← Chapters

သေခြင်း၏နိမိတ်

Vol. 27 Ch. 389

သေခြင်း၏နိမိတ်

Vol. 27 Ch. 389

.....

နန်းတော်တစ်ခုလုံးသည် အချိန်အားဖြင့် ရပ်တန့်နေခဲ့ပြီး လက်တွေ့ဘဝနှင့် ကင်းကွာသွားသည့် အလားပင်။

ထိုသို့ ရပ်တန့်နေသော နယ်မြေအတွင်း လှုပ်ရှားခွင့်ရနေသည်မှာ လူနှစ်ဦးသာ ရှိနေခဲ့သည်။

ထိုသူနှစ်ဦးမှဦ အာရန်နှင့် ဤကမ္ဘာ၏ ဖန်တီးရှင်စာရေးဆရာဟု သတ်မှတ်ထားသည့် ပုဂ္ဂိုလ်ပင်ဖြစ်လေ၏။

အာရန်သည် မေးခွန်းဘောက်ချာ၏ အကူအညီဖြင့်သာ ဆင့်ခေါ်နိုင်သည်ဟု သူ ယုံကြည်ထားသည့် ပုဂ္ဂိုလ်ကို ယခုကဲ့သို့ မြင်တွေ့ရသောကြောင့် အတော်လေး အံ့အားသင့်နေပုံရသည်။

မေးခွန်းဘောက်ချာကို မတော်တဆအသုံးပြုမိလိုက်ခြင်းလောဟု အာရန်သည် သံသယ ရှိလိုက်သော်လည်း ပြန်လည်စစ်‌ဆေးကြည့်လိုက်သောအခါ ၎င်းမေးခွန်းဘောက်ချာသည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှာပင် ရှိနေဆဲဖြစ်၏။

ဤသို့ဆိုလျှင် ထိုသူသည် အဘယ့်ကြောင့် ဤနေရာသို့ ရောက်လာခဲ့ရသနည်း။

ထိုအရာက အာရန်၏ စိတ်ထဲမှာ ပေါ်လာခဲ့သော အကြီးမားဆုံး မေးခွန်းတစ်ခုပင်။

“ခင်ဗျား ဒီကို ဘာလို့ရောက်လာတာလဲ” ဟု အာရန်က လျှို့ဝှက်ဆန်းကြယ်သောထိုပုဂ္ဂိုလ်ကို မေးလိုက်သည်။

ထိုပုဂ္ဂိုလ်သည် သူမည်မျှပင် စာရေးဆရာဟု ခေါ်ဝေါ်စေကာမူ သူ့ကိုယ်သူ ထိုဘွဲ့ကို လက်ခံယူရန် အမြဲငြင်းဆန်လေ့ရှိ၏။

ငြင်းဆန်သည်ဆိုခြင်းထက် သူသည် အကြောင်းတစ်စုံတစ်ရာကြောင့် ထိုဘွဲ့ကို ရယူရန် ကြောက်ရွံ့နေသည်နှင့် ပို၍တူလေသည်။

အာရန်သည် ၎င်းမှာ သူ၏ အထင်အမြင်လွဲမှားမှု သက်သက်ပင်လားဟုပင် တွေးမိခဲ့သော်လည်း သူ ထိုပုဂ္ဂိုလ်ကို စာရေးသူဟု ခေါ်ဆိုတိုင်း ထိုလူ၏ မျက်လုံးများတွင် ထူးဆန်းသောကြောက်ရွံ့မှုနှင့် ငြင်းဆန်မှုအချို့ ပေါ်လာသည်ကို မြင်တွေ့ခဲ့လေ့ရှိသည်။

အချိန်တစ်ခုကြာပြီးနောက် အာရန်သည် ဤလူမှာ ထိုစာအုပ်များ၏ ဖန်တီးရှင်ဖြစ်သည်ဟု ဆက်လက်ယုံကြည်ထားမိသော်လည်း သူ့ကို စာရေးသူဟု ခေါ်ဆိုခြင်းကိုမူ ရပ်တန့်ပေးခဲ့သည်။

“ငါက ဒီကို လာခွင့်မရှိဘူးလား” ဟု ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်က အာရန်၏စကားကိုတုံ့ပြန်လိုက်ပြီးနောက် ရှေ့သို့ခြေလှမ်းတစ်လှမ်းခြင်း တိုးလာခဲ့၏။

ထိုပုဂ္ဂိုလ်သည် သေးငယ်သော ခြေလှမ်းတစ်လှမ်းသာ လှမ်းလိုက်ခြင်းဖြစ်သော်လည်း ထူးဆန်းသောအကြောင်းပြချက်တစ်ခုကြောင့် ထိုခြေလှမ်းတစ်လှမ်းတည်းတွင်ပင် ဂလက်ဆီတစ်ခုလုံးနီးပါး၏ အကွာအဝေးကိုပင် သက်ရောက်နိုင်ခဲ့သည့်အလား ခံစားလိုက်ရသည်။

