← Chapters

ခံစားချက် အတက်အကျ

Vol. 58 Ch. 948

ခံစားချက် အတက်အကျ

Vol. 58 Ch. 948

ကျောက်စိမ်း သစ်တော ပင်လယ်မှ ယန္တရား မဟာဆရာသခင်နှစ်ဦးဖြစ်သော နတ်သူငယ် ဖီနိုအီရာနှင့် လူပု ဘန်းဒ် တို့က ရွှေရောင်နယ်မြေမှ ထွက်ခွာသွား ခဲ့ကြသည်။

လာရောက် လည်ပတ်သော ယန္တရား မဟာဆရာသခင် နှစ်ဦးက အုပ်စိုးသူ ‘အာသာ’နှင့် ယန္တရား ကျွမ်းကျင်မှုများကို ဖလှယ်ရာမှ ခင်မင်ရင်းနှီးမှု ရရှိခဲ့ကြကာ ရွှေရောင် နယ်မြေတွင် ကျင်းပမည့် လေလံပွဲ၌ တစ်ဦးလျှင် လက်ရာနှစ်ခုစီ ဖန်တီး၍ ပါဝင်ကူညီမည်ဟု ကတိပြုခဲ့ ကြကြောင်း ပြောဆိုနေကြသည်။

ထိုသတင်းက ရွှေရောင် နယ်မြေ၏ ကုန်စည်ပြပွဲကို လူအများအား ပိုမို မျှော်လင့်စေခဲ့သည်။ နဂါးဝါဝိုင် ပထမ အသုတ် ရောင်းချခြင်း။ ယန္တရား မဟာဆရာသခင် သုံးဦး၏ လက်ရာများ လေလံတင်ခြင်း။

အချိန်တိုအတွင်း ရွှေရောင်နယ်မြေ ထဲသို့ လူများ ပိုမို၍ ဝင်ရောက်လာခဲ့ ကြသည်။ ဟိုတယ်များ ပြည့်နေခဲ့၏။ အခွင့်အရေးကို အကောင်းဆုံး ဆုပ်ကိုင် နိုင်သော ကုန်သည်များက ကုန်စည်ပြပွဲ မတိုင်မီ စျေးနှုန်းများ လျှော့ချသည့် စျေးကွက် ရှာဖွေရေး မဟာဗျူဟာကို စတင်ခဲ့ကြသည်။ ကုန်စည်ပြပွဲ မစတင် သေးသော်လည်း စျေးကွက်တစ်ခုလုံးမှာ အလွန်စည်ကားနေပြီ ဖြစ်သည်။

အုပ်စိုးသူဟောင်း ဖြစ်သော ဒုတိယ မင်းသား၏ ယခင်က လုပ်ဆောင်ခဲ့သော လူတော်အများအပြား ဖယ်ရှားခြင်းက ကိုယ့်တပ်ကိုယ်ပြန်နင်းသိလို ဖြစ်နေ ခဲ့သည်။ ဝန်ထမ်းအသစ် အများစုမှာ ‘အာသာ’၏လူများ ဖြစ်ကြ၏။ ပွင့်ပွင့် လင်းလင်းနှင့် လျို့လျှို့ဝှက်ဝှက် ရှင်းလင်း ပြီးနောက် နယ်မြေ တစ်ခုလုံးကို အုပ်စိုးသူ အသစ်၏ လက်ထဲတွင် ခိုင်မြဲစွာ ထိန်းချုပ်ထားနိုင်ခဲ့သည်။

ဂါးဖီးလ်၏ အစီအစဉ် လုံးဝ ပျက်စီး သွားခဲ့သည်။ ၎င်းမှာ တည့်တည့် တိုက်ခိုက်မှု တစ်ခုဖြစ်သည်။ အကြွင်းမဲ့ အင်အား ရှေ့တွင် ထိုကဲ့သို့ ညစ်ပတ်သော လှည့်ကွက်များက ရယ်စရာ တစ်ခုသာ ဖြစ်သည်။

