ဓားကျင့်ကြံခြင်း ရက်တစ်ရာ။ သံသားရဲတိုက်ခိုက်မှု။
Vol. 6 Ch. 85
မော့ထျဲသည်လည်း တံတိုင်းမြင့်ကြီးပေါ်သို့ ရောက်ရှိလာပြီး အောက်ဘက်ရှိ ချန်ကျွမ်းကို အနည်းငယ်လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။ နှစ်သစ်မရောက်လာမီတွင် အနက်ရောင်မြင်းတပ်ဂိုဏ်း ပြန်လာခြင်းသည် မရိုးရှင်းလောက်ဟု သူအရိပ်အခြည် ဖမ်းမိသည်။
“တတိယခေါင်းဆောင်ချန်က ရောက်လာတာကို ကျေး ဇူးတင်ပါတယ်။ လာရောက်လည်ပတ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မေးလို့ရမလားခင်ဗျ။"
နံရံမြင့်ကြီးပေါ်မှ မော့ထျဲက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ချန်ကျွမ်းက မတုံ့ပြန်ဘဲ မြင်းပေါ်မှ ဆင်းလျက် လေးလံသော သံတူကြီးတစ်ချောင်းကို ကိုင်ဆောင်လာ၏။ သူ့နောက်မှ အနီးကပ် လိုက်ပါလာသူ အနက်ရောင်မြင်းတပ်သား ဂိုဏ်းဝင် လေးငါးဦး ပါ၀င်သည်။
သံနက်အိမ်တော်ရဲ့ တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ ချန်ကျွမ်းက "တံခါးဖွင့်လိုက်။ အိမ်တော်အရှင်မော့နဲ့ ဆွေးနွေးဖို့ အရေးကြီးကိစ္စရှိသေးတယ်"
အသံက အကျယ်ကြီးမဟုတ်ပေမယ့် လူတိုင်းက ပြတ်ပြတ်သားသား ကြားလိုက်ရသည်။
“ဒါ…” သံနက်အိမ်တော်က လူတွေ တုံ့ဆိုင်းသွားကြသည်။
"တံခါးဖွင့်လိုက်! ဒီတံခါးက ငါ့ကိုတားနိုင်မှာမဟုတ်ဘူး! ငါလက်ပါရအောင် မလုပ်စမ်းနဲ့!"
ထို့သို့အော်ပြောလိုက်သောအခါတွင် ချန်ကျွမ်း၏မျက်လုံးများသည် အေးစက်လာပြီး သူ့အသံက မိုးခြိမ်းသံတမျှ ကျယ်လောင်ကာ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်နှယ် ကြောက်ရွံ့ထိတ်လန့်မှုတစ်ခု သယ်ဆောင်လာရာ လူတို့၏ကိုယ်ခန္ဓာအတွင်း တုန်လှုပ်ချောက်ချားသွားကာ အကြောက်တရားနှင့် လိုက်လျောလိုစိတ်များ မြင့်တက်လာလေ၏။
လွန်ခဲ့သည့်နှစ်များက အနက်ရောင်မြင်းတပ်ဂိုဏ်းကို စတင်တည်ထောင်ခဲ့စဉ်က ချန်ကျွမ်းသည် နတ်ဘုရား ခွန်အားနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦးဖြစ်နေပြီဖြစ်သည်။ ယခုအခါ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ စည်းစိမ်ဥစ္စာနှင့် အရင်းအမြစ်များ လုယက်မှုနှင့် ပြင်းထန်စွာ ခက်ခဲကြမ်းတမ်းသော နေ့စဉ် လေ့ကျင့်မှုကို နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် သူသည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကပင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုနှင့်အတူ နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် သူ၏ အရှိန်အဝါကို သံသယဖြစ်စရာ မလိုတော့ပါ။
မော့ထျဲသည် သူ၏အံတင်းတင်းကြိတ်ရင်း လွန်ခဲ့သောနှစ်များက မြင်ကွင်းကို ပြန်ပြောင်းသတိရမိသည်။ ချန်ကျွမ်းက သံနက်အိမ်တော် တံခါးကို သံတူဖြင့်ဖွင့်ခဲ့ပြီး ဂိတ်တံခါးများက သူ့အား အမှန်တကယ် မတားနိုင်သည်ကို ကောင်းစွာသိလေသည်။
"တံခါးဖွင့်ပြီး တတိယခေါင်းဆောင်ချန်ကို ကြိုဆိုလိုက်ပါ” နောက်ဆုံးတွင် မော့ထျဲသည် အမိန့်ထုတ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
“ကျွီ!”
