ရွှေရောင်နယ်မြေပေါ်မှ နဂါးများ
Vol. 58 Ch. 946
ထိုညတွင် ဆမ်မြူရယ်က ခမ့်လော့ မိသားစုထံမှ ပြန်လာပြီး မိသားစုမှ တရားဝင် ထုတ်ပယ် ခံခဲ့ရသည်။ ထို့နောက် သူက အာသာ၏ စံအိမ်သို့ ပြန်ရောက်လာပြီး လူအများအပြားကို ခေါ်ဆောင်လာခဲ့သည်။ ပိုမိုတိကျစွာ ပြောရလျှင် ၎င်းမှာ ဆမ်မြူရယ်နှင့် မိသားစုကြားမှ ‘ခွဲခွာစရိတ်’ ဖြစ်သည်။
နောက်ပိုင်းတွင် ဆမ်မြူရယ်က ခမ့်လော့ မိသားစုနှင့် သေသေရှင်ရှင် မည်သည့် ပတ်သက်မှုမှ မရှိတော့ပေ။ သို့သော် ပြောင်းလဲ၍ မရသော အချက်တစ်ချက် ရှိသည်။ သူ၏ ခန္ဓာကိုယ် ထဲတွင် စီးဆင်းနေသော သွေးများက ခမ့်လော့ မိသားစုမှ ဖြစ်သည်။
တစ်နေ့တွင် ကာလိုနှင့် ခမ့်လော့ မိသားစု ပျက်စီးသွား လျှင်ပင် ဆမ်မြူရယ်က မျိုးရိုး အမည်ကို ပြန်လည် ရယူပြီး မိသားစု၏ စစ်မှန်သောမျိုးရိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။
ဥများကို ခြင်းတောင်း တစ်ခုတည်း မထည့်ခြင်း။ ထိုအရာက မိသားစုကြီး များ၏ ပုံမှန်နည်းလမ်းဖြစ်ပြီး အသွင်ယူ ရင်းနှီးမြှုပ်နှံမှုနှင့် တူညီသည်။
ထိုလူအုပ်စုကို ဆမ်မြူရယ်က မိသားစု ထဲမှ အထူးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့က အသက်ကြီးပြီး အားနည်း သူများ မဟုတ်ဘဲ အရည်အချင်းရှိပြီး ယုံကြည် စိတ်ချရသော လူတော်များ ဖြစ်ကြသည်။ အချို့က အစိုးရရေးရာတွင် ကျွမ်းကျင်ပြီး အချို့က စီးပွားရေးတွင် ကောင်းမွန်ကာ အချို့က တိုက်ခိုက်ရေး စွမ်းအားများ ကောင်းမွန် ကြလျက် အချို့က လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရန် သင့်တော်သော စက်မှု ပညာရှင်များ ဖြစ်ကြသည်။ ချန်လွေ့က ကာလိုကို သူ၏ အံ့ဩဖွယ်ကောင်းသော ကြံစည်မှုနှင့် သတ္တိကို ပြသပြီးနောက် ‘ခွဲခွာစရိတ်’၏ အရည်အသွေးက မေးစရာ မလိုဘဲ အကြိမ်များစွာ တိုးလာခဲ့သည်။
သိပ်မကြာခင် ဂျိုအန်နာက ဖီးလစ် မိသားစုတွင် အလားတူ မြင်ကွင်း တစ်ခုကို ပြသခဲ့ပြီး လူတော်များစွာကို မခေါ်လာခဲ့သော်လည်း ငွေကြေးနှင့် ပစ္စည်း များစွာကို ယူဆောင်လာခဲ့သည်။ ဆမ်မြူရယ်၏ အခြေအနေနှင့် မတူဘဲ ဖီးလစ် မိသားစုက ကောင်းမွန်သော ဆန္ဒကို စတင်ပြသခဲ့သည်။
ခမ့်လော့ မိသားစုနှင့် ဖီးလစ် မိသားစုတို့၏ ‘အရင်းအနှီး’ နှစ်ခုအပြင် ရွှေရောင်နယ်မြေရှိ ဆမ်မြူရယ်၏ လုပ်ဆောင်မှုများကြောင့် ချန်လွေ့သည် နောက်ဆုံးတွင် ပိုမို များပြားသော အရင်းအမြစ် ရရှိခဲ့ပြီး ထိရောက်သော လုပ်ရပ်များကို လုပ်ဆောင်နိုင်ခဲ့သည်။
