← Chapters

ကျုပ်နာမည်က အာသာ

Vol. 58 Ch. 936

ကျုပ်နာမည်က အာသာ

Vol. 58 Ch. 936

“ခင်ဗျားတို့ လူတွေ အားလုံး အဆင်ပြေကြရဲ့လား။” ချန်လွေ့က စည်းကမ်း တကျ သင်္ဘောငယ်လေးထဲ ဝင်သွားသော ကျောင်းတော်အဖွဲ့ဝင် များကို ကြည့်လိုက်၏။ သူ၏ ဆိုလိုရင်းမှာ သရဖူတစ်ခုနှင့် ရေဖျန်းဘုန်းတော်ကြီး တစ်ပါး၊ သိဒ္ဓိတပည့် နှစ်ဦးနှင့် ကျောင်းတော်မှ လူများစွာ၏ အသက်ကို လဲလှယ်ခြင်းမှာ မျှတသည် ဟူ၍ပင်။

“ဆာ့ရဲ့ ကျေးဇူးကြောင့်ပါ။” အတွေ့အကြုံ များသော ဂရာလင်က ရုတ်တရက် ရယ်လိုက်၏။ “ဆူးသရဖူရဲ့ ကောင်းကင် စွမ်းအားကို ခင်ဗျား အသက်သွင်း နိုင်လား။ ဒါက ကျုပ်ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ပါ။”

“တစ်ခုတည်းလား။” ချန်လွေ့က ဂရာလင်ကို အံ့သြစွာ ကြည့်လိုက်သည်။ သူ လက်ဝေ့ယမ်း လိုက်သည်နှင့် ခေါင်းပေါ်တွင်ရှိသော ဆူးသရဖူမှ နူးညံ့သော အဖြူရောင်အလင်း တစ်ခု ဂရာလင်ထံ ပျံသန်းသွား၏။ ဂရာလင်က ရှောင်တိမ်းခြင်းမရှိဘဲ မြင့်မြတ်သော စွမ်းအား တစ်ခုက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကြောင်း ခံစားလိုက်ရပြီး သူ၏ ကိုယ်ပိုင်အလင်းဒြပ်စင်စွမ်းအားနှင့် ပဲ့တင်ထပ်နေသည်။ ယခင် တိုက်ပွဲမှ ကျန်ခဲ့သော အားလျော့မှု အချို့ ပျောက်ကွယ်သွားပြီး လန်းဆန်းသွား၏။

“သေချာတယ်။ ဒါက ‘[ကောင်းကင် ကောင်းချီး]’ စွမ်းအားပဲ!” ဂရာလင်က အသက်ရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ် စေရန် ပြုလုပ်လိုက်သည်။ ချန်လွေ့၏ အေးအေးဆေးဆေး အမူအရာကို မြင်သည့်အခါ သူက ထပ်မံ၍ အံ့သြသွားကာ အစမ်းသဘော မေးကြည့် လိုက်သည်။ “ဆာ... တစ်ခုခု မသက်မသာ မခံစားရဘူးလား။”

“မသက်မသာလား။ မဖြစ်ပါဘူး။” ချန်လွေ့က ခေါင်းခါကာ ဆူးသရဖူကို လက်ညှိုးထိုး ပြလိုက်သည်။ “ဒီသရဖူက ကျုပ်ကို သခင်အနေနဲ့ အသိအမှတ် ပြုလိုက်ပြီ။”

ထိုစကား၏ အဓိပ္ပာယ်က ရှင်း၏။ ဒီသရဖူက ငါ့အပိုင်ပဲ။

အမှန်တကယ်၌ ချန်လွေ့က အခြေအနေအရ ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆူးသရဖူက လက်ခနဲ ဖြစ်သွားကာ ခွဲခြမ်းစိတ်ဖြာပြီးသား အခြား အဆောင်ပစ္စည်းများကဲ့သို့ပင် စူပါစနစ်ထဲသို့ ပျောက်ကွယ်သွား၏။

ထိုမြင်ကွင်းက ဂရာလင်ကို ထိတ်လန့် သွားစေခဲ့သည်။ ချန်လွေ့ မမျှော်လင့် ထားသည်မှာ ရေဖျန်းဘုန်းတော်ကြီးက ပြဿနာမရှာရုံမက စိတ်လှုပ်ရှားသော မျက်နှာ ဖြစ်နေခြင်းပင်။ “ကောင်းတယ်၊ ကောင်းတယ်။ တကယ်ကောင်းတယ်။ ဒါ တကယ့်ကို အလင်း နတ်ဘုရားရဲ့ ကောင်းချီးပဲ!”

