ဓါးသွားကျင့်ကြံခြင်းပညာ။ ဓားချီစွမ်းအင်စုဆောင်းခြင်း (၃)
Vol. 6 Ch. 77
စူးချန်ခုန်းသည် ယနေ့တွင် သမားတော်ဟွားရှန်ကို ဤနေရာတွင် ထပ်မံတွေ့ဆုံရမည်ဟု မမျှော်လင့်ခဲ့ပေ။
"ကျွန်တော်တို့ကို ခက်ခဲအောင် မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး ထွက်သွားပါတော့။"
ဂျင်ဆင်းအိမ်တော်မှ တပည့်များက သူတို့နှစ်ဦးကို ထွက်ခွာရန် တိုက်တွန်းရင်း ကူကယ်ရာလည်းမဲ့ စိတ်လည်းမရှည်တော့ပေ။
“ဒီလူတွေက နည်းနည်းလေးတောင် အကြင်အနာတရာ မရှိဘူး…” ခပ်ချောချောလူငယ်လေးက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ?" စူးချန်ခုန်းက ဒါကိုမြင်တော့ မနေနိုင်ဘဲ ရှေ့ကို လှမ်းပြီး မေးလိုက်သည်။
တခြားသူသာဖြစ်ခဲ့ရင် စူးချန်ခုန်းက သေချာပေါက် စိတ်ထဲထားမှာမဟုတ်ပေမယ့် သမားတော်ဟွားရှန်က သူ့အပေါ် ကြင်နာခဲ့တဲ့အတွက် စူးချန်ခုန်းက မေးခွန်းတစ်ခုနဲ့ ကြားဝင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် စူးချန်ခုန်းဆီသို့ အကြည့်များစွာ စုပြုံလာလေ၏။ သမားတော်ဟွားရှန်နှင့် ခပ်ချောချော လူငယ်လေးတို့က အနက်ရောင် ၀တ်စုံနှင့် ဤလူသည် မည်သူမည်ဝါမှန်းမသိသောကြောင့် အနည်းငယ် အံ့သြသွားကြသည်။
"ဆရာဝမ်!" ဂျင်ဆင်းအိမ်တော်၏ အခြားတပည့်များက ထုံးစံအတိုင်း ဝမ်ထိုက်ကို ဂျင်ဆင်းအိမ်တော်၏ လေးစားရသော ဧည့်သည်အဖြစ် အသိအမှတ်ပြုကြရာ သူ့ကို လေးစားစွာ ဦးညွတ်ကြလေ၏။
ထို့နောက် ဂျင်ဆင်းအိမ်တော်မှ တပည့်တစ်ဦးက ရှင်းပြလိုက်သည်။ "သမားတော်ဟွားရှန်က ဂျင်ဆင်းအိမ်တော်မှာ ဆေးဝယ်ဖို့ လာခဲ့တာပါ။ သူ့ကို ဂျင်ဆင်းအိမ်တော်က လေးလေးစားစား ဆက်ဆံခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို တတ်နိုင်သလောက် လျှော့စျေး အများဆုံးတောင် ပေးပြီး အမြတ်မရဘဲ အရှုံးခံပြီး ရောင်းပေးခဲ့ပါတယ်.. ဒါပေမယ့် သူ ဒီတစ်ခေါက်က ငါးကြိမ်မြောက် ရောက်လာတာ... ကျွန်တော်တို့က အရှုံးထွက် စီးပွားရေးမျိုး နေ့တိုင်းလုပ်နေလို့ မရဘူးလေ!"
