ဧည့်ခံပွဲအတွင်းမှ ကစဥ့်ကလျားဖြစ်ရပ်များ
Vol. 27 Ch. 377
.....
သန့်စင်ပရောဟိတ်မသည် ပရိသတ်အားလုံး၏ ကြည်ညိုအားကျနေကြသည့် အကြည့်များအောက်တွင်ပင် ခန်းမကြီးထဲသို့ ဝင်ရောက်လာခဲ့လိုက်သည်။
ခန်းမအတွင်းတွင် သူမအား မထိတွေ့နိုင်သော နတ်ဘုရားမတစ်ပါးနှယ်ဖြစ်နေခဲ့ပြီး လှည့်မကြည့်ဘဲ နေနိုင်သူ အနည်းငယ်မျှသာ ရှိနေခဲ့၏။
သန့်စင်ဧကရာဇ်၏ ညီတော်သည် ထိုကဲ့သို့ရှားရှားပါးပါး လူအနည်းစုထဲမှ တစ်ဦးဖြစ်လေသည်။
သူသည် သန့်စင်ပရောဟိတ်မကို ပေါ့ပေါ့တန်တန်တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို ပြန်လည်ဖယ်ရှားခဲ့သည်။
ထိုအပြုအမူအရ သူသည် သန့်စင်ပရောဟိတ်မအပေါ် မည်သည့်မျက်နှာသာပေးမှုမှ မထားရှိကြောင်း ရှင်းလင်းလေသည်။
ပရောဟိတ်မကြောင့် သူတို့၏ အခွင့်အာဏာနှင့် သြဇာလွှမ်းမိုးမှုအားလုံးနီးပါးကို ဆုံးရှုံးခဲ့ရသော တော်ဝင်မိသားစုအတွက်လည်း အလားတူပင် ဖြစ်သည်။
၎င်းတို့သည် မည်သို့မျှ မနေဟန် ဟန်ဆောင်ခဲ့ရသော်လည်း ၎င်းတို့အကြောင်း လူအများ၏ပြောဆိုကဲ့ရဲ့ကြမှုကို ကြားသိခဲ့ကြပြီးဖြစ်၏။
အနောက်တိုက်တွင်သာမက အခြားတိုက်ကြီးများကပါ ၎င်းတို့ တော်ဝင်မိသားစုအား သန့်စင်ပရောဟိတ်မ၏ အရေးမပါသော နောက်လိုက်ခွေးများသာ ဖြစ်သည်ဟုပင် သမုခဲ့ကြသည်မဟုတ်ပါလော...။
ဤနေရာရှိ ရောက်ရှိနေကြသူအတော်များများ၏ အာရုံစိုက်မှုသည် သန့်စင်ပရောဟိတ်မဆီတွင်သာ ရောက်ရှိနေခဲ့ကြသဖြင့် မည်သူကမျှ အာရန်၏ မျက်နှာအမူအရာများတွင် အနည်းငယ်အပြောင်းအလဲဖြစ်သွားခဲ့မှုကို သတိမထားမိခဲ့ကြပေ။
သူသည် သန့်စင်ပရောဟိတ်မကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ပထမဆုံး စတင်ဖြစ်ပေါ်လာခဲ့သည်က ထူးဆန်းသည့် စိတ်လှုပ်ရှားမှုတစ်ခုပင်ဖြစ်၏။
...
