ဓားကျင့်ကြံခြင်း ရက်တစ်ရာ။ သံသားရဲတိုက်ခိုက်မှု။ (၂)
Vol. 6 Ch. 86
ချန်ကျွမ်းက အေးတိအေးစက် ရယ်လိုက်ပြီး သူ့မျက်လုံးများက ကြောက်မက်ဖွယ် အရိပ်အယောင်များဖြင့် တောက်ပလာကာ "ကျောက်စိမ်းဖြူဂိုဏ်းက အဲ့ဒီချပ်ဝတ်တန်ဆာနဲ့ ထိပ်တန်းစစ်သားတွေကို လေ့ကျင့်ပေးနေတာ။ သူတို့ကြောင့် အနက်ရောင်မြင်းတပ်ဂိုဏ်းက ညီအစ်ကိုတွေရဲ့ အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ အိမ်တော်အရှင်မော့က ငါတို့နဲ့ မပူးပေါင်းပူးဆိုရင် ငါတို့ကို ဆန့်ကျင်တာပဲ။ ငါတို့ရဲ့ ခြိမ်းခြောက်မှုအောက်မှာ ရွေးချယ်မှုကတော့ ခင်ဗျားတို့အပေါ်ပဲ မူတည်တယ်။"
မော့ထျဲ ယိမ်းယိုင်သွားကာ ချန်ကျွမ်း၏ ညှဉ်းပန်းနှိပ်စက်သော အကြည့်အောက်တွင် သူ့မျက်နှာ ဖြူဖျော့သွားလေ၏။ သူ့ပတ်ဝန်းကျင်က လူတွေက တိတ်တဆိတ် အံကြိတ်နေကြသည်။ အကယ်၍ သူတို့သည် အနက်ရောင်မြင်းတပ်ဂိုဏ်းနှင့် အမှန်တကယ် ရန်သူများ ဖြစ်လာပါက သံနက်အိမ်တော်သည် နေ့မကုန်မီ မြေပြင်တွင် ပြိုလဲမည် ဖြစ်သည်။
"တတိယအကြီးအကဲ ချန်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အချိန်နည်းနည်းလောက်ပေးပါ။ ဒီလိုကြီးကျယ်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တစ်ယောက်တည်း ချလို့မရပါဘူး။ လူတိုင်းနဲ့ ဆွေးနွေးဖို့လိုတယ်။"
အတန်ကြာပြီးနောက် မော့ထျဲသည် အသက်ပြင်းပြင်းရှူပြီး ချန်ကျွမ်းအား တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။
ချန်ကျွမ်းသည် ဖိအားများလွန်းလျှင် ပုန်ကန်လာနိုင်ကြောင်း သိလျက် မော့ထျဲ၏ ပြောကြားချက်ကို အတင်းအကြပ် မလုပ်ခဲ့ပေ။ မော့ထျဲ၏ ပုခုံးကို ပုတ်ကာ ချန်ကျွမ်းက ဆိုလေ၏။ "အိမ်တော်အရှင်မော့၊ ခင်ဗျားတို့ သေချာစဉ်းစားဖို့ အချိန် သုံးရက်ပေးမယ်။ ဒီလိုပြဿနာပေါင်းသောင်းခြောက်ထောင်များတဲ့ ခေတ်ကြီးမှာ အင်အားကြီးသူတွေရဲ့ အကာအကွယ်မပါဘဲ ရှင်သန်ဖို့က ခက်ခဲတယ်နော်။ အနက်ရောင်မြင်းတပ်ဂိုဏ်းထဲ ဝင်လိုက်ပါ။ ဒါဆို ငါတို့အားလုံး ညီအစ်ကိုတွေဖြစ်ပြီ။ ခင်ဗျားကို ဘယ်သူမှ မခြိမ်းခြောက်နိုင်တော့ဘူး။ သုံးရက်အတွင်း ကျေနပ်လောက်တဲ့ တုံ့ပြန်မှုကို ကြားရဖို့ မျှော်လင့်ပါတယ်။”
ထိုသို့ ပြောပြီးတာနဲ့ ချန်ကျွမ်း လှည့်ထွက်သွားပြီး အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့ သိုင်းပညာရှင် အနည်းငယ်နောက်က လိုက်သွားခဲ့လေ၏။ လမ်းတစ်လျှောက်၌ တခြားသူတွေက လမ်းရှင်းပေးဖို့ ဘေးဖယ်ပေးကြသည်။
"သွားကြရအောင်!"
