← Chapters

ဆရာမကို ကယ်မယ်

Vol. 58 Ch. 944

ဆရာမကို ကယ်မယ်

Vol. 58 Ch. 944

အချိန်အတော်ကြာပြီးနောက်-

သူတို့နှစ်ဦး နောက်ဆုံး ခွဲခွာကြပြီး အေးဆေး တည်ငြိမ်သွားပုံရသည်။ မည်သည့် ခံစားချက် ပြင်းထန်သော လှုပ်ရှားမှုများ မရှိတော့ပေ။။ သူတို့က အချင်းချင်း ကြည့်နေပြီး ပန်းဥယျာဉ်ထဲရှိ ကျောက်ခုံနှစ်ခုံပေါ် ထိုင်လိုက်ကြ၏။

“အာသာလေး၊ ဒီနှစ်တွေ တလျှောက်လုံး... မင်း ဘယ်ရောက် နေခဲ့တာလဲ။”

“ကျွန်တော် အန္တရာယ်များတဲ့ နေရာ တစ်ခုကို မတော်တဆ ရောက်သွား ခဲ့တယ်။” ချန်လွေ့က စိတ်ကို အေးအေးထားပြီး စိတ်ထဲက စကားများကို အမြန်စီစဉ်လိုက်၏။ “ကံကောင်းချင်တော့ ကျွန်တော် အဲဒီနေရာကနေ ထွက်သွား နိုင်တဲ့အထိ အသက်ရှင်ခဲ့တယ်။”

“မတော်တဆလား။” ဗာရိုနီကာက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ “အဲဒီတုန်းက ဘာဖြစ်ခဲ့တာလဲ။”

ချန်လွေ့ ခေါင်းခါလိုက်၏။ “အဲဒီ တုန်းက အန္တရာယ်များတဲ့ နေရာတစ်ခုကို ကျွန်တော် ရောက်သွားခဲ့တာ။ နိုးလာ တော့လည်း မှတ်ဉာဏ်တွေ အများကြီး ပျောက်ဆုံးသွားတယ်။”

ဗာရိုနီကာသည် ချန်လွေ့ကို လေးလေး နက်နက် ကြည့်လိုက်သည်။ သူ၏ မျက်လုံးပြာထဲတွင် ဖော်ပြမရသော ခံစားချက်များ စီးဆင်းနေ၏။ သူက အာသာ၏မျက်နှာကို ထိရန် လက်လှမ်း လိုက်သော်လည်း ပြန်ချလိုက်သည်။ “နင် ပြန်မလာခဲ့သင့်ဘူး။”

“ဘာလို့လဲ ဆရာမ။”

“ဒါက မင်းကို ပျော်ရွှင်စေနိုင်မယ့် နေရာ မဟုတ်ဘူး။ ပိုပြီးတောင် အန္တရာယ် များနိုင်တယ်။” ဗာရိုနီကာ၏ အကြည့်များ သုန်မှုန်သွားပြီး ခေါင်းငုံ့ကာ သက်ပြင်းချလိုက်၏။ “ဆရာမက မပြောသင့်တဲ့ စကားတွေ ပြောမိသွား နိုင်တယ်။ ဒါပေမဲ့ ကိုယ့်မောင်လေးလို ဖြစ်နေတဲ့ အာသာလေးရှေ့မှာ ဆရာမက စိတ်ခံစားချက်တွေကို မထိန်းချုပ် နိုင်ဘူး။ ဒီနေ့အထိလည်း အတူတူပဲ။”

အာသာလေး။ မောင်လေး ဟုတ်လား။

ချန်လွေ့၏ စိတ်ထဲတွင် ကြယ်အလင်း ကောလိပ်မှ မြင်ကွင်းအချို့ အလိုလို ပေါ်လာသည်။ ထိုရင့်ကျက် လှပသော ဆရာမသည် အာသာကို အချစ်ဆုံး အစ်မတစ်ယောက် ကဲ့သို့ အမြဲရှိခဲ့သည်။ ကံမကောင်းစွာပင် အာသာ၏ စိတ်ထဲ သူသည် အစ်မမျှသာ မဟုတ်ခဲ့ပေ။

