်စင်ဧကရာဇ်နဲ့လည်း တော်တော်လေး ရင်းနှီးပုံရတယ်တဲ့။ ဒါပေမဲ့ တစ်ခုရှိတာကတော့ သူတို့က အရမ်းကို တနှာစိတ် ကြီးကြတယ်ဆိုပဲ။”

“ဘယ်လို တနှာစိတ်ကြီးကြတာလဲ” ထိုသတင်းကို မကြားဖူးသေးသော အစောင့်အများစုက စိတ်ဝင်တစားဖြင့် နား‌ထောင်လာကြသည်။

“ဟုတ်တယ်။ မိစ္ဆာဂိုဏ်းက သံတမန်နှစ်ယောက်က အရမ်းကို တနှာစိတ်ကြီးကြတယ်။ ထင်ရတာက သူတို့ အခန်းထဲမှာ တစ်နေ့ကုန် အဲ့ကိစ္စပဲ ထိုင်လုပ်နေကြသလားလို့” ဟု အစောင့်က ပြန်ဖြေလိုက်ရင်း သူသည် ညီမဖြစ်သူကြောင့် အခြားသူများထက် ပိုမိုသိနေသည်ကို အတော်လေး ကျေနပ်နေပုံရသည်။

“မိစ္ဆာဂိုဏ်းက သံတမန်တွေ ဒီမှာ ရောက်နေတယ်လို့ ရှင် ပြောလိုက်တာလား။”

အစောင့်သည်် အခြားသူများထံမှ မေးခွန်းများ ထပ်မံ မေးလာမည်ကို မျှော်လင့်နေစဉ် သူ၏နောက်မှ အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရလေသည်။

အသံသည် အလွန်ပင် ဆွဲဆောင်မှုရှိသဖြင့် ထိုအမျိုးသမီးကို လှည့်မကြည့်ဘဲပင် သူမသည် အလွန်လှပသူတစ်ဦးဖြစ်မည်မှန်း ခန့်မှန်းနိုင်လေသည်။

အစောင့်၏ နှလုံးခုန်နှုန်းသည် ထိုအသံပိုင်ရှင်ကြောင့် ပိုမို၍ မြန်ဆန်လာခဲ့သည်။

သူသည် ခေါင်းကို နောက်ပြန်လှည့်ကြည့်လိုက်ကာ တစ္ဆေတစ်ကောင်ကဲ့သို့ ထိုနေရာသို့ ရုတ်တရက် ရောက်လာခဲ့သော အမျိုးသမီးကိုလှည့် ကြည့်လိုက်၏။

သူမ စကားမပြောမချင်း သူမ၏ တည်ရှိနေခြင်းအား သူတို့ထဲမှမည်သူတစ်ဦးကမှ သတိမထားမိခဲ့ကြပေ။

ထိုအမျိုးသမီးသည် သူမ၏ ခန္ဓာကိုယ်အများစုကို ဖုံးကွယ်ရန် ထင်မှတ်ရသော အနက်ရောင်ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသော်လည်း သူမ၏ အလွန် ဆွဲဆောင်မှုရှိသော ကောက်ကြောင်းအလှများကိုမူ မဖုံးကွယ်နိုင်ခဲ့ချေ။

သူမ၏ မျက်နှာအောက်ပိုင်းကိုလည်း မျက်နှာဖုံးကဲ့သို့ အနက်ရောင် ပဝါပါးလေးတစ်ခုဖြင့် ဖုံးအုပ်ထားခဲ့ပြီး ၎င်းပဝါပါးလေးကိုယ်တိုင်ကပင် ရတနာပစ္စည်းတစ်ခုနှင့်ပင် တူညီနေခဲ့သည်။

အစောင့်များသည် အမျိုးသမီး၏ မျက်လုံးများကိုသာ မြင်နိုင်ခဲ့ကြသည်။

၎င်းတို့သည် တည်ငြိမ်မှုများ ပြန်လည်ရရှိနိုင်ရန် အတော်လေး အချိန်ယူလိုက်ရသည်။

အမျိုးသမီးသည် လွန်စွာလှပလွန်းနေခဲ့သော်လည်း သူမ၏ ဤနေရာတွင် ရောက်ရှိနေမှုကပင် အလွန်အမင်း သံသယဖြစ်ဖွယ် ကောင်းနေသည်မဟုတ်ပါလော...။

“မင်း ဘယ်သူလဲ” ဟု အစောင့်များထဲမှ တစ်ဦးက မေးလိုက်သော်လည်း သူ၏ နှလုံးသားမှာမူ မြန်ဆန်စွာ ကဆုန်ပေါက်နေဆဲပင်။

......

ဧည့်သည်အများစု ရောက်ရှိနှင့်ပြီး ဖြစ်သော်လည်း ဧည့်ခံပွဲသည် မစတင်သေးချေ။

အလွန်အရေးကြီးသော ဧည့်သည်အချို့ ရောက်မလာသေးသောကြောင့်လည်း ဖြစ်လေ၏။

ယခုအချိန်ထိ တော်ဝင်မိသားစုမှ မည်သူမျှ ရောက်မလာကြသေးသလို သန့်စင်ဘုရားကျောင်းအဖွဲ့သည်လည်း ထို့အတူပင်‌ တစ်ဦးတစ်ယောက်မျှ ရောက်ရှိမလာကြသေးပေ။

