မူလဘုံ
Vol. 018 Ch. 1745
ဘုံသုံးထောင်နှင့် ဘက်ပြောင်းပြန်ဖြစ်နေသော တခြားသီးခြားနယ်ပယ်တစ်ခု။
ရီဖူရှင်း အံ့အားသင့်တကြီးဖြစ်ရသည်။ ဘုံသုံးထောင်တွင် နတ္တိအင်ပါယာနန်းတော်ရှိသော်လည်း မဟာအင်ပါယာသည် နန်းတော်၌ ရှိမနေသည်ကို ရီဖူရှင်း နားလည်သဘောပေါက်သွားသည်။
ဘုံသုံးထောင်အား တခြားတစ်ဘက်မှ လူများက လေဟာနယ်ဘုံဟု ခေါ်ကြသည်။
“ကောင်းကင်လမ်းစဉ်ဟာ ကျိုးပျက်သွားခဲ့လို့ မပြည့်စုံတာပဲ...”
“သမိုင်းအရတော့ ရှေးဟောင်းအင်ပါယာခေတ်မှာ တန်ခိုးရှင်တွေဟာ အရမ်းအစွမ်းထက်ခဲ့ကြတယ်။ အဲဒါကို နတ်ဘုရားခေတ်လို့ ရှေးစာပေတွေက ရည်ညွန်းကြတယ်။ အဲဒီတုန်းက နတ်ဘုရားတွေဟာ မဟာလမ်းစဉ်အသွင်သို့ ပြောင်းသွားခဲ့ကြပြီး နောက်ဆုံးမှာ အရမ်းစွမ်းအားကြီးလာလို့ တစ်ယောက်နဲ့တစ်ယောက် အထိန်းအကွပ်မဲ့လာပြီး ကြီးမားတဲ့တိုက်ပွဲကြီးဖြစ်လာခဲ့တယ်။ စစ်ပွဲအဆုံးမှာတော့ ကောင်းကင်လမ်းစဉ်ဟာ ကျိုးပျက်ခဲ့တယ်” ရှန်လော့ရွှီက ပြောသည်။
“အဲဒါ ကျိုးပျက်သွားတာလား...” ရီဖူရှင်းက မေးသည်။
“ဒါက မှတ်တမ်းထဲမှာ ရှိတာ။ တကယ်တမ်း ဘာဖြစ်ခဲ့တယ်ဆိုတာကိုတော့ ငါတို့လည်း မသိဘူး။ ဒါပေမဲ့ ငါတို့က နတ်ဘုရားခေတ်နဲ့ နတ်ဘုရားခေတ်အလွန် အချိန်နှစ်ခုကို အဲဒီအဖြစ်အပျက်ကို အခြေခံပြီး ခွဲခြားနိုင်တယ်။ ကောင်းကင်လမ်းစဉ်ပြိုကွဲပြီးကတည်းက ကျင့်ကြံခြင်းလောကဟာ တရစပ်ပြောင်းလဲသွားခဲ့တယ်။ ကျင့်ကြံသူတွေဟာ အရင်ကလိုအခြေအနေမျိုးကို ဘယ်တုန်းကမှ ပြန်မဖန်တီးနိုင်တော့ဘူး။ ဒီနေ့ ကမ္ဘာကြီးက ဘယ်လိုဖြစ်နေပြီလဲ ငါတကယ် မသိဘူး။ ငါ အဲဒီကို တစ်ခါမှ မသွားဖူးသေးဘူး”
ရှန်လော့ရွှီက ဆက်ပြောသည် “ဒါပေမဲ့ အနည်းဆုံးငါပြောနိုင်တာကတော့ တကယ့်ကမ္ဘာကြီးက ဘုံသုံးထောင်ထက် အများကြီး အစွမ်းကြီးတယ်ဆိုတာပဲ။ လွန်ခဲ့တဲ့နှစ်၃၀၀က မရေမတွက်နိုင်သော တန်ခိုးရှင်တွေ စစ်ပွဲထဲ ပါဝင်ခဲ့ကြတယ်။ ဘုံသုံးထောင်က အင်အားစုတွေဟာ တကယ့်အင်အားစု အစစ်အမှန်တွေရဲ့ အကိုင်းအခက်တွေလောက်ပဲ ရှိတယ်...”