ဗာရိုနီကာလည်း သိလောက်ပေသည်။

“ဆရာမ...” ချန်လွေ့က ဗာရိုနီကာကို ကြည့်လိုက်သည်။ ခဏ စဉ်းစားပြီးမှ သူ စကားစပြောသည်။ “ဒီနေရာကနေ ထွက်သွားချင်လား။”

ဗာရိုနီကာ ခေါင်းမော့ပြီး သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဆရာမ လိုချင်ရင် ကျွန်တော် ခေါ်ထုတ် သွားပေးမယ်။” ချန်လွေ့၏ အမူအရာနှင့် လေသံသည် အလွန်ခိုင်မာ နေ၏။ “အဲဒီတုန်းက ‘အာသာ’ မှာ ဒီလိုသတ္တိနဲ့ စွမ်းရည် မရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော့်မှာ ရှိတယ်။”

သူကို အမှန်တကယ် ပျော်ရွှင်စေပြီး တကယ့် လွတ်လပ်မှုကို ပေးအပ်ခြင်းက အာသာ၏ အကြီးမားဆုံးဆန္ဒ ဖြစ်ပေ လိမ့်မည်။ ထိုအရာက သူ့အပေါ် ပိုင်ဆိုင်လိုစိတ် ထက်ပင် ပို၏။ တတိယမင်းသားလေးက အမှန်တကယ် သန့်စင်ပြီး ဖြူစင်သော ကောင်လေး တစ်ယောက် ဖြစ်ခဲ့သည်။

ငါသာ ဗာရိုနီကာကို ‘ကယ်တင်’ နိုင်ရင် ‘အာသာ’ရဲ့ အနှောင်အဖွဲ့တွေကို လုံးဝ ဖြည်နိုင်လိမ့်မယ်။ ချန်လွေ့ အတွက်မူ ဝိညာဉ်နဲ့ စိတ်ဝိညာဉ် နယ်ပယ်၏ ပြီးပြည့်စုံသော ပေါင်းစပ်မှု၌ အရေး အကြီးဆုံး ခြေလှမ်းကို သူလှမ်းနိုင်ခဲ့ရင် သူ့ရဲ့ စိတ်အခြေအနေက အမှန်တကယ် ပြီးပြည့်စုံသွားအေလိမ့်မည်။

“ထွက်သွားဖို့လား။ အဲဒီတုန်းက...” ဗာရိုနီကာက တစ်စုံတစ်ခုကို တွေးမိသွား သလိုဖြစ်ပြီး သူ၏ ခန္ဓာကိုယ်နှင့်အတူ လက်များပါ တုန်ယင်သွား၏။ သူ၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ လည်နေသည်။

ရုတ်တရက် မျက်လုံးပြာများတွင် မုန်းတီးသော အကြည့်တစ်ခုက လက်ခနဲ ဖြစ်သွားသည်။

မုန်းတီးမှုက ခဏသာ ဖြစ်သော်လည်း ချန်လွေ့၏ လက်ရှိ စွမ်းအားဖြင့်မူ အလွန် ရှင်းလင်းစွာ မြင်နိုင်သည်။ သူက တုန်လှုပ်မိသွားသည်။

ချော်ရည်ဖို ကဲ့သို့ပင် မွန်းကျပ်ပြီး သူ့၏ အမြင်အာရုံနှင့် ဝိညာဉ်ပါ ရှုံ့တွ နေ၏။

ဒါက ဘယ်လောက်တောင် မုန်းတီး နာကြည်းမှု တွေလဲ။

ဗာရိုနီကာ၏ အပြင်းအထန် တုန်ခါ နေသော ခန္ဓာကိုယ်က တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ သူ၏ မျက်လုံး ပြာပြာထဲမှ မျက်ရည်များ တစ်စက်ချင်း ပျောက်ကွယ်သွား၏။ သူက ခေါင်းခါရင်း ပြောလိုက်သည်။ “အဲဒီတုန်းက တကယ်ပဲ နင့်အမှား မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင် စရာ မလိုပါဘူး။ ဒါနဲ့ နင် ဒီနေရာကို လာတာ မသင့်တော်ဘူး။ စောစောပြန် သင့်တယ်။”