ပထမဆုံး လက်ထောက်အဖြစ် မစ်-ရင်းနီက စတင် ထင်ပေါ်လာခဲ့သည်။
အစ်ဇဘယ်လာက အိုဆိုင်ဒန်ခေတ်က အရေးပါသော ဝန်ကြီး တစ်ယောက် ဖြစ်ခဲ့သည်။ သူက ကြယ်ကြွေတမန် အင်ပါယာ၏ ထောက်လှမ်းရေးနှင့် စီးပွားရေးကို ထိန်းချုပ်ခဲ့လေသည်။ ချန်လွေ့ကို အပ်နှင်းပြိးနောက် တစ်ဝက် တစ်ပျက် အငြိမ်းစားယူထားသော်လည်း သူ၏ စွမ်းရည်က ရှီရာ၏ ယုံကြည်မှုကို ရရှိခဲ့သည်။ ရှီရာက သူကို ခက်ခဲသော ပြဿနာ အချို့ကို အခါအားလျော်စွာ ဖြေရှင်းခိုင်းလေ့ရှိသည်။
နတ်ဆိုးဘုံ တစ်ခုလုံးကို ကြည့်လျှင် မစ်-ရင်းနီသည် ပြည်တွင်းရေးအတွက် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး ထိုကဲ့သို့သော နယ်မြေ တစ်ခုကို ကိုင်တွယ် ဖြေရှင်းရာတွင် ပြောစရာပင် မလိုပေ။
ပထမဆုံး ဖြေရှင်းရမည့် အရာမှာ ထိုအလုပ် တာဝန်များ ဖြစ်သည်။ အသစ်ခန့်အပ်ထားသော သူများတွင် ရှောင်လွှဲမရသော အားနည်းချက်အချို့ ရှိသော်လည်း နယ်မြေ၏ အလုံးစုံသော အခြေခံသည် တည်ငြိမ်လာပြီး ရပ်တန့် နေပြီး ပျက်စီးနေသော စီမံကိန်းများကို ပြန်လည် စတင် လာခဲ့သည်။
ဆမ်မြူရယ်က ရွှေရောင်နယ်မြေ၏ အခြေအနေကို အရင်းနှီးဆုံး ဖြစ်သည်။ သူက ခမ့်လော့ မိသားစုမှ ခွဲထွက် ခဲ့သော်လည်း သူ၏ ဂုဏ်သိက္ခာနှင့် ဆက်စပ်မှုများသည် မကျဆင်းဘဲ တိုးတက် လာခဲ့သည်။ သူက လက်ရှိတွင် ရွှေရောင်နယ်မြေ၏ ငြိမ်ဝပ်ပိပြားရေး အရာရှိနှင့် တပ်ရင်းမှူး အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဂျိုအန်နာက အင်ပါယာ ကောလိပ်တွင် စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးကို အထူးပြုသော ထူးချွန် ကျောင်းသူတစ်ဦး ဖြစ်ပြီး နာမည်ကျော် ရုက္ခဗေဒ ပညာရှင် တစ်ဦးလည်း ဖြစ်၏။ ဖီးလစ်မိသားစုတွင် စီမံခန့်ခွဲမှု အတွေ့အကြုံ ကြွယ်ဝသူဖြစ်၍ စိုက်ပျိုးရေးဆိုင်ရာ အရာရှိ အဖြစ် ခန့်အပ် ခံခဲ့ရသည်။ ဆမ်မြူရယ်နှင့် ဂျိုအန်နာတို့နှင့် နှိုင်းယှဉ်လျှင် အီနာက အမျိုးမျိုးသော အတွေ့အကြုံများစွာ ရှိသူအဖြစ် မှတ်ယူနိုင်သည်။ သူက သင်္ဘောသား၊ ထောက်လှမ်းရေး၊ ကြေးစား စစ်သည်၊ စီးပွားရေးသမား စသည်ဖြင့် လုပ်ကိုင်ခဲ့ဖူးသည်။ အမြင့်ဆုံး အောင်မြင်မှုမှာ ‘သံမဏိ ဒိုင်းကာ ကြေးစားအဖွဲ့’၏ ခေါင်းဆောင် ဖြစ်သော်လည်း ယခုအခါ ထိုနေရာကို ရွှေရောင် နယ်မြေ ထောက်လှမ်းရေး အရာရှိချုပ်နှင့် မြို့တော်ကာကွယ်ရေး ခေါင်းဆောင်ဖြင့် အစားထိုး ရမည် ဖြစ်သည်။
