← Chapters

ဝိုင်နှင့် မိတ်ဆွေဟောင်းများ

Vol. 58 Ch. 947

ဝိုင်နှင့် မိတ်ဆွေဟောင်းများ

Vol. 58 Ch. 947

နဂါးလင်းလက်အင်ပါယာ-

ရက်အနည်းငယ်အတွင်း ရွှေရောင် နယ်မြေထဲသို့ ဝင်ထွက် သွားလာသော နဂါးအရေအတွက် ပိုမို များလာခဲ့ပြီး ယခုအခါ နယ်မြေက ပတ်ဝန်းကျင် အားလုံး၏ အာရုံစိုက်ရာ နေရာ ဖြစ်လာခဲ့သည်။

အဖြေက နောက်ဆုံး ပေါ်ထွက် လာခဲ့သည်။

ရွှေရောင်နယ်မြေသို့ နဂါးများ လာရောက်ရခြင်း အကြောင်းရင်းမှာ ဝိုင်တစ်မျိုး ဝယ်ယူရန် ဖြစ်သည်။

ထိုဝိုင်ကို ယခင်က တစ်ခါမှမတွေ့ဖူးဘဲ ၎င်း၏အမည်မှာ ‘နဂါးဝါဝိုင်’ ဖြစ်၏။

နဂါးတောင်ကြားမှ နဂါးဧကရာဇ်ပါဂရစ်ဇ် သည် ရှေးဟောင်း ရတနာသိုက်တစ်ခုမှ အကောင်းဆုံးဝိုင်၏ လျှို့ဝှက်ချက်ကို ရရှိ ခဲ့သည်ဟု ဆိုသည်။ ကံဆိုးစွာဖြင့် ၎င်းမှာ မပြည့်စုံသေးဘဲ ပြုလုပ်၍ မရနိုင်ရာ နှမြောစရာပင် ဖြစ်သည်။ နောက်ပိုင်းတွင် မမျှော်လင့်ဘဲ နဂါးစီးနင်းသူ အသစ် ဆမ်မြူရယ်သည် မပြည့်စုံသေးသော လျှို့ဝှက်ချက်ကို နဂါးဧကရာဇ်ထံမှ ဆုလာဘ်အဖြစ် ရရှိခဲ့ပြီးနောက် လေ့ကျင့်ရေး အတွက် အန္တရာယ်ရှိသော နတ်ဆိုးဘုံသို့ သွားခဲ့ဖူးပြီး ထိုနေရာတွင် လျှို့ဝှက်ချက်၏ အခြားသော အစိတ်အပိုင်းကို မတော်တဆ ရရှိခဲ့၏။ ထပ်ခါတလဲလဲ စမ်းသပ်မှုများ ပြုလုပ် ပြီးနောက် နောက်ဆုံးတွင် သူက အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ရွှေရောင် နယ်မြေတွင် လျှို့ဝှက်ဝိုင်မြေအောက်ခန်း တစ်ခုကို တည်ဆောက်ခဲ့သည်။

ထိုတစ်ကြိမ်တွင် ဆမ်မြူရယ်က သူ့ကိုယ်သူ ပြန်လည် အဖတ်ဆည် နိုင်ခဲ့သည်။ နဂါးတောင်ကြားသို့ ပြန်ရောက် သောအခါ အကောင်းဆုံးဝိုင်ကို နဂါး ဧကရာဇ် ပါဂရစ်ဇ်အား ဆက်သခဲ့သည်။ နဂါးဧကရာဇ် အလွန်ဝမ်းသာပြီး ၎င်းကို နဂါးဝါဝိုင်ဟု အမည်ပေးခဲ့သည်။ ၎င်းကို နဂါးတောင်ကြား၏ ပုံရိပ်ယောင် လေ့ကျင့်ရေး အတွက် ဆုလာဘ် အဖြစ်လည်း သတ်မှတ်ခဲ့သည်။

ထို့ကြောင့် နဂါးများက ဆုလာဘ်ကို ရယူရန် ရွှေရောင်နယ်မြေသို့ အတောင်ပံ ဖြန့်ကော ရောက်လာခြင်း ဖြစ်သည်။ သို့သော် ထိုဝိုင်က အလွန်ပင် အံ့သြဖွယ်ရာ ကောင်းသောကြောင့် ကပ်စေးနဲသော နဂါးများပင် များစွာသေ သလင်းကျောက်နက်ဒင်္ဂါးများဖြင့် ဝယ်ယူ ခဲ့ကြသည်။ ထို့ကြောင့် ၎င်းက ဆုလာဘ် သက်သက်သာ မဟုတ်ပေ။

ဝိုင်အရေအတွက်ကို နည်းပါးမှုကြောင့် ဆမ်မြူရယ်က ဝယ်ယူမှု ပုံစံကို ကန့်သတ် ထားရပြီး နဂါးတစ်ကောင်လျှင် ဝိုင် ၁၀ပုလင်းသာ ဝယ်ယူနိုင်လေသည်။