ချန်လွေ့ - “...”

ခင်ဗျား အဆင်ပြေရဲ့လား။ ကိုယ့်ရဲ့ ပစ္စည်း အလုခံလိုက် ရတာကိုတောင် ကျေးဇူးတင်လွှာရေးပေးနေတယ်။

ဂရာလင်က ချန်လွေ့ကို လေးလေး နက်နက် ဦးညွှတ်လိုက်သည်။ “ဆာ၊ ခင်ဗျား ကျုပ်ရဲ့သင်္ဘောဆီကို ခဏ လာပေးလို့ ရမလား။ ဆူးသရဖူနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ကျုပ် ပြောပြချင်ပါတယ်။”

နောက်ထပ် လျှို့ဝှက်ချက်တွေလား။ ချန်လွေ့က ဂရာလင် လိမ်ပြောနေပုံ မရသည်ကို တွေ့လိုက်ရသည်။ သူက ပြိုကျလုနီးပါးဖြစ်နေပြီး ပင်မကိုယ်ထည် နစ်မြုပ်နေပြီ ဖြစ်သော ကြီးမားသည့် သင်္ဘောကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်၏။ “သေချာရဲ့လား။”

“သေချာပါတယ်။” ဂရာလင်က သူ့အကြည့်နောက်သို့ လိုက်ကြည့်ပြီး ရှက်ရွံ့သော အမူအရာ ပြသလိုက်သည်။

ချန်လွေ့ ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံး အဖြေတစ်ခု ပေးလိုက်သည်။ “ကျုပ်သင်္ဘောဆီ သွားကြတာပေါ့။”

မကြာမီ ဂရာလင်နှင့် ကျောင်းတော် အဖွဲ့ဝင်များက မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်သို့ ရောက်လာကြသည်။

ထိုသို့ ကြီးမားပြီး လှပခမ်းနားသော ရွက်သင်္ဘော၊ကျွမ်းကျင်သော သဲလူသား သင်္ဘောသားများကို မြင်ပြီးနောက် ကျောင်းတော်အဖွဲ့ဝင်များသည် သိပ်ပြီး မသိကြသော်လည်း အံ့သြသွားကြ လေသည်။ သို့သော် သူတို့အများကြီး မမေးခဲ့ကြပေ။

ချန်လွေ့ အသက်သွင်းလိုက်သော [‌ကောင်းကင်ကုသ] အစွမ်း၏ အာနိသင် အောက်တွင် ဒဏ်ရာ အပြင်းအထန် ရရှိသူများကိုပင် ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ခဲ့၏။ သူတို့၏ မျက်လုံးတွင် ချန်လွေ့ကို ကြည့်သောအခါ လေးစားမှု အနည်းငယ် ပိုရှိလာကြသည်။

ဂရာလင်က ယုံကြည်သူများကို စောင့်ရှောက်ရန် ကလာ့ခ်နှင့် အေပရယ် တို့ကို ကုန်းပတ်ပေါ်တွင် ထားခဲ့ကာ ချန်လွေ့နောက်သို့ လိုက်ကာ သင်္ဘော အခန်းထဲသို့ ဝင်သွားသည်။ ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့သည် သင်္ဘောခေါင်းခန်းတွင် ဝိုင် သောက်နေကြသည်။

ဇိုလာနှင့် အခြားသူများကို ချန်လွေ့က ကြိုတင်၍ အကြောင်းကြားထားသဖြင့် သူတို့အခန်းတွင် နေနေကြသည်။

“ဆာ-ဂရာလင် ထိုင်ပါဦး။” ချန်လွေ့က ပုံမှန် ပြောလိုက်သည်။ “ပထမဆုံး အနေနဲ့ ခင်ဗျားကို ကယ်တင်ခဲ့တာက မတော်တဆပါ။”

