← Chapters

ညီအစ်ကိုများ …

Vol. 27 Ch. 384

ညီအစ်ကိုများ …

Vol. 27 Ch. 384

“မင်းတို့ သွားနှင့်လို့ရပြီ။ ငါကိုယ်တော် နောက်မှ လိုက်လာခဲ့မယ်” ဟု အာရန်သည် မိန်းကလေးများနှင့်သူ၏ကိုယ်ပွားကို ပြောလိုက်ကာ နောက်တွင် ကျန်ရစ်ခဲ့ရန်သာ ဆုံးဖြတ်လိုက်ရသည်။

ဇီယာသည် ရှုယင်နှင့် ယူလင်းတို့ကို ၎င်းတို့အတွက် သတ်မှတ်ထားသော အခန်းများဆီသို့ ခေါ်သွားခဲ့ပြီး အာရန်အား နောက်တွင် တစ်ယောက်တည်း ချန်ထားခဲ့လေသည်။

တော်ဝင်မိသားစုကြားရှိ ရှုပ်ထွေးသော ဆက်ဆံရေးအချို့ရှိနေခဲ့သော်လည်း ယူရီယယ်မှာမူ အာရန်အတွက် အရေးပါသော ဇာတ်ကောင်တစ်ဦး ဖြစ်နေဆဲပင်။

သူသည် သန့်စင်ဧကရာဇ်၏ ညီတော်ဖြစ်ရုံသာမက မယုံကြည်နိုင်လောက်သော ခွန်အားနှင့် အနောက်တိုက်ကြီး၏ ဇာတ်လမ်းအတွင်း အရေးပါသော အခန်းကဏ္ဍတစ်ခုကိုလည်း ပိုင်ဆိုင်ထားလေသည်။

အနောက်တိုက်ကြီး၏ မူလဇာတ်ကြောင်းအရ အတုအယောင်ပရောဟိတ်မသည် မြို့စားမင်း၏ ဖမ်းဆီးခြင်းကိုခံခဲ့ရလေသည်။

ထိုစဥ်သန့်စင်ဘုရားကျောင်း၏ လှုပ်ရှားမှုများအား အနီးကပ် စောင့်ကြည့်နေခဲ့သော ယူရီယယ်သည် အကျဉ်းသားတစ်ဦးအား သန့်စင်မြို့တော်ဆီသို့ ခေါ်ဆောင်လာနေသည်နှင့် တိုက်ဆိုင်စွာပင် ပက်ပင်တိုးခဲ့သည်။

ထို့နောက် သူသည် ထိုကိစ္စတွင် ဝင်ရောက်စွက်ဖက်မိခဲ့ကာ အတုအယောင်ပရောဟိတ်မအား အကျဉ်းကျနေရာမှ ကယ်တင်ပေးရင်းဖြင့် သူမနှင့် ပိုမိုရင်းနှီးမှုများ ရရှိနိုင်ခဲ့၏။

ယူရီယယ်နှင့် အခြားသူအချို့၏ အကူအညီဖြင့် အတုအယောင်ပရောဟိတ်မ၏ ဇာတ်လမ်းသည် ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပွားခဲ့လေသည်။

ထိုအချိန်က မူရင်းဇာတ်လမ်းကို မသိသော အာရန်သည် အရေးပါသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောင်းလဲပစ်မိခဲ့ခြင်းဖြစ်သည်။

အတုအယောင်ပရောဟိတ်မသည် မြို့စားမင်းက ဖမ်းဆီးမည်ဟု ယူဆရသော်လည်း အာရန်၏ ကြားဝင်စွက်ဖက်မှုဖြင့် ဝိညာဥ်လမ်းလျှောက်သူ၏ ကယ်တင်ခြင်းကိုခံခဲ့ရလေ၏။

ရလဒ်အနေဖြင့် ယူရီယယ်၏ အခန်းကဏ္ဍသည် ထိုဇာတ်လမ်းမှ လုံးဝ ဖယ်ရှားခြင်းခံခဲ့ရပြီး အတုအယောင်ပရောဟိတ်မနှင့် သူ၏ တွေ့ဆုံမှုသည်လည်း ပျက်ပြယ်သွားခဲ့ရသည်။

