← Chapters

လက်သံပြောင်တဲ့ င့ါကိုယ်ပွား

Vol. 27 Ch. 383

လက်သံပြောင်တဲ့ င့ါကိုယ်ပွား

Vol. 27 Ch. 383

….

အာရန်တစ်ယောက် သန့်စင်ပရောဟိတ်မအား လက်ထပ်ခွင့် တောင်းခဲ့သည်မှာ စနစ်ဆီမှ ဆုလာဘ်တစ်ခု ရရှိရန်အတွက်သာ ဖြစ်လေ၏။

သူမကို ဖြုတ်ချရန် သူ၏ နဂိုအစီအစဉ်များနှင့် ဘာမှ မသက်ဆိုင်ပေ။

အဖြစ်မှန်ကိုပြောပြခြင်းဖြင့် သူ၏ စနစ်တည်ရှိမှုကို ဖော်ထုတ်လိုက်သလို ဖြစ်သွားမည်ဖြစ်သဖြင့် ရှုယင်အား အမှန်အတိုင်းပြောပြ၍ ရနိုင်မည်မဟုတ်ပေ။

အာရန်သည် ရှုယင်အား သူ၏ သူရဲကောင်းအကယ်ဒမီမှ သူလျှိုဟောင်းဖြစ်ခဲ့သည် ဆိုသည့် အချက်အလက်ကိုပင် ယခင်က သူမအား ယုံကြည်မှုရှိရှိ ပြောပြနိုင်ခဲ့သော်လည်း သူ၏လျှို့ဝှက်ချက်များ အားလုံးကို ပြောပြရန်အထိတော့ အဆင်ပြေခြင်း မရှိနိုင်သေးပေ။

“ကိုယ်တို့ ဒီအကြောင်းတွေကို နောက်မှ အေးဆေးဆွေးနွေးလို့ ရမလား။ မကြာခင် ဒီနေရာမှာ ဘုရားကျောင်းကလူတွေ ရောက်ရှိလာတော့ကြလိမ့်မယ်” ဟု အာရန်သည် ခေါင်းစဉ်ကို ပြောင်းလဲလိုက်ပြီး ရှုယင်အား သူ့နှင့်အတူ နန်းတော်တွင်းသို့ ပြန်လိုက်ခဲ့ရန် ပြောလိုက်၏။

ရှုယင်၏ လျှပ်တစ်ပြတ် တိုက်ခိုက်မှုကြောင့် ဤနေရာရှိ အဆောက်အအုံများစွာ ပြိုကျပျက်စီးသွားခဲ့ရသည်။

သန့်စင်ဘုရားကျောင်းမှ တစ်စုံတစ်ဦးမှ လာရောက် စုံစမ်းထောက်လှန်းရန် အချိန်သိပ်ကြာတော့မည်မဟုတ်ပေ။

“မင်းကို ကိုယ်ပြောပြစရာတွေ အများကြီး ရှိနေတယ်... ဒါပေမဲ့ ဒီနေရာက မှန်ကန်တဲ့ နေရာတော့ မဟုတ်ဘူး” ဟု အာရန်မှ ထပ်လောင်းပြောကြားခဲ့ပြီး သာမန်လူအချို့မှာလည်း နေရာကွက်ကြားမှနေ၍ ခိုးကြောင်ခိုးဝှက် စောင့်ကြည့်နေကြသည်ကို သတိပြုမိလိုက်ကြသည်။

၎င်းတို့သည် သူတို့၏ စကားပြောဆိုမှုများကို မကြားနိုင်လျှင်ပင် သန့်စင်ဧကရာဇ် အဖြစ်နှင့် အရှေ့တိုက်မှ ဧည့်သည်‌တော်တစ်ဦးအား အခြားသူများရှေ့တွင် ဆက်ဆံခြင်း မပြုလုပ်ခြင်းသည် ပို၍ ကောင်းမွန်လေမည်ဖြစ်သည်။

ထို့နောက် အာရန်သည် ရှုယင်အား လွှတ်ပေးလိုက်ပြီးနောက် နန်းတော်ဆီသို့ပြန်လျှောက်လာခဲ့၏။