အစ်ဇဘယ်လာနှင့် အခြားသူများ၏ ကြိုးပမ်းမှုဖြင့် ထောက်လှမ်းရေးဌာနကို လျင်မြန်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ အများ ပြည်သူ ဆူပူအုံကြွမှုကို လှုံ့ဆော်ရန် ကြိုးစားသော မိသားစုတစ်ခုကို နမူနာ ပြသရန်အတွက် အမြစ်ဖြတ် ချေမှုန်း ခဲ့သည်။ မင်းသား “အာသာ”၏ ထူးဆန်းသော အစောင့်အရှောက်က ထိခိုက်မှု မရှိဘဲ ရန်သူအားလုံးကို ချေမှုန်း ခဲ့ကြောင်း သတင်းများ ထွက်လာ ခဲ့လေသည်။
နောက်တစ်နေ့တွင် မြို့ရိုးပေါ်၌ ခေါင်းပြတ်များ ချိတ်ဆွဲထားရာ နယ်မြေ တစ်ခုလုံးတွင် အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။
ယခုတစ်ခေါက် သတ်ဖြတ်မှုပုံစံများက ဆိုးရွားသော ရည်ရွယ်ချက် ရှိသူများကို လုံးဝ လွှမ်းမိုးသွား စေခဲ့သည်။ လှုပ်ရှားရန် သွေးဆောင် ခံရသူများ ပိုမိုနာခံလာခဲ့ပြီး နယ်မြေ၏ လုံခြုံရေး ပိုမို တိုးတက်လာခဲ့သည်။
ထို့နောက် ချန်လွေ့က ဂါဖီးလ် မူလက သတ်မှတ်ထားခဲ့သည့် တင်းကျပ်သော အမိန့် ဒါဇင်ကျော်ကို ဖျက်သိမ်းကာ အမိန့် အသစ်များ ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်များအနက် စီးပွားရေးအခွန် လျှော့ချခြင်းနှင့် စိုက်ပျိုးရေး ထုတ်လုပ်မှုကို အားပေးခြင်း စသည်တို့က ရွှေရောင်နယ်မြေ တစ်ခုလုံးမှ အားပေးမှုကို ရရှိခဲ့သည်။
ထိုသို့ လုပ်ဆောင်မှုများစွာ ပြီးနောက် ချန်လွေ့က ရွှေရောင်နယ်မြေ၏ အဓိက သွေးကြောကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်ခဲ့၏။ နယ်မြေတစ်ခုလုံးက လူအချို့ မျှော်လင့်ထားသလို ဖရိုဖရဲနှင့် ထိန်းချုပ်မှု မရှိခြင်းတို့ မဖြစ်ခဲ့ဘဲ စည်းလုံး ညီညွတ်မှုနှင့် တည်ငြိမ် အေးချမ်းမှုတို့ကို ပြသခဲ့သည်။
ထိုကဲ့သို့သော နည်းလမ်းများနှင့် ပြဿနာ ဖြေရှင်းရန် အချိန်တို့က လေ့လာသူများ၏ ‘မျက်လုံးများ’ ကို နက်နက်နဲနဲ ဆွဲဆောင်နိုင်ခဲ့သည်။
မဟာလက်ဇ်က သတင်းကို ချက်ချင်း ရရှိခဲ့ပြီး ပလ္လင်တွင် တစ်ယောက်တည်း အချိန် အကြာကြီး ထိုင်နေခဲ့သည်။ ‘အာသာ’သည် ရှီအွန် နန်းတော်တွင် တစ်နာရီမျှ စကားပြော ပြီးနောက် ထွက်ခွာ သွားသည်ကို ကြားခဲ့စဉ်သ ကဲ့သို့ပင်။