အာရန်သည် သန့်စင်ဧကရာဇ်၏ မှတ်ဉာဏ်များကို စုပ်ယူလိုက်မှသာ ဤအချိန်ဇယားတွင် ဖြစ်ပျက်လာမည့် ဖြစ်ရပ်များ၏ လမ်းကြောင်းကို သူ မည်သို့ ပြင်းပြင်းထန်ထန် ပြောင်းလဲမိခဲ့ကြောင်းကို နားလည်သွားခဲ့သည်။

မူလဇာတ်ကြောင်းတွင် သန့်စင်မြို့တော်သို့လာရောက်မည့် သံတမန်အဖြစ် အကြီးအကဲကြီး တစ်ဦးတည်းသာရှိရမည့်အစား ယခုအခါတွင် သုံးဦးတိတိပင် ရှိနေခဲ့ပြီဖြစ်၏။

နဂါးဧကရီပင် သန့်စင်မြို့တော်အပြင်ဘက်တွင် သူ့အားစောင့်လျက်ရှိနေပေပြီ။ ဝိညာဥ်လမ်းလျှောက်သူနှင့် အတုအယောင်ပရောဟိတ်မတို့သည်လည်း ဤဖြစ်ရပ်များတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သတ်မိနေခဲ့ကြလေသည်။

ဝတ္ထုသုံးအုပ်လုံး၏ ဇာတ်လမ်းများသည် အတော်များများတဖြည်းဖြည်းချင်း အတူတကွ ပေါင်းစည်းသွားခဲ့ဟန်ရကာ ယခုကဲ့သို့ အနောက်တိုက်ကြီးတွင် ဖြစ်ပေါ်လျက်ရှိသော ကိစ္စရပ်များသည်လည်း အာရန်အား ဗဟိုပြုလျက် ဖြစ်ပွားနေခြင်းဖြစ်သည်မှာ တဖြည်းဖြည်းပို၍ ထင်ရှားလာခဲ့သည်။

ယခုအချိန်တွင် အာရန် မမွှေရသည့်နေရာဟူ၍ မြောက်ပိုင်းတိုက်တစ်ခုသာ ကျန်ရှိနေပြီး အာရန်သည် ထိုအကြောင်းကို တွေးမိသောအခါတိုင်း အတော်လေး ကျေနပ်နေမိတတ်၏။

ဇာတ်လမ်းသုံးပုဒ်သည်ပင် သူ့အတွက် ထိန်းချုပ်ရန် ခက်ခဲလွန်းနေခဲ့ပြီး ဤအချိန်တွင် စတုတ္ထဇာတ်လမ်းတစ်ပုဒ်ကို ထပ်မံ မလိုချင်သေးပေ။

စတုတ္ထဇာတ်လမ်းသည် အနောက်တိုက်ကြီးသို့ အာရန် စတင်ရောက်ရှိစဥ်ကတည်းက ပြဿနာများစွာကို သယ်ဆောင်၍ သူ့အားအသင့်စောင့်ဆိုင်းနေကြောင်းကိုမူ သူသည် ယခုအချိန်ထိ မသိနိုင်သေးပေ။

“လမ်းခဏ ထွက်လျှောက်ကြမလား” ဟု အာရန်က ယူရီယယ်အားမေးလိုက်သည်။

ထို့ပြင် ကာဒီနယ်ရဟန်းအမတ် နိုးလာသောအချန်တွင် သူသည် ဤနေရာတွင် ရှိမနေချင်ခဲ့ပေ။

ရှုပ်ထွေးမှုများအားလုံးကို ရှင်းပြရန် စိတ်ပါမနေခဲ့ပဲ အစောပိုင်းအစောင့်အားသာ သူ့ကိုယ်စား ရှင်းပြရန် ချန်ထားခဲ့လေသည်။