ရှုယင်သည် အာရန်၏ လုပ်ရပ်များအပေါ် ရှုပ်ထွေးနေဆဲဖြစ်သော်လည်း သူ၏ စကားများမှတစ်ဆင့် ထိုလုပ်ဆောင်ခဲ့သည့်အရာများသည် အစီအစဉ်တစ်ခုရှိ၍သာ ဖြစ်ရမည်ဟု သူမမှတ်ယူလိုက်သည်။

ထို့အပြင် သူသည် အနောက်တိုက်ကြီးသို့ အဘယ်ကြောင့် ရောက်ရှိလာခဲ့သနည်း။

သူမသည် ထိုအကြောင်းကိုလည်း အတော်လေးသိလိုနေသေး၏။

သူ့အား အကူအညီပေးရန် သူမ လုပ်ဆောင်နိုင်သည့် အရာတစ်ခုခု ရှိပါက ယခုအခါတွင် သူမ၏ ဒေါသများသည်လည်း ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်သောကြောင့် ယခုပင် လုပ်ဆောင်လိုနေခဲ့သည်။

ထို့နောက် သူမသည်လည်း အာရန်နောက်သို့ လိုက်၍ တော်ဝင်နန်းတော်အတွင်းသို့ ပြန်သွားခဲ့လေသည်။

နောက်ဆုံးအကြိမ်က ရှုယင်သည် ကာဒီနယ်ရဟန်းအမတ်တစ်ပါးနှင့်အတူ နန်းတော်အတွင်းသို့ လိုက်ပါလာခြင်းဖြစ်သောကြောင့် နန့်တော်အပေါက်ဝရှိ အစောင့်များသည် သူမအား မတားဆီးခဲ့ခြင်းဖြစ်ပေ။

သို့သော် ဤတစ်ကြိမ်တွင် သူမသည် သန့်စင်ဧကရာဇ်နှင့်အတူ လိုက်လာခဲ့ခြင်းဖြစ်နေသည်။

တော်ဝင်အစောင့်များသည် သူမအပေါ် ယခင်ကထက် ပိုမိုလေးစားစွာဆက်ဆံခဲ့ကြသည်။

....

အာရန်တစ်ယောက် ဧည့်ခံပွဲခန်းမသို့ ပြန်ရောက်သည်နှင့် အစောပိုင်း ရှုယင်ရောက်လာစဥ်ကကဲ့သို့ပင် သူသည်လည်း နေရာတွင်ပင် တောင့်တင်းသွားခဲ့သည်။

ခန်းမအတွင်း၌ ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသောကြောင့်ပင်တည်း။

ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက် သတိမေ့မြောနေခဲ့လေသည်။

အာရန်၏ ကိုယ်ပွားမှာ ၎င်းကာဒီနယ်ရဟန်းအမတ်၏ ကျောပေါ်တွင် တက်ထိုင်နေခဲ့ပြီး ကာဒီနယ်ရဟန်းအမတ်သည် သူ အသုံးပြုရန် ထိုင်ခုံတစ်ခုမျှသာ ဖြစ်နေသည့်အလားပင်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် အရိပ်အယောင် လက္ခဏာများ မရှိခြင်းက အာရန်ကို ပို၍ပင် ရှုပ်ထွေးသွားစေခဲ့၏။

သူ၏ ကိုယ်ပွားသည် ထိုမျှ အားနည်းနေစဥ်မှာပင် ထိုကဲ့သို့ ကာဒီနယ်ရဟန်းအမတ်ကို မည်သို့များ အမှောက်သိပ်နိုင်ခဲ့သနည်း။

သို့သော် အဖြေကိုသိရှိရန် အာရန်အတွက် အချိန်များစွာတော့ မယူလိုက်ရပေ။

၎င်းတို့နှင့် မလှမ်းမကမ်းတွင် ရွှေတုံးကြီးတစ်တုံး ရှိနေခဲ့ပြီး ၎င်းတွင်သွေးအနည်းငယ် စွန်းထင်းနေကာ ကာဒီနယ်ရဟန်းအမတ်၏ ဦးခေါင်းနောက်ဘက်သည်လည်း သိသိသာသာ ရောင်ရမ်းနေပုံရလေသည်။