ဂါဖီးလ်သည် လက်ထဲမှ သတင်းကို ကြည့်နေခဲ့သည်။ သူ၏ အံ့အားသင့်မှု ကြားတွင် ကြောက်စရာ ကောင်းသော လှောင်ပြောင်မှုတစ်ခု ပိုမိုပါဝင်နေသည်။ တိုက်ပွဲက စတင်နေလေပြီ။
ရွှေရောင်နယ်မြေကို ဂရုစိုက်သော မျက်လုံးများစွာက ပို၍ပင် အံ့အားသင့် ခဲ့ကြပြီး သက်ဆိုင်ရာ ထောက်လှမ်းရေး သတင်းများသည် အရပ်ရပ်သို့ အဆက် မပြတ် ရောက်ရှိနေခဲ့သည်။
သိပ်မကြာခင် ရွှေရောင်နယ်မြေ အတွက် ပြဿနာအသစ်များ ပေါ်ပေါက် လာခဲ့သည်။ မူလနယ်မြေရှိ ကုန်သည် အများအပြား ရုတ်တရက် နုတ်ထွက် သွားကြ၏။ ကုန်သွယ်ရေး လမ်းကြောင်း များစွာကို နည်းလမ်း အမျိုးမျိုးဖြင့် ပိတ်ဆို့ထားခဲ့ကြသည်။ အဓိကအားဖြင့် စီးပွားရေး အခွန်အပေါ် အခြေခံသော ရွှေရောင်နယ်မြေ အတွက် ထိုအရာက ကြီးမားသော ဆုံးရှုံးမှု ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် အုပ်စိုးသူများ ဒေဝါလီခံခြင်းနှင့် လစာမပေးခြင်းစသည့် ကောလာဟလများ နေရာတိုင်း ပျံ့နေပြီး၊ ဆောက်လုပ်ဆဲရှိသော စီမံကိန်းများကို တစ်ခုပြီးတစ်ခု ရပ်တန့်သွားစေခဲ့သည်။ ဆိုးရွားသော ရည်ရွယ်ချက် ရှိသူများ၏ လှုံ့ဆော်မှု အောက်တွင် အခြေချ နေထိုင်သူများ၏ စိတ်များ ပြန်လည် တုန်လှုပ် လာခဲ့သည်။ ဂါဖီးလ်ထံ လစာအကြွေးတင်နေသော အလုပ်သမား များက တစ်ယောက်ပြီးတစ်ယောက် သပိတ်မှောက်ခဲ့ကြပြီး လစာအငြင်းပွားမှု လှိုင်းတစ်ခုကို စတင်ခဲ့သည်။
နှေးကွေးသော ထုတ်ကုန်များ၊ အလုပ် လက်မဲ့ဖြစ်မှုနှင့် ငွေကြွေဖောင်းပွမှုများ၏ လက္ခဏာရပ်များလည်း စတင်ပေါ်ပေါက် လာခဲ့သည်။
ရွှေရောင်နယ်မြေ၏ ပိုင်ဆိုင်မှုများကို ဂါဖီးလ်က ယခင်က ယူဆောင်သွားခဲ့ သောကြောင့် ပြင်ပ အကူအညီအချို့ ရရှိခဲ့သော်လည်း ‘အာသာ’ လက်ထဲရှိ ငွေကြေးများက ယခုအချိန်တွင် ကုန်ဆုံး လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အစောဆုံး ရရှိသော အခွန်ငွေများကို နောက်လ မှသာ မှတ်တမ်း တင်နိုင်မည် ဖြစ်ရာ ယခုချက်ချင်း အရေးပေါ် အခြေအနေကို ဖြေရှင်းနိုင်ခြင်းမရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ အခွန်ကို ကြိုတင်၍ စည်းကြပ် ကောက်ခံရန်ပင်။ သို့သော် ချန်လွေ့က အခွန်လျှော့ချခြင်းကဲ့သို့သော အကျိုးရှိသော မူဝါဒများကိုသာ ကြေညာ ခဲ့သည်။ သူသာ ထိုကဲ့သို့လုပ်ခဲ့ပါက ဆန့်ကျင်ဘက်ဖြစ်နေပြီး နယ်မြေအတွင်း သူ၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ကျဆင်းစေလိမ့်မည်။