ထို့နောက် ယူရီယယ်သည် ဧကရာဇ်ဟန်ဆောင်ထားသော အာရန်၏ နောက်သို့ လိုက်ကာ တော်ဝင်နန်းတော်၏ လသာဆောင်သို့ ရောက်ရှိသွားခဲ့ကြသည်။

ထိုလသာဆောင်မှနေ၍ သန့်စင်မြို့တော်တစ်ခုလုံးကို မြင်နိုင်လေသည်။

ညဉ့်နက်နေပြီဖြစ်သော်လည်း မြို့တော်ကြီးသည် တောက်ပစွာ ထွန်းလင်းလျက်ရှိနေဆဲဖြစ်ပြီး အလွန်တရာလှပပြီး စိတ်အေးချမ်းသာဖွယ်ရာ ရှုခင်းတစ်ခုကို ဖန်တီးပေးလျက်ရှိနေသည်။

....

“နှစ်ပေါင်းများစွာ ကြာသွားခဲ့ပေမဲ့ ဒီမြို့တော်ကြီးကတော့ အရင်အတိုင်းပါပဲ” ယူရီယယ်သည် သူ၏လက်တစ်ဖက်ကို လသာဆောင် လက်ရန်းပေါ်တွင် တင်လိုက်ပြီး ထိုနေရာရှိ လေကောင်းလေသန့်အချို့ကို ရှူရှိုက်နေလိုက်သည်။

သူသည် ဤကဲ့သို့ သူ၏ အကိုတော်နှင့် အတူတကွ အချိန်မဖြုန်းခဲ့ရသည်မှာ မည်မျှကြာပြီဖြစ်ကြောင်းကိုပင် မမှတ်မိတော့ပေ။

အချိန်အများစုတွင် သူသည် အကိုတော်အား သန့်စင်ပရောဟိတ်မနှင့် လက်တွဲ လုပ်ဆောင်နေခြင်းအတွက် ဒေါသထွက်နေခဲ့ခြင်းနှင့်သာ ကုန်ဆုံးခဲ့ရလေသည်။

သူ၏အကိုတော်သည် သန့်စင်ပရောဟိတ်မအတွက် အလုပ်လုပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်းကိုလည်း သူ သိထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ဖခင် ကွယ်လွန်ပြီးနောက် တော်ဝင်မိသားစုသည် အလွန်အားနည်းနေခဲ့သောကြောင့်လည်း ဖြစ်လေ၏။

အကိုတော်၏ လုပ်ရပ်များသည် လုံးဝ လက်တွေ့ဆန်နေခဲ့ပြီး သူ့အတွက် အတိုင်းအတာတစ်ခုအထိလည်း အဓိပ္ပာယ်ရှိသည်ဟု ယူဆနိုင်သည်။

အကိုတော်တွင် ကိုယ်တိုင် စဉ်းစားဖြေရှင်းရမည့် ပြဿနာများစွာ ရှိနေစဉ် ထိုသို့ သူ့အပေါ် ဒေါသထွက်ခြင်းသည် မှားယွင်းကြောင်းကိုလည်း သိနေခဲ့သည်။

ယူရီယယ်သည် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာအကြောင်း စဉ်းစားနေချိန်တွင် သူ၏အကိုတော်ဖြစ်သူဒေမီယန်မှာမူ တော်ဝင်မိသားစု၏ တည်ရှိမှုအတွက် စဉ်းစားလုပ်ဆောင် နေခဲ့ရလေသည်။

သူသည် သူ၏အကိုတော်ကို အပြစ်တင်နေမိခဲ့ခြင်းမှာ မှားယွင်းကြောင်း အချိန်အတော်ကြာ ကတည်းကပင် သိထားခဲ့ပြီးဖြစ်၏။

ထိုသို့ဖြစ်သော်လည်း ယူရီယယ်သည် သူ၏ ဒေါသနှင့် စိတ်ပျက်အားငယ်မှုများကို လက်မလွှတ်နိုင်ခဲ့ပေ။