သန့်စင်ပရောဟိတ်မ ရောက်ရှိလာသည်နှင့် အာရန်သည် တော်ဝင်စစ်တပ်အား ရှင်းလင်းပြီးနောက် သူ ရရှိခဲ့သော စနစ်ဆီမှ ရွေးချယ်စရာအသစ်များအကြောင်းကို မတွေးမိဘဲ မနေနိုင်ခဲ့ပေ။
စနစ်ဆီမှ ရွေးချယ်စရာအသစ်များရောက်မလာခဲ့သည်မှာ အချိန်တစ်ခုကြာမြင့်ခဲ့ပြီဖြစ်သည်။
ဤအရာသည် အချိန်အတော်ကြာပြီးနောက်မှ အာရန်အတွက် ပထမဆုံးအကြိမ်အဖြစ် စနစ်ဆီမှ ရွေးချယ်စရာအသစ်များ ပြန်လည်ရရှိခဲ့ခြင်းလည်း ဖြစ်လေ၏။
၎င်းရွေးချယ်စရာ အားလုံးသည် ဤဧည့်ခံပွဲနှင့် လုံးဝပက်သက်နေသော အရာများ ဖြစ်နေခဲ့သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ဤတစ်ကြိမ်တွင် မည်သည့်ရွေးချယ်စရာကမှ ရရှိမည့် ဆုလာဘ်များကို တိုက်ရိုက်ဖော်ပြထားခြင်း မရှိခဲ့ပေ။
ညွှန်ပြထားသည်မှာတော့ ရွေးချယ်လိုက်သော ရွေးချယ်မှုတစ်ခုကို ပြီးစီးအောင် လုပ်ဆောင်ပြီးစီးပါက သက်ဆိုင်ရာ ဆုလာဘ်များကို ထုတ်ပေးမည်ဖြစ်ကြောင်းသာ ဖြစ်၏။
[ရွေးချယ်မှု (၁): ဧည့်ခံပွဲတွင် သန့်စင်ပရောဟိတ်မ၏ အစစ်အမှန်မျက်နှာကို ဖော်ထုတ်ပါ။]
[ရွေးချယ်မှု (၂): ဧည့်ခံပွဲတွင် သန့်စင်ပရောဟိတ်မအား လက်ထပ်ခွင့်တောင်းပါ။]
[ရွေးချယ်မှု (၃): သန့်စင်ပရောဟိတ်မ ရောက်ရှိလာသည်နှင့် ဧည့်ခံပွဲကို အဆုံးသတ်ပြီး လူတိုင်းကို ပြန်လွှတ်လိုက်ပါ။]
[ရွေးချယ်မှု (၄): ကာဒီနယ်ရဟန်းအမတ် တစ်ဦးကို သတ်ပါ။]
အာရန်သည် ၎င်းရွေးချွယ်စရာများ ပေါ်လာပြီး တစ်မိနစ်အတွင်း ရွေးချယ်မှုတစ်ခုကို ရွေးချယ်ရမည်ဖြစ်သောကြောင့် သူသည် စဉ်းစားဆင်ခြင်ရန် အချိန်များစွာ မရရှိခဲ့ပေ။
နောက်ဆုံးတွင် သူသည် အဓိပ္ပာယ်အရှိဆုံးဟု ယူဆရသော တစ်စုံတစ်ခုကိုသာ ရွေးချယ်ခဲ့မိလေသည်။
သူသည် အလွယ်ဆုံး ရွေးချယ်စရာကိုမူ မရွေးချယ်ချင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုသို့ဆိုပါက ရရှိမည့်ဆုလာဘ်သည်လည်း အဆိုးဆုံး ဖြစ်မည်မှာ သေခြာနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အာရန်သည် ဧည့်ခံပွဲကို အစကတည်းက အဆုံးသတ်ရန် မရွေးချယ်ခဲ့ပေ။
သန့်စင်ပရောဟိတ်မ၏ သရုပ်အမှန်ကို ယခုအချိန် ဖော်ထုတ်ခြင်းသည် အလွန်အန္တရာယ်များလေသည်။