အာရန်သည် သူ၏ ဦးခေါင်းကို ပြန်ကုတ်ရင်း ထိုအရာကို မယုံကြည်နိုင် ဖြစ်နေခဲ့ရ၏။

မည်သည့်အရာများ ဖြစ်သွားခဲ့သည်ကို သူ ခန့်မှန်းနိုင်ခဲ့ပြီးဖြစ်သည်။

ထို့နောက် အာရန်သည် ရှုယင်နောက်သို့ လိုက်သွားစဉ်တွင် သူနှင့်အဆက်ပြတ်သွားခဲ့သော ကိုယ်ပွား၏ မှတ်ဉာဏ်များကို ပြန်လည်ရယူလိုက်သည်။

ကာဒီနယ်ရဟန်းအမတ်ကို သူ၏ နောက်သို့ မလိုက်လာစေရန် သူ၏ ကိုယ်ပွားအား ပြောထားခဲ့မိသောကြောင့် ကိုယ်ပွားသည် သူမှာထားသည့် အတိုင်းပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်လေ၏။

လုပ်ဆောင်ပုံနည်းလမ်းလေးသာ အနည်းငယ် ကွဲပြားသွားခြင်း ဖြစ်လေသည်။

ထိုမှတ်ဉာဏ်အတွင်း၌ ပထမဦးစွာ ဇီယာသည် သံတမန် ပျောက်ဆုံးခြင်းနှင့် ပတ်သက်၍ ထရီနီယယ်အား စကားပြောဆိုရန် ကြိုးစားခဲ့သည်။

ထိုအချိန်က ထရီနီယယ်သည် ထိုနေရာမှ ထွက်ခွာရန် ကြိုးစားနေဆဲဖြစ်သောကြောင့် အနည်းငယ်မျှသာ ဆွဲထားနိုင်ခဲ့လေသည်။

တိုက်ခိုက်မှုတစ်ခုမရှိပါဘဲနှင့် ၎င်းတို့သည် သူ့အား တားဆီး၍ ရနိုင်မည့်ပုံမပေါ်ပေ။

နောက်ဆုံးတွင် အာရန်၏ ကိုယ်ပွားသည် နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့တော့သည်။

ထရီနီယယ်သည် ဇီယာ၏ ပြောစကားတစ်ခုကြောင့် အနည်းငယ် အာရုံပျံ့လွင့်သွားစဉ် ထိုကိုယ်ပွားသည် အနားရှိ ရွှေတုံးတစ်တုံးကို ကောက်ယူလိုက်ပြီး ထိုသူ၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထုရိုက်လိုက်လေ၏။

ထိုကဲ့သို့သော အရာမျိုး ဤနေရာတွင် ကြုံတွေ့ရမည်ဟု လုံးဝမမျှော်လင့်မိခဲ့သော ကာဒီနယ်ရဟန်းအမတ်ထရီနီယယ်သည် အရာရာအဆင်သင့် မဖြစ်နေခဲ့ပေ။

ထို့ပြင် ကံဆိုးစွာဖြင့် ထိုအချိန်သည် ဇီယာ၏စကားကြောင့် စိတ်များပျံ့လွင့်နေစဥ် လဲဖြစ်ခဲ့သောကြောင့် သူ၏ ကာကွယ်ရေးစွမ်းရည်များအားလုံးကိုလည်း အသုံးမပြုနိုင်ခဲ့ချေ။

ရွှေတုံးဖြင့် ရိုက်ခံရသောကြောင့် ကာဒီနယ်ရဟန်းအမတ်သည် ချက်ချင်းပင် သတိမေ့မျော သွားခဲ့တော့သည်။

ပုံမှန်အားဖြင့် သူ၏ ကိုယ်ပွားသည် ထိုကဲ့သို့ ကာဒီနယ်ရဟန်းအမတ်အား တိုက်ခိုက်ခဲ့ခြင်းကြောင့် တော်ဝင်အစောင့်များ သို့မဟုတ် မှူးမတ်များ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

သို့သော် ခန်းမအတွင်းရှိ တော်ဝင်အစောင့်အနည်းငယ်မှာမူ မည်သည့်တုံ့ပြန်မှုမှ မပြုခဲ့ကြပေ။