ထိုသို့ ဆိုသည့်တိုင် နဂါးများ အဆက်မပြတ် ရောက်ရှိ လာကြပြီး နဂါးဝါဝိုင်က ပြတ်လပ်နေခဲ့သည်။ နဂါး များစွာက အုပ်စိုးသူ စံအိမ်သို့ သွားရောက် ခဲ့ကြပြီး ဆမ်မြူရယ်၏ သခင် မင်းသား‘အာသာ’အား ထိုဝိုင်ကို အကန့်အသတ်မရှိ ရောင်းချပေးရန် စုပေါင်း ဆန္ဒပြခဲ့ကြသည်။ မင်းသား ‘အာသာ’က သဘောတူခဲ့ပြီး အများ ပြည်သူသို့ ရောင်းချခြင်း အတွက် ပြင်ဆင်နိုင်ရန် ဆမ်မြူရယ်အား ဝိုင် ထုတ်လုပ်မှုကို အရှိန်မြှင့်ရန် အမိန့်ပေး ခဲ့သည်။

ထိုသတင်းက လူတိုင်းကို စိတ်ဝင်စား သွားစေခဲ့သည်။ နဂါးတောင်ကြားက နဂါးတွေကို ဝယ်ချင်စိတ် ပြင်းပြ စေပြီးတော့ အုပ်စိုးသူစံအိမ်မှာ ဆန္ဒပြ ရတဲ့အထိ ဖြစ်လောက်အောင် အဲဒါက ဘယ်လိုဝိုင်မျိုးမို့လို့လဲ။

ချက်ချင်းပင် ဉာဏ်ကောင်းသော လုပ်ငန်းရှင် အဖွဲ့တစ်ဖွဲ့က ရွှေရောင် နယ်မြေသို့ ဝင်ရောက်လာပြီး ထိုဝိုင်ကို ရောင်းချခွင့် ရရှိရန် ဆမ်မြူရယ်နှင့် ချိန်းဆိုခဲ့ကြသည်။

ထိုကဲ့သို့ ‘ဆာလောင်မှု ကြော်ငြာခြင်း နည်းလမ်း’က ထိုကုန်သည်များနှင့် ဖောက်သည်များကို အသေအချာပင် ပို၍ ‘ရေငတ်’စေခဲ့သည်။ ကုန်သည်များက ပို၍ပို၍ ရွှေရောင်နယ်မြေသို့ ရောက်ရှိလာ ကြသည်။

နဂါးဝါဝိုင်ကို မြည်းစမ်းဖူးသူများက ထိုဝိုင်အသစ်က ယနေ့ကမ္ဘာပေါ်ရှိ မည်သည့် အကောင်းဆုံးဝိုင် ကိုမဆို သာလွန်ကြောင်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ရူးသွပ်မှု ဖြစ်စေနိုင်လောက်ကြောင်း တညီတညွတ်တည်း သဘောတူ ခဲ့ကြသည်။

ချက်ချင်းပင် ရွှေရောင်နယ်မြေသာမက အင်ပါယာတစ်ခုလုံးပါ ပွက်ပွက်ဆူလာ တော့သည်။

ထိုအချိန်တွင် မင်းသား ‘အာသာ’ ၏ ညှိနှိုင်းမှု အောက်တွင် ဆမ်မြူရယ်က မြို့ထဲတွင် နဂါးဝါဝိုင်ကို ပွင့်ပွင့်လင်းလင်း စတင်ရောင်းချခဲ့သည်။ ၎င်းတို့အနက် အကောင်းဆုံး နဂါးဝါဝိုင်မှာ ကန့်သတ် ထားသော်လည်း ထိပ်တန်း၊ အလယ် အလတ်နှင့် သာမန် အမျိုးအစား ၃မျိုးကို စျေးနှုန်းအမျိုးမျိုးနှင့် လိုက်လျောညီထွေ ဖြစ်စေရန် အသုတ်လိုက် ထုတ်လုပ်ပေး နေသည်။

နေ့တိုင်း ဆိုင်များရှေ့တွင် တန်းစီပြီး စောင့်ဆိုင်း နေသူများ ရှိနေသည်။ မည်သည့် နဂါးဝါဝိုင် အမျိုးအစား ဖြစ်စေကာမူ ထွက်ရှိသည်နှင့် တပြိုင်နက် ရောင်းကုန်သွား၏။ ဆိုင်ခွဲ၃ခု ဖွင့်လှစ် ထားသော်လည်း အလွန်ရောင်းအား ကောင်းနေဆဲ ဖြစ်သည်။ မှောင်ခို ဈေးကွက်တွင် နဂါးဝါဝိုင်၏ စျေးနှုန်းမှာ မိုးထိုးသွားခဲ့သည်။

ထိုအခွင့်အရေးကြောင့် ဆမ်မြူရယ်က အချိန်ကို အခွင့်ကောင်း ယူကာ နဂါးဝါဝိုင်ကို လာမည့်ကုန်စည်ပြပွဲတွင် ပထမဆုံးသော မှာယူမှုများကို တရားဝင် စတင်လက်ခံမည် ဖြစ်ပြီး ထိုအချိန်တွင် ပထမဆုံးသော ဖြန့်ဖြူးသူများကို အပြီး ပို့ပေးမည်ဟု ကြေညာခဲ့၏။ ထိုသတင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် စီးပွားရေး သမားများ အကြားတွင် အလွန် စိတ်အားထက်သန်မှုကို ဖြစ်ပေါ် စေခဲ့ပြီး စီးပွားရေး မိသားစုကြီး များစွာလည်း ပါဝင်ပေသည်။