သံနက်အိမ်တော် အပြင်ဘက်မှာ ချန်ကျွမ်းနဲ့ သူ့အဖွဲ့ဟာ မြင်းဒုန်းဆိုင်းစီးပြီး ထွက်သွားကြတော့သည်။
"အခု... ငါတို့ ဘာလုပ်ရမှာလဲ"
ဝမ်းနည်းခြင်းတိမ်တိုက်က သံနက်အိမ်တော်ကို ဖုံးလွှမ်းထားလေ၏။ အနက်ရောင်မြင်းတပ်ဂိုဏ်းသည် သံနက်အိမ်တော်ကို ဝါးမျိုရန် ကြံရွယ်ပြီး သံချပ်ကာ ပြုလုပ်ခြင်းကို အကြောင်းခံအဖြစ် အသုံးချနေသည်။ အကယ်၍ သူတို့ ငြင်းဆိုပါက အနက်ရောင်မြင်းတပ်ဂိုဏ်းသည် သုံးရက်အတွင်း ကြီးမားသော အင်အားတစ်ခုဖြင့် ရောက်လာပြီး သံနက်အိမ်တော်ကို ပြားပြားဝပ်စေမည်ဖြစ်သည်။
သဘောတူလိုက်ပါက ယာယီငြိမ်းချမ်းရေးကို အာမခံနိုင်သော်လည်း သူတို့ ဓားပြများဖြစ်လာပါက အဆက်မပြတ် ကြောက်ရွံ့နေရမည်ဟု ဆိုလိုသည်။ သံနက်အိမ်တော်မှ လူအများစုသည် သူတို့၏ကိုယ်ပိုင်လက်ဖြင့် ငွေရှာလိုကြပြီး သားသမီးများကို ပြုစုပျိုးထောင်ကာ အေးချမ်းသောဘဝဖြင့် နေထိုင်လိုကြသည်။
ဝါးစိမ်းတောင်တွင် မီတာဝက်ရှည်သော မီးခိုးရောင်နှင့် အဖြူရောင်မြွေကြီးသည် စမ်းချောင်းငယ်တစ်ခု အနီးတွင် အသံမြည်ကာ ဖြည်းညှင်းစွာ ရွေ့လျားနေသည်။
သို့သော် ရုတ်တရက် အရိပ်တစ်ခုက ဖုံးလွှမ်းသွားပြီး လက်ကြီးတစ်ချောင်းက လည်ပင်းကို ဆုပ်ကိုင်ကာ မြှောက်လိုက်သည်။
“ရှူး ရှူး”
မီးခိုးရောင်နှင့် အဖြူရောင် မြွေကြီးသည် ချက်ချင်းပင် ရှူးရှူးရှဲရှဲနှင့် တွန့်လိမ်လာသည်။ သို့သော် ၎င်းသည် လက်ကြီး၏ ဆုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်ပေ။
စူးချန်ခုန်းသည် သူ့လက်ထဲတွင် မီးခိုးရောင်နှင့် အဖြူရောင်မြွေကို အနီးကပ် ကြည့်နေရာမှ ၎င်း၏ ဝမ်းဗိုက်၌ နီရဲနေသည်ကို တွေ့လိုက်ရသည်။
"နောက်ဆုံးတော့ တစ်ကောင်ကို ဖမ်းမိသွားပြီ။ ဝမ်းနီမြွေပဲ။”
စူးချန်ခုန်း မျက်နှာ ရွှင်ပျလာ၏။
တစ်ရက်၊ နှစ်ရက်လောက် ကုန်ဆုံးပြီးနောက် နောက်ဆုံးတွင် သူ အောင်မြင်ခဲ့လေပြီ။ ဆူပွက်သွေးကွဲခြင်းဆေးအတွက် လိုအပ်သော ဝမ်းနီမြွေကို ဝါးစိမ်းတောင်တွင် ဖမ်းမိခဲ့သည်။ ယခင်က စုဆောင်းထားသော ဆေးဖက်ဝင်အပင်များနှင့် မြွေသွေးဖြင့် ပေါင်းစပ်လိုက်ပြီး အစွမ်းထက်သော ဆူပွက်သွေးကွဲခြင်းအဆိပ်ကို ရောနှောဖော်စပ်နိုင်လေပြီ။
