ပထမဆုံး လက်ထပ်ခွင့်ပန်ခြင်း …
Vol. 27 Ch. 380
အာရန်တစ်ယောက် သူ၏ကိုယ်ပွားနှင့် ဆွေးနွေးခဲ့သည့် အရာအားလုံးကို သိရှိထားပြီး ဖြစ်သည်။
ရာဇပလ္လင်ပေါ်တွင် ထိုင်နေရင်းဖြင့် ထရီနီယယ် ဆိုသည့် ထိုကာဒီနယ်ရဟန်းအမတ် သူ၏ကိုယ်ပွအား မည်မျှ စက်ဆုပ်ဖွယ်ရာ လိမ်ညာနေသည်ကို ကြည့်ရင်း မပြုံးမိပဲမနေနိုင် ဖြစ်သွားမိခဲ့သည်။
မနက်ဖြန် ထွက်ခွာမည့်ကိစ္စအတွက် အာရန်သည် အသင့်ပြင်ထားနှင့်ပြီးဖြစ်သည်။
အတုအယောင်ပရောဟိတ်မနှင့် ပင်လယ်နဂါးဧကရီတို့ကိုလည်း သူသည် တွေ့ဆုံရဦးမည် ဖြစ်၏။
မြောက်ပိုင်းတိုက်ကြီးသို့လည်း သူသည် ဝင်ရောက်စူးစမ်းလိုသေးသည်။
ယခုညသည် သန့်စင်မြို့တော်တွင် နေထိုင်သော သူ၏ နောက်ဆုံးညဖြစ်သည် ဟူသောစကားနှင့် ပတ်သက်၍မူ သဘောမတူနိုင်ခဲ့ပေ။
ယခု သူသည် သန့်စင်ဧကရာဇ်ဖြစ်လာပြီဖြစ်ရာ ဤနေရာသည် သူ့အတွက် သိမ်းပိုက်ရမည့် နေရာပင်ဖြစ်သည်မဟုတ်ပါလား...။
ဤတော်ဝင်မြို့တော်ရှိ ကောင်းချီးအကာအကွယ်များကို သန့်စင်ဧကရာဇ်အဖြစ်နှင့် ဖြတ်သန်းနိုင်သော နည်းလမ်းများလည်း သူ့တွင် ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
သန့်စင်ပရောဟိတ်မသည် သူမ၏
နေအိမ်တွင်းသို့ ဝံပုလွေတစ်ကောင်ကို ကြိုဆိုမိခဲ့ပြီးဖြစ်သော်လည်း ဤဝံပုလွေသည် ပြန်လည်ထွက်ခွာရန် ရည်ရွယ်ချက်မရှိသေးပေ။
“တစ်ခုခု စိတ်ဝင်စားစရာ တွေ့မိလိုက်လို့လား” ဟု သန့်စင်ပရောဟိတ်မက အာရန်၏ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးအနည်းငယ်ကို သတိပြုမိကာ မေးလိုက်သည်။
“လူတိုင်း ပျော်ရွှင်နေကြတာကိုကြည့်ပြီး ကျုပ်လဲ အနည်းငယ် ကျေနပ်ပျော်ရွှင်မိသွားရုံ သက်သက်ပါ” ဟု အာရန်က ပြန်ဖြေသည်။
“အရှင်မင်းကြီးက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်တာပဲ။ ခုဖော်ပြနေတာက ရှင့်ရဲ့အစစ်အမှန်ပုံစံပေါ့လေ” ဟု သန့်စင်ပရောဟိတ်မက ထပ်မံ၍ မေးလိုက်၏။
လူတစ်ဦးသည် ထိုမျှရုတ်တရက်ကြီး ဆန့်ကျင်ဘက်ဆန်စွာဖြင့် ပြောင်းလဲသွားနိုင်စရာ အကြောင်းမရှိပေ။
ပရောဟိတ်မသည် သူ၏ ထူးခြားသော တော်ဝင်ကောင်းချီးစွမ်းအင် အော်ရာများကိုသာ မခံစားမိခဲ့ပါက တစ်စုံတစ်ဦးမှ သန့်စင်ဧကရာဇ်နေရာတွင် အစားထိုးဝင်ရောက်ထားခြင်းလားဟုပင် သံသယဝင်မိလိမ့်မည်ဖြစ်သည်။
ဤကြီးမားသော ပြောင်းလဲမှုအတွက် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ထိုသူသည် အမြဲတမ်း ယခင်ကကဲ့သို့ သန့်စင်ဧကရာဇ် ဖြစ်နေခြင်းပင်။
သူသည် ယခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် သည်းခံနေခဲ့ကာ အရာရာကို ဖုံးကွယ်ထားခဲ့ပြီး မှန်ကန်သော အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ရပေမည်။
