ဆူပွက်သွေးကွဲခြင်း။ အနက်ရောင်မြင်းတပ်ဂိုဏ်းခေါင်းဆောင် ရှစ်ဟန်ရှန်။ (၁)
Vol. 6 Ch. 79
စူးချန်ခုန်း၏ မျက်နှာသည် ရေကဲ့သို့ တည်ငြိမ်နေ၏။ သမားတော်ဟွားရှန်နဲ့ တခြားသူတွေကို စောစောက သူ့ရှေ့ကနေ ထွက်သွားခွင့်ပေးလိုက်ခဲ့ပေမယ့် ခုနက သူ့လုပ်ရပ်တွေကြောင့် ဆွဲဆောင်ခံလိုက်ရပြီဆိုတာကို သူ ဖျတ်ခနဲ ခံစားလိုက်ရသည်။ အခြားသူများက မကောင်းသော အကြံအစည်များဖြင့် ချဉ်းကပ်လာမည်ကို စိုးရိမ်သဖြင့် ပြန်သွားရန် မဆုံးဖြတ်မီ တုံ့ဆိုင်းနေခဲ့သည်။ ယခုတော့ သူ့ရှေ့တွင် ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရလေပြီ။
စည်းစိမ်ဥစ္စာများသည် လူ့စိတ်နှလုံးကို နှိုးဆွပြီး သိုင်းလောကမှ တစ်စုံတစ်ယောက်သည် လုယက်ရန် ချက်ချင်း လုပ်ရှားခဲ့သည်။
“အဲ…အဲ့ဒါ သူပဲ…”
စူးချန်ခုန်းကို မှတ်မိသွားသောကြောင့် ဗလနှင့် လူ၏ နဖူးသည် ချွေးအေးများ စီးကျလာ၏။ ဂျင်းဆင်းအိမ်တော်က လေးစားရသော ဧည့်သည်တော်တစ်ဦးအနေဖြင့် ဆေးဝယ်ရန် ငွေနှစ်ထောင်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူခဲ့သည်။ သူက သာမန်လူမဟုတ်သည်မှာ သေချာပါသည်။ သူတို့က သူ့ထံ ပြေးမလုဘဲ သမားတော်ဟွားရှန်နဲ့ သူ့တပည့်ဆီ လုယက်ဖို့သာ တွေးထားခဲ့သည်။
ထို့အပြင် ဒေါသတကြီးနှင့် အင်အားအပြည့်ဖြင့် လွှဲရမ်းလိုက်သောဓါးကို စူးချန်ခုန်းက လက်တစ်ဖက်တည်းဖြင့် ဖမ်းနိုင်ခဲ့ရာ နတ်ဘုရားခွန်အားနယ်ပယ် အထက်က သိုင်းပညာရှင်တစ်ဦး၏ အစွမ်းပြသမှုဖြစ်သည့်အတွက် ပြေးလွှားရန်ပင် မဖြစ်နိုင်တော့ပေ။
"ငါ ဝမ်ထိုက်ပေးခဲ့တဲ့ အရာကို မင်းတို့က လုယူရဲတယ်ပေါ့။" စူးချန်ခုန်းသည် ခပ်ထွားထွား ယောက်ျားကြီးကို စိုက်ကြည့်နေပြီး သူ့အသံက အေးစက်နေ၏။
အနှီလူ၏နဖူးသည် ချွေးအေးများဖြင့် ရွှဲနစ်နေပြီး နှလုံးခုန်ရပ်သွားကာ ရေခဲတွင်းထဲသို့ ကျသွားသည့်နှယ် ခံစားလိုက်ရသည်။ “နားလည်မှုလွဲတာပါ။ နားလည်မှုလွဲ…”
“ချွမ်း!”
ထိုလူ နောက်ထပ် ရှင်းပြချက်တာကို စောင့်မနေဘဲ စူးချန်ခုန်း၏ လက်ချောင်းများက ဓါးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ပြင်းထန်စွာ ညှစ်လိုက်ရာ အက်ကွဲသံနှင့်အတူ ဓါးတစ်ပိုင်းကို ချိုးပစ်လိုက်သည်။
"ရွှီး!"