ရွှေရောင်နယ်မြေ၊ မင်းသားအာသာနှင့် နဂါးဝါဝိုင် တို့သည် နဂါးလင်းလက် အင်ပါယာတွင် လူပြော အများဆုံး ကိစ္စ သုံးခု ဖြစ်လာခဲ့သည်။ ၇နှစ်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် ပြန်လာခဲ့သော တတိယမ င်းသားက နဂါးလင်းလက် အင်ပါယာတွင် လူကြိုက်အများဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ဘေးထိုင်နေဆဲ မိသားစုများစွာက မထိန်းထား နိုင်တော့ဘဲ ရွှေရောင် နယ်မြေသို့ သွားရောက်လည်ပတ်ကြပြီး သစ္စာခံကြသည် အထိ ဖြစ်ခဲ့ကြသည်။ ရပ်နေဆဲ အင်အားစု များစွာလည်း ရှိနေသေးသည်။ ထိုအရာများက ရင်းနှီး မြှုပ်နှံမှု၊ စွန့်ဦးတီထွင်မှု စသဖြင့်ပင်။ ပိုစောစော ဝင်ရောက် နိုင်လေလေ၊ ရရှိနိုင်သော ယုံကြည်မှုနှင့် အကျိုး အမြတ် ပိုများလေလေ ဖြစ်သည်။ သို့သော် အန္တရာယ်လည်း ပိုကြီးမား၏။

မကြာမီတွင် သုံးနှစ် တစ်ကြိမ် ကျင်းပသော လူသားလောက ကုန်စည် ပြပွဲ စတင်ခဲ့လေပြီ။ နဂါးလင်းလက် အင်ပါယာသည် လူသားအင်ပါယာနှင့် တိုင်းပြည်များအားလုံး၏ အာရုံစိုက်ရာ နေရာ ဖြစ်လာခဲ့သည်။ ကမ္ဘာအနှံ့မှ ကုန်သည်များ စုဝေးခဲ့ကြပြီး ကုန်ပစ္စည်း အမျိုးမျိုးမှာ တလက်လက် ဖြစ်နေ၏။

ယခုတစ်ကြိမ် လက်ခံ ကျင်းပသော မြို့မှာ နဂါးလင်းလက် အင်ပါယာရှိ ရယ်ရိုဒီရာမြို့ပြီးလျှင် ဒုတိယအကြီးဆုံး မြို့ဖြစ်သော နဂါးမာန်မြို့ ဖြစ်သည်။ သို့သော် အဓိကနေရာ၏ အာရုံစိုက်မှုကို အခွဲနေရာတစ်ခု ဖြစ်သော ရွှေရောင် နယ်မြေက လုံးဝ လွှမ်းမိုးထား၏။

အသစ် တည်ထောင် ထားသော ရွှေရောင် လေလံအိမ်တွင် ကျင်းပသော လေလံပွဲက အကြီးအကျယ် အုတ်အော် သောင်းတင်း ဖြစ်စေခဲ့သည်။ ပထမဆုံး အကြိမ် ပေါ်ပေါက်လာသော လွတ်လပ်စွာ လေလံဆွဲခြင်းပုံစံက စံနမူနာ တစ်ခု ဖန်တီးခဲ့သည်။ မဟာဆရာသခင် ဖန်တီး ထားသော ထိပ်တန်း ဒဏ္ဍာရီအဆင့် ပစ္စည်းတစ်ခုကို ဈေးနှုန်းမြင့်မားစွာဖြင့် လေလံတင်ခဲ့သည်။

ယန္တရား မဟာဆရာသခင် သုံးဦး ဖန်တီးထားသော ပစ္စည်းတို့ အပြင် နဂါးများထံမှ ရတနာများ၊ နတ်သူငယ် မျိုးနွယ်၏ အနုပညာ လက်ရာများ၊ မဟာဆရာသခင် ‘အာသာ’ ကိုယ်တိုင် ၁၀၀% သန့်စင်ထားသော ပစ္စည်းများ၊ ရှေးအဖွဲ့အစည်း စစ်တုရင်၊ ဂေါ်လီ ကျားကွက် စသည်ဖြင့် အံ့အားသင့်စရာ ကောင်းသော ပစ္စည်း အမျိုးမျိုးလည်း လေလံတွင် ပါဝင်ခဲ့သည်။ လေလံပွဲ တစ်ခုလုံးက အထွတ်အထိပ်ပြီးနောက် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထိုအရာမှ ရလာခဲ့သော စီးပွားရေး အကျိုးအမြတ်များမှာ မည်သည့်နယ်မြေ မည်သည့် အင်ပါယာကိုမဆို မော့ကြည့် စေနိုင်ရန် လုံလောက်ပေသည်။