ဒါကိုကြားတော့ သမားတော်ဟွားရှန် အရှက်ရပြီး မျက်နှာပူထူသွားသည်။
ခပ်ချောချော လူငယ်လေးက ဒေါသတကြီး အော်ပြောလေ၏။ "ငါ့ဆရာက ရောဂါကူးစက်ခံထားရတဲ့ သာမန်လူတွေကို ကယ်တင်ဖို့ ကြိုးစားနေတာ။ ဒီဆေးဖက်ဝင်ပစ္စည်းတွေကို သူသုံးဖို့ လိုအပ်နေတာမှ မဟုတ်ဘဲ။ အဲ့လိုမှမဟုတ်ရင် သူ့မာနကို မင်းရှေ့မှာ ဘာလို့ နှိမ့်ချနေရမှာလဲ။"
စူးချန်ခုန်းသည် ထိုစကားကိုကြားသောအခါ ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း သဘောပေါက်သွားသည်။
လွန်ခဲ့သောနှစ်ဝက်ခန့်က ချင်းရွှေမြို့တစ်ဝိုက်တွင် ကြာနက်ဂိုဏ်း၏ လျှို့ဝှက်သွေးထိုးမှုများကြောင့် ကပ်ရောဂါဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူအများအပြား သေဆုံးခဲ့သည်။ ထိုအချိန်တွင် အပြင်သို့ ခရီးသွားနေသော သမားတော်ဟွားရှန်သည် ချင်းရွှေမြို့၏ သတင်းကို နားထောင်ပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနှင့် ပြန်လာခဲ့သည်။ သူသည် ဖျားနာသူများကို ကုသရန်အတွက် ဆေးကို ကိုယ်တိုင်ကိုယ်ကျ စတင်ထုတ်လုပ်ခဲ့သည်။
သမားတော်ဟွားရှန်သည် ကုသမှုများအတွက် အခကြေးငွေ ရခဲ့သော်လည်း ကူးစက်ခံရသူအများစုမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ကြသောကြောင့် သမားတော်ဟွားရှန်သည် သူတို့အား အခကြေးငွေ အများကြီးပေးရန် မတောင်းဆိုဘဲ အနည်းငယ်မျှကိုသာ တောင်းဆိုခဲ့သည်။ သို့သော်လည်း ဆေးဖက်ဝင်ပစ္စည်းများ၏ ကုန်ကျစရိတ်က ရှိနေဆဲဖြစ်ပြီး သမားတော်ဟွားရှန် ရရှိသောငွေသည် ၎င်း၏ အသုံးစရိတ်များကို ကာမိရန် မလုံလောက်ပေ။
ရွေးချယ်စရာမရှိပဲ သမားတော်ဟွားရှန်သည် ပါဝင်ပစ္စည်းများဝယ်ယူရန် ဂျင်ဆင်းအိမ်တော်သို့ ကြိမ်ဖန်များစွာ လာရောက်ခဲ့သည်။ ဂျင်ဆင်းအိမ်တော်သည် သူ့အကျင့်စရိုက်ကို လေးစားပြီး လျှော့စျေးပေးခဲ့သော်လည်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စီမံပေးနိုင်သည်။ သို့သော် ခဏခဏ လာရောက်ပြီးနောက် ဂျင်ဆင်းအိမ်တော်က ငွေကြေးဆုံးရှုံးမှုကို ရေရှည်ဆက်မထိန်းနိုင်တော့ပေ။
ဂျင်ဆင်းအိမ်တော်သည် ပရဟိတလုပ်ငန်းမဟုတ်ပဲ ဆေးဝါးကုန်ကျစရိတ်ကို ကာမိရန် လိုအပ်နေသေးသောကြောင့် သူတို့က ထုံးစံအတိုင်း ငြင်းဆန်ခဲ့ပြီး လက်ရှိအခြေအနေသို့ ဦးတည်သွားခဲ့သည်။
ခဏလောက် တွေးကြည့်ပြီးနောက် စူးချန်ခုန်းက "ဂျင်ဆင်းအိမ်တော်မှာ သမားတော်ဟွားရှန် လိုအပ်နေတဲ့ ဆေးတွေရှိသေးလား။"
“ရှိပါတယ်။” ဂျင်ဆင်းအိမ်တော်၏ တပည့်တစ်ဦးက ပြန်ဖြေသည်။
"ဒါဆို ခင်ဗျားတို့ရဲ့ စာရင်းတွေ အကုန်ထုတ်လိုက်ပါ။ ကျွန်တော်ပေးပါ့မယ်"