ကာဒီနယ်ရဟန်းအမတ်တစ်ဦးကို ဖယ်ရှားရန်မူ အကြောင်းပြချက်တစ်ခုကို သူ ရှာတွေ့နိုင်သော်လည်း ဤအခြေအနေတွင် သန့်စင်ဘုရားကျောင်းတော်ကို ရန်ငြိုးဖွဲ့ရန်မှာ စောလွန်းနေသေး၏။
ဤသို့ဖြင့် သူ့အတွက် နောက်ဆုံးတွင် ရွေးချယ်စရာတစ်ခုသာ ကျန်ရှိတော့သည်။
၎င်းသည် အလယ်အလတ် ခက်ခဲမှုတစ်ခုဟုခေါ်ဆိုနိုင်သော်လည်း သူ့အတွက် အန္တရာယ်ရှိလောက်သည်အထိတော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူသည် ပရောဟိတ်မအား လက်ထပ်ခွင့်တောင်းရုံသာ လိုအပ်လေသည်။
သူသည် သူမကို အမှန်တကယ် လက်ထပ်ရန် မလိုအပ်ပေ။
သူသာ သူမကို လက်ထပ်ခွင့်တောင်းလိုက်သည်နှင့် ထိုရွေးချယ်မှုသည် ပြီးစီးအောင်မြင်သွားမည်ဖြစ်လေ၏။
သူမ သူ့အား ငြင်းပယ်လိုက်ခြင်းသည်ပင် ကျရှုံးမှုဖြစ်သွားမည်မဟုတ်ပေ။
ထို့အပြင် သူသည် သူမအား သန့်စင်ဧကရာဇ်အဖြစ်ရှိနေစဥ်တွင် ကမ်းလှမ်းနိုင်မည်ဖြစ်သည်။
ဤအရာတွင် သူ၏ အာရန်အဖြစ်ဟန်ဆောင်ထားသော အခြားကိုယ်ပွားကို ထည့်သွင်းစဥ့်စားရန် မလိုအပ်ပေ။
အာရန်သည် သန့်စင်ပရောဟိတ်မအား မည်သည့်အချိန်တွင် လက်ထပ်ခွင့်တောင်းရမည်ကို စဥ့်စားနေစဥ်မှာပင် သန့်စင်ပရောဟိတ်မသည် သူ့ထံ ချဉ်းကပ်လာနေခဲ့သည်။
သူမသည် သန့်စင်ဧကရာဇ်၏ ညီတော်ရှေ့တွင် ဖြတ်လျှောက်သွားမိစဥ် ထိုညီတော်သည် သူမအား အေးစက်စက် အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်သော်လည်း ရန်လိုသည့် အမူအရာကိုမူ မပြသခဲ့ပေ။
သန့်စင်ပရောဟိတ်မသည် သန့်စင်ဧကရာဇ်အဖြစ် ဟန်ဆောင်ထားသော အာရန်ရှေ့တွင် ရပ်လိုက်သည်။
အာရန်သည် သန့်စင်ဧကရာဇ်၏ အစစ်အမှန် အော်ရာကို ပိုင်ဆိုင်ထားပြီးဖြစ်၍ သူ့အားလူမိမည်ကို မစိုးရိမ်မိခဲ့ချေ။
သို့သော် သူသည် အနည်းငယ် ထိတ်လန့်မိနေဆဲဖြစ်၏။
...
“အရှင်မင်းကြီး ဒီနေ့ အပြစ်မဲ့တဲ့ စစ်သည်တော် ထောင်ပေါင်းများစွာကို သတ်ခဲ့တယ်လို့ ကျွန်မ ကြားထားတယ်။ အဲဒါက နည်းနည်း ရက်စက်လွန်းတယ်လို့ မထင်ဘူးလား”
အာရန်အား စကားစပြောရန်ပင် အခွင့်အရေး မပေးဘဲ သန့်စင်ပရောဟိတ်မသည် အာရန်၏ နေ့လည်ခင်းက ထူးဆန်းသောအပြုအမူများ ထုတ်ဖော်မေးလိုက်သည်။
သူမသည် အင်ပါယာ၏ အပြစ်မဲ့နိုင်ငံသားများအတွက် ပြောပေးနေသည့်ပုံ ရသော်လည်း အမှန်မှာ သန့်စင်ဧကရာဇ်ကို လူတိုင်းရှေ့တွင် ဆူပူကြိမ်းမောင်းနေသည်နှင့် ပိုမိုတူညီနေခဲ့သည်။