ထိုအရာက ပထမဆုံး လေလံပွဲသာ ဖြစ်သည်။ လေလံအိမ် တည်ထောင် ပြီးကတည်းက ထိုကဲ့သို့ လေလံပွဲမျိုးကို နောက်ပိုင်းတွင် ဆက်လုပ်သွားမည်မှာ သေချာသည်။ အမှန်တကယ်၌ ယခု တစ်ကြိမ်ပြီးနောက်တွင် နယ်မြေများနှင့် အင်ပါယာများက ရွှေရောင်နယ်မြေကို အတုယူပြီး လေလံအိမ်များ စတင်၍ တည်ထောင်နေကြပြီ ဖြစ်သည်။

ထို့နောက် ကုန်စည်ပြပွဲ၏ အဓိက ဖြစ်သော နဂါးဝါဝိုင် ‘မှာယူမှုပြပွဲ’က ကုန်စည်ပြပွဲ တစ်ခုလုံး၏ အခြေအနေကို အမြင့်ဆုံး အထွတ်အထိပ်သို့ တွန်းပို့ ခဲ့သည်။ ပထမအသုတ် အတွက် ‘ကိုယ်စားလှယ်’ အယောက်၃၀ကို အပြီးသတ် သတ်မှတ်နိုင်ခဲ့၏။ နဂါး လင်းလက် အင်ပါယာ အပြင် ကျက်သရေပြာ အင်ပါယာ၊ နတ်သူငယ် မျိုးနွယ်နှင့် လူပုမျိုးနွယ် စသည့် အခြားအရေးပါသော တိုင်းပြည်များစွာ ပါဝင်ခဲ့သည်။

ရွှေရောင်နယ်မြေမှ ကြေညာထားသော အစီအစဉ်အရ နဂါးဝါဝိုင်ကို လူသား လောက တစ်ခုလုံးသို့ စနစ်တကျ ဖြန့်ဖြူး သွားမည် ဖြစ်သည်။ မှာယူမှု မရရှိခဲ့သော ကုန်သည်များစွာက အကောင်းဆုံး နဂါးဝါဝိုင်၏ လျှော့စျေးများနှင့် ဝယ်ယူမှု ကန့်သတ်ချက်ကို တိုးမြှင့်ပေးနိုင်သော အဆင့်အမျိုးမျိုးရှိ အရေးကြီးပုဂ္ဂိုလ် ကတ်ပြားများကို ရရှိခဲ့ကြသည်။ အထူး အခွင့်အရေးအရှိဆုံး အရေးကြိးပုဂ္ဂိုလ် ကတ်ပြားကိုင်ဆောင်သူက နဂါးဝါဝိုင်၏ နောက်ထပ် မှာယူမှုကို ဦးစားပေး ရရှိနိုင်မည် ဖြစ်သည်။

ကုန်စည်ပြပွဲ နှင့်အတူ ရွှေရောင် နယ်မြေက ‘ပံ့ပိုးမှုတန်ဖိုး’ သဘောတရား ကိုလည်း စတင် မိတ်ဆက် ခဲ့သည်။ ၎င်းမှာ ရွှေရောင်နယ်မြေ၏ ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ခဲ့သည့် အခန်း ကဏ္ဍကို ကိန်းဂဏန်းဖြင့် ဖော်ပြမည် ဖြစ်သည်။ ပံ့ပိုးမှုတန်ဖိုးတွင် လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ပြည်သူ့လုံခြုံရေးစသည့် ကဏ္ဍ အမျိုးမျိုးကို လွှမ်းခြုံထားသော အကဲဖြတ်စံနှုန်းများစွာ ပါဝင်လေသည်။

ပံ့ပိုးမှုတန်ဖိုး မြင့်လေလေ ရရှိနိုင်သော အကျိုး ကျေးဇူးများနှင့် အခွင့် အလမ်းများ ပိုများလေလေ ဖြစ်သည်။ ထိုအကျိုးကျေးဇူးများတွင် လူအများ လိုချင်သော ကဏ္ဍများစွာ ပါဝင်သည်။ နဂါးဝါဝိုင်၏ အရေးကြီး ပုဂ္ဂိုလ် ကတ်ပြားက ၎င်းတို့အနက်မှ တစ်ခု ဖြစ်ပြီး ပုံမှန် အခွန်ကင်းလွတ်ခွင့်များ၊ အခွန် လျှော့ပေါ့မှုများ၊ လေလံ ပြန်အမ်းငွေများ၊ လေလံ အ‌ရေးကြီး ပုဂ္ဂိုလ် ကတ်ပြားများနှင့် ဦးစားပေး ရွေးချယ်ခွင့် နေရာများပင် ပါဝင်သည်။

