ရဲစွမ်းသတ္တိ
Vol. 27 Ch. 386
....
ယူရီယယ်တစ်ယောက် ထိုအချိန်က နန်းတော်မှ ပထမဆုံးအကြိမ်အဖြစ် ဒေါသတကြီး ထွက်ခွာခဲ့စဉ် သူ၏အကိုတော် ဧကရာဇ်သည် သူ့အား တားဆီးခဲ့ရန် စိတ်ထဲတွင်ကြိတ်၍ မျှော်လင့်မိခဲ့သည်။
အကယ်၍ အကိုတော်ဧကရာဇ်သာ သူ့အား ထွက်မသွားရန် ဖျောင်းဖြခဲ့ပါက သူ ဒေါသမည်မျှထွက်နေခဲ့ပါစေ နန်းတော်အတွင်း၌သာ ဆက်လက် နေထိုင်ခဲ့ပေလိမ့်မည်။
သို့သော် ကံမကောင်းစွာဖြင့် အကိုတော်ဧကရာဇ်သည် သူ့အား နှုတ်ဆက်ရန်ပင် လာမတွေ့ခဲ့ပေ။
ယခုအချိန်မှ အကိုတော်မှ သူ့အား နေအိမ်သို့ ပြန်လည်ခေါ်ဆောင်နေသောအခါ သူ့တွင် ရောနှောသော စိတ်ခံစားချက်များ ဖြစ်ပေါ်မိခဲ့သည်။
ပျော်ရွှင်မှုအချို့ကို ခံစားမိလိုက်ရသော်လည်း အခြားစိတ်ခံစားချက် တစ်ချို့မှာလည်း ရောထွေးလျက်ရှိနေခဲ့၏။
သူ၏အကိုတော်သည် ယခုအချိန်တွင် အန္တရာယ်ရှိသော အခြေအနေ၌ ကျရောက်နေပြီး သူ့အား ကာကွယ်နိုင်ရန်အတွက် သူသည် နန်းတော်အတွင်း ရှိနေရန် လိုအပ်ကြောင်း တွေးမိလိုက်သည်။
ထိုအချက်ကြောင့်ပင် ယူရီယယ်သည် ဆုံးဖြတ်ချက်တစ်ခုကို ပြန်လည်ချလိုက်မိသည်။
ထိုဆုံးဖြတ်ချက်အရ သူသည် သူ၏မိသားစုနှင့်အတူ တော်ဝင်နန်းတော်သို့ ပြန်လာတော့မည်ဖြစ်သည်။
ယူရီယယ်သည် လသာဆောင်မှ သန့်စင်မြို့တော်ကြီးကို နောက်ဆုံးတစ်ကြိမ်အဖြစ် ကြည့်လိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
သန့်စင်မြို့တော်သည် ယခုအခါ အလွန်ငြိမ်သက်နေပုံရသော်လည်း ၎င်းသည် မုန်တိုင်းမတိုက်မီ တည်ငြိမ်နေမှုတစ်ခုမျှသာပင်။
သန့်စင်မြို့တော်တွင် အဖွဲ့နှစ်ဖွဲ့အဖြစ် ကွဲသွားပြီဖြစ်ပြီး အချိန်မရွေး ထိခိုက်လွယ်သော အခြေအနေတစ်ခုတွင် ရှိနေခဲ့သည်။
ထို့မျှမက တိုက်ကြီးများကြား စစ်ပွဲကြီးတစ်ခုစတင်ရန်မှာလည်း သိပ်မဝေးတော့ပေ။
....