သူ၏ စွမ်းအားဆိုလျှင် ဂရာလင်နှင့် ပတ်သက်စရာ မလိုပေ။ အဆိုးဆုံး ဖြစ်လာလျှင် ထိုကျောင်းတော်အဖွဲ့ဝင် အားလုံးကို သင်္ဘောငယ်လေးထဲ ပြန်ပစ်ချခြင်း သို့မဟုတ် ပင်လယ်ထဲသို့ တစ်ခါတည်း ပစ်ချလိုက်၍ ရပေသည်။ သို့သော် သူက သရဖူ၏ လျှို့ဝှက်ချက်ကို အနည်းငယ် စိတ်ဝင်စားနေသေး၏။

ဂရာလင်သည် ခေါင်းညိတ်လိုက်သည်။ “ဆူးသရဖူ... မတော်တဆမှုတစ်ခုပါပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဆာ။ ခင်ဗျားက ဆူးသရဖူရဲ့ ပိုင်ရှင် ဖြစ်နေပါပြီ။ ဒါက အသေအချာပါပဲ။”

“ကျုပ်က ဆူးသရဖူ ပိုင်ရှင်ဖြစ်လာပြီး ကျောင်းတော်ရဲ့ ရှေ့ဖြစ်ဟောကိန်းကို ဖြည့်ဆည်း ပေးရမှာလား။ ဘယ်လို ကယ်တင်ရှင်မျိုး ဖြစ်လရမှာလဲ။ ခွင့်လွှတ်ပါ...။ သိပ်မကြာခင်က စိတ်ဝင်စားစရာ ကောင်းတဲ့ ဝတ္ထုအချို့ ဖတ်ထားခဲ့မိလို့ပါ။” ချန်လွေ့က ပခုံးတွန့်လိုက်သည်။ “ဒါပေမဲ့ ကျုပ်က ဝေ့ဝိုက်ပြောနေရတာကို မကြိုက်ဘူး။ တည့်တိုးပဲ ပြောကြရအောင်။”

“အဲဒါက တကယ် စိတ်ဝင်စားစရာ ကောင်းတဲ့ဝတ္ထု တစ်ပုဒ်ပါ။” ဂရာလင်က နားလည်သော အပြုံးမျိုး ပြုံးလိုက်သည်။ “တကယ်တော့ ကျုပ်လည်း ဝေ့ဝိုက် ပြောရတာကို မကြိုက်ဘူး။ ကျုပ်ကတိကို အရင်ဆုံး လိုက်နာပြီး ဆူးသရဖူရဲ့ လျှို့ဝှက်ချက် အကြောင်း အရင်ဆုံး ပြောပြပါ့မယ်။ ဆူးသရဖူက သိဒ္ဓိအလင်း အမွေအနှစ် (၃)ခုထဲက တစ်ခုပါ။ အဲဒီတွေကို စုပြီးတော့ “ဖန်တီးခြင်း”လို့ ခေါ်တယ်။”

“‘ဖန်တီးခြင်း’လား” ချန်လွေ့သည် ဆူးသရဖူက မိမိ၏ ခန္ဓာကိုယ်ထဲတွင် ဖန်တီးခြင်း၏ ဇစ်မြစ်ကို ဖြစ်ပေါ်စေ ခဲ့သည်ဟု ခံစားမိပြီး စိတ်လှုပ်ရှား သွားခဲ့သည်။

စူပါစနစ် အပေါ် ချန်လွေ့၏ နားလည်မှုက ယခင်နှင့် မတူတော့ပေ။ စူပါစနစ်၏ ‘နေအဖွဲ့အစည်း’မှာ စိတ်ကူးယဉ် အာရုံခံစားမှု တစ်ခု မဟုတ်ဘဲ ယုံကြည်မှုနှင့် အသက်ရှိသော တကယ့် တိုင်းပြည်တစ်ခု ဖြစ်ရာ ထပ်မံ တိုးတက်ရန်အတွက် စကြာဝဠာ ဥပဒေသကို ပိုမိုပြီးပြည့်စုံစွာ နားလည်မှု ရရှိရမည် ဖြစ်သည်။