တံခါးပွင့်လာပြီး ချန်ကျွမ်းသည် အနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းပညာရှင် လေးဦးတို့နှင့်အတူ သံနက်အိမ်တော်သို့ ဟိတ်နှင့်ဟန်နှင့် လျှောက်လာလေ၏။ လမ်းတစ်လျှောက် သံနက်အိမ်တော်၏အဖွဲ့ဝင်များအားလုံးသည် သတိကြီးကြီးထားကာ ကြောက်လန့်မှုတို့ကို ထုတ်ဖော်ခဲ့ကြသည်။
မော့ထျဲနှင့်တွေ့ဆုံသောအခါ ချန်ကျွမ်းက "ခင်ဗျားအိမ်ရဲ့ လူစာရင်းကိုထုတ်လိုက်! သံနက်အိမ်တော် အဖွဲ့ဝင်အားလုံးကိုစုလိုက်။ ငါကြေငြာစရာရှိတယ်!"
သူ့စကားတွေက နားထောင်သူတွေကို ဇဝေဇဝါဖြစ်စေသည်။
သို့ပေမယ့် မော့ထျဲက သူ့မျက်လုံးတွေနဲ့ အချက်ပြခဲ့ပြီး ကြီးကြပ်ရေးမှူးလျိုက ခေါင်းညိတ်ပြကာ တာဝန်ကျစာရင်းကို သွားယူခဲ့သည်။
ကြီးကြပ်ရေးမှူးလျိုက တန်းစီဇယားကို ယူဆောင်လာပြီး သူဘာမှပြန်မပြောခင် ချန်ကျွမ်းက သူ့လက်ထဲက လူစာရင်းကို လုယူလိုက်သည်။
ချန်ကျွမ်းက စာရင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်နက်များကိုင်ဆောင်ကာ သတိရှိသော အမူအရာများဖြင့် စုရုံးနေသော သံနက်အိမ်တော်မှ လူများကို တစ်ချက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူက အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “လူစာရင်းမှာ လူ ၁၂၇ ဦး စာရင်းပေးထားတယ်။ ဘာလို့ ၁၂၆ ယောက်ပဲ ရှိတာလဲ”
ကြီးကြပ်ရေးမှူးလျိုက "တစ်ယောက်က ဒီနေ့ ထွက်ခွာသွားခဲ့ပြီး သံနက်အိမ်တော်မှာ မရှိပါဘူး" ဟု ပြန်ပြောလိုက်သည်။
ချန်ကျွမ်းသည် ပျောက်ဆုံးနေသူ၏ ကိစ္စအား ဆက်လက် မမေးမြန်းခဲ့ပေ။ သူက လှည့်ပတ်ကြည့်ရင်း "ဒီနေ့ကစပြီး သံနက်အိမ်တော်ဟာ ငါတို့အတွက် လက်နက်သွန်းလုပ်မယ့် အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့ လက်အောက်ခံဖြစ်လာလိမ့်မယ်!"