“တကယ်တော့... ကျွန်တော်က ဒီနေ့ အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ လာခဲ့ တာပါ။”

ဗာရိုနီကာ အံ့အားသင့်ပြီး တစ်စုံ တစ်ခုကို တွေးမိသွားပုံ ရသည်။ “မနက်က ရှီအွန်နန်းတော်ကို တော်ဝင် အစောင့်အရှောက်တွေက ပိတ်ပစ်ခဲ့တာ မင်း ပြန်ရောက်လာလို့လား...”

“ဟုတ်တယ်။ အဲဒီတုန်းက ကျွန်တော် ညီလာခံခန်းမကို အမြန်သွားပြီး ကျွန်တော့် သူငယ်ချင်း ဆမ်မြူရယ်ရဲ့ စွပ်စွဲချက်ကို ရှင်းလင်းပေးခဲ့တာ။”

“လက်စသတ်တော့ ဆမ်မြူရယ်က မင်းရဲ့...” ဗာရိုနီကာက အပြစ်ရှိသလိုမျိုး ပြောလိုက်သည်။ “အဲဒီစစ်သည်တော်က ငါ့ကို အကြိမ်များစွာ ကူညီခဲ့တယ်။ သူက သိဒ္ဓိခြင်ဆီသစ်သီးကိုတောင် ရှာပေးပြီး ငါ့အသက်ကို ကယ်ခဲ့တယ်။ ငါ့ကို စိတ်အနှောင့်အယှက် ပေးချင်တဲ့ ဂါဖီးလ်ကိုလည်း လက်စားချေဖို့အတွက် မိုးကြိုးအကျဉ်းထောင် ထဲမှာတောင် အကျဉ်းချ ခံခဲ့ရတယ်။ ငါ တစ်ချိန်က အရှင်မင်းကြီးကို တောင်းပန်ခဲ့ပြီး အဲဒီ အချိန်က အကြောင်းရင်းကို ရှင်းပြခဲ့ ဖူးတယ်။ ကံမကောင်းစွာပဲ အရှင် မင်းကြီးက...။ နောက်တော့ ဂါဖီးလ်က ဆမ်မြူရယ်ရဲ့ ဇနီးကို ဒုက္ခပေး ချင်တယ်လို့ ကြားရလို့ ကျွန်မက လူလွှတ်ပြီး လျှို့ဝှက် သတင်းပေးခဲ့တယ်။ ရလဒ်အနေနဲ့ အရှင်မင်းကြီး သတိထား မိပြီးတော့ ရှီအွန် နန်းတော်ကနေ အပြင်မထွက်ဖို့ တရားစီရင်ပွဲကိုတောင် မလာဖို့ အမိန့်ပေးခဲ့တယ်။ တော်ဝင် အစောင့် အရှောက်တွေ အများကြီး လွှတ်ပြီး ရှီအွန်နန်းတော်ကို ပိတ်ပစ် ခဲ့တယ်။ ဒီနေ့အထိပေါ့။”

“ဆရာမက ဂျိုအန်နာကို သတိပေးခဲ့ တာကိုး!” ချန်လွေ့က ရုတ်တရက် သဘောပေါက်သွားသည်။ ဂါဖီးလ်သည် ဆမ်မြူရယ်ကို လက်စားချေရန်အတွက် ဂျိုအန်နာကို ထောင်ချောက်ဆင် ခဲ့သော်လည်း အီနာက သတိပေးချက် ရရှိပြီး ဂျိုအန်နာကို အချိန်မီ ကယ်တင် နိုင်ခဲ့သဖြင့် ကြောက်မက်ဖွယ် ဖြစ်ရပ်ကို ရှောင်ရှား နိုင်ခဲ့သည်။ အီနာကို အကြောင်းကြားခဲ့သူမှာ ဗာရိုနီကာ ဖြစ်နေခဲ့သည်။