ထိုအစီအမံများက ရွှေရောင်နယ်မြေ တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို အလွန် အမင်း လှုံ့ဆော်ပေးခဲ့သည်။ အချိန်တို အတွင်း လူတိုင်းက အံ့မခန်းရလဒ်များကို မြင်တွေ့ခဲ့ကြရသည်။ ချန်လွေ့ လက်လွှဲ ယူသည့် ၂လမပြည့်ခင် ကာလအတွင်း ရွှေရောင်နယ်မြေ တစ်ခုလုံးက ဂါးဖီးလ် အုပ်ချုပ်စဉ်ကထက် များစွာသာလွန်ပြီး မကြုံစဖူးသော စည်ကားမှုများနှင့် အသက်ဝင်မှုကို ပြသနိုင်ခဲ့သည်။

ထိုအရာက အစပင် ရှိနေသေးသည်ကို အားလုံးက မြင်နိုင်ပေသည်။

ဂါးဖီးလ်နှင့် လုခ် မပြောနှင့်။ တတိယ မင်းသား၏ နယ်မြေကို စီမံခန့်ခွဲသော စွမ်းရည်က အင်ပါယာတစ်ခုလုံးမှာရှိတဲ့ အထူးချွန်ဆုံး အစိုးရ အုပ်ချုပ်ရေး ကောင်စီနဲ့ ဘဏ္ဍာရေး အတွင်းရေးမှူး ထဲမှ ထိပ်တန်းပုဂ္ဂိုလ်များ ကြားထဲ၌ပင် ရှာရခက်ပေသည်။

ရှီအွန်နန်းတော်-

ဥယျာဉ်ထဲ၌ -

လက်ရှိ အင်ပါယာ တစ်ခုလုံးတွင် ရေပန်းအစားဆုံး ပုဂ္ဂိုလ် ဖြစ်သော တတိယ မင်းသား ‘အာသာ’သည် ဗာရိုနီကာ၏ အသစ် ဆောက်လုပ် ထားသော နန်းဆောင်တွင် ထိုင်၍ ပန်းများကိုကြည့်ကာ စကားပြောနေ၏။

ဥယျာဉ်သည် စိမ်းလန်း စိုပြေပြီး လှပနေဆဲ ဖြစ်သော်လည်း ရှီအွန်န် နန်းတော်ရှိ အဆောက်အဦးများနှင့် အိမ်စေများမှာ ချန်လွေ့ ပထမဆုံး ရောက်လာစဉ် ကထက် များစွာ သာလွန် ကောင်းမွန်နေလေပြီ။ အ‌ကြောင်းမှာ သူက မျှော်မှန်းထားသည်ထက် ပိုမိုသော စွမ်းအားကို ပြသခဲ့သောကြောင့်ပင်။

မဟာလက်ဇ် ပြောခဲ့သလိုပင် အရာရာ တိုင်းကို အပေးအယူအဖြစ် အသုံးပြု၍ ရနိုင်ပေသည်။

“ဆရာမ။ ဒီဝိုင်က ဘယ်လိုနေလဲ။”

ဗာရိုနီကာက ဝိုင်ခွက်ကို ချလိုက်ပြီး သူ၏ မျက်နှာလွှား နောက်ကွယ်မှ မျက်နှာတွင် ပန်းရောင်သမ်း နေသည့် အမူအရာဖြင့် ချီးမွမ်းလိုက်သည်။ “ဒါက တစ်ကမ္ဘာလုံးကို ဂယက်ရိုက်စေခဲ့တဲ့ ဝိုင်ဆိုတာ အသေအချာပဲ။ နန်းတော် အထဲထဲမှာ ရှိနေတာ‌တောင် ဒီ‘နဂါးဝါဝိုင်’ အကြောင်းကို ငါ ကြားရတယ်။ ဒီလို ဝိုင်ကောင်း တစ်ပုလင်းကို အပြင်မှာ သလင်းကျောက်နက် ဒင်္ဂါး ရာချီနဲ့ ရောင်းနေတယ်လို့ ကြားတယ်။”