ဒီစကားတွေက သံနက်အိမ်တော်အား အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည်။
“ဒါဆို… အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်လာတာ…သူတို့ ဂိုဏ်းထဲဝင်လိုက်သလိုပဲ မဟုတ်ဘူးလား”
လူတိုင်း အံ့ဩသွားကြသည်။
ယခုအချိန်တွင် မော့ထျဲသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အမြန်ပြောလိုက်သည်။ “တတိယခေါင်းဆောင်ချန်၊ ကျွန်တော်တို့ သံနက်အိမ်တော်က နှစ်စဉ်ဆက်ကြေးတွေကို သစ္စာရှိရှိ ပေးဆောင်နေတာပဲ။ ဒီလိုလုပ်တာ မသင့်တော်ဘူး မဟုတ်လား”
“စိတ်မပူပါနှင့်။ သံနက်အိမ်တော်က အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီးရင် လက်နက်တပ်ဆင်ရေးဌာနအဖြစ်သို့ ပြောင်းလဲသွားမှာဖြစ်တယ်။ ခင်ဗျားက အဲ့တာတွေကို ကြီးကြပ်စီမံရဦးမှာပဲ။ ပြီးတော့ အဲ့တာအပြင် အနက်ရောင်မြင်းတပ်ဂိုဏ်းအတွက် အခကြေးငွေပေးဆောင်စရာ မလိုတော့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဂိုဏ်းရဲ့လျော်ကြေးက ခင်ဗျားတို့ကို မတရားစွာဆက်ဆံမှာ မဟုတ်လူး။ အခု ခင်ဗျားတို့မှာရှိတာထက်တောင် ပိုကောင်းလာနိုင်တယ်!"
ချန်ကျွမ်းက တည်ငြိမ်စွာ ဆိုလေ၏။
မကြာသေးမီက အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ကျောက်စိမ်းဖြူဂိုဏ်းကို ချေမှုန်းနိုင်ခဲ့သော်လည်း ရှစ်ကျစ်ကျန်းသည် ဤအချက်ကို မကျေနပ်သေးပေ။ အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ကျောက်စိမ်းဖြူဂိုဏ်းကို အစားထိုးလိုက်သော်လည်း သူတို့သည် ထိုဂိုဏ်းဖျက်ဆီးခံလိုက်ရသကဲ့သို့ အခြားတိုးပွားလာသော အင်အားများကိုလည်း ဖျက်ဆီးပစ်နိုင်မည်ဟု အာမခံချက်မရှိပေ။
ထို့ကြောင့် ရှစ်ကျစ်ကျန်းသည် မြှားပစ်အဖွဲ့နှင့် လက်နက်တပ်ဆင်ရေးဌာနကို တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် ၎င်း၏လက်အောက်ငယ်သားများအား စစ်ရေးအရ လေ့ကျင့်သင်ကြားပေးကာ စစ်မှန်သော အထက်တန်းစားတပ်ဖွဲ့တစ်ခုကို ဖန်တီးပြီး ပြင်ပအင်အားစုများက သူတို့အား မစိန်ခေါ်နိုင်တော့ကြောင်း သေချာစေရန် ရည်မှန်းထားသည်။
ဆယ်စုနှစ်များစွာကြာအောင် လက်နက်သွန်းလုပ်ပြီး ချင်းရွှေမြို့ တည်ထောင်မှုတွင် ကျော်ကြားသော သံနက်အိမ်တော်ကိုတော့ ရှစ်ကျစ်ကျန်းသည် ၎င်းကို အနက်ရောင်မြင်းတပ်ဂိုဏ်းအတွက် လက်နက်နှင့် မြှားများကို ပြုလုပ်ပေးဖို့ ဂိုဏ်း၏လက်အောက်သို့ ခေါ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
"မ.. မဖြစ်ဘူး။ ငါကိုယ်တိုင်ရော ငါ့သားကိုရော ဓားပြသူပုန်တွေ မဖြစ်စေချင်ဘူး!"
လူလတ်ပိုင်းတစ်ဦးက ချက်ချင်းပင် စိတ်လှုပ်တရှား ငြင်းဆိုလိုက်သည်။
အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ဓားပြများနှင့် လူဆိုးလူသွမ်းများအဖြစ် အခြားသူများထံမှ အပြင်းအထန် အခွင့်ကောင်းယူသော ဂိုဏ်းတစ်ခုဖြစ်ကြောင်း လူတိုင်းသိကြသည်။ အနက်ရောင်မြင်းတပ်ဂိုဏ်းထဲ ဝင်ရောက်ခြင်းမှာ သူတို့ထဲမှ တစ်ဦးဖြစ်လာခြင်း ဖြစ်သည်။
အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ယခုတွင် ကြီးပွားချမ်းသာလာသော်လည်း အနာဂတ်အတွက် မသေချာသေးပါ။ ဂိုဏ်းအားနည်းသွားသောအခါ သို့မဟုတ် တရားဝင်တပ်ဖွဲ့များက ဖယ်ရှားခံရသည့်နေ့ ရောက်လာပါက သူတို့နှင့် သူတို့၏ အမျိုးအနွယ်များအားလုံး ပါစပ်ယှက်နွယ်နေပေလိမ့်မည်။
"အတင့်ရဲလိုက်တာ"
ချန်ကျွမ်း၏နောက်တွင်ရပ်နေသော အနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းပညာရှင်တစ်ဦးသည် မျက်နှာထား အေးစက်လာပြီး အလျင်အမြန် ရှေ့သို့တက်ကာ သက်လတ်ပိုင်း အဘိုးအိုအား လည်ပင်းမှ ကြက်ကလေးတစ်ကောင်လို ဆွဲထုတ်လိုက်သည်။
"အဘိုးကျန်းကို လွှတ်လိုက်။ ငါတို့ကို ဖိအားမပေးနဲ့!"
