မာန်ဝင့်သံသားရဲ။ ကျောက်တုံးကဲ့သို့ မာကျောခြင်း။ (၁)
Vol. 6 Ch. 88
"ဘယ်သူရောက်လာတာလဲကွ။"
အနက်ရောင်မြင်းတပ်ဂိုဏ်း၏ အခြေစိုက်စခန်း ဝင်ပေါက်ကို စောင့်ကြပ်နေသော သိုင်းပညာရှင်သည် သူ၏ခါးမှ လက်နက်ကို ကိုင်ထားရင်း မအော်ပြောဘဲ မနေနိုင်ခဲ့။
ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားသည့် လူ၏ သရုပ်မှန်ကို မသိရသော်လည်း သူသည် မိတ်ဆွေထက် ရန်သူဖြစ်သည်မှာ ပိုသေချာပါသည်။ ဧည့်သည်တစ်ယောက် လာတာဆိုရင် ဘာလို့ ဒီလောက်ကြီးကျယ်တဲ့ ချပ်ဝတ်တန်ဆာကို ၀တ်ထားမည်နည်း။
“ရန်သူ…”
သိုင်းပညာရှင် လူငယ်တစ်ဦးက အခြားသူများကို သတိပေးရန် ကြိုးစားကာ အော်ဟစ်လိုက်သည်။
ချွမ်း!
သို့သော် ရုတ်တရက် သတ္တုကွင်းနှင့် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ထိုပုဂ္ဂိုလ်သည် ယခင်က မနှေးမမြန် လျှောက်နေရာမှ ဖျတ်ကနဲ ရှေ့သို့ တက်လာလေ၏။ သူ့တွင် သိသိသာသာ လေးလံသော ချပ်ဝတ်တန်ဆာ ရှိသော်လည်း ၎င်းက သူ၏ အရှိန်သည် အနည်းငယ်မျှ မသက်ရောက်ပေ။
မျက်လုံးတစ်မှိတ်အတွင်းမှာပဲ သံသားရဲသံချပ်ကာကို ၀တ်ထားတဲ့ စူးချန်ခုန်းဟာ ထိုသိုင်းပညာရှင်လေး အနားကို ရောက်လာခဲ့သည်။ သူ၏ ညာလက်သီးသည် နက်ရှိုင်းပြီး ပြင်းထန်သော အင်အားကို သယ်ဆောင်ကာ လျှပ်စီးလက်သကဲ့သို့ ထွက်ပေါ်လာ၏။
“ဒုန်း”
အရိုးကွဲအက်သံနှင့် ရောစပ်ရိုက်ခတ်လာသော သွားကြိတ်သံကို ကြားလိုက်ရသည်။ သိုင်းပညာရှင်လေးသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ သွေးများ ဖြန်းခနဲ ဖြာထွက်လျက် အနောက်သို့ လွင့်ပျံသွားရာ တုံ့ပြန်ရန် အချိန်ပင် မရှိခဲ့ပေ။
အနှီသိုင်းပညာရှင်လေး၏ ဦးခေါင်းက လိမ်ကောက်သွားကာ နဖူးတွင် သွေးသံရဲရဲ အပေါက်ကြီးတစ်ခု ရှိနေသည်။ ၎င်းသည် တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာအပေါ်မှ သတ္တုဆူးကြောင့် ဖြစ်လေ၏။ ထိုလက်သီးက သေလောက်အောင် ပြင်း ထန်သော ထိုးနှက်ချက်ပင်။
စူးချန်ခုန်း၏ သံသားရဲသံချပ်ကာသည် ထိုးစစ်အတွက်ရော ခံစစ်အတွက်ပါ သုံး၍ရသည်။
"ရန်သူ တိုက်ခိုက်လာပြီ။ ရန်သူ တိုက်ခိုက်လာပြီ!"