“ဥပမာ ရှန်ကလန်ဟာ နတ်ဘုရားတွေရဲ့မျိုးဆက်တွေလို့ ကောလာဟလတွေက ဆိုတယ်။ သမိုင်းမှာ မဟာအင်ပါယာဆိုတာ တကယ်ရှိပြီးတော့ သူဟာ တကယ်ပဲ ရှန်ကလန်ရဲ့ဘိုးဘေးဖြစ်တယ်။ ဘုံသုံးထောင်က ရှန်ကလန်ဟာ တကယ့်ကမ္ဘာက ရှန်ကလန်ရဲ့ အခက်အလက်တစ်ခုသာဖြစ်တယ်။ သူတို့ကို လွန်ခဲ့တဲ့ နှစ်သုံးရာက ငါမြင်ဖူးတယ်...”
ရှန်လော့ရွှီက ဆက်ပြောသည် “ရှန်ကလန်တစ်ခုတည်း မဟုတ်ဘူး။ ဘုံသုံးထောင်က တခြားအင်အားစုတွေဖြစ်တဲ့ နတ်ဘုရားမာန်ဟုန်ကျောင်းတော်၊ နေမင်းနန်းတော်၊ တောင်တန်းဘုံက ထိပ်သီးကလန်တချို့ဟာလည်း မူလဘုံက ခွဲဖြာထွက်လာတဲ့ ဂိုဏ်းခွဲတွေပဲ။ ငရဲတံခါးဟာလည်း အဲဒီအတိုင်းပဲ...”
“အရှင်ဒွန်ဟောင်က လောကကြီးကို စုစည်းပြီးနောက်မှာ ဆက်ကြောင်းကို ပိတ်ဆို့ထားခဲ့တယ်။ မဟာအင်ပါယာရဲ့ခွင့်ပြုမိန့်ရှိသူမှသာ ဒီကို လာနိုင်တယ်။ ဒါကြောင့်ပဲ မင်းကို နတ္တိအင်ပါယာနန်းတော်က အနှေးနဲ့အမြန် ဆက်သွယ်လာလိမ့်မယ်လို့ ပြောခဲ့တာ။ ဒီကိစ္စကြောင့်သာ အဖြစ်အပျက်တွေက နည်းနည်းပိုမြန်သွားတာ...”
ရှန်လော့ရွှီ၏စကားက ရီဖူရှင်း၏သံသယကို ရှင်းသွားစေသည်။ နတ္တိအင်ပါယာနန်းတော်သည် ဘုံသုံးထောင်ကို စောင့်ကြည့်ရန် စီစဉ်ထားသော နေရာတစ်ခုသာဖြစ်သည်။
အမှန်တကယ်အားဖြင့် ဘုံသုံးထောင်တွင် ဖြစ်ပျက်နေသမျှမှာ မဟာအင်ပါယာ၏ထိန်းချုပ်မှုအောက်တွင် ရှိသည်။
“ဒါဆိုရင် ပြင်ပလောကမှာ အရှင်ဒွန်ဟောင်လိုပဲ အစွမ်းကြီးတဲ့ တခြားလူတွေ ရှိသေးတာပေါ့။ မဟာအင်ပါယာနှစ်ပါးက လွန်ခဲ့တဲ့နှစ်သုံးရာက စစ်ပွဲကို အနိုင်ရပြီးတော့ ဘုံသုံးထောင်ကို အုပ်ချုပ်တာပေါ့” ရီဖူရှင်းက ပြောသည်။
“မှန်တယ်...” ရှန်လော့ရွှီက ခေါင်းညိတ်သည်။
“ဘယ်လိုပြောပြော ငရဲတံခါးက ပွင့်သွားတော့ ဆက်ကြောင်းဟာလည်း ပြန်ပြီး ပေါ်လာခဲ့တယ်။ ပြင်ပကမ္ဘာကနေ တန်ခိုးရှင်တွေဟာလည်း ဘုံသုံးထောင်ကို လာနိုင်တော့မယ်။ ဒါက အပြောင်းအလဲကြီးကြီးမားမားဖြစ်လာမယ့် သဘောပဲ” ရှန်လော့ရွှီက ပြောသည်။