ပါးနပ်သော လုပ်ငန်းရှင် အားလုံးက နဂါးဝါဝိုင်သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကောင်းကောင်း ရောင်းချနိုင်မည့် ဝိုင်မျိုး ဖြစ်ကြောင်း နားလည်သည်။ ထို့ကြောင့် အနာဂတ်တွင် ရောင်းအားပမာဏနှင့် ရောင်းအားပမာဏမှာ ပို၍ကြီးမား လာမည်သာ ဖြစ်သည်။ ယခုတစ်ကြိမ် မှာယူခွင့် မရခဲ့လျှင်ပင် ဆမ်မြူရယ်နှင့် မင်းသား‘အာသာ’နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်း ထားရမည်။ အချိန်တစ်ခုအထိ ဧည့်သည်များနှင့် လက်ဆောင်ပေးသူများ အဆက်မပြတ် ရှိနေခဲ့သည်။

သို့သော်လည်း လူအများအပြားက ခမ့်လော့မိသားစုအတွက် စိတ်မကောင်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့က ထိုကဲ့သို့သော ငွေထုတ်စက်ကြီးကို ဆန္ဒအလျောက် လက်လွှတ်လိုက်ကြ သောကြောင့်ပင်။

ထိုအရာနှင့် ပတ်သက်၍ ခမ့်လော မိသားစု၏ ခေါင်းဆောင်၊ ဆမ်မြူရယ်၏ အဖေ ကာလိုက ခါးသီးစွာဖြင့်သာ ပြုံးပြ နိုင်ခဲ့သည်။ အမှန်မှာ အဖေတစ်ယောက် အနေဖြင့် ထိုသားက ဝိုင်ပြုလုပ်ရာတွင် အရည်အချင်းမရှိကြောင်း၊ လျှို့ဝှက်ဝိုင် မြေအောက်ခန်းလည်း မရှိကြောင်း သူ အသေအချာ သိရှိထားလေသည်။ တစ်ခုတည်းသော ဖြေရှင်းချက်မှာ မင်းသား‘အာသာ’ ထိုအချိန်က သူ့အား ပြောခဲ့သည့်အတိုင်း “ရွှေရောင် နယ်မြေက အပြောင်းအလဲ ကြီးကြီး မားမား ဖြစ်လာပြီးတော့ အင်ပါယာ တစ်ခုလုံးနဲ့ လူသားလောက တစ်ခုလုံး ကိုပါ တုန်လှုပ်စေလိမ့်မယ်။” ဟူ၍ပင် ဖြစ်လေသည်။

နောက်ကွယ်မှ တကယ့်ကြိုးကိုင်သူမှာ တတိယမင်းသားပင် ဖြစ်လေသည်။

နဂါးဝါဝိုင်က အစမျှသာ ဖြစ်‌နိုင်ပေ၏။

‘အာသာ’က ဧည့်သည်များနှင့် ကိုယ်တိုင် တွေ့ဆုံရန် အလုပ်များလွန်း သောကြောင့် သူက ခမ့်လော့မိသားစုမှ ဘဏ္ဍာစိုးအသစ် စထရမ်ကို ကိုယ်စား သွားရောက်တွေ့ဆုံစေခဲ့ပြီး သက်ဆိုင်ရာ ကတိကဝတ်အချို့ ပေးခဲ့သောကြောင့် ဧည့်သည် အများစုမှာ ပျော်ရွှင်စွာ ပြန်သွားခဲ့ကြသည်။

လည်ပတ်မှုအတွင်း ‘အတွင်းသတင်း’ တစ်ခုကိုလည်း လုပ်ငန်းရှင်များက တစ်ဦးပြီး တစ်ဦး ဖြန့်ဝေခဲ့ကြသည်။

တစ်လကြာပြီးနောက် ကုန်စည်ပြပွဲ၌ လေလံပွဲတစ်ခု ကျင်းပမည် ဖြစ်သည်။ နောက်ဆုံး ထုတ်ကုန်မှာ တတိယ မင်းသား ‘အာသာ’၏ အဂ္ဂိရတ် လက်ရာ များစွာ ဖြစ်ပေလိမ့်မည်။ ထိုအခါတွင် ပိုမို၍ အုတ်အော်သောင်းတင်း ဖြစ်ပေါ် စေခဲ့သည်။ အကြောင်းမှာ ‘အာသာ’က အင်ပါယာ၏ တတိယမင်းသား သာမက လူသားများ၏ ယန္တရား မဟာဆရာသခင် ၃ဦးအနက်မှ တစ်ဦးလည်း ဖြစ်နေခြင်း ကြောင့်ပင်။ ‘လေလံ’က မည်သည့်အရာ ဖြစ်ကြောင်း မသိကြ သော်လည်း ထိုအရာများက ယန္တရား မဟာ ဆရာသခင်၏ လက်ရာများ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့က သေချာပေါက် လက်လွှတ်ခံမည် မဟုတ်ပေ။ အချိန် တစ်ခုအထိ ရွှေရောင်နယ်မြေတွင် လူများ ပြည့်နှက်နေတော့သည်။