“စစ်သည်တော် ဆမ်မြူရယ် ငါ့အတွက် လုပ်ပေးခဲ့တာတွေအတွက် ငါလုပ်ခဲ့တာက အသေးအမွှားတွေပါ။ ဒါပေမဲ့ ဆမ်မြူရယ် ဘာလို့ ငါ့ကို ကူညီခဲ့ ရတာလဲဆိုတဲ့ အကြောင်းရင်းကို ဒီနေ့မှပဲ သိရတော့တယ်။” ဗာရိုနီကာ နောက်ဆုံး ပြုံးလိုက်သည်။ မျက်နှာလွှား ရှိနေ သော်လည်း ကြင်နာတဲ့ ခံစားချက်ကို ပေးနေ၏။ “ငါကပဲ နင့်ကို ကျေးဇူးတင် ရမှာပါ။အာသာလေး။ ဒါပေမဲ့ နင် တကယ် ပြန်သင့်ပြီ။”

“ဒီနေ့ ကျွန်တော် ဒီမှာ တစ်ည အိပ်လို့ရတယ်။ ဒါက အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ပဲ။” ချန်လွေ့၏ မျက်နှာတွင် အတ္တဆန်သည့် အမူအရာ ရှိနေသည်။ “ကျွန်တော်က တန်ဖိုး နည်းနည်းကို ပြသပြီးတော့ ဒီ”ဆုလာဒ်”ကို ရခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ညပဲ။”

ဗာရိုနီကာ တုန်လှုပ်သွားပြီး သူ၏ မျက်နှာ အမူအရာသည် ယခင်ကထက် ဖြူဖျော့သွား၏။ “နင်။ နင်က...”

“စိတ်မပူပါနဲ့ ဆရာမ။” ချန်လွေ့က ပြုံးပြီး ခေါင်းကို လက်ညှိုးထိုးပြ လိုက်သည်။ “အာသာက အသက်ရှင်ဖို့ အတွက် အများကြီး ဆုံးရှုံးခဲ့ရပြီး အများကြီး ပြောင်းလဲခဲ့ ရပေမဲ့ တချို့ အရာတွေက ပြောင်းလဲမှာ မဟုတ်ဘူး။”

ဗာရိုနီကာက ချန်လွေ့၏ ရိုးသားသော အကြည့်ကို မြင်လိုက်သောအခါ သူ၏ မျက်နှာအမူအရာ နောက်ဆုံးတွင် ပန်းရောင် သမ်းလာသည်။ “တောင်းပန် ပါတယ်။ ငါနင့်ကို အထင်လွဲခဲ့မိတယ်။”

“ဆရာမ။ ကောင်းကောင်း အနားယူ လိုက်ပါ။” ချန်လွေ့ ထရပ်လိုက်သည်။ “ဒီဆက်သွယ်ရေးတံဆိပ်က ဆရာမ အတွက်။ ဘာဖြစ်ဖြစ် ဆရာမ ကျွန်တော့်ကို ဒီကနေ အကြောင်းကြား နိုင်ပါတယ်။ မသိနားမလည်တဲ့သူတွေ ဆရာမကို လာနှောင့်ယှက်ဖို့ ကြိုးစားရင် အေးဆေး ပြန်သွားမှာ မဟုတ်ဘူးလို့ အာမခံတယ်။ ဆရာမရဲ့ မောင်လေးနဲ့ တပည့်က အရင်ကလို အရည်အချင်း မရှိတဲ့ သူရဲဘောကြောင်တဲ့သူ မဟုတ် တော့ဘူး။ ကျွန်တော် ဒီမှာ ရှိနေသရွေ့ ဘယ်သူမှ ဆရာမကို မထိခိုက်နိုင်ဘူး။”