“ဆရာမ ကြိုက်ရင် ကျန်တာတွေက ပြဿနာမရှိဘူး။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ “ဒီတစ်ခါ ကျွန်တော် ဒီကို အလျင်စလိုလာရလို့ ဆရာမ မြည်းစမ်းဖို့ ပုလင်းနည်းနည်းပဲ ယူလာခဲ့ရတာ။ နောက်မှ လူလွှတ်ပြီး သေတ္တာ သုံးလေးခု ထပ်ပို့လိုက်ပါ့မယ်။”

ဗာရိုနီကာ ခေါင်းခါ လိုက်သည်။ “မလိုပါဘူး။ ငါက ဝိုင်ကို သိပ်ပြီးတော့ မသောက်တတ်ဘူး။ အဲဒီအစား နင် အရင်က ဖျော်ပေးတဲ့ ‘လက်ဖက်ရည်’ ကို ပိုသဘောကျတယ်။”

“ပြဿနာမရှိဘူး။ ဒါပေမယ့် အဲဒါကို ကျွန်တော်ပဲ ဖျော်တတ်တာ။” ချန်လွေ့က ရယ်လိုက်သည်။ “ဆရာမ ခဏလောက် စောင့်ပေးပါ။ ဒီကန့်သတ်ထားတဲ့ နေရာ ကနေ အမြန်ဆုံး ထွက်သွား နိုင်ဖို့ ကျွန်တော် ပိုကြိုးစားပါ့မယ်။ အဲဒီအခါ ဆရာမ ကျွန်တော့်ရဲ့ လက်ဖက်ရည်ကို နေ့တိုင်း သောက်လို့ရပြီ။”

“ထွက်သွားဖို့လား။” ဗာရိုနီကာ၏ မျက်လုံးပြာက မှေးမှိန်နေပြီး သက်ပြင်း ချလိုက်သည်။ “အာသာလေး၊ နင့်ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်... ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ အဆင့်အတန်းက နည်းနည်း ထူးခြား တာကြောင့် နင် အများကြီး မစဉ်းစား သင့်ဘူး။ နင် အခု နယ်မြေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲဖို့ပဲ အာရုံစိုက်သင့်တယ်၊”

“စိတ်မပူပါနဲ့ ဆရာမ။ နယ်မြေက အခု ကောင်းကောင်း ဖွံ့ဖြိုးနေပါပြီ။ လူဆိုး ဂါးဖီးလ်ရဲ့ လှည့်ကွက်တွေက ဟာသတွေ ဖြစ်သွားပြီ။” ချန်လွေ့က လှောင်ပြောင် လိုက်သည်။ “တကယ်တော့ ဂါးဖီးလ်ရဲ့ လှည့်ကွက်တွေက ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် ဒီကောင်က ဆရာမကို ရိုင်းပျရဲတယ်။ ကျွန်တော် သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ စိတ်ချပါ ဆရာမ။”

ချန်လွေ့ ထိုသို့ ပြောသောအခါ ဗာရိုနီကာ၏ မျက်လုံးများကို စိုက်ကြည့် နေခဲ့သည်။ ဂါးဖီးလ် အကြောင်းကို ပြောသောအခါ ဗာရိုနီကာက မျက်မှောင် ကြုတ်ကာ စက်ဆုပ်ရွံရှာသည့် အမူအရာ ပြသခဲ့သော်လည်း သူ၏ စိတ်ခံစားချက် အပြောင်းအလဲမှာ တိတ်ဆိတ်နေသော နှလုံးသားကဲ့သို့ပင် လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပေ။