လူများရှိလျှင် စားသုံးမှုရှိမည် ဖြစ်၏။ အမြတ်က လုပ်ငန်းရှင်များ အတွက် အမြဲပင် အရေးအကြီးဆုံး အရာ ဖြစ်သည်။ မူလက လစ်လပ်နေသော ဆိုင်ခန်းများ တိတ်တဆိတ် ပြည့်လာ ခဲ့သည်။ ရွှေရောင်နယ်မြေ၌ ထုတ်ကုန် ‘အသစ်အဆန်း’ နဂါးဝါဝိုင် ရှိနေ သောကြောင့် ထိုကဲ့သို့ ‘အပြည့်အဝ စွမ်းဆောင်ရည်’က ရေတိုသာ မဟုတ်ဘဲ ရေရှည်အခြေအနေ ဖြစ်ပေလိမ့်မည်။

ယခုမှသာ လူတိုင်းက အာသာသည် မည်သည်ကြောင့် ဆိုင်ခန်းနှင့် လမ်းများ ဆောက်လုပ်ခြင်းစသည့် အစီအမံများကို အစောပိုင်းကတည်းက ပြုလုပ်ခဲ့ကြောင်း နားလည်ခဲ့ကြသည်။ ‘ကျွမ်းကျင်သူ’ များကလည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ကြသည်။

လူအများက တတိယ မင်းသားအား လက်မထောင် ချီးကျူးလိုက်ကြသည်။ ပြဿနာ အမျိုးမျိုးကို ရင်ဆိုင်ရချိန်တွင် တည်ငြိမ်စွာ မဟာဗျူဟာမြောက်စွာဖြင့် အခက်အခဲများကို လွယ်ကူစွာ ဖြေရှင်း နိုင်ခဲ့သည်။ ထိုကဲ့သို့သော စွမ်းရည်နှင့် ကိုယ်ဟန်အမူအရာက အမှန်တကယ် ယုံကြည် လက်ခံနိုင်စရာ ဖြစ်သည်။

အမှန်တကယ်၌ မင်းသား ‘အာသာ’က လက်ရှိတွင် အလွန် အားလပ်နေ၏။ နယ်မြေတစ်ခု၏ အမြင့်ဆုံး အုပ်စိုးသူ အနေဖြင့် သူက အရာရာကို ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်ပေ။ လူမှန်ကို အသုံးပြုနိုင်ပါက အင်အားများ သက်သာ စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ အမှားအယွင်းများကို ရှောင်ရှားနိုင်၏။ ချစ်လှစွာသော မစ်-ရင်းနီနှင့် ယုံကြည် စိတ်ချရသော စစ်သည်တော် ဆမ်မြူရယ် တို့က သူ့ကို အကူအညီပေးနေသဖြင့် သူက အသေအချာပင် ဝိုင်သောက်ရင်း စကားပြော နိုင်နေသည်။

ချန်လွေ့က မဟာဆရာသခင် ချီချူနှင့် စကားပြောနေခြင်း မဟုတ်ပေ။ ချီချူက လွန်ခဲ့သော ၁၅ရက်က ထွက်သွားခဲ့ပြီ ဖြစ်သည်။ မဟာဆရာသခင် ချီချူက ပညာဖလှယ်မှုမှ အတွေးအမြင်များစွာ ရရှိခဲ့သောကြောင့် ပြန်လည် လေ့လာပြီး လေ့ကျင့်ရန် စိတ်အား ထက်သန် နေခဲ့သည်။

ချန်လွေ့၏ မျက်နှာချင်း ဆိုင်တွင် ထိုင်နေသူများမှာ မဟာဆရာသခင်များ ဖြစ်ကြသည့် ရင်းနှီးသော မိတ်ဆွေနှစ်ဦး ဖြစ်သည်။

တစ်ဦးမှာ အရပ်ရှည်ပြီး ပိန်သွယ်ကာ ချောမောသော မျက်နှာပေါက် ရှိပြီး နားရွက်ချွန်များမှာ နတ်သူငယ်လူမျိုးစု၏ ထူးခြားချက် ဖြစ်သည်။ အခြားတစ်ဦးမှာ နှုတ်ခမ်းမွှေးမုတ်ဆိတ်ဖြူများရှိသော ကြီးမားသော ဟော့ဘစ် ဖြစ်သည်။ သူ၏ နှုတ်ခမ်းမွှေးမုတ်ဆိတ်ဖြူများ သပ်ရပ်စွာ ကျစ်ဆံမြီးလေးများအဖြစ် ကျစ်ထားပြီး ရှုပ်ထွေး နေသော ဆံပင်များနှင့် ပြောင်းပြန် ဖြစ်နေ၏။