ထိုမျှမက အတင်းအကြပ် အခွန် ကောက်ခံခြင်းသည် ‘လုပ်ခ’ ပြဿနာ ကိုသာ ဖြေရှင်းနိုင်မည် ဖြစ်ပြီး နောက်ဆက်တွဲ ကုန်ကျစရိတ်များကို မည်သို့မျှ မတတ်နိုင်ပေ။ ယခုအခါ လုပ်ငန်းပိုင်းတွင် ပြင်းထန်စွာ ထိုးနှက်ခံ ရခြင်းကြောင့် ရွှေရောင်နယ်မြေ၏ အဓိက ဝင်ငွေမှာ သိသိသာသာ ကျဆင်း သွားခဲ့ပြီး ဆောက်လုပ်ရန် စီမံကိန်းများ ကျန်ရှိနေသေးသည်။ ကုန်စည်ပြပွဲကို ကျင်းပမည့် နေရာအခွဲကို ဖော်ပြရန် မလိုပေ။ နယ်မြေ တစ်ခုလုံးကို ထိန်းသိမ်းရန်ပင် အလွန်ခက်ခဲနေ၏။
‘အာသာ’က ၇နှစ်ကြာ ပျောက်ဆုံး နေခဲ့သည်။ သူက မဟာဆရာသခင်ဘွဲ့ ရရှိထားသော်လည်း သူ၏ လက်ရှိ ကွန်ရက်အခြေခံ အလွန် အားနည်း နေခဲ့သည်။ မိသားစုအချို့ ကူညီနိုင်စွမ်း ရှိသော်လည်း အကြောင်းအမျိုးမျိုး၊ အထူးသဖြင့် ဒုတိယမင်းသား၏ လျှို့ဝှက် သတိပေးချက်တို့ကို ထည့်သွင်း စဉ်းစားကာ လွယ်လွယ်ကူကူ မလှုပ်ရှား ရဲခဲ့ကြပေ။
လူတိုင်း မမျှော်လင့် ထားသည်မှာ ရွှေရောင်နယ်မြေတွင် ဖြစ်ပျက်ခဲ့သော အုံကြွမှုက နေ့တစ်ဝက်ဖြင့်သာ ရပ်တန့် သွားခဲ့ခြင်းပင်။ ဖြစ်ပျက်ခဲ့သည်မှာ အလွန် ရိုးရှင်း၏။ သခင် ‘အာသာ’က သလင်းကျောက်နက် ဒင်္ဂါးများ ပြည့်နေသော သေတ္တာ ရာနှင့်ချီကို ထုတ်ယူကာ အလုပ်သမားများရှေ့တွင် ပုံထားခဲ့သည်။ ထို့နောက် သူက စကားသုံးခွန်းကို ပြောခဲ့၏။ “ပမာဏနဲ့ အရည်အသွေး အာမခံချက်ရှိပြီးတော့ သတ်မှတ်ချိန်ထက် ပိုပြီးတော့ အလုပ် စောစောပြီးတဲ့သူတွေကို နှစ်ဆပေးမယ်။ အလုပ်ကို အချိန်ဆွဲတဲ့ သူတွေကို တစ်ဝက်ပဲ ပေးမယ်။ ကောလာဟလ ဖြန့်ဝေတဲ့ သူတွေကို ချက်ချင်း ကွပ်မျက်မယ်။”
ထိုသလင်းကျောက်နက် ဒင်္ဂါးများ၏ အလင်းရောင်က ကြည့်ရှုသူများ၏ မျက်လုံးများကို တလက်လက် ဖြစ်သွား စေခဲ့သည်။ တတိယ မင်းသားက အံ့ဩဖွယ်ကောင်းသော ကြွယ်ဝမှုနှင့် သတ္တိကို ပြသပြီးနောက် ကောလာဟလ များစွာက ချက်ချင်း ပြောင်းပြန်လှန် သွားခဲ့သည်။
ထိုကြွယ်ဝမှုက ပြင်ပအထောက်အပံ့မှ မဟုတ်ဘဲ ‘အာသာ’ ကိုယ်တိုင်မှ ဆိုသည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် နယ်မြေ၏ အကြီးဆုံး ဝင်ငွေသည် ယခုအခါ ပျက်စီးသွားပြီ ဖြစ်သည်။ ထိုပြဿနာကို အခြေခံ အားဖြင့် ဖြေရှင်းနိုင်ခြင်း မရှိပါက ‘အာသာ’တွင် များပြားသော ငွေကြေး အရင်းအမြစ်များ ရှိနေသော်လည်း အဆုံးမဲ့သော ချောက်နက်ကြီးကို ဖြည့်ဆည်းနိုင်မည် မဟုတ်ပေ။