ဗာရိုနီကာသည် ချန်လွေ့ကို အံ့ဩစွာ စိုက်ကြည့်နေသည်။ သူက ကြင်နာမှုနှင့် ခိုင်မာမှုကို ခံစားရပြီး သူ၏ မျက်လုံး ပြာတွင် သက်သာရာရသည့် အမူအရာ ပေါ်လာကာ ခေါင်းညိတ်လိုက်၏။ “ဆရာမရဲ့ အာသာလေး အရွယ်ရောက် လာပြီပဲ။”

“ဆရာမ၊ နောက်ထပ်ရက် နည်းနည်း လောက်ပဲ သည်းခံပါ။ ကျွန်တော် ဆရာမရဲ့ လွတ်လပ်မှုကို အမြန်ဆုံး ပြန်ရအောင် နည်းလမ်းရှာပေးပါ့မယ်။” ချန်လွေ့က ပခုံးတွန့်ပြီး ဗာရိုနီကာကို လက်ပြနှုတ်ဆက်လိုက်သည်။ “ဆရာမ နောင်လာမယ့်ဘဝအတွက် ပျော်ရွှင်စရာ အစီအစဉ်ကောင်းတစ်ခု ဆွဲထားလို့ ရတယ်။ ဥပမာ- ဒီငှက်လှောင်အိမ် ဆိုးကြီးကနေ ထွက်သွားပြီးတော့ ဘယ်ကို သွားမလဲ စတာတွေပေါ့။ အတုချုပ် ပြောရရင်တော့ ဘာမှမပူပါနဲ့။”

ချန်လွေ့ တစ်လှမ်းချင်း လှမ်းကာ ပျောက်ကွယ်သည်အထိ စောင့်ကြည့် နေရင်း ဗာရိုနီကာ၏ အကြည့်များ ရုတ်တရက် သုန်မှုန်သွားသည်။ သူသည် သက်ပြင်းချလိုက်၏။ “အာသာလေး... နင်..နင် ပြန်မလာသင့်ဘူး။”

ချန်လွေ့က ရှီအွန်နန်းတော်မှ ပြုံးလျက် ထွက်ခွာခဲ့သော်လည်း သူ၏ အကြည့်မှာ ယခင်ကထက် ပိုမို လေးနက်နေသည်။

စိတ်ခံစားမှု လှုပ်ရှားမှုများကြောင့် သူ အရင်က ဂရုမစိုက် မိခဲ့ပေ။ ကြောက်စရာ ကောင်းသော မုန်းတီးမှုကို ခံစားရပြီး နောက်တွင် သူက [သရုပ်ခွဲမျက်လုံး] ကို သတိမထားမိဘဲ အသက်သွင်းလိုက် မိသည်။ ဗာရိုနီကာရဲ့ အချက်အလက် များမှာ အောက်ပါအတိုင်းပင်။

မျိုးနွယ်စု - လူသား (ဝိညာဉ်မျိုးကွဲ ခန္ဓာအမျိုးအစား)

စွမ်းအားအကဲဖြတ်မှု - (D) SS

ခန္ဓာအမျိုးအစား - (D-) SS-

ခွန်အား - (D-) SS-

စိတ်ဝိညာဉ် - (D) SS+

အမြန်နှုန်း - (D) SS

[စိစစ်ချက်]- မေးမှိန်မျက်လုံး၊ ဖုံးကွယ် ခန္ဓာ၊ သွေးစတေးဝိညာဉ်၊ အမုန်းတရား နှလုံးသား။