တခဏချင်းတွင် ကင်းမျှော်စင်မှ ခေါင်းလောင်းသံထက် စူးရှသော အရေးတကြီး မြည်သံနှင့်အတူ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ခြေကုပ်စခန်းနယ်မြေတစ်လျှောက် စူးစူးဝါးဝါး အော်ဟစ်သံများ ပဲ့တင်ထပ်လာလေ၏။
ဂိတ်ပေါက်ဝကို စောင့်ကြပ်နေသော အနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းပညာရှင် အများအပြားသည် ထိတ်လန့်တုန်လှုပ်နေကြသော်လည်း သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်လောင်နေ၏။ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ တင်းကျပ်သော ဆုပေး ဒဏ်ပေးသည့်စနစ်ဖြင့် ဤသို့ အတင်းဝင်တိုက်လာသော ရန်သူကို သတ်ဖြတ်ခြင်းသည် ကြီးမားသော ဆုလာဘ်ကို သေချာပေါက် ယူဆောင်လာမည်ဖြစ်သည်။
"သူ့ကိုသတ်!"
သိုင်းသမားများက တညီတညွတ်တည်း ပြေးထွက်လာကြပြီး သံချပ်ကာနှင့်လူကို နေရာ၌ပင် ဖြတ်တောက်ပစ်ရန် ကြံရွယ်နေကြသည်။
သို့ပေမယ့် စူးချန်ခုန်းရဲ့မျက်လုံးထဲမှာတော့ ဒီသိုင်းသမားတွေဟာ သေလမ်းရှာနေကြရုံသာ။
စူးချန်ခုန်းက သူ့လက်သီးတွေကို မြှောက်ပြီး ထိုးချလိုက်သည်။
“ဝုန်း”
ထိုအချိန်တွင် ပြင်းထန်သော တွန်းအားများ ပြိုကျလာကာ တစ်ဖက်တစ်ချက်စီမှ သိုင်းပညာရှင်များသည် သူတို့အပေါ်မှ ကောင်းကင်ကြီး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ နောက်တစက္ကန့်မှာတော့ သူတို့ရဲ့ ဦးခေါင်းတွေကို ပြင်းထန်တဲ့ လက်သီးတွေနဲ့ ဖြိုခွဲခံလိုက်ရပြီး အပိုင်းပိုင်း ကွဲထွက်သွားကြတော့သည်။
“ချွမ်း”
နောက်ထပ် သိုင်းပညာရှင်တစ်ဦးက စူးချန်ခုန်း၏ နံဘေးသို့ သူ၏ဓားကို ချိန်ရွယ်ပြီး တိုက်ခိုက်လိုက်ရာ သတ္တုအချင်းချင်း ထိမိသည့် အသံလေးသာ ထွက်ပေါ်လာ၏။ ဓားသည် ထူထဲသော ချပ်ဝတ်တန်ဆာပေါ်တွင် ခြစ်ရာတစ်ခုမျှသာကျန်ခဲ့ပြီး နောက်ထပ်ပျက်စီးမှု မဖြစ်ပေါ်စေခဲ့ပေ။
“စောင့်…”
ထိုသိုင်းပညာရှင်၏ ပါးစပ်သည် တွန့်ချိုးသွားပြီး စူးချန်ခုန်း၏ အေးစက်သောအကြည့်ဖြင့် သူ့ဘက်သို့ လှည့်လာသည်ကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ခုကို အမြန်ပြောရန် ကြိုးစားလိုက်သည်။
"ဝုန်း!"
သို့သော် နောက်တစက္ကန့်တွင် စူးချန်ခုန်း၏လက်များသည် ပွင့်ထွက်ပြီး နားရွက်များမှတဆင့် မျက်ခုံးကြားသို့ လက်ခုပ်တီးသလို ပိတ်တီးလိုက်ရာ ချက်ချင်း ပေါက်ကွဲထွက်သွားလေ၏။ ကြီးမားလှသော စွမ်းအားကြောင့် သူ၏ ဦးခေါင်းကို ကြေမွသွားခဲ့သည်။
သာမာန်သိုင်းပညာရှင်သည် စူးချန်ခုန်းကဲ့သို့ ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှုကို ရရှိထားသည့် သူအတွက်တော့ မွေးကင်းစကလေးကဲ့သို့ နုနယ်ပါသည်။
ဝှစ် ဝှစ် ဝှစ်
ကင်းမျှော်စင်မှ လေးပစ်ကျွမ်းကျင်သူများသည် သူတို့၏မြှားများကို ဆွဲပြီး ကြွေကျလာသော ကြယ်များကဲ့သို့ လေကိုခွင်းကာ ပြင်းထန်သော အသံများဖြင့် ပစ်ခတ်လိုက်သောကြောင့် တုန်လှုပ်ခြောက်ခြားဖွယ် အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
သိုင်းပညာရှင်တစ်ယောက်အတွက် လေးနှင့်မြှား၏ ခြိမ်းခြောက်မှုသည် ကြီးမားလှသည်။ မြှား၏အမြန်နှုန်းသည် လျှင်မြန်လှသည်။ ၎င်း၏သတ်ဖြတ်နိုင်စွမ်းသည် ပြင်းထန်သည်။ ခန္ဓာကိုယ်သန့်စင်မှု မဟာအောင်မြင်မှုရှိသော သိုင်းပညာရှင်ပင်လျှင် ထိုးချက် ကန်ချက်များကို မမှုသော်လည်း ဓားကဲ့သို့ လက်နက်ချွန်များ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်မရှိပေ။ အရေးကြီးသောနေရာတွင် ထိမှန်ပါက သေဆုံးမည်ဖြစ်သည်။
"ချွမ်း ချွမ်း ချွမ်း!"