‘ကျွမ်းကျင်သူများ’၏ အမြင်အရ ထိုလုပ်ရပ်က ပြဿနာဇစ်မြစ်ကို မဖြေရှင်းနိုင်သေးပေ။ ရွှေရောင်နယ်မြေ၏ ကပ်ဘေးကို အခြေခံအားဖြင့် မဖြေရှင်း နိုင်သေးပေ။
အမှန်တကယ်၌ ချန်လွေ့၏ တကယ့် ငွေကြေးများက ‘ကျွမ်းကျင်သူများ’ စိတ်ကူး နိုင်သည်ထက် ကျော်လွန် နေသည်။ ခမ့်လော့ မိသားစုသည် အင်ပါယာ တစ်ခုနှင့် ယှဉ်ပြိုင်နိုင် လောက်အောင် ကြွယ်ဝသည် ဆိုလျှင် ချန်လွေ့၏ကြွယ်ဝမှုက လောကတစ်ခုလုံး နှင့်ပင် နှိုင်းယှဉ်နိုင်၏။ သာမန် နယ်မြေ တစ်ခုကို အလကား ပံ့ပိုးပေးခြင်းက ပြဿနာမဟုတ်ပေ။
လုပ်ခ အုံကြွမှုများကို ငြိမ်သက် စေပြီးနောက် ချန်လွေ့က ကုန်သည် များကို ဆွဲဆောင်ရန် စီးပွားရေး လမ်းကြောင်းများ ဖွင့်လှစ်ရန် လှည့်ပတ် မသွားခဲ့ပေ။ ထိုအစား သူက နယ်မြေ အတွင်း ထူးဆန်းသော လုပ်ဆောင်ချက် များစွာကို ပြုလုပ်ခဲ့သည်။ ဥပမာအားဖြင့် ကုန်စည်ပြပွဲ ကျင်းပမည့် နေရာခွဲ ဆောက်လုပ်ခြင်းကို အရှိန်မြှင့်တင်ခြင်း၊ ဆိုင်အသစ်များ တည်ဆောက်ခြင်း၊ လမ်းများ ပြုပြင်ခြင်းနှင့် အလုပ်ထွက် သူများနှင့် ပတ်သက်သော ကွန်ရက်ကို အပြစ်ပေး ရှင်းလင်းခြင်းတို့ ပါဝင်သည်။ သူက မရေမတွက်နိုင်သော အဓိက ဖောက်သည်များကို ကြိုဆိုရန် ပြင်ဆင်နေသည့် ပုံစံမျိုး ပြသခဲ့ပြီး အချို့သူများ၏ လျှို့ဝှက်ပြင်ဆင် ထားသော နည်းလမ်းများကို အသုံး မဝင်အောင် ပြုလုပ်ခဲ့သည်။ လူအများ အပြားက နားမလည် နိုင်အောင် ဖြစ်ခဲ့ကြသည်။
တွင်းကိုဖြည့်ရန် ကြိုးစားမည့်အစား သူက ပိုကြီးသောတွင်းကို တူးနေခြင်း ဖြစ်သည်။ ထိုအရာက ဆုံးရှုံးမှုများကို ပိုဖြစ်စေလိမ့်မည်။ ‘အာသာ’ ဘာလုပ်ဖို့ စဉ်းစားနေတာလဲ။
တတိယ မင်းသားက ငွေကြေးများစွာ ပိုင်ဆိုင်ထားသော သူဌေးကြီးတစ်ဦး ဖြစ်ပြီး ပိုက်ဆံဖြင့် ပိုက်ဆံရှာရာတွင် အကောင်းဆုံးဖြစ်သည်ကို မည်သူမျှ မသိကြပေ။ လူ့လောကရှိ ထိုမြေယဉ်က သူ ပြန်လည် သိမ်းပိုက်ရန် စောင့်ဆိုင်း နေသော မြေဆီလွှာကောင်း ဖြစ်သည်။ သူ မည်သို့ ဆုံးရှုံးနိုင်မည်နည်း။
ထိုနေ့တွင် ရွှေရောင်နယ်မြေ အပေါ်၌ ကြီးမားတဲ့ ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး နေရောင်ကိုပင် ဖုံးကွယ်လုနီးပါး ဖြစ်ခဲ့၏။ အောက်ဘက် လယ်မြေတွင် အလုပ် လုပ်နေသော လယ်သမား များက အံ့သြစွာဖြင့် ဒီပုံရိပ်ကို မော့ကြည့် ခဲ့ကြသည်။
ဧရာမနဂါး!