“ဟိုမိန်းကလေး ချင်းယောင်နဲ့ပတ်သက်ပြီးတော့...” ရှန်လော့ရွှီက ရီဖူရှင်းကို ကြည့်သည်။
ရီဖူရှင်း၏မျက်နှာက ညိုမဲသွားသည်။ မိစ္ဆာလူငယ်နှင့် ရွှယ်ယူခေါင်းဆောင်တို့၏ရည်ရွယ်ချက်က ထင်ရှားသည်။
ချင်းယောင်သည် ပြဿနာအများအပြားကို သယ်ဆောင်လာနိုင်သည်။
ရီဖူရှင်းသည် စကားဝိုင်းမှ ထွက်ခွာသွားကာ သူနေသောနေရာသို့ ပြန်လာခဲ့သည်။ မိန်းကလေးနှစ်ဦးဖြစ်သော နန်းယွီနှင့် ချင်းယောင်တို့သည် အတူတူစကားပြောနေကြ၏။
သူတို့နှစ်ဦးမှာ သက်တူရွယ်တူဖြစ်သည်။ နန်းယွီကား ဆယ်နှစ်အရွယ်ခန့်ရှိပြီဖြစ်ကာ ချင်းယောင်ထက် အနည်းငယ် ငယ်သည်။
“အစ်ကို...” နန်းယွီက ရီဖူရှင်းကို သတိပြုမိကာ ပြေးလာသည်။ သူမက ရီဖူရှင်း၏ခြေထောက်များကို ပြေးဖက်၏။
တစ်ဘက်တွင် ချင်းယောင်ကား ငြိမ်သက်စွာ ရပ်နေသည်။ သူမကား နန်းယွီထက် ပိုမိုတည်ငြိမ်ဟန်ရှိသည်။
“မင်းတို့လေးတွေ မမလို့လန်စကားကို နားထောင်ရဲ့လား...” ရီဖူရှင်းက နန်းယွီ၏ခေါင်းကို အသာပုတ်ကာ ပြောသည်။
“ဒါပေမဲ့ နန်းယွီက လိမ္မာတဲ့ကလေးပဲကို...” နန်းယွီက ဆက်ပြောသည် “ဒါပေမဲ့လည်း အစ်ကိုဖူရှင်းကို အမြဲတမ်း သတိရနေတာပါနော်...”
ရီဖူရှင်းက ပြုံးလိုက်သည်။ ကလေးမသည် စကားတော်တတ်၏။
“ချင်းယောင်... ညီမလေးကို သဘောကျလား...” ရီဖူရှင်းက ချင်းယောင်ကို မေးသည်။
“အရမ်းသဘောကျတယ်...” ချင်းယောင်က ခေါင်းညိတ်သည်။ သူမက ပြုံးလျှက်ပြောသည် “ညီမနန်းယွီက အရမ်းလှတာပဲ...”
ချင်းယောင်၏မျက်လုံးထဲတွင် နန်းယွီကား အရာခပ်သိမ်း၌ ပြည့်စုံလှပနေသည်။
သူမက အနည်းငယ် သိမ်ငယ်သလို ခံစားရ၏။
“ချင်းယောင်လည်း လှတာပဲကို...” ရီဖူရှင်းက တီးတိုးပြောသည်။
“အစ်ကို... နန်းယွီက အစ်မချင်းယောင်ကို ညီမနဲ့အတူနေဖို့ ပြောနေတာ။ မမချင်းယောင်က အစ်ကိုဖူရှင်းကို မေးရဦးမယ်တဲ့။ အစ်ကိုက ခွင့်ပြုမှာမလားဟင်...” နန်းယွီက သနားစဖွယ်ကြည့်ကာ ပြောသည် “ညီမမှာ အခုမှ ကစားဖော်တစ်ယောက်ရတာကို...”