သန့်စင်ဧကရာဇ်သည် ဤဧည့်သည်တော်များနှင့် အလွန်ရင်းနှီးသည်ကို ၎င်းတို့ သတိပြုမိခဲ့သောကြောင့် သန့်စင်ဧကရာဇ်၏ ဆုံးဖြတ်ချက်ကိုသာ စောင့်နေခဲ့ကြခြင်း လည်းဖြစ်လေသည်။

ကျန်ရှိနေသေးသော တော်ဝင်မိသားစုဝင်အချို့ကလည်း ကာဒီနယ်ရဟန်းအမတ်များ ကို ကြည့်မရသောကြောင့် ထိုဖြစ်ရပ်ကို မမြင်သလို လျစ်လျူရှုထားခဲ့ကြသည်။

သူ၏ညီတော်ဖြစ်သည့် ယူရီယယ်ဆိုလျှင် ယင်းကာဒီနယ်ရဟန်းအမတ်ကို ကူညီရမည့်အစား သူကိုယ်တိုင်ပင် အားရပါးရ ရယ်မောလိုက်သေးသည်။

သူ ထိုသို့ မရယ်မောခဲ့ရသည်မှာ မည်မျှကြာပြီဖြစ်ကြောင်းကိုပင် သူ့ကိုယ်သူ မေ့လျော့နေခဲ့ပြီဖြစ်သည်။

အထူးသဖြင့် သူ့အတွက် ပိုမိုရယ်စရာ ဖြစ်သွားရသည့်အချက်မှာ နတ်ဆိုးတစ်ဦးဟု လူသိများသော မဟာအကြီးအကဲရန်သည် ကာဒီနယ်ရဟန်းအမတ်အား ရင်ဆိုင်ဖြေရှင်းရန်အတွက် ထိုမျှ ရိုးရှင်းသော နည်းလမ်းကို အသုံးပြုခဲ့ခြင်းကြောင့်ပင်။

ထို့အပြင် ထိုနည်းလမ်းကလည်း ထရီနီယယ်ကဲ့သို့ ကာဒီနယ်ရဟန်းအမတ် အဆင့်ရှိသူ တစ်ဦးအပေါ်တွင် ရိုရှင်းစွာ အလုပ်ဖြစ်ခဲ့ခြင်းကြောင့် အတော်လေး လူရယ်စရာလည်း ဖြစ်ခဲ့ရလေသည်။

...

“ဒါက...”

အာရန်သည် အရာအားလုံးကို သိရှိပြီးနောက် သူ၏ နဖူးကို ပြန်ပွတ်လိုက်မိကာ မျက်နှာအမူအရာများ အနည်းငယ်ရှုပ်ထွေးသွားခဲ့ရလေ၏။

၎င်းက သန့်စင်ဘုရားကျောင်းကို စစ်ကြေငြာလိုက်ခြင်းနှင့်ပင် တူညီနေမလားဟု စဥ့်စားလိုက်မိသည်။

ထိုအရာသည် သာမန် အမှားအယွင်းတစ်ခုမျှသာ ဖြစ်သော်လည်း သူသည် ၎င်းကို ဂရုတစိုက်ကိုင်တွယ်ရန်လိုအပ်လေသည်။

ထို့နောက်အာရန်သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက်ရှိနေသော ကာဒီနယ်ရဟန်းအမတ်ထံသို့ ချဉ်းကပ်သွားခဲ့ပြီး သူ၏ လက်ကို ထိုသူ၏ နဖူးပေါ်တွင် တင်လိုက်သည်။

ကာဒီနယ်ရဟန်းအမတ် အခြေအနေမည်သို့ရှိသည်အား သိရှိရန် စစ်ဆေးကြည့်နေပုံပင်။

အမှန်တကယ်တွင်မူကား ယင်းနှင့်ဆန့်ကျင်ဘက်ပင်ဖြစ်ကာ အာရန်သည် ထိုကာဒီနယ်ရဟန်းအမတ်အပေါ် သူ၏ စိတ်ဝိညာဥ်ထိမ်းချုပ်ခြင်းအစွမ်းကို အသုံးပြုလိုက်ခြင်းပင်တည်း။

