← Chapters

မမေးခဲ့သင့်‌သောမေးခွန်းတစ်ခု

Vol. 27 Ch. 390

မမေးခဲ့သင့်‌သောမေးခွန်းတစ်ခု

Vol. 27 Ch. 390

....

“မေးခွန်းဘောက်ချာကို မသုံးခင် မေးခွန်းတစ်ခု အရင်မေးချင်တယ်”

အာရန်သည် မျက်နှာအမူအရာ လုံးဝတည်ကြည်စွာဖြင့် ပြန်ပြောလိုက်သည်။

ဤမေးခွန်းသည် သူ၏စိတ်ထဲတွင် အချိန်ကြာမြင့်စွာကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်ပြီး သူ့ရှေ့မှ ပုဂ္ဂိုလ်သာလျှင် သူ လိုအပ်သော အဖြေကို ပေးနိုင်သည်ဟု ယုံကြည်ထားမိခဲ့သည်။

“ကျွန်တော် ဘာလို့ ဒီကမ္ဘာကို ရောက်လာရတာလဲ” ဟု အာရန်မှ မေးလိုက်သည်။

ကမ္ဘာပေါ်ရှိ လူပေါင်းဘီလီယံများစွာရှိသည့်အထဲမှ သူတစ်ယောက်တည်းကို ဘာကြောင့် ရွေးချယ်ခဲ့သည်ကို သိချင်နေမိခဲ့၏။

တကယ်ပဲ မတော်တဆမှုတစ်ခုပင်လား။

သူသည် ထိုစာအုပ်အား ပထမဆုံး ဝေဖန်သုံးသပ်ချက်လေးတစ်ခု ပေးခဲ့မိသောကြောင့် ယခုကဲ့သို့ ကမ္ဘာကူးပြောင်း ရောက်ရှိလာခဲ့ခြင်းပင်လော...။

အာရန်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု အမြဲတမ်း ခံစားခဲ့ရလေသည်။

မတည်ရှိသင့်သော ဝက်ဘ်ဆိုဒ်တစ်ခု၏ ကြော်ငြာလေးတစ်ခု သူ၏ရှေ့တွင် ပေါ်လာခြင်းသည် တကယ်ပဲ မတော်တဆမှုတစ်ခုသက်သက်လား။

သူသည် ထိုဝေဖန်သုံးသပ်ချက်ပေးရန် ဆုံးဖြတ်ခဲ့သူဖြစ်သော်လည်း တကယ်ပဲ ထိုအရာကြောင့်ပဲလား...။

“ကျုပ်သာ အဲဒီဝေဖန်သုံးသပ်ချက်ကို မပေးခဲ့မိရင်ကော ကျုပ်ကို ဒီခေါ်လာဦးမှာလား” ဟု အာရန်သည် မေးခွန်းကို ပြန်လည်ပြင်ဆင်လိုက်ပြီးနောက် စာရေးဆရာအား ထပ်မံမေးလိုက်သည်။

“လောကကြီးမှာ တချို့အရာတွေက မလွဲမသွေကြုံတွေ့ရမယ့် ကံကြမ္မာပါလာပြီးသားပဲ” စာရေးဆရာသည် အာရန်အား ထိုသို့ ပြန်ပြောလိုက်ရာ သူ၏ အယူအဆကို မယုတ်မလွန် အတည်ပြုပေးလိုက်ဟန်ရ၏။

ထို့ကြောင့် အာရန်သည်ယခုကဲ့သို့ ကမ္ဘာကူးပြောင်းရောက်ရှိလာခြင်းသည် ဝေဖန်သုံးသပ်ချက်နှင့် လုံးဝ မသက်ဆိုင်ကြောင်း နားလည်သွားခဲ့သည်။

၎င်းသည် သူ စာအုပ်ကို ဖတ်ခဲ့မိခြင်းနှင့်ပင် လုံးဝ မသက်ဆိုင်တော့သည့်အလားပင်။

‘ဒါဆို ဘာလို့လဲ။ ဘာလို့ သူပဲ ဒီမှာ ရှိနေရမှာလဲ။’ ဟု တွေးမိလိုက်သည်။

“ဒါဆို ဘာလို့ ကျုပ်ကိုမှ ရွေးရတာလဲ။ တကယ်လို့ အဲဒီမေးခွန်းတစ်ခုကို ဖြေပေးမယ်ဆိုရင် ခင်ဗျား မေးစေချင်တဲ့ မေးခွန်းကို မေးခွန်းဘောက်ချာ သုံးပြီး ကျုပ် မေးမယ်” ဟု အာရန်သည် ထိုပုဂ္ဂိုလ်အား ပြောလိုက်၍ သူ၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပင် ဖော်ပြလိုက်သည်။