ချင်းယောင်က နန်းယွီ၏စကားကိုကြားလျှင် ရီဖူရှင်းကို စိုးရိမ်စွာ ကြည့်သည်။
“ဒါပေါ့...” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။
“အစ်ကိုဖူရှင်းက အကောင်းဆုံးပဲ..” နန်းယွီက တခစ်ခစ်ရယ်မောသည်။
“နန်းယွီက ဒီမှာ အိမ်ရှင်လေ။ မမကို နန်းယွီက ဂရုစိုက်ပေးရမှာပေါ့...” ရီဖူရှင်းက ပြောသည်။
“အင်း...” နန်းယူက ခေါင်းညိတ်သည်။ သူမက ရှေ့ကို တက်သွားကာ ချင်းယောင်၏လက်ကိုဆွဲလျှင်ပြောသည် “မမ... အဖိုးရွှမ်ရဲ့မုတ်ဆိတ်မွေးကို သွားဆွဲရအောင်... အဖိုးရွှမ်က အရမ်းရယ်ရတယ်...”
“…” ရီဖူရှင်း ဆွံ့အသွားသည်။ အရှင်ထိုက်ရွှမ်ကား ထိပ်သီးတန်ခိုးရှင်တစ်ဦးဖြစ်သည်။ သူ၏မုတ်ဆိတ်ကို ဆွဲခြင်းက....။
သူမက ထိုအရာကို ရယ်စရာဟု တွေးထင်နေသည်။
ချင်းယောင်က ပြုံးကာ ခေါင်းမော့လျှက် ရီဖူရှင်းကို ကြည့်သည်။ သူမကား နန်းယွီထက် ပိုမို၍ အသက်ကြီးကာ ရင့်ကျက်ပေသည်။ နန်းယွီနှင့်မတူသည်က သူမကား အိမ်ရှင်မဟုတ်ရာ အရာရာကို သတိထား၍ ပြုမူနေရသည်။ သူမက တစ်ဘက်လူ၏သနားကြင်နာမှုကို မထီမဲ့မြင်ပြုမူမိမည်ကို စိုးရိမ်၏။
“သွားကြ... တစ်ခုခုလိုရင် မမလို့လန်ကို ပြော...” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။
“အင်း...” ချင်းယောင်က ခေါင်းညိတ်သည်။ မိန်းကလေးနှစ်ဦး လက်ချင်းတွဲကာ ထွက်သွားကြသည်။
ကလေးမများ ထွက်သွားလျှင် ရီဖူရှင်းသည် ဟွာဂျီယူရှိရာသို့ ရောက်လာခဲ့သည်။
ရီဖူရှင်းကိုမြင်လျှင် သူမက ကျင့်ကြံနေသည်ကို ရပ်လိုက်၏။ သူမက ရီဖူရှင်းကို ကြည့်ကာ ပြောသည် “ရှင် ပြန်လာပြီ...”