ပျက်စီးခြင်းသာမက ဖန်တီးခြင်းလည်း ပါဝင်၏။

ဖိုက်သွန်၏ ဖန်တီးခြင်းနှင့် ပျက်စီးခြင်း ပေါင်းစပ်ခြင်း ဖြတ်လမ်းကို ချန်လွေ့ သဘောမကျပေ။ လူတိုင်းတွင် ကိုယ်ပိုင် ရှေ့ဆက်ရမည့် လမ်းများရှိနေကြပြီး အထူးသဖြင့် စူပါစနစ်ကို ပိုင်ဆိုင်ထား သူက မတူညီသော လမ်းကြောင်းကို ရွေးချယ်ခဲ့လေသည်။

သို့သော် မည်သို့ပင် ဆိုစေကာမူ ဖန်တီးခြင်းဇစ်မြစ်က သူ့အတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခု ဖြစ်ပြီး အထူးသဖြင့် ယခုအခွင့်အလမ်းက ရှေ့တွင် ရောက်ရှိနေပြီ ဖြစ်ရာ လက်လွတ်ခံ၍ မဖြစ်ပေ။

ချန်လွေ့ စိတ်ဝင်စား နေသည်ကို မြင်သောအခါ ဂရာလင်က ရှင်းပြသည်။ “ဒီသိဒ္ဓိအမွေအနှစ် (၃)ခုက လောကကို ဖန်ဆင်းခဲ့တဲ့ စွမ်းအားတွေရဲ့ ထည့်စရာ အတိုင်း နတ်ဘုရားတွေ အသွင်ပြောင်း ထားကြတာလို့ ပြောကြတယ်။ ပြီးတော့ အဲဒါတွေက မယုံနိုင်စရာ စွမ်းအားတွေ ရှိကြတယ်။ အဲဒါကြောင့် ဒီလို နာမည်မျိုး ရလာခဲ့ကြတာ။”

ကမ္ဘာကြီးကို ဖန်ဆင်းတဲ့ စွမ်းအားရဲ့ ထည့်စရာလား။ ချန်လွေ့ ရုတ်တရက် အံ့သြသွား၏။ အဲဒါက ဖန်တီးခြင်း ဇစ်မြစ်တွေ အများကြီး ရှိနေမလား...

“သိဒ္ဓိအမွေအနှစ် ၃ ခုကို စုဆောင်းပြီး အသိအမှတ်ပြု ခံရမယ်ဆိုရင် မယုံကြည် နိုင်လောက်သော ထိုးထွင်းဉာဏ်ကို ရရှိပြီးတော့ သူတော်စင်အဆင့်ထက်ကို အဆများစွာ သာလွန်သော စွမ်းအားကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။” ဂရာလင်က အနည်းငယ် ပြုံးလိုက်သည်။ “ဆာက ဘာထူးခြားတဲ့ စွမ်းအားကို သုံးထားလဲ ဆိုတာတော့ မသိဘူး။ ကျုပ်ရဲ့ အာရုံခံ နိုင်စွမ်းကတော့ အကန့်အသတ် ရှိတယ်။ ဆာ့ရဲ့ စွမ်းအားက သူတော်စင်အဆင့်ကို မရောက်သေးဘူးလို့ပဲ ခံစားမိတယ်။ ဆာ့ရဲ့ မိတ်ဆွေနှစ်ယောက်ကတော့ သူတော်စင်အဆင့်ထက်ကို ကျော်လွန်တဲ့ အထူးစွမ်းအားရှင်တွေ ဖြစ်နေပါပြီ။”

“ခင်ဗျားရဲ့ အာရုံခံနိုင်စွမ်း မမှားပါဘူး။ ကျုပ်ရဲ့ စွမ်းအားက စစ်သည်တော် အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အထူး အကြောင်းပြချက်အချို့ကြောင့် ကျုပ်မှာ အဆင့်မြင့် မိတ်ဆွေနှစ်ယောက် ရှိတယ်။” ချန်လွေ့က ‘တည်ငြိမ်’ သော မျက်နှာကို ပြသသော်လည်း စိတ်ထဲတွင် လျင်မြန်စွာ တွေးနေသည်။ ထိုသိဒ္ဓိ အမွေအနှစ်(၃)ခုကို ဖန်တီးခဲ့တဲ့သူက နတ်ဘုရားတစ်ပါး မဟုတ်တာ သေချာတယ်။ ဒါပေမဲ့ ဒီသုံးခုကို စုဆောင်းနိုင်ရင် မယုံနိုင်စရာ အတွေး အမြင်တွေ ရရှိမှာက ဖန်တီးခြင်း ဇစ်မြစ်ကို နားလည်ဖို့အတွက် ဖြတ်လမ်း တစ်ခုပဲ။