ယူရီယယ်သည် မလွဲမသွေဖြစ်လာမည့် စစ်ပွဲများအတွက် ပြင်ဆင်နေစဉ် အာရန်သည် ရှုယင်၊ ဇီယာနှင့် ယုလင်းတို့ သူ့ကို စောင့်နေကြမည့် အခန်းဆီသို့ ပြန်လာခဲ့၏။
အာရန်သည် ဇီယာမှ ရှုယင်အား အရာအားလုံးကို ရှင်းပြပြီးပြီလားဟုပင် တွေးတောလိုက်မိသည်။
သို့သော် ဇီယာကိုယ်တိုင်ပင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို မသိရှိထားခဲ့ပေ။
အခန်းဆီသို့ ပြန်ရောက်ပြီးနောက် အာရန်သည် တံခါးကို တစ်ချက်ခေါက်လိုက်ရာ မကြာမီ ယူလင်းမှလာရောက် ဖွင့်ပေးခဲ့သည်။
အာရန်သည် အခန်းထဲသို့ ဝင်ရောက်လာပြီး သူ၏ ဟန်ဆောင်မှုများကို ပြန်လည် ဖယ်ရှားလိုက်ကာ ပုံမှန်အတိုင်း မဟာအကြီးအကဲရန်အသွင် ပြန်ပြောင်းလိုက်သည်။
“ရှင် သူတို့ကို ကယ်ဖို့ သူရဲကောင်းအကယ်ဒမီကို ထွက်သွားခဲ့တာလား ဘာလို့ ဒီလို အန္တရာယ်များတဲ့အလုပ်ကို ရှင်တစ်ယောက်တည်း လုပ်ရတာလဲ”
အာရန်သည် အခန်းထဲသို့ ဝင်ဝင်ချင်း ရှုယင်၏ စကားကို ကြားလိုက်ရသဖြင့် အသက်ရှူရန်ပင် အချိန်မရခဲ့ပေ။
ဇီယာသည် ရှုယင်အား ဘိုးဘေးအကြီးအကဲများမှ သစ္စာဖောက်ခဲ့သည့် အချိန်မှစ၍ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သူမသိသလောက် ပြန်လည်ဖောက်သည်ချကာ ပြောပြခဲ့၏။
သူမနှင့် ယုလင်းတို့သည် ဘိုးဘေးအကြီးအကဲယန်၏ ပြန်ပေးဆွဲခြင်းကိုခံခဲ့ရပြီး သူရဲကောင်းအကယ်ဒမီသို့ ခေါ်ဆောင်သွားခြင်းခံရသည့်အကြောင်းကိုပါ ရှုယင်အား ပြောပြခဲ့လေသည်။
အာရန် သူတို့အား မည်သို့ ကယ်တင်ခဲ့သည်ကို ဇီယာတစ်ယောက် သေခြာမသိထားသော်လည်း ၎င်းတို့နှစ်ဦးသည် သူ၏ ကျိုးစားအားထုတ်မှုကြောင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်းကိုမူ သူမ သေချာနေခဲ့သည်။
သူတို့ သတိပြန်လည်လာချိန်တွင် အာရန်သည် ထိုနေရာတွင် အတူတကွ ရှိနေခဲ့သောကြောင့်လည်းဖြစ်လေသည်။
ထိုအချိန်က ၎င်းတို့သည် သူရဲကောင်းအကယ်ဒမီ၏ အပြင်ဘက်တစ်နေရာတွင် ရှိနေခဲ့ပြီး ကုန်သည်သင်္ဘောတစ်စင်း၏ အခန်းတစ်ခန်းအတွင်း၌ ရောက်ရှိနေခဲ့ခြင်းဖြစ်၏။
ထိုအချိန်မှစ၍ အာရန်သည် ကောလာဟလများကို ကြားသိပြီးနောက် အရှေ့တိုက်မှ အကြီးအကဲများ ပျောက်ဆုံးခြင်းကို စုံစမ်းရန် အနောက်တိုက်ကြီးသို့ ယခုကဲ့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဇီယာကိုယ်တိုင်ပင် အာရန်၏ ဤနေရာသို့လာရောက်ခြင်း၏ အစစ်အမှန်အကြောင်းပြချက်မှာ ကောင်းကင်နဂါးနှလုံးသားကို ရှာဖွေရန်နှင့် သန့်စင်ပရောဟိတ်မ၏ သွေးကို ရယူရန်ဖြစ်သည်ဆိုသည့်အချက်ကို မသိနိုင်ခဲ့ပေ။
ထို့အပြင် သူမအား အကယ်ဒမီမှ ကယ်တင်ခဲ့သူမှာ ဝါးမြိုသူသာဖြစ်ပြီး အာရန် မဟုတ်ကြောင်းကိုလည်း မသိထားခဲ့ပေ။
သူမသာ သိထားခဲ့ပါက ပို၍ပင် တုန်လှုပ်သွားလိမ့်မည်ဖြစ်၏။