စူးချန်ခုန်းသည် ဝမ်းနီမြွေကို ဝါးခြင်းတောင်းငယ်တစ်ခုထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
“ပြန်ချိန်တန်ပြီ”
ကျေနပ်စွာဖြင့် စူးချန်ခုန်းသည် ဝါးစိမ်းတောင်မှ ထွက်ခွာပြီး သံနက်အိမ်တော်သို့ ပြန်လာခဲ့သည်။
သူ သံနက်အိမ်တော်သို့ ရောက်သောအခါ ညနေစောင်းနေပြီဖြစ်သည်။
"ဘာဖြစ်နေတာလဲ။ ဒီနေ့ ဘာလို့ အရမ်းတိတ်ဆိတ်နေရတာလဲ။”
သံနက်အိမ်တော်တံခါးဝတွင် စူးချန်ခုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ညနေအချိန်သာရှိသေးသော်လည်း သံနက်အိမ်တော်တစ်ခုလုံးသည် စွန့်ပစ်ထားသကဲ့သို့ သုဿန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်နေလေ၏။
ခြံထဲသို့ သတိထားပြီး ဝင်လိုက်သည်နှင့် စူးချန်ခုန်း၏မျက်နှာပေါ်တွင် သတိထားသော အကြည့်တစ်ခု ပေါ်လာသည်။
သံနက်အိမ်တော်အတွင်းတွင် မော့ထျဲသည် အိမ်ကြီးတစ်ဝိုက်တွင် လှည့်ပတ်သွားနေသည်။ တစ်ချိန်က စည်ကားခဲ့သော သံနက်အိမ်တော်သည် ယခုအခါ သူမှလွဲ၍ မည်သူမှ မရှိတော့ပါ။
“ဟိုဘက်မှာဆိုရင်… အဖေ ကျွန်တော့်ကို သွန်းလုပ်နည်း သင်ပေးခဲ့တာလေ။”
"ဒီတံစဉ်က ကျွန်တော် ပထမဆုံး လုပ်ဖူးတဲ့ ကိရိယာပဲ။ သံချေးတောင်တက်နေပြီလား။" မော့ထျဲသည် သူ့လက်ထဲတွင် သံချေးတက်နေသော တံစဉ်ကို ကိုင်ဆောင်ကာ ရံဖန်ရံဖန် နားခိုလျက် သူ့မျက်လုံးများထဲတွင် လွမ်းဆွတ်တမ်းတမှုများဖြင့် ပြည့်နှက်နေ၏။
မော့ထျဲသည် သံနက်အိမ်တော် ကြီးပွားတိုးတက်စေရမည်ဟု ဖခင်၏သေအံ့ဆဲဆဲအချိန်၌ ကတိကဝတ်ပြုခဲ့သည်ကို ကွက်ကွက်ကွင်းကွင်း သတိရနေသေးလည်း ယခုတော့... သံနက်အိမ်တော်သည် သူ့လက်ထဲတွင် အဆုံးသတ်ရတော့မည်ဖြစ်သည်။
“အဖေ တောင်းပန်ပါတယ်… ဒါပေမယ့် ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်” မော့ထျဲသည် ကူကယ်ရာမဲ့သော ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။
"ချန်ခုန်း မပြန်လာသေးဘူးလား။ သူအပြန်လမ်းမှာ အနက်ရောင်မြင်းတပ်ဂိုဏ်းနဲ့ ဝင်တိုးမိရင် ဘယ်လိုလုပ်မလဲ။"
စူးချန်ခုန်း၏အခန်းဖြစ်သည့် နေအိမ်တစ်ခုရှေ့တွင် ရပ်ရင်း မော့ထျဲ၏မျက်ခုံးက စိုးရိမ်တကြီး တွန့်ချိုးသွားလေ၏။
စူးချန်ခုန်းက ခွင့်ရက်တောင်းသွားပြီး ခုထိ ပြန်မလာသေးပေ။ မော့ထျဲက သူနှင့် ကိစ္စတချို့ ဆွေးနွေးဖို့ စောင့်နေတာ ဖြစ်သည်။
"ဟမ်?"