မြှားသည် စူးချန်ခုန်း၏ တိုက်ပွဲသံချပ်ကာကို ထိလိုက်ပြီးနောက် ကြည်လင်သော သတ္တုတိုက်မိသံများ ထွက်ပေါ်လာသော်လည်း ငှက်ပျောရွက်ပေါ် မိုးရွာချနေသကဲ့သို့ မြှားတစ်စင်းစီသည် မီးပွားများစင်ကာ ပြန်ကန်ထွက်သွားလေ၏။ စူးချန်ခုန်းသည် တိုက်ခိုက်မှုကြောင့် မတုန်လှုပ်ခဲ့ပေ။
ဒီတိုက်ပွဲ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ၀တ်ထားသရွေ့ မြှားတစ်ထောင်လောက်နဲ့ သူ့ကို ပစ်သတ်တာတောင်မှ စိတ်ပူစရာ မလိုဘဲ သူ့အတွက် ယားယံရုံလောက်သာ ရှိပေမည်။
သူသည် ဤသာမန်သိုင်းပညာရှင်တို့နှင့် ရော၍ သူ၏ခွန်အားကို ဖြုန်းတီးပစ်ဖို့ မတတ်နိုင်ပေ။ သူ ရှစ်ကျစ်ကျန်းကို ရှာပြီး ခုတ်သတ်ဖို့ လိုလေသည်။
စူးချန်ခုန်း၏ မျက်လုံးများသည် အေးစက်ပြီး ပြတ်သားနေ၏။ သူသည် သန်မာသော်လည်း လူသားတစ်ယောက်သာ။ အနက်ရောင်မြင်းတပ်ဂိုဏ်းမှ အဖွဲ့ဝင် တစ်ထောင်ကျော်ကို သူတစ်ယောက်တည်း သတ်ပစ်ရန် မဖြစ်နိုင်ပေ။ ထိုသို့လုပ်ပါက သူ့အတွက်တော့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ရုံသာ ရှိချေမည်။ ရန်သူကို အနိုင်ယူရန် ဘုရင်ကို အမိဖမ်းရမည်။ ရှစ်ကျစ်ကျန်းကို သတ်ပစ်လိုက်ပါက အနက်ရောင်မြင်းတပ်ဂိုဏ်းကို ခေါင်းဆောင် ကင်းမဲ့စေပြီး စတင်ပြိုလဲစေလိမ့်မည်။
ဤနေရာတွင် သူ၏ရည်ရွယ်ချက်မှာ အနက်ရောင်မြင်းတပ်ဂိုဏ်းကို တစ်ကိုယ်တည်းနှင့် ပြားပြားဝပ်စေရန်မဟုတ်ဘဲ သူတို့၏ခေါင်းဆောင် ရှစ်ကျစ်ကျန်းကို သတ်ဖြတ်ရန်ဖြစ်သည်။
“ဒိန်း!”
ထိုအတွေးဖြင့် စူးချန်ခုန်းသည် အချိန်ကြာကြာ ဆွဲမနေနိုင်တော့ပေ။ သူသည် ခြေထောက်ကို ဆောင့်နင်းလျက် အလောင်းအချို့ကို ကျော်လျက် အနက်ရောင်မြင်းတပ်ဂိုဏ်းထဲသို့ တိုက်ရိုက် ချီတက်သွားသည်။
"ရန်သူ တိုက်ခိုက်လာပြီ။ ရန်သူ တိုက်ခိုက်လာပြီ။"
"ဟိုမှာ သူ့ကိုတား။ သူ့ကိုသတ်!"