သန့်စင်ဧကရာဇ်၏ ညီတော်သည် မျက်လုံးများကို မှေးစင်းလိုက်ရင်း ဘာဖြစ်နေသည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။
သန့်စင်ပရောဟိတ်မသည် တမင်တကာပင်ရည်ရွယ်ချက်ရှိရှိ ဤကဲ့သို့ နိုင်ငံအတွင်းရှိ သြဇာကြီးမားသော လူများစွာ ရှိနေသည့်အချိန်တွင် တော်ဝင်မိသားစုအပေါ် သူမ၏ သြဇာလွှမ်းမိုးနိုင်မှုကို ပေါ်တင် ဖော်ပြလိုက်ခြင်းလည်းဖြစ်လေသည်။
‘ဟင်း အဲဒီ ခွေးမကတော့ အခြေအနေကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ တကယ်ကို ကျွမ်းကျင်ပိုင်နိုင်လွန်းတာပဲ။ ပြီးတော့ ငါ့ရဲ့ မိုက်မဲလှပြီး သူရဲဘောကြောင်တဲ့ အစ်ကိုတော်ကလည်း ငါတို့တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကိုမှ ဂရုမစိုက်ဘဲ လူတိုင်းရှေ့မှာ သူမကို တောင်းပန်လိမ့်ဦးမယ်လို့ ငါ အာရုံရနေတယ်။’
သန့်စင်ဧကရာဇ်၏ ညီတော်သည် သူ၏အကိုတော်ကို အထင်သေးစွာဖြင့် တစ်ချက် ကြည့်ရင်း စိတ်ထဲတွင် မချိတင်ကဲ လှောင်ပြောင်လိုက်မိ၏။
၎င်း၏အကိုတော်သည် သန့်စင်ဧကရာဇ် ဖြစ်လာခဲ့သော်လည်း သန့်စင်ပရောဟိတ်မ၏ အမိန့်များကို အမြဲတစေ နာခံလေ့ရှိခဲ့ကာ ၎င်းက သူ့အား အတော်ကို စိတ်ပျက်စေခဲ့သည်။
ယနေ့အစောပိုင်းကသူ၏အကိုတော်သည် စစ်သားထောင်ပေါင်းများစွာနှင့် ဝန်ကြီးများစွာကို ကွပ်မျက်ခဲ့သည်ဟု သူ ကြားသိလိုက်သောအခါ အကိုတော်မှာ ပြောင်းလဲသွားနိုင်သည်ဟု သူ ထင်မှတ်ခဲ့မိသေးသည်။
သို့သော် ယခုကဲ့သို့ သန့်စင်ပရောဟိတ်မမှ ဆူပူကြိမ်းမောင်းသည်ကို ငြိမ်ခံနေသည်အား မြင်လိုက်ရသောအချိန်တွင်မူ သူ၏မျှော်လင့်ချက်များ ပြန်လည်ပျောက်ရှသွားရလေသည်။
သူ့အတွက်မူ အကိုတော်သည် သန့်စင်ဧကရာဇ်အဖြစ်နှင့်ပင် ထိုမျှ ကြောက်တတ်နေခြင်းက သူ့အား ရှင်းလင်းစွာပင် စိတ်ပျက်စေခဲ့သည်။
“တစ်ချို့သူတွေက ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ ထင်တာပဲ”
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရှေ့သို့ တစ်လှမ်းခန့် တိုးလိုက်သည်။
သူ၏နောင်တော်မှာ ဘာမှ မပြောနိုင်လျှင် သူသည် တော်ဝင်မိသားစုဝင်တစ်ဦးနေဖြင့် ဤတစ်ကြိမ်တွင်မူ ဝင်ရောက်ဖြေရှင်းရပေလိမ့်မည်။
“ဒါက...”