ပုံမှန်ဆိုလျှင် သူ၏ စွမ်းရည်များ မြင့်မားလာခဲ့သော်လည်း ထိုကဲသို့ ကာဒီနယ်ရဟန်းအမတ်အဆင့်တွင် ရှိနေသူတစ်ဦး၏ စိတ်ဝိညာဥ်ကို ခြယ်လှယ်ရန် မှာ မဖြစ်နိုင်သလောက်ပင် ခက်ခဲလေ၏။

ကာဒီနယ်ရဟန်းအမတ်များသည် သူတို့၏ စိတ်ဝိညာဥ်များအပေါ် ကာကွယ်မှုများစွာ ပြုလုပ်ထားလေ့ရှိကြပြီး အကယ်၍ ၎င်းတို့သာနိုးကြားနေခဲ့ပါက ထိုသို့ ခြယ်လှယ်နိုင်ရန် မဖြစ်နိုင်ပေ။

ယခုမူ သူသည် သတိမေ့မျောနေခဲ့ပြီဖြစ်သောကြောင့် အရာရာသည် ပိုမိုလွယ်ကူသွားခဲ့ပြီးဖြစ်လေသည်။

အခြားအရေးပါသည့် မှတ်ဉာဏ်များကို ခြယ်လှယ်ရန်မှာ ခက်ခဲနေဆဲဖြစ်သော်လည်း ရှုယင်နောက်သို့ လိုက်ခြင်း သို့မဟုတ် သူ၏ ကိုယ်ပွားမှ တိုက်ခိုက်လိုက်ခြင်း ကဲ့သို့သော လောလောလတ်လတ် အသေးအမွှားဖြစ်ရပ်အချို့ကိုမူ အနည်းဆုံး မေ့သွားအောင်တော့ သူ လုပ်ဆောင်နိုင်သေးသည်သာ...။

ထရီနီယယ်၏ စိတ်ထဲတွင် နက်နဲစွာ အမြစ်မတွယ်သေးသော ထိုအရေးမပါဟန်ရသော်လည်း ယခုအခြေအနေအတွက် အရေးကြီးနေသည့် မှတ်ဉာဏ်နှစ်ခုအား ဖျောက်ဖျက်ပြီးနောက်တွင် အာရန်သည် ထိုကာဒီနယ်ရဟန်းအမတ်ထရီနီယယ်အား ‌ပွေ့ယူလိုက်ပြီး အနီးအနားရှိ ထိုင်ခုံ တစ်ခုပေါ်တွင် ထိုင်ရန် ကူညီပေးလိုက်သည်။

ထို့နောက် ဘေးနားရှိအစောင့်တစ်ဦးအား ထိုကာဒီနယ်ရဟန်းအမတ်ကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ခဲ့ပြီး သူ နိုးလာသောအခါ ပုံပြင်တစ်ခု ဖန်တီးရန် လည်း သင်ကြားပေးထားခဲ့သည်။

ထိုကဲ့သို့ စီစဉ်ပေးပြီးနောက် အာရန်သည် သူ၏ ကိုယ်ပွား၊ရှုယင်၊ ဇီယာနှင့် ယူလင်းတို့ကို သူ၏နောက်သို့ လိုက်လာရန် ပြောလိုက်သည်။

“အကိုယ်တော်နဲ့ ခဏလောက် နှစ်ယောက်ထဲ စကားပြောလို့ ရမလား”

အာရန်သည် လူတိုင်းနှင့်အတူ ထွက်ခွာတော့မည့်အချိန်မှာပင် ဧကရာဇ်၏ ညီတော်ဖြစ်သူ ယူရီယယ်က သူ့ကို လှမ်းခေါ်လိုက်၏။

သို့သော် သူ့တွင် ၎င်းနှင့် ရင်ဆိုင်ရန် အချိန်မရှိသေးပေ။

မှားယွင်းမှုတစ်စုံတစ်ရာမဖြစ်ပေါ်မှီ ရှုယင်အား ရှင်းပြစရာများရှိနေသေးသည် မဟုတ်ပါလော..။

#Catfoot

All Chapters