ချန်လွေ့ပင် သူ၏ တကယ့် စိတ်ခံစားချက် အပြောင်းအလဲများကို ဖမ်းယူရန် ခက်ခဲနေခဲ့သည်။

“ထားလိုက်တော့။ သူက အဲဒီလို အပြစ်ပေး ခံရပြီးပြီလို့ နင် ပြောခဲ့တယ် မဟုတ်ဘူးလား။” ဗာရိုနီကာ သက်ပြင်းချ လိုက်သည်။ “ဒီအကြောင်း ဆက်မပြော ရအောင်။ နင် အခု ပေါ့ဆနေသလိုပဲ။ နိုင်ငံရေးအကြောင်း ငါ သိပ်မသိပေမယ့် နန်းတော်မှာ ဒီလောက် ကြာကြာ နေပြီးနောက် အများကြီး မြင်ဖူးတယ်။ ဒီတိုက်ပွဲမှာ အသက်ရှင် ရပ်တည် ချင်ရင်၊ ပိုပြီး ရှေ့ဆက် သွားချင်ရင် စကားလုံး တစ်လုံးကို မှတ်ထားရမယ်။ သတိထား။ ဘယ်လောက် ထူးချွန် နေပါစေ၊ ယှဉ်ပြိုင်တဲ့ မင်းသားတွေ အားလုံးကို အများကြီး ကျော်လွန်နေပါစေ၊ အပေါ်မှာ အရှင်မင်းကြီး ရှိနေတာကို မမေ့နဲ့။ ဒါက အရေးအကြီးဆုံး အချက်ပဲ။ သဘော ပေါက်လား။”

ချန်လွေ့ အံ့အားသင့် သွားသည်။ ထိုအံ့အားသင့်မှုမှာ လုံးဝအတုအယောင် မဟုတ်ပေ။ ဗာရိုနီကာ ထိုစကားများ ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အမှန်မှာ သူ၏ တကယ့်ရည်ရွယ်ချက်မှာ ဂါးဖီးလ်နှင့် လုခ်ကဲ့သို့ ‘ပြိုင်ဘက်များ’ ကို ကျော်လွန်ရန် မဟုတ်ဘဲ နဂါး လင်းလက် အင်ပါယာ၏ ဧကရာဇ်အား မိမိကိုယ်ကို အပေးအယူအဖြစ် အသုံးချ နိုင်သော မဟာလက်ဇ်ကို ကျော်လွန်ရန် ဖြစ်သည်။

“သ‌ဘောပေါက်ပါပြီ။ ဆရာမ။” ချန်လွေ့က ခေါင်းညိတ် လိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဗာရိုနီကာ၏ စကားများက အလွန်ပင် အဆက်အစပ် ရှိပေသည်။

“အခု နင် နားလည်ပြီ ဆိုတော့ နောက်ကျ ငါနဲ့ အချိန်မဖြုန်းနဲ့တော့။” ဗာရိုနီကာက သူ့ကို စိုက်ကြည့် လိုက်သည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် အာသာလေး၊ မင်းရဲ့ရည်ရွယ်ချက်ကို ငါ နားလည်ပါတယ်။ ဒါပေမယ့် ငါက နင်နဲ့ တကယ် အဆင်မပြေဘူး။”

“ဒါက အဲဒီ နိုင်ငံရေး လက်ထပ်မှုနဲ့ လျို့ဝှက် ကြံစည်မှုရဲ့ သားကောင် ဖြစ်ခဲ့လို့လား။” ချန်လွေ့က လက်သီးကို ဆုပ်လိုက်သည်။ “ ‘အာသာ’ ဦးလေးရဲ့ မိန်းမ ဖြစ်နေတော့ရော ဘာဖြစ်လဲ။ အဘိုးကြီးက သေသွားပြီ။ သူရှိနေသေး ရင်တောင် ကျွန်တော် လက်လျှော့မှာ မဟုတ်ဘူး။ ကျွန်တော်မှာ အကြွင်းမဲ့ အာဏာနဲ့ ခွန်အားရှိနေသရွေ့ အရာ အားလုံးက တရားမျှတ နေမှာပဲ။ အစကတော့ ကျွန်တော် ဒီလို စွမ်းရည် မရှိခဲ့ဘူး။ ဒါပေမယ့် အခုတော့ ရှိနေပြီ။”

“မဟုတ်ဘူး။ နင်က တကယ်ပဲ အနာဂတ်မှာ အင်ပါယာ တစ်ခုလုံးရဲ့ အမြင့်ဆုံး အုပ်စိုးရှင် ဖြစ်လာရင်တောင် ငါက နင့်ရဲ့ ဆရာမနဲ့ အစ်မအဖြစ်ပဲ ရှိနေလိမ့်မယ်၊ ဒါမှမဟုတ်... တစ်ခုမှ မဟုတ်တာပေါ့။ နင် ငါ့ကို တကယ် လေးစားတယ်ဆိုရင် ဒီကန့်သတ်ချက်ကို ဘယ်တော့မှ ကျော်လို့ မရဘူး။ ဟုတ်ပြီလား။”