“မင်းမှာ မေးခွန်းဘောက်ချာတစ်ခု ရှိနေပုံရတယ်။ ဘာလို့ ခုချိန်ထိ အဲ့ဒါကို ထုတ်မသုံးသေးတာလဲ”

လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်က စတင် မေးခွန်းထုတ်လိုက်သည်။

အာရန်သည် မြူမှုန်များကြားမှ ထိုပုဂ္ဂိုလ်၏ မျက်နှာကို မမြင်နိုင်သော်လည်း ထိုပုဂ္ဂိုလ်သည် သူ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေသည်ဟူ၍မူ ခံစားနေရသည်။

အာရန်သည် ထိုပုဂ္ဂိုလ်ရှေ့တွင် လုံးဝ ကာကွယ်မဲ့နေသည်ဟုပင် ခံစားလိုက်ရကာ ထိုပုဂ္ဂိုလ်သည် သူ၏ ဝိညာဉ်ကိုပင် တည့်တည့်စိုက်ကြည့်နိုင်သည့် အလားပင် ထင်မှတ်လိုက်ရသည်။

အာရန်တစ်ယောက် ဤပုဂ္ဂိုလ်နှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်က သူ့အား သာမန်လူတစ်ဦးကဲ့သို့သာ ခံစားမိခဲ့လေသည်။

သူသည် ဤပုဂ္ဂိုလ်အား ကြောက်ရွံ့မှု သိပ်ရှိမနေခဲ့ဘဲ ၎င်းအား ပြန်လည် ရိုက်နှက်ရန်ပင် ကြိုးစားကြည့်ခဲ့ဖူး၏။

ယခုတွင်မူ အာရန်သည် ယခင်ထက်များစွာ ပိုမိုအားကောင်းလာပြီဖြစ်သဖြင့် ၎င်းတို့နှစ်ဦးကြားရှိ အကွာအဝေးကို သူ အမှန်တကယ် ခံစားသိရှိနိုင်ပြီဖြစ်သည်။

ထိုပုဂ္ဂိုလ်... ထိုသူသည် သူ ယခင်က မြင်ဖူးသမျှ အရာအားလုံးနှင့် လုံးဝ ကွဲပြားခြားနားသော တည်ရှိမှုကြီးတစ်ခုဖြစ်လေသည်။

သူသည် အရှင်သခင်လေးဦးစလုံးအပါအဝင် ဤကမ္ဘာတစ်ခုလုံးကိုပင် သူအလိုရှိပါက လက်ဖျောက် တစ်ချက်တည်းနှင့်ဖျက်ဆီးပစ်နိုင်သည်အထိ အင်အားကြီးမားလွန်းသည့် အဆုံးအစမဲ့ စွမ်းအင်များပိုင်ဆိုင်ထားသကဲ့သို့ပင်။

“ကျုပ် သုံးချင်တဲ့အချိန်ကျရင် သုံးမှာပေ့ါ” ဟု အာရန်က ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်အား ပြန်ဖြေလိုက်သည်။

“ကျုပ်ကို မေးခွန်းဘောက်ခြာသုံးဖို့ ခင်ဗျား နဲနဲ အလျှင်လိုနေပုံရတယ်”

ထို့နောက် အခန်းအတွင်း၌ အချိန်အတော်ကြာအောင် တိတ်ဆိတ်ခြင်းတစ်ခုပြန်လည် ဖုံးလွှမ်းသွားခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်စွာရပ်နေခဲ့ပြီး မည်သည့်အဖြေမှ ပြန်မပေးခဲ့ပေ။

တစ်အောင့်ကြာပြီး ထိုပုဂ္ဂိုလ်မှ သက်ပြင်းချလိုက်သောအခါမှသာ တိတ်ဆိတ်မှုသည် ပြန်လည်ပြိုကွဲသွားခဲ့သည်။

“မင်းက တော်တော် ဒုက္ခပေးတဲ့ကောင်ပဲ”

ထိုပုဂ္ဂိုလ်သည် နောက်သို့ လှည့်ထွက်သွားပြီး အသင့်ပေါ်လာသော ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် အာရန်အား ထိုင်ရန်လည်း နောက်ထပ်ခုံတစ်ခု ထပ်မံဖန်တီးပေးလိုက်သေး၏။

“မင်းရဲ့ အရှေ့တိုက်ကိုပဲ ပြန်သွားသင့်တယ်။ သန့်စင်အင်ပါယာနဲ့ နစ်ခရိုမန်ဆာမျှော်စင်ရဲ့ ကိစ္စတွေမှာ ထပ်ပြီးမပါဝင်သင့်တော့ဘူး”