အရှေ့တိုက်မှသံတမန်များ ဝင်ရောက်လာသည်နှင့် သူသည် အခွင့်အရေးတစ်ခုကို ရယူနိုင်ခဲ့သည်ဟု ခံစားမိခဲ့ပြီး ယခုအခါ ၎င်းကို အပြည့်အဝ အသုံးချလိုက်ခြင်း ဖြစ်တန်ရာ၏။
“အရှင်မ ဘာတွေပြောနေတာလဲဆိုတာ ငါကိုယ်တော် နားမလည်နိုင်ဘူးဖြစ်နေတယ်။ ငါကိုယ်တော်က အမြဲတမ်း ဒီအတိုင်းပါပဲလေ” ဟု အာရန်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်၏။
သူမကို အမှန်တရား ပြောပြရန် သူ့တွင် အကြောင်းပြချက်မရှိပေ။
သူမ နားလည်မှုလွဲလေလေ သူ့အတွက် ပိုကောင်းလေလေဖြစ်သည်။
ဤစကားပြောဆိုနေသည့် တစ်လျှောက်လုံးတွင် ၎င်းတို့နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး တိုက်ရိုက် မကြည့်ခဲ့ကြပေ။
၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး စကားပြောနေခြင်းနှင့် မတူပဲ မိမိတို့ကိုယ်မိမိတို့သာ စကားပြန်ပြောနေသကဲ့သို့ပင် တူညီနေခဲ့သည်။
“ဒါဆိုရင်တော့ ရှင် နောင်တရမှာ မဟုတ်ဘူးလို့ ကျွန်မ မျှော်လင့်ပါတယ်” ဟု နောက်ဆုံးတွင် သန့်စင်ပရောဟိတ်မသည် ထိုနေရာမှ ထရပ်၍ ပြန်ပြောလိုက်သည်။
သူမသာ သန့်စင်ဧကရာဇ်ကို သတ်ဖြတ်လိုပါက ဤနေရာတွင် သူမကို တားဆီးနိုင်မည့်သူ မရှိပေ။
အရှေ့တိုက်သံတမန်များသည်ပင် သူမရှေ့တွင် အရေးမပါပေ။
အမှန်ဆိုရလျှင် ဖန်းယုသည်ပင် သူမ၏ ကိုယ်ပိုင်နယ်မြေတွင် သူမသာ လူတစ်ဦးကို သတ်လိုပါက မည်သို့မျှ တားဆီး၍ ရနိုင်မည်မဟုတ်ပေ။
သို့သော်လည်း သူမသည် ဧကရာဇ်အား မတိုက်ခိုက်ခဲ့ပေ။
ထို့အစား သူမသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တည်ငြိမ်လွန်းနေခဲ့သည်။
ယခု အချိန်တွင် သူမသည် မည်သည့်မိုက်မဲသော ဆုံးဖြတ်ချက်ကိုမျှ ပြုလုပ်မည်မဟုတ်ပေ။
သန့်စင်ပရောဟိတ်မသည် သူမကိုယ်တိုင်ပင် မကြာမှီ နစ်ခရိုမန်ဆာမျှော်စင်နှင့် စစ်ပွဲတစ်ပွဲ ဆင်နွှဲတော့မည်ဖြစ်သည်။
ငရဲတံခါးမှာလည်း ပွင့်လာတော့မည်ဖြစ်သောကြောင့် သူမတွင် အချိန်များစွာ မကျန်ရှိတော့ပေ။
သူမသည် နစ်ခရိုမန်ဆာမျှော်စင်ကို တားဆီးရာတွင်သာ ကျရှုံးခဲ့ပါက သူမအတွက် ကပ်ဆိုးကြီးတစ်ခု ဆိုက်ရောက်လာပေလိမ့်မည်။
သူမသည် နစ်ခရိုမန်ဆာမျှော်စင်ကို ပိုမိုအားကောင်းလာစေရန် ခွင့်ပြုပေး၍မဖြစ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် ဤမျှ အရေးပါသောအခိုက်အတန့်များတွင် သူမကိုယ်တိုင် အားနည်းလာစေရန် လည်း ခွင့်မပြုနိုင်ပေ။
ထို့ကြောင့် သူမသည် သန့်စင်မြို့တော်တွင် သန့်စင်ဧကရာဇ်ကို မသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သန့်စင်ဧကရာဇ်သည် သေဆုံးကိုသေဆုံးရမည်ဖြစ်ကာ ထိုမှသာ သူမသည် ဤတိုက်ကြီး၏ တစ်ဦးတည်းသော အာဏာပိုင်ဖြစ်လာပြီး ပြည်သူများ၏ ယုံကြည်ခြင်းများစွာကို အပြည့်အဝထိန်းချုပ် ရယူနိုင်လိမ့်မည်ဖြစ်လေ၏။