ယူရီယယ်သည် သူ၏ကိုယ်ပိုင် အားနည်းချက်အပေါ် ဒေါသထွက်နေခဲ့ခြင်းဖြစ်ပြီး သူ့ကိုယ်သူ စိတ်ပျက်နေခဲ့ခြင်းဖြစ်ကာ ထိုအရာကို သူ၏အကိုတော်အပေါ်၌ အပြစ်ပုံချမိခဲ့ခြင်းလည်း ဖြစ်လေသည်။

ဤသို့ဖြင့် အကိုတော်၏ လုပ်ရပ်များကို သူ့အနေဖြင့် အသိအမှတ်ပြုရန် သူ့ကိုယ်သူ မည်သို့မျှ တွန်းအားမပေးနိုင်ခဲ့ပေ။

ထိုအချိန်တွင် အာရန်မှာမူ တိတ်ဆိတ်စွာပင် ရှုခင်းများကို ငေးကြည့်နေမိခဲ့သည်။

ဤမြို့သည် ယူရီယယ်၏ ကလေးဘဝတွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို သူ မသိသောကြောင့် မှတ်ချက်များ ဝင်‌‌‌ရောက်ပေး၍မဖြစ်ပေ။

ထို့ကြောင့်အာရန်သည် ယူရီယယ်၏ စကားကို ရေလိုက်ငါးလိုက်သာ သဘောတူဟန်ပြခဲ့ရသည်။

“တချို့အရာတွေက ဘယ်တော့မှ မပြောင်းလဲဘူး၊ ဒါပေမဲ့ တချို့အရာတွေကတော့ ငါတို့ ဖြစ်စေချင်ခဲ့တာတွေထက် အများကြီး ပိုပြောင်းလဲသွားခဲ့ကြတယ်”

ယူရီယယ်သည် သူ၏အကိုတော်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် တည်ကြည်လေးနက်သော အကြည့်တစ်ခုရှိနေခဲ့သည်ကို တွေ့လိုက်ရသည်။

အကိုတော်မှာ သူ၏ အကြောင်းကိုပြောနေသလားဟုပင် တွေးမိလိုက်သည်။

“အကိုတော် ဘာဖြစ်လို့ ဒီလိုလုပ်လိုက်လဲ။ ဘာလို့ သန့်စင်ပရောဟိတ်မကို ဆန့်ကျင်ပြီးမှ ရုတ်တရက်ကြီး လက်ထပ်ခွင့်ထတောင်းရတာလဲ။ အကိုက သူမကို ဒေါသ မထွက်ထွက်အောင် ဆွပေးနေခဲ့တာလား” ဟု ယူရီယယ် က မေးလိုက်သည်။

“တကယ်ပဲ အကိုတော်မှာ အရှေ့တိုက်က အရှင်သခင် နဲ့ လျှို့ဝှက်သဘောတူညီထားတာ တစ်ခုခုများ ရှိနေခဲ့တာလား”

“ဘာသဘောတူညီချက်မှမရှိခဲ့ပါဘူး” ဟု အာရန်က ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်သည်။

“အရှေ့တိုက်က အရှင်သခင် က ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာတောင် သိဦးမှာမဟုတ်ဘူး။”

“ဒါဆို ဘာလို့လဲ။ ဘာလို့ သန့်စင်ပရောဟိတ်မကို ဆန့်ကျင်ရတာလဲ။ အကိုတော်က ကျုပ်နဲ့မတူဘူး... ကျုပ်က သေရမှာကို ဂရုမစိုက်ဘူး၊ ဒါပေမဲ့ အကိုတော်သာမရှိရင်...”

ယူရီယယ်သည် သူ၏အကိုတော်ကို ရဲရင့်စေရန် အမြဲတမ်း ဆန္ဒရှိခဲ့သော်လည်း ယခု သူ၏အကိုတော်၏ ရဲစွမ်းသတ္တိကို ကိုယ်တိုင် မြင်တွေ့ရသောအခါတွင်မူ သူသည် ကြောက်ရွံ့မိပြန်လေသည်။