အာရန်သည် ထိုပုဂ္ဂိုလ်မှ သူ့အား အဘယ့်ကြောင့် ထိုသို့သတိပေးနေသည်ကို နားမလည်ခဲ့ပေ။

‘ဘာကြောင့် ရုတ်တရက် ဒီလောက်တောင် သဘောကောင်းသွားရတာလဲ။ သူ့ကို စိုးရိမ်ပေးနေတာမျိုးတော့ မဖြစ်သင့်ဘူးမဟုတ်လား။’

ထိုပုဂ္ဂိုလ်ဆီမှ အာရန်သည် ထိုကဲ့သို့ ဝင်ရောက်ပြောဆိုပေးခြင်းမျိုး တစ်ခါမှ မကြုံတွေ့ခဲ့ဘူးပေ။

အာရန်သည် ထိုပုဂ္ဂိုလ်ညွှန်ပြသော အခြားထိုင်ခုံတစ်လုံးပေါ်တွင် ပြန်ထိုင်လိုက်ပြီး စာရေးဆရာဆိုသူနှင့် မျက်နှာချင်းဆိုင်လိုက်၏။

“အခုမှ သတိပေးတာက နဲနဲ နောက်ကျလွန်းပြီလို့ မထင်မိဘူးလား” ဟု အာရန်က စာရေးသူကို ထပ်မံမေးလိုက်သည်။

သူသည် ယခုအခါ တိုက်ကြီးနှစ်ခုနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်နေမိပြီးဖြစ်လေသည်။

ထို့ပြင် သူ့တွင် အနောက်တိုက်ကြီးတွင်သာ ပြီးမြောက်နိုင်မည့် မပြည့်စုံသေးသော အရှင်သခင်သတ်ဓားတစ်ချောင်းကိုလည်းပိုင်ဆိုင်ထားခဲ့ပြီးဖြစ်သည်။

တစ်ချိန်တည်းမှာပင် အာရန်သည် အနောက်တိုက်ကြီး၏ အဓိကဇာတ်လမ်းတွင်လည်း ဝင်ရောက်စွက်ဖက်မိခဲ့သည်။

သူသာ ယခုအချိန်တွင် ရှောက်ထွက်သွားမည်ဆိုပါက “ကျရှုံးခဲ့ပြီးသောပုရောဟိတ်မလေး၏ ကလဲ့စား” ဆိုသည့် ဇာတ်လမ်းတစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဖြစ်သည်။

ပင်လယ်နဂါးဧကရီသည်လည်း သူ့အတွက်ပြဿနာများသော တည်ရှိမှုတစ်ခုဖြစ်လေသည်။

သူသည် ကောင်းကင်နဂါးနှလုံးသားကို အရယူရန်လိုအပ်လေသည်။

ထို့အပြင် ငရဲလက်မှတ်ဆိုသည့်အရာကလည်း ရှိနေသေးသည်။

သူသာ ငရဲပြည်နှင့် မပတ်သက်မိတော့ပါက ထိုစနစ်ဆီမှ ဆုလာဘ်သည် အချည်းနှီးဖြစ်သွားလိမ့်မည် မဟုတ်ပါလား...။

ယခုသူ၏ ‌ပြုမူဆောင်ရွက်နေမှု အများစုသည် တစ်နည်းအားဖြင့် စနစ်ဆီမှ ရရှိလာခဲ့သော ရွေးချယ်စရာများကြောင့် ဖြစ်သည်ဟုဆိုနိုင်လေသည်။

စနစ်သည် သူ့အား ဤတိုက်ကြီးများ၏ ဇာတ်လမ်းများဆီသို့ ဝင်ပါမိစေရန် လမ်းကြောင်းပေးနေသည့်အလားပင်ဖြစ်ခဲ့ကာ စာရေးသူဆိုသူက ယခုမှ သူ့အား အဘယ်ကြောင့် ဤဇာတ်လမ်းများဆီမှ ဝေးရာသို့ ရှောင်ဖယ်နေစေချင်ရသနည်း။

“မင်းသာ အခုနေ မရပ်ရင် မကြာခင် သေရလိမ့်မယ်။ မင်းခုချိန် သေဖို့က အရမ်းစောနေသေးတယ်လို့ ငါယုံကြည်မိလို့ ဒီကိုလာခဲ့တာ။ ဒါကြောင့် ငါ့သတိပေးချက်ကို လက်ခံပြီး နောက်ဆုတ်လိုက်ပါ။ ဒီလိုမှ မဟုတ်ရင် အရာအားလုံး နောင်တတစ်ခုအနေနဲ့ပဲ မင်းအတွက် အဆုံးသတ်သွားရလိမ့်မယ်” ဟု စာရေးသူဆိုသူပုဂ္ဂိုလ်က မျက်မှောင်ကြုတ်နေသော အာရန်အား သတိပေး ပြောဆိုသည်။