“ကျောက်စိမ်း သစ်တော ပင်လယ်မှာ တုန်းက လူသားတွေထဲ အငယ်ဆုံး ယန္တရားပညာရှင်က ငါ့ရဲ့မိတ်ဆွေ တစ်ယောက် ဖြစ်နေမယ် ဆိုတာကို ငါ ကြိုပြီး သိခဲ့တယ်။ ရွှေရောင်နယ်မြေ ထဲကို ဝင်လာပြီး ဝိုင်နံ့သင်းသင်းလေး ရလိုက်တဲ့ အချိန်ကစပြီး မင်းဆိုတာကို ငါ လုံးဝ သေချာ သွားခဲ့တယ်။” လူပု အဘိုးကြီးက ဝိုင်ကို အကြီးအကျယ် မော့သောက်ရင်း အော်ပြောလိုက်သည်။ ဝိုင်များက နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်ဖြူနှင့် ရင်ဘတ်ပေါ်သို့ စင်သွားသော်လည်း သူ ဂရုမစိုက်ပေ။ ထိုအစား ဝမ်းသာအားရ အော်ဟစ်နေ၏။

“လူပုတွေရဲ့ ဝိုင်သောက်တဲ့ ခပ်ရိုင်းရိုင်း နည်းလမ်းကို ငါ သဘောမတူပေမယ့် သူတို့ရဲ့ အနံ့ခံနိုင်စွမ်းကိုတော့ အမြဲ ယုံတယ်။” နတ်သူငယ်က ဝိုင်ကို ကျက်သရေရှိစွာ သောက်နေရင်း ကျေနပ်သော အမူအရာကို ပြသခဲ့သည်။ “မင်း ငါတို့ကို နောက်ဆုံး ပေးခဲ့တဲ့ ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက်ကို ငါ တကယ် လွမ်းမိတယ်။ ၃ရက် မပြည့်ခင် မှာဘဲ သစ်တော လူပု တစ်ယောက် သောက်တာ ကုန်သွားတယ်။”

နတ်သူငယ်မျိုးနွယ် မဟာဆရာသခင် ဖီနိုအီရာနှင့် သစ်တောလူပုမျိုးနွယ်မှ မဟာဆရာသခင် ဘန်းဒ် တို့ပင်။

ထိုကဲ့သို့ ယုံကြည် စိတ်ချရသော မိတ်ဆွေဟောင်း ၂ဦးအရှေ့တွင် ချန်လွေ့က ဖုံးကွယ်ရန် အများကြီး ရှင်းပြရန် မလိုအပ်ပေ။ သူက ပြုံးပြီး ပြောလိုက်သည်။ “မိတ်ဆွေတို့။ စိတ်မပူပါနဲ့။ ဒီတစ်ခါ ဝိုင်က ခင်ဗျားတို့ကို အပြည့်အဝ ကျေနပ် စေမှာပါ။ ဝိုင်တွေ မကုန်ရင် ပြန်ယူ သွားလို့ရတယ်။ ဟားဟား။”

“မင်းသားရဲ့ ရက်ရောမှု အတွက်။” နတ်သူငယ်က မျက်လုံးမှိတ်ပြပြီး ခွက်ကို မြှောက်လိုက်၏။

“ဒီမင်းသားဂုဏ်ပုဒ်က သိပ်ပြီးတော့ ကြာကြာခံမှာ မဟုတ်ဘူး။ မိတ်ဆွေ။ အဲဒီ အချိန်ကျရင် ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ထပ်ပြီးတော့ ရှင်းလင်း ရလိမ့်မယ်။” ချန်လွေ့က ပခုံးတွန့်ပြပြီး ခွက်ကို မြှောက်လိုက်သည်။

နတ်သူငယ် မဟာဆရာသခင်က နားလည်သော ပုံစံဖြင့် ခေါင်းညိတ်ပြ ခဲ့သည်။ ချန်လွေ့က အစ်ဇ်ယိုရူးလ်ကို ရင်ဆိုင်ရချိန် သူ့ကို တမင်တကာ တိုက်ခိုက်ခဲ့ သလိုမျိုးပင် ဖြစ်သည်။ ယနေ့တွင် နတ်သူငယ်နှင့် လူပုတို့သည် လူသား‘အငယ်တန်း’ မဟာ ဆရာသခင် နှင့် ဆက်သွယ်ရန် မဟာဆရာသခင်များ အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်သည်။

လူပုအဘိုးကြီးက သူ၏ စိတ်ကြိုက် ခွက်ကြီးဖြင့် မြှောက်လိုက်၏။ “မင်းသား ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒါက ခင်မင်မှုအတွက်ပဲ။”

“ခင်မင်မှုအတွက်။” သုံးယောက်သား တပြိုင်တည်း အော်ဟစ်ကာ ဖန်ခွက်ထဲရှိ ဝိုင်အားလုံးကို တစ်ငုံတည်း ကုန်အောင် သောက်လိုက်ကြသည်။ ခန့်ညားသော နတ်သူငယ်ပင် ခြွင်းချက် မဟုတ်ပေ။

“အာသာ။ ဘန်းဒ်နဲ့ ငါက မင်းကို အံ့သြလို့တောင် မဆုံးဘူး။ အထူးသဖြင့် မင်းပြခဲ့တဲ့ မှော်ဂိမ်း။ အဆောင်ပစ္စည်း မဟုတ်ပေမယ့် အဆောင်ပစ္စည်း ထက်တောင် ပိုပြီးတော့ မှော်ဆန်တယ်။ ကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားမယ်လို့ ပြောရင်တောင် လုံးဝ ချဲ့ကားတာ မဟုတ်ဘူး။ မင်းက တကယ့် မဟာ ဆရာသခင် တစ်ယောက်ပဲ။”