အနက်ရောင်မြင်းတပ်ဂိုဏ်းအတွင်း၌ စောစောက နှိုးဆော်သံတွေက အနားယူနေကြသူတွေကို နှိုးဆော်ပြီးသားဖြစ်သည်။ သိုင်းပညာရှင် အများအပြားက သူ့ကို လိုက်ဖမ်းရန် ပိတ်ဆို့ထားသောကြောင့် စခန်း၏ နေရာတိုင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဝူချင်းရှီ။ ပျံဝဲကြိုးကြာ
စူးချန်ခုန်းသည် သူ့ကို သိုင်းပညာရှင် အများအပြားက ဝန်းရံထားသော်လည်း သူ၏မျက်နှာထားမှာ တည်ငြိမ်နေလေ၏။ သူသည် လေးလံသော ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော်လည်း ကြိုးကြာငှက်ကဲ့သို့ လှုပ်ရှားမှုများဖြင့် သူ၏ အရှိန်ကား မလျှော့ခဲ့။ သူ ရှောင်တိမ်းစဉ်တွင် လက်သီးနှင့် ခြေထောက်များနှင့် ထုရိုက်ကန်ထုတ်ခဲ့သည်။
"ဒုန်း ဒုန်း ဒုန်း"
အသားများ စုတ်ပြဲနေသည့် အသံများ အဆက်မပြတ် ထွက်ပေါ်လာသောပြီး သူ့ဒူးခေါင်းနှင့် လက်သီးပေါ်ရှိ ဆူးများနှင့် ခြစ်မိသွားရာ သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။ သူ့ပတ်ပတ်လည်က အနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းသမားများ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကာ စမ်းရေကဲ့သို့ သွေးများ တသွင်သွင် စီးကျလျက် အရိုးများပါပေါ်သည့် နက်ရှိုင်းသော ဒဏ်ရာများဖြင့် တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြသည်။
"ချွမ်း ချွမ်း ချွမ်း!"
စူးချန်ခုန်းအား အရူးအမူးနှင့် အစွမ်းကုန် တိုက်ခိုက်နေကြသည့် သိုင်းပညာရှင်များလည်း ရှိပါ၏။ သို့သော် တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းသော ရန်သူများ၏ အလောင်းများကို ဖြတ်တောက်နိုင်သည့် ဓားများသည် စူးချန်ခုန်းကို အထင်ကြီးအောင် မပြုလုပ်နိုင်ခဲ့ပေ။
"ဒီမကောင်းဆိုးဝါးက ဘယ်က လာတာလဲ။ ဒီတိုက်ပွဲ ချပ်ဝတ်တန်ဆာက တရားလွန်လွန်းတယ်!"
"ဒီလောက်လေးလံတဲ့ ချပ်ဝတ်တန်ဆာထဲမှာ ဘယ်လိုလုပ်ပြီး သွက်သွက်လက်လက် ရှိနိုင်မှာလဲ။ သူက နတ်ဘုရားခွန်အား နယ်ပယ် ဒါမှမဟုတ် နတ်ဘုရားရဲစွမ်းသတ္တိ အဆင့်လောက် ရှိမလားပဲ။"
အနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းပညာရှင် အများအပြားသည် ဤမြင်ကွင်းကို ကြောက်လန့်တကြား ကြည့်ရှုခဲ့ကြသည်။
အနှီလူ ဝတ်ဆင်ထားသည့်ချပ်ဝတ်တန်ဆာသည် သိသိသာသာလေးလံသော်လည်း လွတ်လွတ်လပ်လပ် လျင်လျင်မြန်မြန် လှုပ်ရှားနိုင်သောကြောင့် သူ၏ သိုင်းပညာမှာ နက်နဲကြောင်း ပြသနေပြီး ချင်းရွှေမြို့ရှိ ထိပ်တန်းကျွမ်းကျင်သူများကြားတွင် သေချာပေါက် ထိပ်တန်းအဆင့်ဖြစ်လေသည်။