ဆူးသရဖူက ထိုအရာမှာ သွားရမယ့် လမ်းကြောင်းဖြစ်ကြောင်း အကောင်းဆုံး သက်သေ ပြပြီးပြီ ဖြစ်လေသည်။

“ဒါနဲ့ ကျန်တဲ့ သိဒ္ဓိအမွေအနှစ် ၂ ခုက ဘယ်မှာလဲ...ဆိုတာကို ဆာ-ဂရာလင် ပြောပြနိုင်မလား။”

ဂရာလင်က ‘အထူးအဆင့်မိတ်ဆွေ’ ဟူသော စကားလုံးကို ကြားသောအခါ မျက်လုံးများ လင်းလက်သွားခဲ့သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းက လူသားလောကမှာ သိဒ္ဓိအင်ပါယာ ၃ ခု ပူးပေါင်း တည်ရှိခဲ့တယ်ဆိုတာ ဆာ သိမှာပါ။ အဲဒါတွေကတော့ နဂါးလင်းလင် အင်ပါယာ၊ ကျက်သရေပြာ အင်ပါယာနဲ့ တိမ်စီးနင်း အင်ပါယာတွေပါ။ ကောင်းကင် တမန်တော် ၃ပါးက ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်နာပြီး သိဒ္ဓိအမွေအနှစ် ၃ခုကို အင်ပါယာ ဘဏ္ဍာအဖြစ် အင်ပါယာ ၃ခုဆီ ပေးခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းလောက်မှာ တိမ်စီးနင်း အင်ပါယာကို နဂါးလင်းလက် အင်ပါယာနဲ့ ကျက်သရေပြာ အင်ပါယာ ပူးပေါင်းဖွဲ့စည်းထားတဲ့ မဟာမိတ် တပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တယ်။ နောက်ဆုံး အင်ပါယာ ပျက်စီးသွားပြီး မြေတွေကို တိုင်းပြည် ဒါဇင်များစွာအဖြစ် ပိုင်းခြားခဲ့တယ်။ လက်ရှိ နာမည်ကြီး ကြယ်အလင်းအင်ပါယာက အဲဒီထဲက တစ်ခုပါ။ ဒီစစ်ပွဲရဲ့ အမှန်တရားကတော့ ဘာသာရေးဂိုဏ်းကို တိုက်ခိုက်တာပါ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က တိမ်စီးနင်း အင်ပါယာကို ကြောက်စရာ ကောင်းတဲ့ ဘာသာရေးဂိုဏ်းဖြစ်တဲ့ မရဏနက် နောက်လိုက်တွေက လုံးဝ ထိန်းချုပ်ထားလို့ပဲ။ မြို့ပေါင်း ၃၀ က လူတွေကို ယဇ်ပူဇော်ခဲ့ပြီး လူသား လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့တာ။ ပြီးတော့ မရဏနက်နောက်လိုက်တွေဟာ ကျောက်စိမ်းသစ်တော ပင်လယ်က နတ်သူငယ် မျိုးနွယ်စုကိုပါ ကျူးကျော်ပြီး သဘာဝသစ်ပင်ကြီးကို အသုံးချ၊ မိစ္ဆာ နတ်ဘုရားကို ဆင့်ခေါ်ဖို့ ကြိုးစား ခဲ့တယ်။ ဒါကြောင့် နတ်သူငယ် မျိုးနွယ်စု မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ရတယ်။ ကျောင်းတော်ရဲ့ တောင်းဆိုချက်အရ အင်ပါယာ ၂ခုက ဦးဆောင်တဲ့ တိုင်းပြည် အများစုဟာ ပူးပေါင်းပြီး အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့လို့ တိမ်စီးနင်း အင်ပါယာ နောက်ဆုံးတော့ ပျက်စီးသွားခဲ့တယ်။”