သို့သော်လည်း အာရန်သည် ထိုသို့ဖြစ်ခဲ့လျှင်ပင် သူမအတွက် ရှင်းပြချက်တစ်ခုကို ကြိုတင် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
အာရန်သည် သူ့တွင် အခြားသူတစ်ဦးအဖြစ်ဟန်ဆောင်နိုင်သည့် ထူးခြားသည့် ရတနာပစ္စည်းတစ်မျိုးရှိကြောင်း သူမအား ပြောပြထားခဲ့ပြီးဖြစ်ရာ ၎င်းသည် အနာဂတ် ပြဿနာအချို့ကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားခဲ့သည် မဟုတ်ပါလော...။
အာရန်သည် ထိုအရာများကို ကြိုတင်စဥ့်စားရင်း သူ၏ ရှုထောင့်မှ ဇာတ်လမ်းကို အနည်းငယ် လှည့်စားပြီး ရှင်းပြမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အခန်းထဲသို့ ဝင်ရောက်လိုက်သည်။
သူ ဤနေရာသို့ ရောက်ချိန်တွင် အရာအားလုံး ပြီးဆုံးနေပြီးဖြစ်လိမ့်မည်ဟုတော့ သူ မမျှော်လင့်ခဲ့ပေ။
အာရန်သည် ဆက်လက်ရှင်းပြရမည့်အစား ရှုယင်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရရန်သာ ဤနေရာသို့ ရောက်ရှိလာခဲ့ပုံရလေ၏။
ရှုယင်အတွက် အာရန်သည် အလွန်အမင်း အန္တရာယ်ရှိသော အခြေအနေကို ဖြတ်သန်းခဲ့ရသည်ဟုထင်မြင်မိသွားသည်။
သူရဲကောင်းအကယ်ဒမီသို့ သွားပြီးနောက်တွင် သူ အသက်ဆက်ရှင်နိုင်ခဲ့ခြင်းသည် အလွန်ကံကောင်းသောကြောင့်ဖြစ်လေသည်။
သို့သော် အကယ်၍ ထိုစဥ်က တစ်ခုခု မှားယွင်းသွားခဲ့ပါက မည်သည့်အရာများ ဖြစ်ပျက်သွားနိုင်မည်နည်း။
အာရန်သည် သူ၏တပည့်ကို ကယ်တင်ချင်သည်အား နားလည်ပေးနိုင်သော်လည်း သူသည် ဖန်းယုကိုပင် ထိုအကြောင်းကို အသိမပေးခဲ့ပေ။
ဖန်းယုသည် အာရန်တစ်ယောက် ခဏတာ စိတ်ပြေလက်ပျောက်တစ်နေရာသို့ ထွက်သွားသည်ဟုသာ ထင်နေခဲ့ခြင်းဖြစ်၏။
အကယ်၍ ဖန်းယုသာ အာရန်တစ်ယောက် သူရဲကောင်းအကယ်ဒမီသို့ သွားပြီးနောက် သန့်စင်မြို့တော်သို့ ဆက်တိုက်သွားရောက်ခဲ့ကြောင်းသာ သိရှိခဲ့ပါက သူမမည်သို့တုံ့ပြန်မည်နည်။
အထူးသဖြင့် သူမသည် အာရန်အပေါ် ယခင်ကကဲ့သို့ အပြင်လူတစ်ဦးလို သဘောမထားတော့ခြင်းကြောင့် ဖြစ်လေသည်။
“သူတို့ကို ပြန်ပေးဆွဲခံရတာဆိုရင်လည်း ဂိုဏ်းချုပ်ကို ဘာလို့ မပြောပြတာလဲ သူမက သူတို့ကို ရအောင်ပြန်ခေါ်ပေးမှာပါ”
ရှုယင်က အာရန်အား စိတ်ဆိုးနေဟန်ဖြင့်မေးလိုက်သည်။
‘ဖန်းယုလား... အဲဒီအမျိုးသမီးနဲ့ မစ်ထ်ကို မတွေ့မိစေဖို့ ငါ ဒီလိုတွေ အားလုံးလုပ်ခဲ့တာကို ဘယ်လိုလုပ် ပြောပြလို့ဖြစ်မှာလဲ.. ခုမကြာခင်ကမှ ဖန်းယုဆီက ယုံကြည်မှုကို ခက်ခက်ခဲခဲရယူထားရတာလေ’ ဟု အာရန်သည် စိတ်ထဲတွင်တွေးမိလိုက်သော်လည်း အပြင်တွင်မူထုတ်မပြောခဲ့ပေ။
အာရန်တစ်ယောက် ထိုသို့လုပ်ဆောင်ရခြင်း၏ အခြားအကြောင်းပြချက်တစ်ခုလည်း ရှိနေခဲ့သည်။
တောင်ပိုင်းတိုက်ကြီးသို့ သွားရောက်ခြင်းသည် သူ့အတွက် ပိုမိုအားကောင်းလာစေရန် အခွင့်အရေးတစ်ခုလည်းဖြစ်လေသည်။