ပတ်ဝန်းကျင်ရှိ သံနက်အိမ်တော် အဖွဲ့ဝင်များသည် တုန်လှုပ်မှုနှင့် ဒေါသများ ရောယှက်ကာ သူတို့၏ လက်နက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြသည်။ သူတို့သည် ပန်းပဲဆရာများဖြစ်သော်လည်း ယခုအချိန်တွင် လူတိုင်း ဒေါသချောင်းချောင်း ထွက်နေကြသည်။
"တော်လောက်ပြီ။ အားလုံး ရပ်လိုက်ကြတော့!"
မိုးခြိမ်းသံလို ကျယ်လောင်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ အနှီလူက ချန်ကျွမ်းပင် ဖြစ်သည်။ ပေါင်းစည်း ချီစွမ်းအင်ဝိညာဉ်ပါရှိသော နတ်ဘုရား ရဲစွမ်းသတ္တိနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူ၏ ဩဘာသည် အံ့လောက်စရာဖြစ်ပြီး သူ၏ကြွေးကြော်သံက လူတိုင်း၏အမြင်အာရုံကို မှောင်မိုက်စေသည်။ လူတွေရဲ့ နှလုံးသားထဲမှာ ဒေါသတွေ လှိမ့်တက်လာတာကို ချက်ချင်း ဖြေဖျောက်ပစ်လိုက်ကြ၏။
အနက်ရောင်မြင်းတပ်ဂိုဏ်းမှ ထိုသိုင်းပညာရှင်သည်လည်း သက်လတ်ပိုင်းအမျိုးသား၏လည်ပင်းကို လွှတ်လိုက်ပြီး နာခံမှုဖြင့် ဘေးသို့ရပ်လိုက်သည်။
မျက်နှာသေဖြင့် ချန်ကျွမ်းသည် မော့ထျဲကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အိမ်တော်သခင်မော့၊ အနက်ရောင်မြင်းတပ်ဂိုဏ်းက အရည်အချင်းတွေကို မြတ်နိုးပြီး ခင်ဗျားတို့ကို လေးလေးစားစား ဆက်ဆံချင်တာ။ ဒါပေမယ့် ကိုယ့်အတွက် ဘာက ကောင်းသလဲဆိုတာ အသိအမှတ်မပြုဘူးဆိုရင်တော့ ငါတို့ စားရင်းရှင်းရလိမ့်မယ်။ ကျောက်စိမ်းဖြူဂိုဏ်းအတွက် ချပ်ဝတ်တန်ဆာအစုံတွေကို သံနက်အိမ်တော်က ဖန်တီးထားတာနော်။"
ထိုအချိန်တွင် မော့ထျဲ၏ ပါးစပ်သည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။ ထိုအချိန်တုန်းက ကျောက်စိမ်းဖြူဂိုဏ်းသည် တရားမဝင် ချပ်ဝတ်တန်ဆာများကို သွန်းလုပ်ရန် ပန်းပဲအဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခဲ့ကြောင့် နောက်ပိုင်းတွင် မော့ထျဲ သိရှိလာကာ အပြင်လူများနှင့် မဆွေးနွေးရန် ညွှန်ကြားခဲ့သည်။ ယခုတော့ ချန်ကျွမ်းက ဒီကိစ္စကို ထုတ်ပြောလာလေပြီ။