စူးချန်ခုန်းက သူ့လက်ကို လှန်လိုက်ပြီး သူကိုင်ထားတဲ့ ဓားတစ်ပိုင်းနှင့် လူထွားကြီးရဲ့လည်ပင်းကို လှီးဖြတ်လိုက်သည်။
“ပွက်… ပွက်…”
လူထွားကြီး၏ လည်ပင်းမှ သွေးများ ပန်းထွက်လာသဖြင့် ဒဏ်ရာကို လက်နှင့်အသည်းအသန် ဖုံးအုပ်ထားရာ လက်ချောင်းများက သွေးစီးဆင်းမှုကို မပိတ်ဆို့နိုင်တော့ဘဲ သွေးချင်းရဲရဲနီလာ၏။ သူသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ မြေပြင်ပေါ်သို့ တအိအိ လဲကျသွားတော့သည်။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက်သာ တုန်လှုပ်ချောက်ချားစွာ မတ်တပ်ရပ်နေခဲ့သည်။ စူးချန်ခုန်းက သူ့ကို လှမ်းကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်း ခုနက ဆရာဝမ်ကို အရူးလို့ခေါ်လိုက်တာ ငါမှတ်မိပါသေးတယ်။"
"ကျွန်တော်က အရူးပါ... ကျွန်တော်က အရူးပါ။ ကျွန်တော့် အသက်ကို ချမ်းသာပေးပါဗျာ။"
အရပ်ရှည်ရှည်နှင့် ပိန်လှီသော ယောက်ျားသည် မျက်ရည်များနှင့် ရုပ်ဆိုးဆိုးအပြုံးကို ပြသကာ အသက်ချမ်းသာပေးရန် အဖန်ဖန် တောင်းဆိုနေ၏။
"ဖောက်"
လက်ကောက်ဝတ်ကို လှန်လိုက်ရင်း စူးချန်ခုန်းသည် သူ့လက်ထဲမှ ဓားကျိုးကို ပစ်ထုတ်လိုက်ရာ ထိုလူ၏ နဖူးအလယ်တည့်တည့်၌ ထိမှန်ကာ လုံးလုံးလျားလျား ထိုးဖောက်သွားလေတော့သည်။ အရပ်မြင့်မြင့်နှင့် ခပ်ပိန်ပိန်လူ၏ အသံသည် ရုတ်တရတ် ရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ တအိအိ လဲကျသွားလေ၏။
"ဂျွတ်!"
စူးချန်ခုန်းသည် ကိုယ်လူချောလေး၏ အဆိပ်အပ်ဖြင့် လဲနေသော အစိမ်းရောင်၀တ်စုံနှင့်လူထံ ခပ်တည်တည်ဖြင့် လျှောက်သွားလိုက်သည်။ ထို့နောက် ရုန်းကန်နေသော်လည်း မလှုပ်ရှားနိုင်သော လူကို လည်ပင်းမှ ဖမ်းကိုင်ကာ သူ၏ လေပြွန်ကို ပြင်းပြင်းထန်ထန် ညှစ်ကာ အားလုံးကို သေမင်း တံခါးဝသို့ ပို့ဆောင်လိုက်သည်။
“ဒါ…”
သမားတော်ဟွားရှန်နှင့် ခပ်ချောချောလူလေးတို့သည် ယခု မြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ ကျောရိုးတစ်လျှောက် အေးစက်သွားလေ၏။
ဆရာဝမ်က မတရားမှုကို သည်းမခံနိုင်သောကြောင့် အခြားသူများကို ရက်ရက်ရောရော ကူညီပေးသည့် စိတ်ကောင်းရှိသူဟု သူတို့ ထင်မြင်ခဲ့ကြသော်လည်း သူသည် သိုင်းလောကထဲမှ လူသုံးဦးကို ဇီဝိန်ခြွေရာတွင် မျက်နှာသေဖြင့် ပုရွက်ဆိတ်သုံးကောင်ကို ညှစ်သတ်လိုက်သည့်နှယ်။ သူက သနားငဲ့ညှာမှုမပြဘဲ သူ့အတွက် လူသတ်ခြင်းက အစာစားခြင်းကဲ့သို့ သာမာန်ဖြစ်ကြောင်း ဖော်ပြနေသည်။