“အဲဒီမေးခွန်းကို ငါတကယ် ဖြေပေးလို့မရဘူး”

စာရေးဆရာသည် တစ်ဖန် တိတ်ဆိတ်သွားခဲ့သည်။

သူ မဖြေချင်သည်လား သို့မဟုတ် မဖြေနိုင်သည်လား မရှင်းလင်းပေ။

“ဒါဆိုရင် ဆွေးနွေးစရာ ဘာမှမရှိ‌တော့ဘူး။ ကျုပ်ရဲ့ မေးခွန်းဘောက်ချာကို အခုထိ သုံးဖို့ဆန္ဒမရှိသေးဘူး။ သေခြင်းတရားက ကျုပ်ကို စောင့်နေတယ်ဆိုရင်တောင် ကျုပ်ကိုယ်တိုင်ပဲ ရင်ဆိုင်မယ်” ဟု အာရန်သည် စာရေးဆရာဆိုသူအား ပြောလိုက်ရင်း ထိုင်ခုံမှ ထရပ်လိုက်သည်။

“ကျုပ် ထွက်ပြေးမှာ မဟုတ်ဘူး”

ထိုသို့ဖြင့် စကားဝိုင်းလေးသည် အဆုံးသတ်သွားခဲ့ရသည်။

အာရန်သည် ထိုအဖြေတစ်ခုကို ရရန်အတွက် မေးခွန်းဘောက်ချာကို အသုံးပြုခြင်းအား ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့သည်။

“မင်း သိချင်ပုံမရတဲ့အတွက် ငါ သွားတော့မယ်။ မင်း ဒီဆုံးဖြတ်ချက်ကို နောင်တမရစေဖို့ ငါ တကယ့်ကို မျှော်လင့်ပါတယ်”

စာရေးဆရာဆိုသူသည်လည်း ပြန်လည်ထရပ်လိုက်ကာ အာရန်အား ထပ်မံ စည်းရုံးရန် မကြိုးစားတော့ပေ။

စကားဝိုင်းမှာ ပြီးဆုံးသွားပြီမို့ သူသည် ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ ပြန်တော့မည့်အချိန်တွင်ပင် သူ၏ မျက်နှာအမူအရာများ ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မေးခွန်းဘောက်ချာသည် အာရန်၏ လက်ထဲတွင် ပေါ်လာသည်ကို သူ သတိပြုမိလိုက်သောကြောင့်ပင်တည်း။

မေးခွန်းဘောက်ချာသည် တဖြည်းဖြည်းချင်းအရောင်များတောက်ပလာပြီး နောက် စာရေးဆရာဆိုသူ၏ ခန္ဓာကိုယ်ကို တနည်းအားဖြင့်သက်ရောက်မှုတစ်ခုဖြစ်သွားခဲ့ကာ ရွှေရောင် သံကြိုးများအဖြစ် ချီနှောက်သွားခဲ့ပုံရလေသည်။

ယခင်အချိန်များ၌ အာရန်သည် ထိုသံကြိုးများကို မမြင်တွေ့ခဲ့ရချေ။

ကြည့်ရသည်မှာ သူ၏အဆင့်များပိုမိုမြင်လာသောကြောင့် အချို့ဖုံးကွယ်ထားမှုများကို မြင်လာရခြင်းဖြစ်ဟန်ရလေ၏။

ထိုပုဂ္ဂိုလ်သည် ထိုရွေရောင်သံကြိုးများ၏ သက်ရောက်မှုအောက်တွင် ရှိနေသရွေ့ သူ မေးမည့် မေးခွန်းတစ်ခုကို ဖြေကိုဖြေရမည်ဖြစ်လေသည်။

စာရေးဆရာသည် မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အာရန်တစ်ယောက် သူ့ဘက်သို့ ပြန်လှည့်လာနေသည်ကို စိုက်ကြည့်နေခဲ့သည်။

ထိုလူငယ်က သူ၏ မေးခွန်းဘောက်ချာကို အသုံးမပြုတော့ဟု အစောပိုင်းက ပြောခဲ့ပြီးမှ ရုတ်တရက် အဘယ်ကြောင့် စိတ်ပြောင်းသွားခဲ့ရသနည်း။