စူးချန်ခုန်းက ပြတ်ပြတ်သားသား ဆိုလိုက်သည်။
စူးချန်ခုန်းက ဘယ်သူ့ကိုမှ အကြွေးတင်နေတာကို မကြိုက်ပါ။ သမားတော်ဟွားရှန်က သူ့ဆီကနေ ဘာကိုမှ ပြန်မမျှော်လင့်ဘဲ ဝူချင်းရှီကို သင်ပေးခဲ့သည်။
ယနေ့တွင် သမားတော်ဟွားရှန်သည် ငွေရေးကြေးရေး အကြပ်တည်းနှင့် ကြုံနေရသောကြောင့် သူ့ပိုက်ဆံအိတ်ကို ရက်ရက်ရောရော ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ သမားတော်ဟွားရှန်၏ သင်ကြားမှုအကြွေးကို ပြန်ဆပ်ရန် ငွေအနည်းငယ်သုံးတာက တန်ပါသည်။
ဂျင်ဆင်းအိမ်တော်ရဲ့ တပည့်က မပြောခင် တွန့်ဆုတ်နေခဲ့သည်။ “ဒါ… စျေးက မနည်းဘူးဗျ၊ ငွေနှစ်ထောင်လောက်တောင် ဖြစ်လိမ့်မယ်။”
"ကျွန်တော် မတတ်နိုင်ဘူးလို့ ထင်နေလား။ မြန်မြန်လုပ်!" စူးချန်ခုန်းက ဒေါသမထွက်ဘဲ အစောင့်အား ယုံကြည်မှုအပြည့်နှင့် မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ဟုတ်...ဟုတ်ကဲ့!" ဂျင်ဆင်းအိမ်တော်၏တပည့်သည် နားမလည်နိုင်လောက်အောင် ပြင်းထန်သော ဖိအားကို ခံစားရပြီး မနှောင့်နှေးရဲဘဲ ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။ သူက အခြားတပည့်များကို ဆေးသွားယူပေးရန် လက်ဟန်ပြလိုက်သည်။
"ကောင်းလိုက်တာ ဆရာရယ်။ လုပ်ရပ်တိုင်းက တန်ပြန်သက်ရောက်မှု ရှိပါတယ်။ ကောင်းကင်ဘုံက ဆရာ့ကို သေချာပေါက် ကောင်းချီးပေးလိမ့်မယ်။" သမားတော်ဟွားရှန်သည် အနက်ရောင်ဝတ်စုံနှင့် သူစိမ်းက သူ့ဆေးအတွက် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံထုတ်ပေးကာ ဂျင်ဆင်းအိမ်တော်က စာရင်းအားလုံးကို ဝယ်ယူလောက်အောင် တော်တော်လေး ရက်ရောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဤဆေးဖက်ဝင်ပစ္စည်းများဖြင့် သူသည် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်သည်။ သူက စူးချန်ခုန်းကို အလွန်အမင်း ကျေးဇူးတင်နေမိသည်။
"ဒါက ဘာမှမဟုတ်ပါဘူး" ဆိုတာ စူးချန်ခုန်းရဲ့ အေးဆေးတည်ငြိမ်တဲ့ တစ်ခုတည်းသော တုံ့ပြန်မှုပင်။
သမားတော်ဟွားရှန်သည် တစ်ချိန်က စူးချန်ခုန်းနှင့် ရက်အနည်းငယ်ကြာ သိခဲ့ပြီး ယခု "ဆရာဝမ်ထိုက်" အဖြစ် ရုပ်ဖျက်ကာ အသွင်ပြောင်းထားသော စူးချန်ခုန်းကို မမှတ်မိပါပေ။
သူအရင်ကလို ပုံစံတူနေခဲ့ရင်တောင် နှစ်တွေအတော်ကြာကြာ ကုန်လွန်သွားပြီး စူးချန်ခုန်းရဲ့ တစ်ချိန်က အနည်းငယ် ပျော့ညံ့တဲ့အသွင်အပြင် လုံးဝပြောင်းလဲသွားခဲ့လေပြီ။ သမားတော်ဟွားရှန်က သူ့ကို မှတ်မိလောက်မှာ မဟုတ်ပါ။
သမားတော်ဟွားရှန်၏ နံဘေးမှ ခပ်ချောချောလူငယ်လေးကတော့ တော်တော်လေး အံ့အားသင့်သွားလေ၏။ "ကောင်းမှုလုပ်ဖို့ ဒီလောက် ငွေသုံးနိုင်တဲ့သူ ဒီကမ္ဘာပေါ်တွင် တကယ်ကြီး ရှိတာလား။"