သူခိုးလေး သုံးယောက်ကို ကိုင်တွယ်ပြီး စူးချန်ခုန်းသည် ဆရာတပည့်နှစ်ယောက်ထံ ပြန်လှည့်လာပြီး "ခင်ဗျားတို့နှစ်ယောက် အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
"ကျွန်တော်တို့ အဆင်ပြေပါတယ်... ကျွန်တော်တို့ အဆင်ပြေပါတယ်။" သူတို့နှစ်ဦးစလုံး ခေါင်းကို အထပ်ထပ်အခါခါ ညိတ်ပြကြပြီး ချင်းရွှေမြို့ဧရိယာတွင် သေချာပေါက် ထူးခြားသည့် ဆရာဝမ်ထိုက်၏ ငယ်ရွယ်နုပျိုသည့် ထူးကဲသော ကိုယ်ခံပညာနှင့် သိုင်းပညာကို စိတ်ထဲတွင် မှင်တက်အံ့ဩနေကြသည်။
“ဆရာဝမ် ကျွန်တော်တို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်..ဘယ်လိုတောင် ပြန်ပေးဆပ်ရမယ်ဆိုတာ တကယ် မသိတော့ဘူး” ဟု သမားတော်ဟွားရှန်က ဆိုလေ၏။ သူ ကျေးဇူးတင်သော်လည်း အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။ သူက အခြားသူများအား ကူညီပေးရတာကို ကျင့်သားရနေပြီး ပြန်ပေးဆပ်ရန် ခက်ခဲသော လူငယ်တစ်ဦးအား ကျေးဇူးဆပ်ရန် အကြွေးတင်နေသည်မှာ ဒါပထမဆုံး အကြိမ်ဖြစ်သည်။
ထိုစကားကိုကြားတော့ စူးချန်ခုန်းသည် အဆိပ်အပ်ကြောင့် သေဆုံးသွားသည့် အစိမ်းရောင်နှင့်လူကို ကြည့်လိုက်ရာ သူ့ပါးစပ်တွင် အမြှပ်ထွက်နေသည်ကို မြင်လိုက်ရသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ကနဲ ပေါ်လာလေ၏။ "သမားတော်ဟွားရှန်၊ ဆရာက အဆိပ်တွေကို ချက်ရာမှာ တော်တော် ကျွမ်းကျင်ပုံရတယ်နော်"
အစိမ်းရောင်နှင့်လူသည် သိပ်ပြီး ကျွမ်းကျင်သော သိုင်းပညာရှင် မဟုတ်သော်လည်း ကိုယ်လူချောလေး၏ အဆိပ်ဖုံးငွေအပ် ထိမှန်ပြီး စက္ကန့်ပိုင်းအတွင်း မြေပြင်ပေါ်သို့ လဲကျသွားကာ တိုက်ခိုက်ရေးစွမ်းရည်အားလုံး ဆုံးရှုံးသွားသည့်အတွက် စူးချန်ခုန်း၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့သည်။ အဆိပ်ကိုအသုံးပြုခြင်းသည် အားနည်းသူများက အားကြီးသူကို အောင်နိုင်စေသည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။
“ဟုတ်ပါတယ်။ ကျွန်တော် နည်းနည်းတော့ နားလည်ပါတယ်။” ဟု သမားတော်ဟွားရှန်က နှိမ့်ချစွာ ခေါင်းညိတ်ရင်း ဝန်ခံခဲ့သည်။ သိုင်းလောကတွင် လှည့်လည်သွားလာနေသော သမားတော်တစ်ယောက်အနေနှင့် သူသည် အဆိပ်များကို အထူးမကျွမ်းကျင်သော်လည်း သူ၏ ဆေးပညာဗဟုသုတတွင် အဆိပ်ဖြေဆေးပါ၀င်သည်။ ထုံးစံအတိုင်း သူသည် အဆိပ်မျိုးစုံနှင့် ရင်းနှီးသည်။ ချက်ချင်းပင် စူးချန်ခုန်းက ဆိုလေ၏။ "သမားတော်ဟွားရှန်၊ သိုင်းလောကက အန္တရာယ်ရှိတယ်။ ပြီးတော့ အမြဲတမ်းသတိထားရမယ်။ သိုင်းပညာရှင်ကို အမှောက်သိပ်နိုင်တဲ့ အဆိပ်တစ်ခုခုများရှိလား"