ဗာရိုနီကာက အမှန်တကယ်၌ တိုင်းပြည်အဆင့် စွမ်းအား ရှိနေ၏။

ချန်လွေ့၏ အံ့အားသင့်မှု အမှန်ပင် မသေးလှပေ။ ထိုမျှ စွမ်းအားရှိပါက သူ နန်းတော်မှ ထွက်ခွာရန် အလွန်ပင် လွယ်ကူသည်။ ထိုသို့ဆိုလျှင် သူ ထိုနေရာ၌ နေနေရသည့် ရည်ရွယ်ချက်က အဘယ်နည်း။ ဂါဖီးလ်၏ စွမ်းအားက နတ်ဆိုး အရှင်သခင် အဆင့် ကနဦးပိုင်းသာ ရှိသေးသည်။ ထိုမျှ အားနည်းသူ တစ်ဦးက သူကို မည်သို့ ‘နှောင့်ယှက်’ နိုင်မည်နည်း။

မှေးမှိန်မျက်လုံးနဲ့ ဖုံးကွယ်ခန္ဓာတွေက အစွမ်းထက်တဲ့ အကာအကွယ် စွမ်းရည် ဖြစ်ရမယ်။ [သရုပ်ခွဲမျက်လုံး] သာ မရှိရင် ချန်လွေ့၏ တိုင်းပြည်အဆင့် အထွတ် အထိပ် အာရုံခံနိုင်စွမ်းဖြင့်ပင် ဗာရိုနီကာရဲ့ တကယ့်စွမ်းအားကို မြင်နိုင်မည် မဟုတ်ပေ။ ဒါဆိုရင် လက်ဇ်လည်း ဒါကို သိနေလား။

ပြီးတော့ ဗာရိုနီကာက ဒီလိုစွမ်းအင်ကို ကြယ်အလင်း ကောလိပ်မှာတုန်းက ရခဲ့တာလား။ ဒါမှမဟုတ် နဂါးလင်းလက် အင်ပါယာကို အတင်းအကျပ် လက်ထပ် ပြီးမှ ရခဲ့တာလား။ ဝိညာဉ်မျိုးကွဲ ခန္ဓာ အမျိုးအစားဆိုတာ ဘာလဲ။ ဒါက သူရဲ့ ကိုယ်ပိုင် စွမ်းအင်လား။ ဒါမှမဟုတ် ဝိညာဉ် တစ်မျိုးမျိုးရဲ့ ထိန်းချုပ်မှုကို သူ ခံထားရတာလား။

ချန်လွေ့က ဂိုဏ်းအုပ်အချုပ် ဝင်းလ်တော် ပြောခဲ့ဖူးသည့် “စွမ်းအားကို အဆများစွာ တိုးစေမည့် သွေးယဇ် ပူဇော်မှု တစ်မျိုး” ကို ရုတ်တရက် သတိရလိုက်၏။ ထိုအရာကို [စိစစ်ချက်] ပြသသော ‘သွေးစတေးဝိညာဉ်’ နှင့် ဆက်စပ် လိုက်သောအခါ သူ ကျောချမ်း သွားပြီး စိတ်ထဲတွင် ထိတ်လန့်ဖွယ် ကောင်းသော ထင်မြင်ချက် တစ်ခု ပေါ်လာခဲ့သည်။

“‘အာသာလေး’၊ မင်းရဲ့ ဒီတစ်ခေါက် ‘ကယ်ဆယ်ရေး’ တာဝန်က တကယ် ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုပဲ။” ချန်လွေ့က သူ့ကိုယ်သူ ပြောလိုက်ပြီး အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ သူက နေအိမ် ဖြစ်သော ရွှေတိမ်တိုက် နန်းတော်ဆီသို့ လျှောက်လာခဲ့သည်။

သုံးရက်အကြာတွင် ရွှေနယ်မြေက ကြီးကျယ် ခမ်းနားသော ပွဲတော်တစ်ခု ကျင်းပခဲ့သည်။

ထိုပွဲတော်က ၇နှစ်ကြာ ပျောက်ဆုံး နေခဲ့သော အုပ်စိုးသူ၊ အင်ပါယာ၏ တတိယ မင်းသား ‘အာသာရိုလန်’ ပြန်ရောက် လာခြင်းကို ဂုဏ်ပြုရန် ဖြစ်သည်။