ထိုလူငယ်လေးသည် လွန်ခဲ့သောနှစ်အနည်းငယ်က သမားတော်ဟွားရှန် လက်ခံထားသော တပည့်လေးဖြစ်သည်။ သူသည် ဆေးပညာကိုသင်ယူပြီး သမားတော်ဟွားရှန်နှင့် ခရီးထွက်ကာ ကုသမှုအတွက် နှုတ်ဖြင့် ကျေးဇူးတင်ကြောင်းပြောသူ အများအပြားကို တွေ့မြင်ခဲ့ရသော်လည်း ဆေးဖိုးဝါးခ ပေးဆောင်သည့်အခါတွင် အမှန်တကယ် အထောက်အပံ့အတွက် ကြေးနီတစ်ပြားပင် မပေးလိုဘဲ တိမ်းရှောင်ရန် ကြိုးပမ်းကြသည်။
စူးချန်ခုန်းလို လူကတော့ မေးခွန်းတွေ အများကြီးမမေးဘဲ ငွေအမြောက်အများကို ချက်ချင်း ပေးဆောင်ခဲ့သောကြောင့် ၎င်းသည် လွန်စွာသနားကြင်နာတတ်သော လုပ်ရပ်တစ်ခုပင်။
စူးချန်ခုန်းက ကျေးဇူးရှင်ကြီးဟု ခေါ်ခံရမည့်သူမဟုတ်ကြောင်း သမားတော်ဟွားရှန်ရော ကိုယ်လူချောလေးရော သေချာပေါက် မသိကြပါ။ သူက သမားတော်ဟွားရှန်ထံမှ တစ်ချိန်က ကြင်နာမှုရရှိခဲ့သောကြောင့်သာ ပြန်ပေးဆပ်ရန် ဆန္ဒရှိခဲ့သည်။ အကြွေးတွေပြန်ဆပ်ဖို့နဲ့ ကျေးဇူးသိတတ်ဖို့ဆိုတာ အားလုံးမှာ ရှိသင့်သည့်အရာပင်။
စောင့်ဆိုင်းနေစဉ်အတွင်း ဂျင်ဆင်းအိမ်တော်သည် သမားတော်ဟွားရှန် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများအားလုံးကို ထုပ်ပိုးပြီး သူတို့၏စာရင်းကို ခြင်းတောင်းအပြည့်နှင့် တွန်းလှည်းတစ်ခုလုံးဖြင့် ရှင်းထုတ်ခဲ့သည်။
စူးချန်ခုန်းသည် ဂျင်ဆင်းအိမ်တော်အတွက် အခက်မကြုံရအောင် ပေးဆောင်ရန်အတွက် သူ့ရင်ဘတ်ထဲမှ ငွေစက္ကူအရွက်နှစ်ထောင်ကို ထုတ်ယူလိုက်သည်။
"ဆရာဝမ်၊ ဒါတွေနဲ့ ကယ်တင်မယ့် လူနာတွေ အားလုံးရဲ့ကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါတယ်ဗျာ!"
စိတ်လှုပ်ရှားမှု ထက်သန်စွာနှင့် ကျေးဇူးတင်မှုအပြည့်ဖြင့် သမားတော်ဟွားရှန်သည် စူးချန်ခုန်းအား ကျေးဇူးတင်ရန် ဦးညွှတ်ခဲ့ပြီး ကိုယ်လူချောလေးလည်း တလေးတစားနှင့် လိုက်လံ ဦးညွှတ်ခဲ့သည်။
"အင်း.. ကျွန်တော့်မှာ တခြားကိစ္စရှိသေးလို့ သွားလိုက်ပါဦးမယ်"
စူးချန်ခုန်းက ခေါင်းညိတ်လိုက်ပြီး အချိန်ဆွဲမနေဘဲ သူ့လမ်းအတိုင်း ထွက်သွားတော့သည်။
"ကမ္ဘာပေါ်မှာ လူကောင်းတွေရှိသေးတာပဲ။ သွားကြရအောင်။"
စူးချန်ခုန်း၏ ပျောက်ကွယ်သွားသော အသွင်ကို ကြည့်ရင်း သမားတော်ဟွားရှန် သက်ပြင်းချလိုက်သည်။
"ဒီဆရာဝမ်က ဘယ်သူလဲ၊ သူက မိသားစုကြီးရဲ့သားလား။" ကိုယ်လူချောလေးက ထိုလူ၏ သရုပ်မှန်ကို သိချင်စိတ် တစ်စတစ်စ တိုးလာရင်း ခေါင်းညိတ်လိုက်သည်။ ချမ်းသာသော မိသားစု၏သားတို့ပင်လျှင် သူစိမ်းတစ်ဦးထံ ငွေနှစ်ထောင်ကို ပေါ့ပေါ့တန်တန် ပေးမည်မဟုတ်ပေ။