“မခံယူဝံ့ပါဘူး။” ချန်လွေ့က အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။ “ကျုပ်က စိတ်ကူးလေးတွေပဲ ရခဲ့တာပါ။ အတိအကျပြောရရင် တခြား အဖွဲ့အစည်း တစ်ခုရဲ့ စိတ်ကူးကို ကူးယူထားတာပါ။ မှော်သေနတ်လည်း ဆာ-ဖီနိုအီရာရဲ့ စိတ်ကူးပါပဲ။”

ထိုအရာက အမှန်တရားပင်။ သို့သော် ကံမကောင်းစွာပင် နတ်သူငယ် မဟာ ဆရာသခင်နှင့် လူပုမဟာဆရာသခင်တို့ ထိုကဲ့သို့ မထင်ကြပေ။

ဘန်းဒ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မှော်သေနတ်ရဲ့ မူရင်း ပုံကြမ်းကို ငါ မြင်ဖူးတယ်။ မင်း ဂိမ်းထဲမှာ ဒီဇိုင်း ထုတ်ထားတဲ့ သေနတ်တွေနဲ့ ယှဉ်ရင် မွေးကင်းစကလေးနဲ့ တိုက်ခိုက်ရေးပုဆိန် ကိုင်ထားတဲ့ လူပုစစ်သည်တော်တွေလို ကွာခြားတယ်။”

“ဘန်းဒ် ပြောတာ အမှန်ပဲ။” နတ်သူငယ် မဟာဆရာသခင်က ခဏတာ စဉ်းစားပြီး စိတ်ထဲတွင် သိမ်းထားသော မေးခွန်း တစ်ခုကို နောက်ဆုံးတွင် မေးလိုက်လေသည်။ “ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်။ မိတ်ဆွေ။ မင်း အမှန်အတိုင်း ဖြေပေးနိုင်မယ်လို့ မျှော်လင့်တယ်။ မှော်ဂိမ်းရဲ့ မြေအောက် သင်္ချိုင်းထဲမှာရှိတဲ့... အဲဒီသတ္တဝါတွေက ဘာတွေလဲ။”

“ဘာဖြစ်လို့ ဒီလို မေးတာလဲ။” ချန်လွေ့က နတ်သူငယ်၏ မျက်လုံးများကို တည့်တည့် ကြည့်လိုက်သည်။

“ငါ့ဆရာ မသေခင်က သူ့ရဲ့စွမ်းအားနဲ့ မှတ်ဉာဏ် အပိုင်းအစ ပေးခဲ့တယ်။ အဲဒီထဲမှာ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခု ပါဝင်နေတယ်။ ဒီမှတ်ဉာဏ်ထဲမှာ မှော်ဂိမ်း မြေအောက်သင်္ချိုင်းနဲ့ ဆက်စပ် နိုင်တဲ့ အရာတစ်ခုကို ငါ တွေ့ခဲ့ရတယ်။ ဒါက လွန်ခဲ့တဲ့ နှစ် ၂၀၀၀၀က ငွေလ ကောင်းကင် မြို့တော်က နတ်သူငယ် လူမျိုးစု ကြုံတွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးနဲ့ ဆက်စပ်နေတဲ့ အံ့သြစရာကောင်းတဲ့ တိုက်ဆိုင်မှု တစ်ခု ဖြစ်နိုင်တယ်။”

ချန်လွေ့ ခေါင်းညိတ် လိုက်၏။ “တကယ် ဆက်စပ် နေပါတယ်။ တကယ်တော့ ဒါက ... လမ်းမှား ရောက်သူတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ကြောက်စရာ သတ္တဝါတွေကို အခြေခံပြီး ပြုပြင်ထားတာပါ။”

ထိုအဖြေက ဖီနိုအီရာကို တုန်လှုပ် သွားစေခဲ့သည်။ ဘန်းဒ် တစ်ယောက် တည်းသာ မည်သည့်အရာ ဖြစ်နေမှန်း နားမလည်ဘဲ ရှုပ်ထွေးသော ပုံစံဖြင့် ကြည့်နေခဲ့သည်။

“ငါ မေးချင်တာက ‘သူတို့’ နဲ့ မင်းရဲ့ ဆက်ဆံရေးက ဘာလဲ။” ဖီနိုအီရာ၏ အမူအရာက လေးနက်သွား၏။

“ခင်ဗျား နားလည်မှု လွဲနေပြီ ထင်တယ်။ မိတ်ဆွေ။ ကျုပ် အရင်ဆုံး တစ်ခုပြောပါရစေ။ နတ်သူငယ် မျိုးနွယ်စုကို ကယ်တင်ဖို့ အတွက် သူ့ကိုယ်သူ စတေးခဲ့တဲ့ နတ်သူငယ် ဘုရင် စပန်က ကျွန်တော့်ဇနီးရဲ့ ဖခင်ပါ။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ “ခင်ဗျားတို့ ခုနက တွေ့ခဲ့ရတဲ့ ကျုပ်ဇနီး ဇိုလာက နတ်မိမယ်နဂါးပဲ။ ဒီမှော်ဂိမ်းက အာ... ကျုပ်နဲ့ ဆာ-စပန်တို့ စုပေါင်းပြီး သုတေသန လုပ်ထားတာ။”