ဒီလိုကိုး....ချန်လွေ့က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ ကျောက်စိမ်း သစ်တောပင်လယ် အကျပ်အတည်းကို ယောက္ခထီး နတ်သူငယ်ဘုရင်က ဖြေရှင်းခဲ့တယ်။ စပန်က အဲဒီအတွက် အကြီးအကျယ် ပေးဆပ်ခဲ့ရတယ်။ ယောက္ခမနဂါး အသက်ကို မစတေးခဲ့ရင် အဘိုးကြီးက နတ်သူငယ်နတ်ဘုရားမနဲ့ ဟိုးကတည်းက တွေ့သွားရလောက်ပြီ။ ယခုအချိန်အထိ အသက်သစ်ပင်က အပြည့်အဝ ပြန်မကောင်းသေးဘူး။ ပြီးတော့ ချိပ်ပိတ်ထားတာကတောင် လျော့ရဲနေတဲ့ လက္ခဏာတွေ ပြနေတယ်။

“ဆာ-ဂရာလင် ဆိုလိုတာက... ကျန်တဲ့ သိဒ္ဓိအမွေအနှစ် ၂ခုက နဂါးလင်းလက် အင်ပါယာနဲ့ ကျက်သရေပြာအင်ပါယာမှာ ရှိနေတာလား။”

“ဟုတ်ပါတယ်။ တစ်ခုက သိဒ္ဓိခွက် ဖြစ်ပြီးတော့ နောက်တစ်ခုက သိဒ္ဓိ အလင်းဝတ်ရုံ ပါ။” ဂရာလင်က ခေါင်းညိတ်လိုက်သည်။ “အင်ပါယာ ဘဏ္ဍာတွေ အနေနဲ့ သူတို့ကို အင်ပါယာနှစ်ခုရဲ့ အလျှို့ဝှက်ဆုံး ဘဏ္ဍာတိုက် တွေမှာ ဖွက်ထားမှာဖြစ်ပြီး အုပ်ချုပ်သူတွေပဲ နေရာအတိအကျကို သိကြတယ်။”

“ဆာ-ဂရာလင်က ကျုပ်ကို တစ်ခုခု သတိပေးနေသလို ခံစားရတယ်။ ဒါက အခြေအနေလား၊ ဒါမှမဟုတ်... ခြိမ်းခြောက်မှုလား။”

“ဟဲဟဲ... နားလည်မှု မလွဲပါနဲ့ ဆာ။” ဂရာလင်က ခေါင်းခါလိုက်သည်။ “ကျုပ်က အချက်အလက်တွေကို သဘောရိုးနဲ့ ပြောပြနေပါ။ ဆာက ဝေ့ဝိုက်ပြောတာ မကြိုက်ဘူး မဟုတ်လား။ အမှန်အတိုင်း ပြောရရင် သိဒ္ဓိအင်ပါယာ နှစ်ခုရဲ့ နောက်ခံက အသေးအဖွဲ မဟုတ်ပါဘူး။ သူတို့က ကျုပ်တို့ မြင်နိုင်တာထက် အများကြီး ပိုကောင်းပါတယ်။ ဆာ့ရဲ့ စွမ်းအားက ထူးခြားပေမယ့် ဘယ်နည်းလမ်းကို သုံးသုံး သိဒ္ဓိခွက်နဲ့ သိဒ္ဓိအလင်း ဝတ်ရုံကို ရဖို့ အတော်လေး ခက်ခဲနိုင်ပါတယ်။ သိဒ္ဓိကျောင်းတော်ရဲ့ စွမ်းအားကို မသုံးဘူး ဆိုရင်ပေါ့။”

“တကယ်လား။” ချန်လွေ့က စိတ်မဝင်စားသလို ပြုံးလိုက်ပြီး စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက် နေခဲ့သည်။