သို့သော် သူ့အတွက်မဟုတ်ပဲ သူ၏အကိုတော် ဘေးကင်းရေးအတွက် ကြောက်ရွံ့ခြင်းဖြစ်သည်။

“ငါ သေသွားရင် မင်းအစား နန်းတက်လို့ရတယ်။ အဲဒါက မင်း အမြဲတမ်း လိုချင်ခဲ့တာ မဟုတ်ဘူးလား။ ဒါဆို ငါ့လိုအသုံးမကျတဲ့လူကိုယ်စား အင်ပါယာကို မင်းစိတ်ကြိုက်ပြန်လည် အုပ်ချုပ်နိုင်ပြီလေ။ အနည်းဆုံးတော့ ဒီအင်ပါယာမှာ ငါလို မထိုက်တန်တဲ့ ဧကရာဇ်တစ်ပါး ရှိတော့မှာ မဟုတ်ဘူး” ဟု အာရန်သည် အနည်းငယ်လှောင်ရယ်သံစွက်၍ ပြောလိုက်၏။

သူ့တွင် သန့်စင်ဧကရာဇ်၏ မှတ်ဉာဏ်များ ရှိမနေခဲ့သော်လည်း ကမ္ဘာကူးလာသူ၏ မှတ်ဉာဏ်များအတွင်းရှိ စာအုပ်ကြောင့် ဤအနောက်တိုက်၏ အကြောင်းအရာ အတော်များများကို သိထားခဲ့ရသည်။

စာအုပ်ထဲတွင် သန့်စင်ဧကရာဇ်အား ရှုယင် သတ်ခြင်းကို ခံရပြီးနောက်မှသာ ယူရီယယ်၏ စိတ်ခံစားမှုများကို ပိုမို၍ ရှင်းလင်းစွာ ဖော်ပြလာခဲ့ခြင်းဖြစ်၏။

ထိုအချိန်မှစ၍ ယူရီယယ်သည် သန့်စင်ပရောဟိတ်မအပေါ် လက်စားချေရန်နှင့် အရှေ့တိုက်ကြီးအပေါ်တွင်ပါ လက်စားချေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြင့် အာရန်သည် ယူရီယယ်မှ သူ၏ ဟန်ဆောင်မှုများကို မသံသယမဖြစ်စေပဲ သူ၏ စိတ်ခံစားချက်များကို မည်သို့ အသုံးချရမည်ကို အတိအကျ သိနေခဲ့ခြင်းဖြစ်လေသည်။

“အဲဒီ ရူးကြောင်ကြောင်အတွေးကို ရပ်လိုက်စမ်းပါ အကိုတော် ဘာမှ ဖြစ်မှာမဟုတ်ဘူး”

ယူရီယယ်၏အသံသည် ပို၍ ကျယ်လောင်လာခဲ့ကာ သူသည် သူ၏အကိုတော်အား အဓိပ္ပာယ်မရှိသော စကားများပြောမိခြင်းအတွက် ဆူပူကြိမ်းမောင်းနေသကဲ့သို့ပင်။

“ကျုပ် အသက်ရှင်နေသမျှကာလပတ်လုံး အကိုတော် ဘာမှ မဖြစ်စေရဘူး”

ညီအစ်ကိုနှစ်ဦးသည် အတိတ်တွင် ပဋိပက္ခများစွာ ရှိထားခဲ့ကြသော်လည်း ၎င်းတို့၏ အတွင်းစိတ်ရှိ နက်ရှိုင်းသောခံစားချက်များတွင်မူ ၎င်းတို့သည် အမြဲတမ်း အရင်းနှီးဆုံးပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြလေသည်။

ယူရီယယ်သည် သန့်စင်ဧကရာဇ် ကွယ်လွန်သည့်အချိန်အထိ ၎င်း၏ ခံစားချက်များကို မည်သို့ ဖော်ပြရမည်ကို မသိခဲ့ခြင်းသာဖြစ်၏။

ယခုမူ အာရန်သည် ယူရီယယ်၏ ထိုခံစားချက်များကို သူ့ကိုယ်သူ အသေခံရန်မလိုဘဲ ဖော်ထုတ်မိရန် ကျိုးစားကြည့်လိုက်ခြင်းလည်းဖြစ်လေသည်။

#Catfoot

All Chapters