ဖီနိုအီရာက သဘောပေါက် သွားသည့် အမူအရာကို ပြသခဲ့ပြီး အနည်းငယ် တင်းမာသော အာရုံကြော များက ရုတ်တရက် ပြေလျော့သွားခဲ့၏။

ထိုစဉ်က တိမ်စီးနင်းအင်ပါယာကို မရဏနက် နောက်လိုက်များ ထိန်းချုပ် ထားပြီး လူပေါင်းများစွာကို သွေးစတေး ခြင်းဖြင့် သတ်ဖြတ်ခဲ့ ကြသည်။ ကြောက်မက်ဖွယ်ရာ မရဏနက် နောက်လိုက်များက လူသားများကို နှိပ်စက်ရုံသာမက ၎င်းတို့၏ ကြောက်မက် ဖွယ်ရာနည်းလမ်းများကို ကျောက်စိမ်း သစ်တော ပင်လယ်သို့ပါ တိုးချဲ့ခဲ့ကြသည်။

ထိုအချိန် နတ်သူငယ် မျိုးနွယ်စုမှ မဟာအကြီးအကဲ အိုင်ဖရစ်က သွေးဆောင်မှုကို မခံနိုင်ဘဲ လမ်းမှား နတ်သူငယ်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုအရာက နတ်သူငယ် လူမျိုးစု၏ အိပ်မက်ဆိုး အစပင် ဖြစ်သည်။ အိုင်ဖရစ်သည် စပန်နှင့် နတ်မိမယ်နဂါး မာရီယာတို့၏ မေတ္တာမျှခြင်းကို အကြောင်းပြကာ နတ်သူငယ် မျိုးနွယ်စု အမြင့်ဆုံးခေါင်းဆောင် ဖြစ်သူ စပန်ကို ကျောက်စိမ်း သစ်တော ပင်လယ်မှ နှင်ထုတ်ခဲ့သည်။ ထို့နောက် သူက နတ်သူငယ် ဘုရင်မကို တစ်ဆင့်ချင်း ထိန်းချုပ်ခဲ့သည်။ အတွင်းနှင့် အပြင်မှ ပူးပေါင်းဆောင်ရွက်မှုကြောင့် ငွေလ ကောင်းကင်မြို့တော်ကို မရဏနက် နောက်လိုက်များက အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ မရဏနက် နောက်လိုက်များ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ နတ်သူငယ် မျိုးနွယ်စု၏ သိဒ္ဓိသစ်ပင်ဖြစ်သော သဘာဝသစ်ပင်ပင် ဖြစ်လေသည်။ သူတို့က ၎င်းကို ကြားခံပစ္စည်းအဖြစ် အသုံးချကာ သွေးစတေးပြီး ရရှိသော မကျေမနပ် မှုများကို အဆက်မပြတ် သွင်းယူရန် ကြိုးစားခဲ့ကြပြီး ထိုသို့ဖြင့် အသူရာ ချောက်နက်ကြီး၏ ဝင်ပေါက်ကို ဖွင့်ကာ ပျက်စီးခြင်းလောက အသူရာချောက်နက် သတ္တဝါများကို လွှတ်ပေးရန် ဖြစ်သည်။

အရေးကြီးသော အချိန်၌ စပန်က လူသားများနှင့် နဂါးများစွာကို ငွေလ ကောင်းကင်မြို့တော်သို့ ပြန်လည် ဦးဆောင်ကာ လမ်းမှားရောက်သူများ အားလုံးကို ချေမှုန်းခဲ့သည်။ သူက အသက်ကိုပင် စတေးကာ သဘာဝ သစ်ပင်၏ စွမ်းအားကို အသက်သွင်းခဲ့ပြီး ဝင်ပေါက်ကို လုံးဝချိပ်ပိတ်ခဲ့သည်။

နတ်မိမယ်နဂါး မာရီယာက အသက် လျှို့ဝှက် ပညာရပ်ဖြင့် ကယ်ပြီးနောက် စပန်ကို နတ်သူငယ်ဘုရင် အဖြစ် ချီးမြှင့်ခဲ့ပြီး ထိုခေ-တ်၏ အမည်မဖော် လိုသော သူရဲကောင်း တစ်ဦး ဖြစ်လာ ခဲ့သည်။

ဖီနိုအီရာ၏ ဆရာက အစောပိုင်း၌ စပန်နှင့်အတူ ဘေးချင်းယှဉ် တိုက်ခိုက် ခဲ့သော ရဲဘော်ဟောင်းတစ်ဦး ဖြစ်သည်။ ဖီနိုအီရာက ထိုလူသားမိတ်ဆွေသည် တစ်မျိုးမျိုးသော လမ်းမှားစွမ်းအားဖြင့် သွေးဆောင်ခံရမည်ကို စိုးရိမ်ခဲ့သည်။ မမျှော်လင့်ဘဲ သူက နတ်သူငယ်ဘုရင်၏ သားမက်ဖြစ်နေပြီး မှော်ဂိမ်းကလည်း အမှန်တကယ်ပင် နတ်သူငယ်ဘုရင်၏ လက်ရာ ဖြစ်နေခဲ့သည်။