ထိုလူငယ် ဘာမေးခွန်းမေးမည်ကို သူ တွေးတောနေမိသည်။

သူ့ကို အန္တရာယ်ဖြစ်စေမည့် မှားယွင်းသည့် အရာများအားလုံးကို စာရင်းပြုစုခိုင်းမည်လား။

သို့မဟုတ် သူ၏ တည်ရှိမှုအကြောင်း ပို၍ ရှုပ်ထွေးသော အဖြေကို ရယူရန် မေးမြန်းမည်လား...။

အာရန်သည် စာရေးဆရာထံသို့ ပိုမိုနီးကပ်စွာ လျှောက်သွားခဲ့ရာ သံကြိုးများက စာရေးဆရာ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပတ်ထားပြီး သူ့ကို ထွက်ခွာခြင်းမှ တားဆီးထားလေသည်။

အာရန်သည် စာရေးဆရာနှင့် မီတာအနည်းငယ်အကွာတွင် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

အာရန်၏ နှုတ်ခမ်းများသည် ဖြည်းဖြည်းချင်း ဟလာခဲ့ပြီး မေးခွန်းတစ်ခုကို စတင် မေးမြန်းလိုက်၏။

စာရေးဆရာဆိုသူသည် ထိုမေးခွန်းကို ကြားသည်နှင့်တစ်ပြိုင်နက် သူ၏ မျက်နှာအမူအရာများ လုံးဝကို ပြင်းထန်စွာ မှောင်မိုက်သွားခဲ့ရသည်။

အာရန် မေးလိုသော အစောပိုင်း မေးခွန်းများကို ကြားခဲ့ရချိန်တွင်ပင် ထိုပုဂ္ဂိုလ်သည် ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ခြင်း မရှိပေ။

စာရေးဆရာသည် မေးခွန်းတစ်ခုကို ဖြေကြားရာတွင် ဤမျှ ပြင်းထန်စွာ ဆန့်ကျင်ခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ဖြစ်လေသည်။

ကံမကောင်းစွာပင် ထိုပုဂ္ဂိုလ်၏ နှုတ်ခမ်းများသည် တင်းခံထားသည့်ကြားမှပင် သူ့အလိုလို ဖွင့်ဟသွားခဲ့ကာ အာရန်သိလိုသည့် အဖြေကို သူ့ပါးစပ်မှ အလိုအလျောက်ထွက်လာခဲ့တော့၏။

တစ်ချိန်တည်းမှာပင် သန့်စင်မြို့တော်၏ အထက် ကောင်းကင်သည် ရုတ်တရက် မှောင်မိုက်သွားခဲ့ကာ ဤကမ္ဘာတွင် မမြင်ရသော တားမြစ်ချက်တစ်ခု ချိုးဖောက်ခံလိုက်ရသည့်အလားထင်မှတ်ရလေသည်။

မိုးကောင်းကင်တွင် မိုးခြိမ်းသံများ ဆက်တိုက် ဟိန်းထွက်လာနေခဲ့ပြီး ရပ်တံ့နေသော မြို့တော်တစ်ခုလုံးအား တုန်ယင်သွားစေခဲ့သည်။

စာရေးဆရာဆိုသူသည် ထိုမေးခွန်းအား ဖြေဆိုပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ သံကြိုးများ ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။

စာရေးဆရာသည် ယခင်ထက်များစွာ ပို၍ အားနည်းသွားပုံရသည်။

သူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော မြူမှုန်များပင် အနည်းငယ်ပါးလွှာသွားပုံရပြီး သူ၏ တည်ရှိမှုကို ပါးပါးလေးသာ ဖုံးကွယ်ထားနိုင်တော့သည်။

“ဒါက မင်း ဘယ်တော့မှ မမေးခဲ့သင့်တဲ့ မေးခွန်းမျိုးပဲ” ဟု စာရေးဆရာသည် အာရန်အား စိုက်ကြည့်ရင်းပြောလိုက်ရာ အာရန် မှတ်မိသလောက်ဆိုပါက သည် ယခုအကြိမ်သည် ပထမဆုံးအနေဖြင့် သူ၏အသံ အကျယ်လောင်ဆုံးလည်း ဖြစ်လေ၏။