မဟာဧလက်ဇ်နှင့် မြို့တော်ရှိ အထက်တန်းစား မိသားစုအားလုံးနီးပါး ပွဲအခမ်းအနားကို တက်ရောက်ခဲ့ ကြသည်။ ဒုတိယမင်းသား ဂါဖီးလ်သည် အုပ်စိုးသူကို ကိုယ်စားပြုသော တံဆိပ် လက်စွပ်ကို တတိယမင်းသား ‘အာသာ’ အား အခမ်းအနားတွင် ပေးအပ်ခဲ့သည်။ ထိုအရာက မင်းသား အာသာသည် ရွှေနယ်မြေကို တရားဝင် ထိန်းချုပ်ခွင့် ပြန်လည်ရရှိခြင်းကိုလည်း ကိုယ်စားပြု၏။

နှစ်များစွာအတွင်း ဒုတိယမင်းသား ဂါဖီးလ်သည် ကြွယ်ဝသော ရွှေရောင် နယ်မြေကို ဖိနှိပ်မှုနှင့် ခေါင်းပုံဖြတ်မှုဖြင့် အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခဲ့သည်။ သလင်းကျောက်နက် ဒင်္ဂါး အများအပြား သူ့အိတ်ထဲ ရောက်သွားသော အခါတွင် ဒေသခံများ မကျေမနပ် ဖြစ်ခဲ့သည်။ နှိုင်းယှဉ်မှုများ ရှိလာသော အခါ လူအများစုက မင်းသား ‘အာသာ’ ရှိစဉ်က ပိုမိုဖြေလျှော့ထားသော မူဝါဒကို သတိရလာ ခဲ့ကြသည်။ ယခုအခါ တတိယမင်းသား ပြန်လာသည်ကို ကြားသော အခါ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

အခမ်းအနား၌ အထူး ဧည့်သည် တစ်ဦးကိုလည်း ကြိုဆိုခဲ့သည်။ ထိုသူက လူသားများ၏ ယန္တရား မဟာဆရာသခင် နှစ်ဦးထဲမှ တစ်ဦးဖြစ်သော မဟာ ဆရာသခင် ချီချူပင်။

မဟာဆရာသခင်ချီချူက ပါရမီရှင် တပည့် ပယ်လုစီနှင့်အတူ တက်ရောက် ခဲ့သည်။ မဟာဆရာသခင် ချီချူသည် တတိယမင်းသား ‘အာသာ’နှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိပုံရပြီး မာနကြီးသော ယန္တရား ဆရာသခင် ပယ်လုစီက ‘အာသာ’ ရှေ့တွင် ဆရာတစ်ဦးကို မြင်တွေ့နေရသကဲ့သို့ လေးစားမှုကို ပြသနေခဲ့သည်။

ခဏအကြာ အဖြေ ပေါ်လာခဲ့သည်။ မဟာဆရာသခင်ချီချူက လူအများ ရှေ့မှာ ထိတ်လန့်စရာ သတင်းတစ်ခုကို ကြေညာခဲ့သည်။ အဂ္ဂိရတ် လောက၌ တတိယမြောက် လူသား ယန္တရား မဟာဆရာသခင် ပေါ်ထွက် လာခဲ့လေပြီ။ ထိုသူက အဂ္ဂရတ် သမိုင်းတစ်လျှောက် အငယ်ဆုံး မဟာဆရာသခင်လည်း ဖြစ်၏။ ထိုသူကတော့ နဂါးလင်းလက် အင်ပါယာမှ တတိယ မင်းသား ‘အာသာ’ပင်။

ရုတ်တရက် လူတိုင်း အုတ်အော် သောင်းတင်း ဖြစ်သွား ကြသည်။ ‘အာသာ’က အသက် ၃၀ပင် မရှိသေးပေ။ သူ့က လူအများက မသိကြပေ။ ၇နှစ် ပျောက်ကွယ် သွားပြီးနောက် သူက ယန္တရား မဟာဆရာသခင် တစ်ဦး အဖြစ် ပြန်လာခဲ့လေသည်။