ထိုဧရာမနဂါးကြီးက နယ်မြေအပေါ်၌ ပျံလာပြီး မြို့ကောင်းကင်သို့ ရောက်ရှိ လာကာ ဆင်းသက် ပျောက်ကွယ် သွားခဲ့သည်။
နဂါးများအားလုံးတွင် လူအသွင် ပြောင်းလဲ နိုင်သော စွမ်းရည်များ ရှိကြသည်။ လူအသွင် ပြောင်းလဲပြီး သည်နှင့် မည်သည့် နေရာသို့ သွားနေကြောင်း မည်သူမှ မသိနိုင်တော့ပေ။
နဂါးလင်းလက် အင်ပါယာ၌ လူ့လောကရှိ သီးသန့် အဖြစ်ဆုံး နဂါး စစ်သည်တော် ဗိုလ်ခြေ ရှိသောကြောင့် နဂါးလင်းလက် ပြည်သူများ အနေဖြင့် နဂါးကြီးများက တခြားအင်ပါယာများနှင့် တိုင်းပြည်များလောက် မရှားပါးပေ။ ဆက်စပ်ပြီး ပြောရလျှင် အန္တရာယ် အတိုင်းအတာက အလွန် နည်းပါး၏။ ထို့ကြောင့် ဧရာမနဂါး ပေါ်လာခြင်းက သိပ်ပြီး အုတ်အော် သောင်းတင်း မဖြစ်စေခဲ့ပေ။
နောက်တစ်နေ့ ရွှေရောင်နယ်မြေတွင် နဂါး ၃ကောင် ထပ်မံပေါ်လာခဲ့သည်။ နဂါး ၃ကောင်သည် သာမန်ကိစ္စ မဟုတ်ဘဲ ရွှေရောင်နယ်မြေသို့ လမ်းတစ်လျှောက် လူ အများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
တတိယနေ့တွင် နဂါး ၅ကောင်၊ စတုတ္ထနေ့တွင် နဂါး ၇ကောင် နှင့် ပဉ္စမနေ့တွင် နဂါး ၉ ကောင် ရောက်ရှိ လာခဲ့သည်။ စေ့စေ့စပ်စပ် လေ့လာထား သူများက နေ့စဉ် ပျံသန်းလာသော နဂါးများ မတူညီကြကြောင်း သတိပြုမိ ကြသည်။
နဂါး တစ်ကောင်တည်း ဆိုလျှင် ကိစ္စ မရှိသော်လည်း ရက်ပေါင်း များစွာ ဆက်တိုက် နဂါးများစွာ ပေါ်လာခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။ နဂါးများ ကိုယ်တိုင်က အာရုံစိုက်စရာ ဖြစ်နေပြီ ဖြစ်သည်။
လူအချို့၏ ဖြန့်ဝေမှု အောက်တွင် ထိုသတင်းက နဂါးလင်းလက် အင်ပါယာ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း စတင်ပြောဆို လာကြသည်။ နဂါးတောင်ကြားက ရွှေရောင်နယ်မြေနဲ့ အလုပ်တစ်ခုခုများ လုပ်နေတာလား။
သူတို့ မသိလိုက်ခင်မှာပင် ရွှေရောင် နယ်မြေက နဂါးလင်းလက် အင်ပါယာ တစ်ခုလုံး၏ အာရုံစိုက်စရာ ဖြစ်လာခဲ့၏။