ယခင်ရက်က သူမသည် အငှားဓားဖြင့်သာ သူ့အား ဆွဲချရန် ကြိုးစားခဲ့သည်။
သို့သော် ယခု ထိုဧကရာဇ်သည် သူ၏ ဒေါသကို လာရောက်ဆွနေပြီဖြစ်သောကြောင့် သူမသည် သူ့အား ရှေ့ဦးစွာ ဖြေရှင်းရန် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။
ယခုညတွင်းချင်းပင် သန့်စင်ဧကရာဇ် သေဆုံးရပေလိမ့်မည်။
ထိုအရာအတွက်မူ အာရန်အပေါ်တွင်သာ အပစ် ပုံချရလိမ့်မည်တည်း။
၎င်းဆုံးဖြတ်ချက်သည် အရှေ့တိုက်ကြီးနှင့် သူတို့၏ သဘောတူညီချက်ကို အဖုအထစ်ဖြစ်သွားစေနိုင်သော်လည်း ၎င်းသည် သူမအနေဖြင့် မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်၏။
သန့်စင်ပရောဟိတ်မသည် ထရပ်၍ ထွက်ခွာရန် ပြင်ဆင်နေသည်ကို မြင်လိုက်ကြသောအခါ ဧည့်ခံပွဲမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း လူအများလည်း သဘောပေါက်လိုက်ကြလေသည်။
ကာဒီနယ်ရဟန်းအမတ်များသည်လည်း သူမနှင့်အတူ ထွက်ခွာရန်ပြင်လိုက်ကြသည်။
...
ထိုစဥ်ရုတ်တရက်....
“ အီဗန်ဂျလင်း”
သန့်စင်ပရောဟိတ်မသည် ထိုခန်းမအတွင်းမှ ထွက်ခွာရန် ပြင်လိုက်စဉ် တစ်စုံတစ်ဦးမှ သူမ၏ အမည်ကို တိုက်ရိုက်ခေါ်လိုက်သည်ကို ကြားလိုက်ရလေသည်။
ထိုအခိုက်အတန့်တွင် ခန်းမတစ်ခုလုံး တိတ်ကျသွားခဲ့သည်။
သန့်စင်ပရောဟိတ်မကို သူမ၏ အမည်ဖြင့် ခေါ်ဝေါ်ခဲ့ကြဘူးသည်မှာ အချိန်အတော်ကို ကြာညောင်းခဲ့ပြီဖြစ်သည်။
သူမ၏ အမည်သည်ကား ဤဒေသရှိ တားမြစ်ထားသော အမည်ဖြစ်တစ်ခု ဖြစ်လာခဲ့သောကြောင့် မည်သူမျှ သူမ၏ အမည်ကို ခေါ်ဝေါရန်ပင် သတ္တိမရှိခဲ့ပေ။
ယခုမူ တစ်စုံတစ်ဦးက လူအများရှေ့တွင် သူမကို အမည်ဖြင့်တိုက်ရိုက် ခေါ်နေသည်တဲ့လား...။
ထိုသို့ခေါ်လိုက်သူသည် သန့်စင်ဧကရာဇ်မှတစ်ပါး အခြားမဟုတ်ပေ။
သန့်စင်ပရောဟိတ်မ၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာအမူအရာမှာ လွန်စွာ အေးစက်နေခဲ့သည်။
အထူးသဖြင့် ဧကရာဇ်သည် သူမအား ထိုမျှ တိုက်ရိုက် ခေါ်ဆိုလိမ့်မည်ဟု မမျှော်လင့်မိခဲ့သောကြောင့်ပင်တည်း။
ဧကရာဇန်ဟန်ဆောင်ထားသော အာရန်သည်လည်း ထရပ်လိုက်သည်။
သူမအား ထိုမျှ ရန်စထားခဲ့ပြီးနောက်တွင် အာရန်သည် ထိုသို့ မလုပ်လိုသော်လည်း သူ့တွင် စနစ်ဆီမှ ရွေးချယ်မှုကို ပြီးစီးအောင် လုပ်ဆောင်ရမည့်တာဝန်တစ်ခုရှိနေခဲ့၏။
လူအများရှေ့တွင် ထိုသို့ပြုမူရသည်မှာ အလွန် ရှက်စရာ ဖြစ်နေသော်လည်း သူသည် ထိုအရာကို လုပ်ကိုလုပ်ရပေလိမ့်မည်။
အာရန်သည် ငြင်းပယ်ခံရမည်ဟု သေခြာနေသည့် တစ်စုံတစ်ဦးအား ပထမဆုံးအကြိမ် အဖြစ်လက်ထပ်ခွင့် တောင်းရမည်ဖြစ်လေ၏။
သန့်စင်ဧကရာဇ်သည် ပရောဟိတ်မ အီဗန်ဂျလင်းဆီသို့ လျှောက်သွားခဲ့ရာ သူ၏ တော်ဝင်မိသားစုအပါအဝင် လူတိုင်းက သူ့အား စိတ်ဝင်တစား စိုက်ကြည့်နေခဲ့ကြသည်။