“ဆာ၊ ကျုပ် တည့်တိုးပြောပါမယ်။ ကျုပ်က သိဒ္ဓိကျောင်းတော်ရဲ့ ရေဖျန်း ဘုန်းတော်ကြီးပါ။ ခုနက ကျုပ်ကို တိုက်ခိုက်ခဲ့တဲ့ ရန်သူတွေက အမှောင်နဲ့ ပျက်စီးခြင်းကို အားပေးတဲ့ မရဏနက် နောက်လိုက်တွေပါ။ အရေးပေါ်အချိန်မှာ ကျုပ်က လျှို့ဝှက်နည်းလမ်းနဲ့ ဆူးသရဖူရဲ့ ချိပ်ပိတ်ကို ဖွင့်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်က ဆူးသရဖူ သိဒ္ဓိစွမ်းအားကို မခံနိုင်လို့ လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ဆူးသရဖူက ဆာ့ကို အလိုအလျောက် ရွေးချယ်ခဲ့တာ။ ဆာရဲ့ ခန္ဓာကိုယ်...က အသန့်စင်ဆုံး ဖြစ်တဲ့ [ကျက်သရေ အလင်းခန္ဓာ] ဖြစ်လောက်တယ်။ ဒါတစ်ခုတည်းနဲ့ပဲ ဆာက ကျောင်းတော်ရဲ့ သိဒ္ဓိသားတော်၊ မြင့်မြတ်တဲ့ ပုပ်ရဟန်းမင်း ဂလိုရီယက်စ်ရဲ့ အမွေဆက်ခံသူအဖြစ် အရည်အချင်း ပြည့်မီနေပါပြီ။”

“သိဒ္ဓိသားတော် ဟုတ်လား။” ချန်လွေ့ အမှန်တကယ် ကြောင်သွားသည်။ ပုပ်ရဟန်းမင်းရဲ့ အမွေဆက်ခံသူလား။ မှားနေတာ မဟုတ်ဘူးလား။

ချန်လွေ့ အကြာကြီး စကားမပြောဘဲ ရှိနေသည်ကို မြင်သောအခါ ဂရာလင်က ပြောလိုက်သည်။ “ဆာ...”

ချန်လွေ့က နောက်ဆုံး သတိပြန်ဝင် လာပြီး နှာခေါင်းကို ပွတ်လိုက်သည်။ “တကယ်တော့ အခု ကျုပ် ပြောချင်ဆုံး စကားလုံးနှစ်လုံးက ‘ဟဲဟဲ’ ပါပဲ။”

ဂရာလင်သည် စိတ်လှုပ်ရှားသော မျက်နှာကို ပြသလိုက်သည်။ “ဆာက သိဒ္ဓိသားတော် ဖြစ်ဖို့ သဘောတူ လိုက်တာလား။”

ခင်ဗျားရဲ့ ဘယ်မျက်လုံးက ကျုပ် သဘောတူ တယ်လို့ မြင်ရတာလဲ။ ချန်လွေ့က စကားမပြောဘဲ လက်ကို ဖြန့်ကာ ပြောလိုက်သည်။ “ဒီလိုမျိုး ဝေါဟာရက ခင်ဗျားအတွက် အဆင့်မြင့် လွန်းတယ်ဆိုတာ မေ့သွားတယ်။ အသုံး များတဲ့ တစ်ခုနဲ့ ပြောင်းပြောရရင်တော့... ကျုပ် စိတ်မဝင်စားဘူး။”

“ဆာက ကျောင်းတော်ကို နားလည်မှု လွဲနေတဲ့ပုံပဲ။” ဂရာလင်က စိတ်ဓာတ် မကျဘဲ အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။ နှင်းဒဲလက်ပန်းပင် ခိုးယူ ခံရခြင်းမှာ ကျောင်းတော်၏ လျှို့ဝှက်ချက် တစ်ခုဖြစ်နေဆဲ ဖြစ်သော်လည်း ရေဖန်းဘုန်းတော်ကြီး သုံးပါးထဲမှ တစ်ပါး အနေဖြင့် နှင်းဖုံးတောင်ထွတ် စင်မြင့်မှ အဖြစ်အပျက်ကို ကိုယ်တိုင် တွေ့ကြုံ ခဲ့ရသည်။ နှင်းဒဲလက်ပန်းပင် ပျောက်ကွယ်သွားခြင်း အကျိုးဆက်ကို ဂရာလင်နှင့် ကျောင်းတော် ခေါင်းဆောင် အများအပြားက ကောင်းစွာ သိကြ၏။ ဆိုလိုသည်မှာ နှင်းဒဲလက်ပန်းပင် ပြန်လည်ရှင်သန် လာသည်အထိ ကျော်းတော်က အရေးကြီးဆုံး [ကောင်းချီး အလင်းခန္ဓာကိုယ်] ကို ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။ သိဒ္ဓိတပည့်များ အပါအဝင် စစ်သည် များကိုလည်း ရွေးချယ်နိုင်မည် မဟုတ်ဘဲ ရေရှည်တွင် ကျောင်းတော်တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုအတွက် တိုင်းတာမရနိုင်သော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည် ဖြစ်သည်။