မော့ထျဲသည် စူးချန်ခုန်း၏ အခန်းထဲသို့ ဝင်သွားပြီးနောက် ကုတင်အောက်ရှိ သတ္တုရောင် မှိန်ပျပျကို သတိပြုမိသောအခါ ထိတ်လန့်သွားသည်။
အောက်ကိုငုံ့ကြည့်လိုက်ပြီးနောက် မော့ထျဲသည် သတ္တုရောင်လဲ့နေသော အရာဝတ္ထုကို ဆွဲထုတ်လိုက်သည်။ ၎င်းက ဓားတစ်လက် ဖြစ်လေသည်။
စူးချန်ခုန်းသည် သံဖြတ်ဓားနှစ်ချောင်းကို သွန်းလုပ်ခဲ့ပြီး တစ်ခုမှာ ဓားသွားကို ထိန်းသိမ်းရန်အတွက် အမြဲတမ်း ဓားအိမ်ထဲတွင် စွပ်ထားခဲ့ပြီး နောက်တစ်ခုအား ဓားသွားနည်းပညာ လေ့ကျင့်ရန်အတွက် အသုံးပြုသည်။ ဤဓားက လေ့ကျင့်ရန်အတွက် အသုံးပြုဖို့ သူ့အခန်းထဲရှိ ကုတင်အောက်တွင် ထားရှိခဲ့သည်။
"ဒီဓားက ချန်ခုန်းရဲ့ဓားလား။ ဘာလို့ ဒီလောက်လေးနေတာလဲ။"
မော့ထျဲသည် သံဖြတ်ဓားကို မလိုက်ရာ မအံ့သြဘဲမနေနိုင်ပေ။
သံနက်အိမ်တော်ရှိ လူတိုင်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက် ဓားတစ်ချောင်း ရရှိထားသောကြောင့် ဓားတစ်ချောင်းရှိတာက အထူးအဆန်းမဟုတ်ပေ။ သို့ပေမယ့် စူးချန်ခုန်းရဲ့ ဒီဓားဟာ အလွန်လေးလံလှသည်။ သံဖြတ်ဓားတစ်ခုလုံးသည် လျန်တစ်ဆယ်ကျော်၊ နှစ်ဆယ်နီးပါးအလေးချိန်ရှိသည်။ သိုင်းပညာရှင်တို့ အသုံးပြုလေ့ရှိသော ဓားများသည် တစ်လျန်မှ သုံးလျန်ခန့် အလေးချိန်ရှိသည်။ လူတစ်ယောက်သည် ဓားသိုင်းကို မလေ့ကျင့်ဘဲ လွှဲရမ်းလျှင်ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။ အကြောင်းမူကား ဓားကို ကိုင်ရာတွင် အလယ်မှ မဟုတ်ဘဲ ဓားရိုးမှ ကိုင်ရသောကြောင့်ဖြစ်သည်။ ဓားကို ကိုင်ရာတွင် လိုအပ်သော ခွန်အားနှင့် အသုံးချရသော ခွန်အားက တော်တော်လေး ကွဲပြားသည်။
လျန်နှစ်ဆယ်အထိ အလေးချိန်ရှိသော ဓားသည် သာမာန်လူတစ်ယောက်အတွက် ဓားလက်ကိုင်ကို မြှောက်နိုင်အောင်ပင် တော်တော်လေး အားစိုက်ထုတ်ရမည်ဖြစ်သည်။ တစ်ချောင်းလုံး မြှောက်နိုင်ဖို့ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ချေပြီ။
"ချန်ခုန်းက ဒီလောက် လေးတဲ့ ဓားကို ပုံမှန် သုံးတာလား။ သူက လွှဲရော လွှဲနိုင်လို့လား။" မော့ထျဲသည် တအံ့တသြနှင့် သိချင်မိသည်။
"အိမ်တော်အရှင်။"
မော့ထျဲက ဒါကို တွေးနေချိန်မှာပဲ အသံတစ်ခုက သူ့ကို ထိတ်လန့်သွားစေ၏။
မော့ထျဲလှည့်ကြည့်လိုက်တော့ အရပ်ရှည်ပြီး အနက်ရောင်၀တ်စုံနဲ့ လူငယ်တစ်ယောက် တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူက စူးချန်ခုန်းပင်ဖြစ်သည်။