၎င်းတို့အားလုံးသည် သန့်စင်ဧကရာဇ်မှာ သန့်စင်ဘုရားကျောင်းအား အမှန်တကယ်ကြီး စစ်ကြေညာတော့မည်လားဟုပင် တွေးမိလိုက်ကြသည်။
သူ၏ ညီတော်ဖြစ်သူ ယူရီယယ်သည် သန့်စင်ဧကရာဇ်အား သန့်စင်ဘုရားကျောင်း၏ လက်အောက်ခံ ဖြစ်စေလိုခြင်း မရှိသော်လည်း သန့်စင်ပရောဟိတ်မ အသက်ရှင်နေသရွေ့ သန့်စင်ဘုရားကျောင်းအား အနိုင်ယူနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်းကိုလည်း သူ သိနေခဲ့သည်။
သို့သော်လည်း သူသည် မည်သည့်ရလာဒ်များဖြစ်လာပါစေ သူ၏ အကိုတော်ကို ထောက်ခံရန်သာ ပြင်ဆင်ထားခဲ့သည်။
ယူရီယယ်သည် သူ၏လက်များကို နောက်ဘက်ရှိ သူ၏ဓားရိုးပေါ်တွင် အဆင်သင့်တင်ထားလိုက်သည်။
အာရန်သည် သန့်စင်ပရောဟိတ်မရှေ့တွင် ရပ်တန့်လိုက်ရာ သူမသည် သူ့အား ပြန်လည် စိုက်ကြည့်နေခဲ့ပြီး သူ အခု ဘာကို ကြံစည်နေသနည်းဟု တွေးတောနေမိခဲ့သည်။
လူတိုင်း၏ တုန်လှုပ်ချောက်ချားဖွယ် အကြည့်များအောက်တွင် အာရန်သည် ပရောဟိတ်မရှေ့၌ ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်လေသည်။
သူ၏လက်ထဲတွင် လက်စွပ်တစ်ကွင်း ပေါ်လာပြီး ၎င်းကို အီဗန်ဂျလင်းဆီသို့ မြှောက်လိုက်သည်။
သူသည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် စတင်မေးလိုက်သည်။
“အရှင်မ ငါကိုယ်တော်ကို လက်ထပ်နိုင်မလား”
ထိုအချိန်ခဏတာအတွင်း လူတိုင်းနီးပါးသည် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရလေသည်။
ဧကရာဇ်ထံမှ တစ်စုံတစ်ခုကို မျှော်လင့်ခဲ့ကြသော ကာဒီနယ်ရဟန်းအမတ်များသည်ပင် ရုတ်တရက် မှင်သက်မိသွားခဲ့ကြသည်။
အမြဲတမ်း အလွန်တည်ငြိမ်နေသော ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည်ပင် သူ၏ တုန်လှုပ်ချောက်ချားသော တုံ့ပြန်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
ဤနေရာတွင် အထိတ်အလန့်ဆုံး ဖြစ်သွားခဲ့သူများမှာ အာရန်နှင့်အတူ လိုက်ပါလာသော မိန်းကလေးနှစ်ဦးပင် ဖြစ်လေတော့သည်။
ယူလင်းနှင့် ဇီယာတို့သည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိခဲ့ကြဘဲ သူတို့၏ လက်သီးများကိုသာ ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိခဲ့ကြသည်။
၎င်းတို့နှစ်ဦးစလုံးသည် ဤလက်ထပ်ခွင့်တောင်းနေသူမှာ မူလသန့်စင်ဧကရာဇ် မဟုတ်ဘဲ အာရန်ကိုယ်တိုင်ပင် ဖြစ်နေကြောင်း သိထားကြလေသည်။
“ဟမ်”
အာရန်သည် ပြန်လည်ငြင်းပယ်ခံရမည်ကို မျှော်လင့်နေခဲ့သော်လည်း သန့်စင်ပရောဟိတ်မထံမှ တုံ့ပြန်မှုကို မရမှီမှာပင် သူ၏အကြည့်သည် ခန်းမအပြင်ဘက်တွင် ရပ်နေသော မျက်နှာတွင်ပဝါပါးလေးတစ်ခုအုပ်ထားသော အမျိုးသမီးပေါ်သို့ ကျရောက်သွားခဲ့သည်။
#Catfoot