ယခုတစ်ခါ ဆူးသရဖူ တည်ရှိရာကို သိရခြင်းက အံ့သြစရာ တစ်ခုပင်။ အကြောင်းမှာ ဆူးသရဖူတွင် အလွန် အရေးပါသော လုပ်‌ဆောင်ချက်တစ်ခု ရှိနေလေသည်။ ထိုအရာမှာ [ကောင်းကင် ကောင်းချီး] ဖြစ်ပြီး အလင်းဒြပ်စင်ရှိသော ကိုယ်ခန္ဓာများကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲပေးနိုင်၏။ နှင်းဒဲလက်ပန်း အာနိသင်နဲ့ မနှိုင်းယှဉ်နိုင်သော်လည်း နှင်းဒဲလက်ပန်းပင် မကြီးခင်ကာလ၌ ထိရောက်သော အစားထိုး ကဏ္ဍမှ ပါဝင်နိုင်ပေသည်။

တစ်ခုတည်းသော အားနည်းချက်မှာ ဆူးသရဖူ၏ [ကျက်သရေ အလင်း ခန္ဓာ] မှသာ စွမ်းအား အပြည့်အဝကို ထုတ်လွှတ်နိုင်ပြီး အသုံးပြုသူကိုလည်း ထိခိုက်မှု အချို့ ဖြစ်စေနိုင်သည်။ လက်ရှိတွင် ပုပ်ရဟန်းမင်း ဗန်တီ-စ် တစ်ဦးတည်းသာ ပြုလုပ်နိုင်၏။ ထိုသို့ ဆက်သွားရင် ကျန်ရှိသော သက်တမ်း အနည်းငယ်က စောစောစီးစီး ကုန်ဆုံး သွားပေလိမ့်မည်။

သို့သော် ယခုအခါတွင် အမြင့်ဆုံး [ကျက်သရေအလင်းခန္ဓာ] ပိုင်ဆိုင် ထားသည့် လူတော်တစ်ဦး ရှိနေသည်။ ထို့အပြင် သူသည် [ကောင်းကင် ကောင်းချီး]ကို ထိခိုက်မှုမရှိဘဲ ဆူးသရဖူကို အပြည့်အဝ ထိန်းချုပ် နိုင်စွမ်း ရှိသည်။ ၎င်းမှာ ဘုရားသခင် ပေးသော ဆုလာဘ်တစ်ခုပင်။

ထို့ကြောင့် မည်သို့ပင် ဆိုစေကာမူ ဂရာလင်က “သိဒ္ဓိသားတော်”ကို လက်လွှတ်မည် မဟုတ်ဘဲ စိတ်ရှည်ရှည် ရှင်းပြခဲ့သည်။

“သိဒ္ဓိသားတော်ရဲ့ အခွင့်အာဏာက ဂုိဏ်းချုပ်တွေနဲ့ အတူတူပဲ ဟုတ်လား။ ကျောင်းတော်ရဲ့ တားမြစ်နယ်မြေ အပါအဝင် သိဒ္ဓိအလင်းတောင်ရဲ့ ဘယ်နေရာကို မဆို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တယ် ဟုတ်လား။” ချန်လွေ့က မေးစေ့ကို မော့ပြီး ဂရာလင်၏ စကားအောက်တွင် သူ၏ သဘောထား နောက်ဆုံး ‘ဖြေလျှော့’ သွားခဲ့သည်။ “ကျုပ် စဉ်းစားဖို့ အချိန်လိုတယ်။”

“ကျုပ် စောင့်နိုင်ပါတယ်။” ဂရာလင်က ဝမ်းသာအားရ ဖြစ်နေသည်။ “ဒါနဲ့ ဆာ့ရဲ့ နာမည် ဘယ်လိုခေါ်လဲ မသိသေးဘူး။”

“ဟုတ်သား။ ကျုပ် ရိုင်းပြမိသွားတယ် ဆာ-ဂရာလင်။” ချန်လွေ့က အပြုံးဖြင့် ပြောလိုက်သည်။ “ကျုပ်နာမည်က... အာသာပါ။”

All Chapters