စာရေးသူက သူအား သေနိုင်သည်ဟု တိုက်ရိုက်မပြောခဲ့ပေ။

ယင်းအစား သူ့အတွက် သေခြင်းသာလျှင် တစ်ခုတည်းသော ရလဒ်ဖြစ်နေသည့်အလား လုံးဝယုံကြည်နေသည့်ဟန်ရလေသည်။

အာရန်တစ်ယောက် ဤကမ္ဘာသို့ ရောက်ရှိလာသည့်အချိန်မှစ၍ သေစေနိုင်သော အခြေအနေဟူ၍ အခေါက်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်လေသည်။

ထိုအချိန်များက စာရေးသူဆိုသူသည် တစ်ကြိမ်မျှပင် သူ့အား လာရောက်တားဆီးခဲ့ခြင်း မရှိခဲ့ပေ။

‘ဒါဆို ဘာလို့ အခုမှလဲ...။’

“တကယ်လို့ဆက်သွားရင် ဘယ်လိုကြုံတွေ့ရမှာလဲ” ဟု အာရန်က ထိုပုဂ္ဂိုလ်အား ပိုမိုသိရှိလိုဟန်ဖြင့်မေးလိုက်သည်။

ထိုမေးခွန်းကို စာရေးသူက ပခုံးတွန့်လိုက်ရုံသာတွန့်ပြလိုက်သည်။

“အဲဒါကိုတော့ မင်းကို ငါ မပြောပြနိုင်ဘူး။ တကယ်လို့သိချင်ရင်...” ထိုပုဂ္ဂိုလ်သည် စကားပြောခြင်းကို ရပ်တန့်လိုက်သော်လည်း သူ၏ ဆိုလိုသည့် အဓိပ္ပာယ်မှာ ရှင်းလင်းနေခဲ့သည်။

အာရန်သာ ထိုအဖြေကို သိလိုပါက မေးခွန်းဘောက်ချာကို အသုံးပြုရပေလိမ့်မည်။

စာရေးသူဆိုသူကို ကြည့်ရင်း အာရန်သည် ၎င်းမှာ ထောင်ချောက်တစ်ခုပင်လားဟုပင် သံသယဝင်မိခဲ့သည်။

တစ်ခုခု မှားယွင်းနေသကဲ့သို့လည်း ခံစားလိုက်ရသည်။

ထိုသူသည် သူ့အား အဖြေမပေးသင့်သော မေးခွန်းတစ်ခုအတွက် ထိုမေးခွန်းဘောက်ချာကို သုံးပစ်မည်ကို စိုးရိမ်နေသောကြောင့် ကြောက်လန့်အောင်အရင်ပြုလုပ်၍ မေးခွန်းတစ်ခုကို ဖြုန်းတီးစေရန် ကြိုးစားနေသလားဟုပင်တွေးမိလိုက်သည်။

အာရန်တွင် ထိုပုဂ္ဂိုလ်အား မေးချင်သော မေးခွန်းများစွာ ရှိနေခဲ့သည်။

ထိုမေးခွန်းများထဲမှ အချို့မှာ စာရေးသူ၏ တည်ရှိမှုအကြောင်းပင် ဖြစ်လေသည်။

သူက ၎င်းတို့ကို မသိစေချင်သောကြောင့် မေးခွန်းဘောက်ချာကို ဖြုန်းတီးမိစေရန် လာခဲ့ခြင်းများလား...။

အာရန်သည် တဖြည်းဖြည်းပိုမို၍ သံသယဝင်လာပြီးနောက် ၎င်းအကြောင်းကို တွေးတောရင်း ခေါင်းကိုက်လာခဲ့သည်။

သူသည် ထိုသို့အတွေးများဖြင့် အာရုံပျံ့လွင့်နေစဉ်တွင် နောက်ထပ် ရွေးချယ်မှုတစ်ခု ရရှိခဲ့၏။

ဤတစ်ကြိမ်တွင် ရွေးချယ်မှုသည် စနစ်ဆီမှ မဟုတ်ဘဲ စာရေးသူဆိုသူကိုယ်တိုင်မှ ဖြစ်လေသည်။

အာရန်သည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ကို ပြန်လည်တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။

အချိန်တစ်အောင်ကြာပြီးနောက် အာရန်သည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ကာ ပိုမိုတည်ငြိမ်သွားပုံရလေ၏။

#Catfoot

All Chapters