ယခု အာရန်သည် တောင်ပိုင်းတိုက်ကြီးသို့ မဝင်ရောက်မီကအာရန်နှင့် လုံးဝ နှိုင်းယှဉ်၍ မရလောက်အောင်ပင်ကွာခြားသွားခဲ့ပြီဖြစ်၏။
ထို့အပြင် သူသည် သူ၏တပည့်များကို သူကိုယ်တိုင် ကယ်တင်လိုနေခဲ့သည်။
“ဆရာတစ်ယောက်အနေနဲ့ ကိုယ့်တပည့်တွေကို ကိုယ်တိုင် မကယ်နိုင်ရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
အာရန်သည် ရှုယင်အား ထိုသို့ပြန်ပြောလိုက်ရာ သူမသည်နေရာမှာပင် တိတ်ဆိတ်သွားခဲ့သည်။
“ကိုယ်အနားက လူအယောက်စီတိုင်းဟာ ကိုယ့်အတွက်အရေးပါတယ်။ တကယ်လို့ ဘုရားသခင်က သူတို့ကို ကိုယ့်ဆီကနေ အတင်းခေါ်ဆောင်သွားရင်တောင်မှ သူတို့ကို ပြန်ခေါ်ယူဖို့ ကောင်းကင်ဘုံအထိ တက်လိုက်နိုင်တယ်။ အန္တရာယ်များတာလောက်က စာဖွဲ့နေစရာမလိုဘူး။ ကိုယ့်လူတွေကို ကိုယ်ကိုယ်တိုင် ကာကွယ်နိုင်ဖို့ အခြားသူတွေကို ဘယ်လောက်ကြာကြာ ဆက်ပြီး မှီခိုနေရဦးမှာလဲ...”
အာရန်၏အသံသည် ပို၍ ကျယ်လောင်လာခဲ့ကာ ထိုအသံကို ကြားလိုက်ရသူများ၏ နှလုံးသားများထဲထိတိုင် ပဲ့တင်ရိုက်ခပ်သွားခဲ့သည်။
ဤအချိန်တွင် သူတို့ မြင်နိုင်၊ ကြားနိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာအာရန်ပင် ဖြစ်နေသည်။
သူ၏စကားများက သူ၏တပည့်နှစ်ဦးစလုံး၏ ရင်ထဲကို လုံးဝထိမှန်သွားခဲ့၏။
အာရန်သည် သူမတို့အား ကာကွယ်ရန် အတွက်ဆိုပါက မည်မျှစွန့်စားရမည် ဆိုစေကာမူ သူသည် အသက်ကိုပင်စွန့်၍ စွန့်စားကယ်တင်မည့်သူဖြစ်သည်။
သူမတို့အား သူရဲကောင်းအကယ်ဒမီတွင် တစ်ယောက်တည်း လာရောက်ပြီး ကယ်တင်နိုင်ခဲ့ခြင်းသည် သူ၏ ဂုဏ်သိက္ခာအပြင် သူ၏ ရဲစွမ်းသတ္တိကိုလည်း ဖော်ပြပြီးသားဖြစ်လေသည်။
ရှုယင်သည် အာရန်အား မေးခွန်းထုတ်ခဲ့မိသော်လည်း သူ၏ အဖြေအပြင် သူ၏ မျက်လုံးများတွင်းရှိ ခိုင်မာမှုကိုပါ မြင်လိုက်ရသောအခါ သူမသည် အရာအားလုံးကို နားလည်လိုက်သည်။
အာရန်တစ်ယောက် အန္တရာယ်တောထဲသို့ ဝင်တိုးခြင်းအား သူမ မကြိုက်နှစ်သက်ခဲ့လျှင်ပင် ထိုမျက်လုံးများတွင်း၌ အမြဲတမ်းလိုပင် ဂုဏ်ယူဖွယ်ကောင်းသော ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့လေသည်။
“ကျွန်မ-“
ရှုယင်သည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
သူမသည် အာရန်အား ထိုအရာအတွက် ဆူပူကြိမ်းမောင်းခြင်းသည် အမှန်တကယ် သင့်လျှော်ပါ၏လော...။ သူမ ထပ်မံ၍ စဥ့်စားလိုက်မိ၏။
အာရန်တွင် စိုးရိမ်ပူပန်စရာများစွာ ရှိနေခဲ့သည်။
သူမသည် သူ့အား ကူညီထောက်ပံ့ရမည့်အစား သူ့အတွက် ကိစ္စရပ်များကို ပိုမို ခက်ခဲသွားရန် ပြုမူသင့်ပါသလား။
သူမသည် မှားယွင်းစွာ ပြုမူမိခဲ့သော ကလေးငယ်တစ်ဦးကဲ့သို့ ခေါင်းကိုငုံ့ထားလိုက်ပြီး အာရန်အား တောင်းပန်လိုက်သည်။
“ကျွန်မ ရှင့်ကို အပြစ်တင်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”
#Catfoot