၎င်းတို့ မရောက်ရှိမချင်း ဧည့်ခံပွဲသည် စတင်၍ မရနိုင်ကြောင်း လူတိုင်းသိထားကြလေသည်။

ရောက်ရှိနှင့်ပြီးဖြစ်သော ဧည့်သည်အချို့မှာလည်း အနည်းငယ် ကြောက်ရွံ့နေပုံရသည်။

၎င်းတို့သည် တစ်ခါတစ်ရံ အာရန်နှင့် ဇီယာတို့ဘက်ကို လှည့်ကြည့်နေတတ်ကြပြီး ချက်ချင်းပင် အကြည့်များကို ပြန်လည် ဖယ်ခွာသွားလေ့ရှိကြသည်။

၎င်းတို့သည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲများကို ချဉ်းကပ်၍ နှုတ်ဆက်ရန်ပင် အနည်းငယ် တုံ့ဆိုင်းနေခဲ့ကြပြီး ထိုမိစ္ဆာဂိုဏ်းမှ ပုဂ္ဂိုလ်များ၏ နာမည်ကျော်ကြားမှုများအကြောင်း တွေးမိကြသောကြောင့်လည်း ဖြစ်လေ၏။

အကယ်၍ ၎င်းတို့သာ နှုတ်ဆက်စကားပြောရာတွင် အနည်းငယ် မှားယွင်းမှုများပြုလုပ်မိပါက ထိုမဟာအကြီးအကဲများသည် လူရိုင်းများကဲ့သို့ ၎င်းတို့၏ ဦးခေါင်းများကို ခန္ဓာကိုယ်မှ ဆွဲဖြုတ်ပစ်လိမ့်မည်ကို စိုးရိမ်မိနေကြသည်။

၎င်းတို့ထဲမှ မည်သူမျှ ထိုသို့ မစွန့်စားလိုခဲ့ကြပေ။

၎င်းတို့သည် ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော သန့်စင်ဧကရာဇ်ကိုသာ နှုတ်ဆက်ခဲ့ကြသည်။

အာရန်အတွက်လည်း ဤလူများ သူ၏ ကိုယ်ပွားကို ရှောင်ရှားလေလေ သူ့အတွက် ပို၍ စိတ်သက်သာရာရလေလေပင် ဖြစ်သည်။

၎င်းတို့သည် သူ၏ ကိုယ်ပွားနှင့် အပြန်အလှန်ဆက်ဆံမှု နည်းပါးမှသာ သူ့အတွက် လည်း ပိုမိုအန္တရာယ် ပိုမိုကင်းနိုင်မည် မဟုတ်ပါလော...။

ကံမကောင်းစွာပင် ထိုအခြေအနေသည် ကြာရှည်မခံခဲ့ပေ။

တော်ဝင်မိသားစုဝင်များ ရောက်ရှိလာကြောင်း ကြေညာလိုက်သည်နှင့် ဧည့်ခန်းတံခါးဝသည် စတင်ပွင့်လာခဲ့သည်။

ထိုဝင်ပေါက်မှ လူအုပ်စုတစ်စု အတွင်းသို့ အတူတကွ လျှောက်လှမ်းဝင်လာခဲ့ကြသည်။

ထိုလူအုပ်ကို ဦးဆောင်လာသူမှာ သန့်စင်ဧကရာဇ်၏ ညီတော်ကိုယ်တိုင်ပင် ဖြစ်ပြီး အကယ်၍ သန့်စင်ဧကရာဇ်တွင်သာ သားသမီးမရှိခဲ့ပါက ၎င်းသည် သူ၏ ထီးနန်းအမွေကို ဆက်ခံမည့်သူဖြစ်လာမည်ဖြစ်လေသည်။

အာရန်သည် ၎င်းတို့ ရောက်ရှိလာမည်ကို ကြိုတင်မျှော်လင့်ထားနှင့်ပြီး ဖြစ်၏။

အာရန်တွင် မူရင်းဧကရာဇ်၏ မှတ်ဉာဏ်များ မရှိနေသော်လည်း ဝိညာဉ်ကူးပြောင်းလာသူထံမှ ရယူထားနိုင်ခဲ့သော မှတ်ဉာဏ်အချို့ကြောင့် ညီအစ်ကိုနှစ်ဦးကြားရှိ ဆက်ဆံရေးကိုမူ အတော်တန် သိထားနိုင်ခဲ့သည်။

ဤညီအစ်ကိုနှစ်ဦးသည် အလွန်ရှုပ်ထွေးသော ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားကြပုံ ရလေသည်။

အာရန်သည် ဧကရာဇ်၏ ညီတော်ဦးဆောင်လာသော သူ၏ မိသားစုဆီသို့ ချဉ်းကပ်သွားရန်ပြင်လိုက်စဥ် နောက်ထပ် ကြေညာချက်တစ်ခု ထွက်ပေါ်လာသောကြောင့် သူ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“သန့်စင်ပရောဟိတ်မ ရောက်ရှိလာပါပြီ”

ထိုအချိန်အထိ တက်တက်ကြွကြွရှိနေခဲ့ကြသော ဧည့်ခန်းမကြီးတစ်ခုလုံးသည် ရုတ်တရက် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းနီးပါး ဝင်ပေါက်ဝဘက်ဆီသို့ ကြည့်လိုက်ကြပြီး လေထုသည် ရုတ်တရက် လေးလံသွားချေသည်။

အသန့်စင်ဆုံးသော ကောင်းချီးစွမ်းအင်များဖြင့် တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော အမျိုးသမီးတစ်ဦးသည် ကာဒီနယ်ရဟန်းအမတ်များစွာနှင့်အတူ ထိုခန်းမအတွင်းသို့ ဦးဆောင်ဝင်ရောက်လာခဲ့လေသည်။

#Catfoot

All Chapters