အမှန်တကယ်၌ ရွှေရောင် နယ်မြေ ကလည်း နဂါးတောင်ကြား၏ အာရုံစိုက် စရာ ဖြစ်နေသည်။
“ဟေ့။ မှော်ဂိမ်း ကြေငြာချက်ကို တွေ့ပြီးပြီလား။ နဂါးလင်းလက် အင်ပါယာက ရွှေရောင် နယ်မြေမှာ ဝိုင် သွားသောက်ရင် ထီပေါက်ဖို့ အခွင့်အရေး ပိုများတယ်။ ရနံ့မွှေး ပြောင်းဆန် ဝိုင်ပုလင်း အဖုံးပေါ်က စာရင်းသွင်းကုဒ်ကိုယူပြီးတော့ ဂိမ်းထဲကို ထည့်လိုက်ရုံနဲ့ အထူးရတနာ သေတ္တာ ဖွင့်ဖို့ အခွင့်အရေးရမယ်!”
“အဲဒါက သာမန်ဝိုင် မဟုတ်ဘူး။ အဲဒါကို နဂါးဝါဝိုင်လို့ ခေါ်တယ်။ မင်းရဲ့ သတင်းအချက်အလက် အဆင့်က အထင်သေး စရာပဲ။ ဖလို။ ငါတောင် အဲဒီ နယ်မြေကနေ ပြန်လာတာ။ ရတနာ သေတ္တာထဲကနေ ငါ ၁လ အပို ဂိမ်းကစားခွင့် ရခဲ့တယ်။ နေ့တိုင်း ၃နာရီ ပိုကစားလို့ရပြီ။”
“ကောင်းလှချည်လား။”
“ဘာကောင်းတာလဲ။ပီလင် မိသားစုက အန်ဒါလူကမှ ကံကောင်းတာ။ သူက နဂါးဝါ လက်နက်တစ်ခုနဲ့ မြေအောက် သင်္ချိုင်းခန်း ရတနာမြေပုံ တစ်ခု ရခဲ့တာ။”
“ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ထက်တော့ သာပါတယ်။ အလက်ခ်။ ငါက ဂိမ်းထဲမှာ အမြန်နှုန်း ၄မှတ် အမြဲ တိုးစေနိုင်တဲ့ ဆေးရည်မည်း တစ်ပုလင်းပဲ ရခဲ့တာ။ ဒါပေမဲ့ ပြောရရင် နဂါးဝါဝိုင်က နဂါး နတ်ဘုရားဆီက ချိုမြိန်တဲ့ လက်ဆောင် တစ်ခုပဲ။ အဲဒါကို သောက်ပြီးတော့ အခုသောက်တဲ့ ဘယ်ဝိုင်မှ အရသာ မရှိတော့ဘူး။ ဒါပေမဲ့ ကံဆိုးချင်တော့ အခု ရနိုင်တဲ့အရေအတွက်က ကန့်သတ် ထားတယ်။ နဂါးတစ်ကောင်စီက ၃ပုလင်းပဲ ဝယ်လို့ရတာ။ ငါ အဲဒီ ဝိုင်ကောင်းကို တကယ် လွမ်းတယ်...”
“ငါရောပဲ။ နောက်လမှာ ပွဲတော် တစ်ခု ရှိမယ်ထင်တယ်။ အချိန်မီ သွားရမယ်။ အရင်လာရင် အရင်ရမယ်လို့ ကြေညာ ထားတာ မဟုတ်ဘူးလား။”
“အားးးးး! မဟုတ်ဘူး။ ငါ အဲဒီ ရွှေရောင် နယ်မြေကို ချက်ချင်း သွားမှဖြစ်မယ်။”
“အတူတူ သွားကြတာပေါ့။”
“...”