သို့သော်ထိုပုဂ္ဂိုလ် တစ်ယောက်တည်း ထိတ်လန့်နေသည်တော့ မဟုတ်ပေ။

အာရန်သည်လည်း အလားတူပင် လွန်စွာထိတ်လန့်နေပုံရပြီး သူ ရရှိလိုက်သော အဖြေကို ထိုသို့ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

စာရေးဆရာသည် တစ်စက္ကန့်မျှပင် ထိုနေရာတွင်ထပ်မံ အချိန်ဖြုန်းလိုဟန်မရတော့ပေ။

သူသည် မေးခွန်းတစ်ခုကို ဖြေဆိုပြီးစီးသွားပြီဖြစ်သဖြင့် သံကြိုးများ၏ ကန့်သတ်ချက်မှ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။

အာရန်သည်လည်း မေးခွန်းဘောက်ချာကို အသုံးပြုလိုက်ပြီးဖြစ်ရာ သူ့တွင် နောက်ထပ်မေးခွန်းဘောက်ချာတစ်ခု ထပ်မံမရမချင်း

မေးခွန်းအသစ်များ မေးမြန်းနိုင်တော့မည် မဟုတ်ပေ။

စာရေးဆရာသည် လှည့်ထွက်သွားစဉ်မှာပင် အလွန်စိတ်ပျက်နေပုံရနေခဲ့ပြီး မကြာမှီမှာပင် သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သူ မထွက်ခွာမီ အာရန်အတွက် နောက်ဆုံးအနေနှင့် ထုံးစံအတိုင်း စကားလုံးအနည်းငယ်ကိုမူ ချန်ထားပေးခဲ့သေး၏။

“မင်းက ပို၍ ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုမှာ ဝင်ပါမိဖို့ အခွင့်အရေးတစ်ခုကို ဖြုန်းတီးပစ်ခဲ့တဲ့အတွက် ငါလာရင်းအကြောင်းအရာကိုတော့ မပြောပြနိုင်တော့ဘူး။ ဒါပေမဲ့ မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ချင်ရင် အဲဒီအရူးကောင်ရဲ့ ဓားကို လက်ခံလိုက်...”

သူသည် မပြောအပ်သော အရာအချို့ကို ထပ်မံ မပြောတော့သော်လည်း အနည်းဆုံးအနေနှင့် အာရန်အတွက် အရိပ်အမြွက်တစ်ခုကိုမူ ချန်ထားပေးခဲ့ဆဲပင်။

၎င်းသည် အနည်းငယ်ဝိုးတိုးဝါးတားဖြစ်နေဟန်ရသော်လည်း တစ်ချိန်တည်းမှာပင် ရှင်းလင်း၍လည်း နေလေသည်။

အခြေအနေသည် အလွန်အမင်း အန္တရာယ်များလွန်းနေ၍ စာရေးဆရာဆိုသူ ကိုယ်တိုင်ပင် သူ သေဆုံးရတော့မည်ဟု ကြိမ်းသေ ယုံကြည်နေခဲ့ကာ သူ့အား ကူညီပေးနိုင်သည်မှာ ဓားဧကရာဇ်၏ ဓားသာ ရှိတော့ဟန်တူသည်။

အာရန်သည် သူ၏ ဘယ်ဘက်လက်မောင်းကို ပွတ်သပ်လိုက်ရင်း ၎င်းရှိ ဓားအမှတ်အသားနေရာကိုမှန်း၍ စမ်းကြည့်လိုက်မိသည်။

ထိုစာရေးဆရာဆိုသူပုဂ္ဂိုလ် ထွက်ခွာသွားသည်နှင့် နန်းတော်အတွင်းရှိ အချိန်စီးဆင်းမှုသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

“ဘာလို့ ဒီလောက်မြန်မြန် ပြန်လာတာလဲ ခုနလေးတင် ရေချိုးဖို့ ဝင်သွားတာ မဟုတ်လား” ဟု ရှုယင်၏ အသံသည် နောက်ဘက်မှ ထွက်လာခဲ့ရာ အာရန်အား သူ၏ အတွေးများဆီမှ ပြန်လည်နိုးထလာစေခဲ့သည်။

ထိုသို့ဖြစ်ရခြင်းသည် အချိန်မှာ အာရန်တစ်ယောက်တည်းအပေါ်တွင်သာ စီးဆင်းနေခဲ့ခြင်းဖြစ်၍ ရှုယင်မှာမူတစ်ချိန်လုံး ရပ်တံ့နေခဲ့ရသောကြောင့် ဖြစ်လေသည်။

#Catfoot

All Chapters