ချန်လွေ့သည် ယောက္ခထီး၏ သရုပ်ကို အသုံးပြုရသည်ကို ဂရုမစိုက်ဘဲ ရယ်မော လိုက်သည်။ “ဖျော်ဖြေ‌ရေးနဲ့ လေ့ကျင့်ရေးအပြင် မှော်ဂိမ်းက ကစားသူကို အရေးပေါ်အခြေအနေ အများကြီးနဲ့ ရင်ဆိုင်နိုင်အောင် လုပ်ပေး နိုင်တယ်။ ကြောက်စရာကောင်းတဲ့ အရာတွေကိုပါ ရင်ဆိုင်နိုင်အောင်ပေါ့။ ကျုပ်တို့ပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့ မျိုးဆက် တွေပဲဖြစ်ဖြစ်ပေါ့။ ဒါက မှော်ဂိမ်းရဲ့ အရေးအကြီးဆုံး မူလရည်ရွယ်ချက်တွေ ထဲက တစ်ခုပဲ။”

“နားလည်ပြီ။ သေချာတယ်။ ဒါက လောကကြီးကို ပြောင်းလဲနိုင်တဲ့ အံ့မခန်း လက်ရာတစ်ခု ဖြစ်ပြီးတော့ မင်းရဲ့ ရည်မှန်းချက်ကလည်း အတော်လေးကို မြင့်မြတ်တယ်။” ဖီနိုအီရာက ထရပ်ပြီး ချန်လွေ့အား လေးနက်စွာ ဦးညွှတ် လိုက်သည်။ “ဒီဓလေ့ထုံးတမ်းက နတ်သူငယ် မျိုးနွယ် ကိုယ်စားပါ။ ငါ့မှာ ဘာမှ ယဉ်ယဉ်ကျေးကျေး ပြောစရာ မရှိဘူး။ တစ်ခုပဲ တောင်းဆိုစရာ ရှိတယ်။ အဲဒါက မှော်ဂိမ်းကို ငွေလ ကောင်းကင် မြို့တော်မှာ ကြော်ငြာပေးဖို့ပါပဲ။”

“ကိစ္စမရှိပါဘူး။ ကျုပ်ရဲ့ အစီအစဉ်က ဒီဂိမ်း တစ်ကမ္ဘာလုံး ရေပန်းစားအောင် လုပ်ဖို့ပါ။ ဒါပေမယ့် ‘ထုတ်ဝေ’မယ့် အချိန်ကို ခဏတာ ရွှေ့ဆိုင်းထားရမယ်။ ရနံ့မွှေး ပြောင်းဆန်ဝိုင် ရေပန်းစားပြီး တဲ့နောက်မှာ အဲဒါရဲ့ အရှိန်အဟုန်ကို အခွင့်ကောင်းယူပြီး ဂိမ်းကို စတင်ဖို့ အကောင်းဆုံး အချိန်ကို ရှာရမယ်။ ဒါပေမယ့် ဂိမ်းကို နဂိုက စမ်းသပ်ခဲ့တဲ့ နဂါးတွေအပြင် ကျောက်စိမ်း သစ်တော ပင်လယ်က မှော်ဂိမ်းကို ပထမဆုံး ရေပန်းစားမယ့် နေရာ ဖြစ်လာမယ်လို့ ကျုပ် အာမခံနိုင်တယ်။”

“ပြီးတော့ သစ်တောလူပုတွေ...” လူပုအဘိုးကြီး ဘန်းဒ် ကျယ်လောင်စွာ ထပ်ဖြည့်ပြောလိုက်သည်။

“ဒါပေါ့။ ဆာ-လူပု မဟာဆရာသခင်။ ကျုပ်က “ကျောက်စိမ်း သစ်တော ပင်လယ်” အကြောင်း ပြောနေလို့ပါ။ ကျုပ် မိတ်ဆွေတွေက နတ်သူငယ်တွေပဲ မဟုတ်ဘူးလေ။”

“ဒီနေ့တော့ မင်းအကြောင်း ပိုပြီး သိလာရတယ်။ လူသားမိတ်ဆွေ။” ဖီနိုအီရာက ကျက်သရေရှိစွာ ပြုံးလိုက်သည်။ “ဒီအတွက် ငါ ဂုဏ်ယူ မိပါတယ်။ မင်းရဲ့ အလုပ်တွေ ပြီးသွားရင် ငွေလ ကောင်းကင် မြို့တော်ကို ဆက်ဆက် လာခဲ့ပါ။ ငါ့မှာ မင်းအတွက် တစ်ခုခု ရှိတယ်။”

ချန်လွေ့ စိတ်ဝင်စား သွားပြီး မေးလိုက်သည်။ “အဲဒါ ဘာလဲ။”

“ကောင်းကင်မြို့တော်ကို ရောက်ရင် သိပါလိမ့်မယ်။” ဖီနိုအီရာက လျှို့ဝှက် ဆန်းကြယ်သော အပြုံးကို ပြသခဲ့သည်။ “မင်း စိတ်ပျက်ရမှာ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့ ဆန္ဒ ရှိတဲ့ ငါ့ရဲ့ မိတ်ဆွေ။”

All Chapters