သို့သော် သူ၏ နှုတ်ခမ်းများဖွင့်လိုက်ကာ စကားတစ်လုံးသာ ပြောလိုက်ရသေးပြီး ရုတ်တရက် အာစေးမိသွားခဲ့ရသည်။
သူတင်မက ခန်းမအတွင်းရှိ လူတိုင်းနီးပါးသည် သန့်စင်ဧကရာဇ်မှ ပြန်ဖြေလိုက်သည်ကို ကြားလိုက်ရသည်နှင့် အလွန်ပင် တုန်လှုပ်မိသွားခဲ့ကြသည်။
“အရှင်မ ဘာကိုပြောနေတာလဲဆိုတာ ငါကိုယ်တော် သိပ်မရှင်းဘူး။ အရှင်မက နစ်ခရိုမန်ဆာမျှော်စင်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ သစ္စာဖောက်တွေဘက်က တော့မဟုတ်ဘူးမလား” ဟု ဧကရာဇ်အဖြစ်ဟန်ဆောင်နေသော အာရန်သည် သူ၏နှုတ်ခမ်းများထက်တွင် တည်ငြိမ်သော အပြုံးတစ်ခုကို ဆင်မြန်းရင်း မေးလိုက်၏။
သန့်စင်ပရောဟိတ်မသည် သန့်စင်ဧကရာဇ်မှာ ယနေ့အတော်လေး ကွဲပြားစွာ ပြုမူခဲ့ကြောင်း ကြားသိထားခဲ့သော်လည်း သူသည် ယခုကဲ့သို့ တိုက်ရိုက်ကြီး ပြန်ပြောလိမ့်မည်ဟု တော့ လုံးဝ မမျှော်လင့်မထားမိခဲ့ပေ။
ယခင်က သူတို့သည် တစ်ဦးချင်းသီးသန့်စကားပြောသည့်အချိန်များတွင်ပင် ဧကရာဇ်သည် သူမကို အနည်းငယ်မျှပင် မလှန်ရဲခဲ့ဘဲ အမြဲတမ်းသူမကို အလေးပေး၍ ဆက်ဆံခဲ့လေသည်။
ယခုမူ ဤဧကရာဇ်သည် လူအများရှေ့တွင်ပင် သူမအား ပြန်ခံပြောနေသည်တဲ့လား...။
“အရှင်မင်းကြီး၊ စကားပြောတဲ့အခါ သတိထားပါ။ ခုဘယ်သူ့ကို စကားပြောနေတယ်ဆိုတာကော နားလည်ပါရဲ့လား” ဟု ကာဒီနယ်ရဟန်းအမတ်တစ်ဦးသည် ဒေါသတကြီးပုံစံဖြင့် ရှေ့သို့ တက်လာခဲ့ကာ သူ၏မျက်လုံးများသည် ရန်လိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လူတိုင်းရှေ့တွင် သာမန် ကာဒီနယ်ရဟန်းအမတ်တစ်ဦးသည် သန့်စင်ဧကရာဇ်အား ရန်လိုမှုများ ပြသနေခဲ့ခြင်းဖြစ်သည်။
ဧည့်ခံပွဲသို့တက်ရောက်လာသော ဧည့်သည်များသည် ၎င်းတို့မျက်လုံးဖြင့် ဆက်တိုက်မြင်လိုက်ရသည့် မြင်ကွင်းများကြောင့် အံ့ဩတုန်လှုပ်မှုများ ဆက်တိုက် ဖြစ်သွားခဲ့ကြရသည်။
သန့်စင်ဧကရာဇ်နှင့် သန့်စင်ပရောဟိတ်မတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက်အနေအထားတွင်ရောက်ရှိသွားကြပြီလား...။
၎င်းတို့ ဤကဲ့သို့သော အရာမျိုးကို မြင်ဖူးသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်လေ၏။
အခြားဧည့်သည်များနှင့် မတူဘဲ သန့်စင်ဧကရာဇ်၏ ညီတော်မှာမူ သူ၏ နှုတ်ခမ်းထက်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် သူ၏အကိုတော် ဧကရာဇ်ကိုယ်စား သူသည် ဂုဏ်ယူပေးနိုင်ခဲ့လေပြီ။
ဤဧကရာဇ်သည် သူယခင်က အားမရမိခဲ့သော အလွန်ကြောက်တတ်သည့် အကိုတော်မှ ဟုတ်ပါလေစဟုပင် တွေးမိလိုက်သည်အထိပင်။
ယခု သူ၏ ထိုအပြုအမူများကို ယုံကြည်နိုင်ရန်အတော်လေး ခက်ခဲနေလေသည်။
“ခုနက ငါကိုယ်တော်ကို သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်အချို့ အာရုံခံမိလိုက်သလိုပဲ” ဟု အာရန်သည် ထိုကာဒီနယ်ရဟန်းအမတ်အား ကြည့်ရင်း ပြောလိုက်ရာ သူ၏ အသံကိုပင် အနည်းငယ်မျှတိုးညှင်းပေးရန် မကြိုးစားခဲ့ပေ။
#Catfoot