“သိုင်းပညာရှင်ကို အမှောက်သိပ်နိုင်တဲ့ အဆိပ်လား” သမားတော်ဟွားရှန် အံ့ဩသွားသည်။
စူးချန်ခုန်းက အနည်းငယ် ခေါင်းညိတ်ပြပြီး "ဥပမာ... ချီသွေးနယ်ပယ်မှာရှိတဲ့ ကိုယ်ခံပညာကို မြန်မြန်ဆန်ဆန် အားနည်းစေနိုင်တဲ့ အဆိပ်မျိုးပေါ့။"
ယင်းက သမားတော်ဟွားရှန်နှင့် ကိုယ်လူချောလေး၏ ပါးစပ်များကို တွန့်ချိုးစေခဲ့သည်။
ကိုယ်ခံပညာတွင် အထူးသဖြင့် အစွမ်းထက်သူများသည် ကိုယ်လုံးကိုယ်ပေါက် သန်မာပြီး အဆိပ်များကို ခံနိုင်ရည်မြင့်မားသည်။ လူကိုသတ်နိုင်သောဆေးသည် ဆင်တစ်ကောင်ကို လုံးဝ ထိခိုက်စေမည်မဟုတ်ပါ။
ခန္ဓာကိုယ် သန့်စင်မှုနယ်ပယ်ကို ကျော်လွန်ပြီး ချီသွေးအသွင်ပြောင်းခြင်းကို ခံခဲ့ရသော သိုင်းပညာရှင်က ပို၍ပင် ပြင်းထန်သည်။ သာမန်အဆိပ်များကို ရေနှင့် မျှောချလျှင်ပင် သူတို့ကို ဒုက္ခမပေးနိုင်ပါ။
ချီသွေးနယ်ပယ်ရှိ သိုင်းပညာရှင်များကို မြန်မြန်ဆန်ဆန် အားနည်းနိုင်သည့် အဆိပ်တစ်ခု တောင်းဆိုသည့် စူးချန်ခုန်း၏ တောင်းဆိုမှုက ရှားပါးလှသည်။
သမားတော်ဟွားရှန်က တုံ့ဆိုင်းနေပြီးနောက် ထုတ်ပြောလိုက်သည်။ "ကျွန်တော် တကယ်တော့ ဆေးစာတစ်ခုကို အမှတ်မထင် တွေ့ထားတယ်။ ဒါပေမယ့် အဲ့ဒီအဆိပ်က အရမ်းအန္တရာယ်များတဲ့အတွက် နည်းနည်းလေးနဲ့တောင် သေစေနိုင်တယ်..."
လူတွေကို ကုသပေးပြီး ကယ်တင်တဲ့ သမားတော်တစ်ယောက်အနေနဲ့ သမားတော်ဟွားရှန်ဟာ သူတစ်ပါးကို အန္တရာယ်ဖြစ်စေမည့် အဆိပ်တွေထုတ်ဖို့ကို သိပ်သဘောမကျသော်လည်း စူးချန်ခုန်းက သူနဲ့ သူ့တပည့်အတွက် စေတနာထားပြီး အသက်ကယ်ပေးခဲ့သည်။
စူးချန်ခုန်းသည် သူ့စကားကြောင့် မျက်လုံးများ အရောင်တောက်လာသည်။ အထူးသဖြင့် ချီသွေးနယ်ပယ်အထက်ရှိ ကိုယ်ခံပညာရှင်များနှင့် ရင်ဆိုင်ရသည့်အခါတွင် သူသည် သေစေနိုင်လောက်သည့် အဆိပ်ကို လိုချင်ခဲ့သည်။
ချင်းရွှေမြို့ဧရိယာတွင် စူးချန်ခုန်းကို ခြိမ်းခြောက်နိုင်သည့် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်မှ သိုင်းပညာရှင် အနည်းငယ်သာရှိပြီး ချီသွေးနယ်ပယ်တွင် သိုင်းပညာရှင် မရှိသလောက် ရှားသော်လည်း ထိုကဲ့သို့ စွမ်းရည်ရှိသော သိုင်းပညာရှင်တစ်ဦးနှင့် ကြုံတွေ့ရပါက ပြင်ဆင်ထားရန် လိုအပ်နေသေးသည်။ သမားတော်ဟွားရှန် သွယ်ဝိုက်ပြောဆိုပုံအရ စူးချန်ခုန်း လိုချင်သည့်အတိုင်း အတိအကျဖြစ်သည့် ချီသွေးနယ်ပယ်မှ သိုင်းပညာရှင်ကို အနိုင်ယူနိုင်သည့် သေစေတတ်သော အဆိပ်တစ်ခု ရှိနေလေ၏…