“အင်း...” ရီဖူရှင်းက သူမထံသို့ လျှောက်လာကာ သူမ၏ပါးနှစ်ဘက်ကို အသာကိုင်တွယ်သည်။ ထိုရင်းနှီးလွန်းသော အပြုအမူက ဟွာဂျီယူ၏မျက်တောင်များကို တွန့်ကွေးစေသည်။ သို့သော်လည်း သူမက ထိုအပြုအမူကို နှစ်သက်၏။ ရီဖူရှင်းကို သူမက မည်သည့်အခါကမှ ငြင်းပယ်ခဲ့ခြင်းမရှိပေ။ တစ်ဘက်တွင် သူမသည် သူနှင့် ပိုမိုရင်းနှီးလာသလို ခံစားရသည်။
သည်နှစ်ပိုင်းအတွင်း ရီဖူရှင်းသည် သူမနှင့်ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ခဲ့၏။ သူမကား သူ့အတွက် တကယ့် ဂျီယူအစစ်အမှန်ဖြစ်သည်။
“ခုတလော ကျင့်ကြံတာ တိုးတက်မှုရှိလား...” ရီဖူရှင်းက မေးသည်။
“အင်း...” သူမက အသာခေါင်းညိတ်သည်။ ရီဖူရှင်းက သူမ၏လက်ကို ကိုင်ကာ အတူထိုင်သည်။ သူတို့က တကယ့်ချစ်သူများအလား အချင်းချင်းမှီလျှက် ထိုင်ကြ၏။
“အပြင်မှာ အရေးကြီးတာတစ်ခုခုဖြစ်နေတယ်လို့ ကြားတယ်...” ဟွာဂျီယူက တီးတိုးပြောသည်။
“ကိစ္စတစ်ချို့ ဖြစ်တော့မယ်...ဒါပေမဲ့ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး...” ရီဖူရှင်းက တီးတိုးပြောသည်။
ဟွာဂျီယူက နားလည်ဟန်ဖြင့် ခေါင်းညိတ်သည် “နင်လည်း အပြင်မှာ ဂရုစိုက်သင့်တယ်...”
“အမ်...” ရီဖူရှင်း အံ့အားသင့်သွားသည်။ သူက ဟွာဂျီယူ၏မျက်လုံးများကို ကြည့်လျှင် သူမက သူ့အား စိုက်ကြည့်နေသည်ကို မြင်၏။ သူမက ညင်သာစွာ မေးသည် “ဘာဖြစ်လို့လဲ...”
“ဘာမှ မဟုတ်ဘူး...” ရီဖူရှင်းက ဝမ်းသာလုံးဆို့ရင်းဖြင့် ပြောသည်။ သူမကိုယ်တိုင်က သူမ၏မသိမသာအပြောင်းအလဲများကို နားလည်ဟန်မရပေ။
“အင်း... မင်းအတွက် ငါသေသေချာချာ ဂရုစိုက်နေပါ့မယ်...” ရီဖူရှင်းက သူမကို ညင်ညင်သာသာပြောသည်။ ထို့နောက် သူက ဟွာဂျီယူ၏ပုခုံးနှစ်ဘက်ကို အသာကိုင်လိုက်၏။ သူမက အနည်းငယ်တောင့်တင်းသွားသော အမူအရာရှိသော်လည်း ရီဖူရှင်းကို လှပသော မျက်ဝန်းများဖြင့် ပြန်လည်၍ စူးစိုက်ကြည့်သည်။
ရီဖူရှင်းကလည်း သူမကို ကြည့်သည်။
“နင်က ငါဟာ နင့်ဇနီးလို့ ပြောတယ်မလား...” ဟွာဂျီယူက ရီဖူရှင်းကို ပြောသည်။
“ဟုတ်တယ်လေ...” ရီဖူရှင်းက ခေါင်းညိတ်သည် “လူအများကြီးက ဒါကို သိကြတယ်...”
“ခင်ပွန်းနဲ့ဇနီးဆိုတာ ဒီလို ပြုမူတာလား...” ဟွာဂျီယူက နားမလည်စွာ မေးသည်။ သူမ၏မျက်လုံးများက အမှန်တကယ် မည်သည့်အရာကိုမှ နားမလည်ကြောင်း ဖော်ပြနေ၏။ သူမကား ဗြမ္မာ့သန့်စင်ကောင်းကင်မှ ရောက်လာကတည်းက စက္ကူဖြူတစ်ချပ်နှင့် တူသည်။
သူမသည် ကျင့်ကြံခြင်းမှလွဲ၍ မည်သည့်အရာကိုမှ နားမလည်။
ရီဖူရှင်းက မဆိုစလောက် တောင့်တင်းသွားပြီးမှ အားတက်သရော ပြောသည် “ဒီလောက်ပဲ မဟုတ်သေးဘူး။ ခင်ပွန်းနဲ့ဇနီးဆိုတာ ဒီထက် ရင်းနှီးတဲ့ အပြုအမူတွေကို လုပ်သေးတယ်...”