မဟာဆရာသခင်က ဆရာသခင် မဟုတ်ပေ။ လူသားလောက တစ်ခုလုံး တွင်ပင် ဆေးရည် မဟာဆရာသခင်များ၊ ယန္တရား မဟာဆရာသခင်များက အနည်းငယ်မျှသာ ရှိသည်။ ထိုမတိုင်ခင် လူသားများ၌ ယန္တရား မဟာဆရာသခင် နှစ်ဦးသာ ရှိခဲ့သည်။ သူတို့မှာ ချီချူနှင့် ဖာလာချီနီတို့ ဖြစ်၏။ ‘အာသာ’ ၏ မဟာဆရာသခင် အဆင့်အတန်းသည် အလေးစားခံရဆုံးဖြစ်သော မဟာ ဆရာသခင် ချီချူထံမှ လာခြင်းဖြစ်ရာ အစစ်အမှန် ဖြစ်ပေသည်။

တတိယမင်းသားကို တော်ဝင် မိသားစုဝင်များ ကြည့်သော မျက်လုံးများ ပြောင်းလဲသွားပြန်သည်။ ပွဲတော်သို့ တက်ရောက်ခဲ့သော သိဒ္ဓိကျောင်းတော် ရေဖျန်းဘုန်းတော်ကြီး ဂရာလင်က ထပ်မံ၍ ထိတ်လန့် သွားပြန်သည်။ သိဒ္ဓိသားတော်လောင်းနှင့် နောင်လာမည့် မြင့်မြတ်သော ပုပ်ရဟန်းမင်းလောင်းက ယန္တရား မဟာဆရာသခင် တစ်ဦးလည်း ဖြစ်နေ၏။

‘အာသာ’၏ အသက်အရွယ် အရ အင်ပါယာ၊ ကျောင်းတော် သို့မဟုတ် ယန္တရားလောက မည်သို့လောက၌ ဖြစ်စေ အနာဂတ်က ခန့်မှန်း၍ မရနိုင်အောင် ကြီးမားလှပေသည်။

သူက သိဒ္ဓိ ကျောင်းတော်၏ သိဒ္ဓိသားတော် ဖြစ်လာ နိုင်ခဲ့လျှင် ကျောင်းတော်အတွက် အစွမ်းထက်ဆုံး ပစ္စည်းများကို ဖန်တီးပေးနိုင်မည် သာမက မရဏနက် နောက်လိုက်များနှင့် အခြားအကြောင်းများကြောင့် ကျဆင်း လာနေသော ကျောင်းတော်၏ သြဇာ အာဏာလည်း အမြင့်ဆုံး အဆင့်သစ်သို့ ရောက်ရှိလာမည် ဖြစ်သည်။

၇နှစ်ကြာ ပျောက်ဆုံးနေခဲ့သော နဂါးလင်းလက် အင်ပါယာ၏ အချစ်ခံရဆုံး မင်းသားက ပြန်ရောက် လာသည်နှင့် ရွှေရောင်နယ်မြေကို ပြန်လည် ရရှိခဲ့သည်။ ယန္တရား မဟာ ဆရာသခင် ဖြစ်ခြင်းကြောင့်ပင်။ ကျက်သရေပြာမှ အင်ပါယာ သံတမန် ခီးနီရှာဘတ်က ‘မင်းသားအာသာ’နှင့် ပတ်သက်သော အဓိကအရာများကို တိတ်တဆိတ် တွက်ချက်နေခဲ့၏။ ဟုတ်တယ်... နောက်ထပ် တစ်ခု ထပ် ရှိသေးတယ်။ အဲဒါက ကျက်သရေပြာ အင်ပါယာက မင်းသမီး လန်ဘိစ်နဲ့ စေ့စပ်ထားသူ ဆိုတာပဲ။

All Chapters