“ပိုပြီး ရင်းနှီးတာ...” ဟွာဂျီယူက သူ့အား ကြည့်ကာ မေးသည် “သူတို့ အတူအိပ်ကြတယ်လား...”
“အ...”
“နင်ဘာလို့ မျက်နှာတွေ နီရဲလာတာလဲ...” ဟွာဂျီယူက ရီဖူရှင်းကို ကြည့်ကာ မေးသည်။
“ဒီမှာ အရမ်းပူတာပဲ...” ရီဖူရှင်းက ရှက်ရှက်ဖြင့် ပြောသည်။ အစွမ်းထက်ရန်ဟောင်တစ်ပါးက ဤသို့ ကလေးကလားစကားများဖြင့် ချောင်ပိတ်မိနေမည်ဟု မထင်ထားပေ။
“အိုး...” ဟွာဂျီယူက ခေါင်းညိတ်သော်လည်း သူမက အပြည့်အဝ နားမလည်ပေ။
ရီဖူရှင်းက သူမကို သေသေချာချာကြည့်ကာ ချစ်ခင်နှစ်သက်စွာ ပြုံးသည်။
ဟွာဂျီယူက သူ့အားကြည့်ကာ သူ၏မျက်လုံးများက အဘယ်ကြောင့် တစ်လက်လက်တောက်နေသည်ဟု တွေးနေသည်။ ထို့အပြင် သူက သူမ၏မေးခွန်းကို ပြန်မဖြေသေးပေ။
…
ရီဖူရှင်းက သူ၏ကောင်းမွန်သော အချိန်များကို ကုန်ဆုံးနေချိန်၌ အပြင်ဘက်တွင် အဖြစ်အပျက်များစွာ ဖြစ်ပွားနေသည်။ ရွှယ်ယူမြို့တွင် ပိုမိုများပြားသော တန်ခိုးရှင်များ ပေါ်လာခဲ့၏။ ထိုမြို့သည် ယခု လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထိုရောက်လာသော တန်ခိုးရှင်များသည် လျှို့ဝှက်နယ်မြေဘုံသို့ စတင်ခြေဆန့်ကြ၏။
ထို့နောက်တွင် တခြားသော ဘုံများတွင်လည်း ထူးဆန်းသော ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတော့သည်။
လက်ရှိတွင် ဗဟိုအင်ပါယာဘုံ၏တစ်နေရာ၌ ကြောက်မက်ဖွယ် လေပွေတစ်ခုဖြစ်ပေါ်နေသည်။ လူအချို့သည် လေဟာနယ်ကို တိုက်ရိုက်ဖြတ်ကျော်လာဟန်ဖြင့် ထိုနေရာ၌ ပေါ်လာ၏။
သူတို့က ပေါ်လာသည်နှင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်ကြသည်။ တစ်ယောက်က ပြောသည် “လေဟာနယ်ဘုံ...မဟာလမ်းစဉ်က ပိုပြီး ပျက်စီးနေတာပဲ။ ငါတို့ထင်ထားတဲ့အတိုင်းပဲ... စိတ်မကောင်းစရာပဲ...”
“လေဟာနယ်ဘုံက စွန့်ပစ်ခံထားရတာ နှစ်ပေါင်းရာချီပြီပဲကို...” နောက်တစ်ယောက်က ရယ်မော၍ ပြောသည် “ဘယ်လိုဖြစ်ဖြစ် ဒီခရီးက တန်ပါတယ်။ ဘယ်လိုပြောပြော ဒါက မူလဘုံပဲမလား...”
***