“ဆရာမ နားမလည် သေးပါဘူး။” ချန်လွေ့က သူ၏ စိုက်ကြည့်နေခြင်းကို မျက်နှာမလွှဲဘဲ သက်ပြင်းချလိုက်သည်။ သူက နှလုံးသားကို လက်ညှိုး ထိုးပြ လိုက်၏။ “ဒီ ‘အာသာ’ ဆိုတဲ့ကောင်က ဆရာမကို ဆရာမ တစ်ယောက်၊ အစ်မတစ်ယောက်၊ ဒါမှမဟုတ် တခြား တစ်ခုခု အဖြစ် သဘောထားတာပဲ ဖြစ်ဖြစ်၊ ဘယ်တော့မှ မပြောင်းလဲတဲ့ အရာတစ်ခု ရှိတယ်။ အဲဒါကတော့ အချစ်ပဲ။”

ဗာရိုနီကာ၏ မျက်လုံးများ အနည်းငယ် အေခဲသွားသည်။ ထိုအချိန် ချန်လွေ့က သေသေချာချာပင် ခံစားမိလိုက်သည်။ တိတ်ဆိတ်နေသော စိတ်ထဲတွင် တုန်ခါမှု တစ်ခု ရှိနေပုံရသည်။

“ဆွေမျိုးတစ်ယောက် ကျွန်တော့်ကို ပြောဖူးတယ်။ တစ်စုံ တစ်ယောက်ကို ချစ်တယ်ဆိုတာ သူနဲ့အတူ ပျော်ပျော် ရွှင်ရွှင် ထာဝရ နေထိုင်ဖို့ပဲ။ တစ်စုံ တစ်ယောက်ကို ချစ်တယ်ဆိုတာ ကိုယ် မရှိဘဲနဲ့တောင် သူ ပျော်ပျော်ရွှင်ရွှင် နေနိုင် ပါစေလို့ မျှော်လင့်တာပဲ။ ‘အာသာလေး’က အဲဒီတုန်းက ဆရာမ ဘာတွေဖြစ်ခဲ့လဲ မသိဘူး။ ဆရာမ အခု ဘာတွေး နေလဲဆိုတာတောင် မသိဘူး။ ‘သူ’က ဆရာမ ပျော်ပျော်ရွှင်ရွှင် နေစေချင်ရုံပဲ။ သူ ဗာရိုနီကာ ရိုလန် ရှာဘတ် ရမရ ကိစ္စမရှိ... မဟုတ်ဘူး ဒါက အဲဒီမျိုးရိုး နာမည်စုတ်တွေ အားလုံးနဲ့ မဆိုင်ဘူး။ ‘ဗာရိုနီကာ’ ပဲ။”

ဗာရိုနီကာ တုန်ယင်သွားပြီး မျက်နှာကို ငုံ့လိုက်၏။ ချန်လွေ့ကို သူ၏မျက်လုံးများ မမြင်စေချင် သကဲ့သို့ပင်။ စိတ်ခံစားချက် အပြောင်းအလဲများမှာ ပိုမို၍ သိသာ လာခဲ့သည်။

ထိုအရာက ယခင် အပြစ်ကင်းသော အာသာလေး၏ တကယ့် ရည်ရွယ်ချက် ဖြစ်ပြီး သူ့အသိစိတ်ထဲ ကျန်ရှိနေသည့် ပြင်းပြသော ဆန္ဒတစ်ခုလည်း ဖြစ်၏။ စစ်မှန်တဲ့ စိတ်ခံစားချက် ကသာ ဗာရီနီကာ၏ အတွင်းစိတ်ကို လှုံ့ဆော် ပေးနိုင်လေသည်။

ငုံ့ထားသော မျက်နှာမှ မျက်ရည် တစ်စက် မြေပြင်ပေါ်သို့ ကျဆင်းလာပြီး ခဏအကြာ မြေကြီးထဲသို့ စိမ့်ဝင် ပျောက်ကွယ်သွားခဲ့သည်။

“တကယ်လို့... ဆရာမက နင့်ကို ဒီကနေ ထွက်သွားဖို့၊ နဂါးလင်းလက် အင်ပါယာနဲ့ ဝေးရာကို ထွက်သွားဖို့ ပြောရင်ကော။”

ချန်လွေ့ စိတ်လှုပ်ရှားသွားသော်လည်း မျက်မှောင်ကြုတ်လိုက်၏။ “ဘာလို့လဲ။”

ဗာရိုနီကာ မဖြေပေ။ သူက ခေါင်းငုံ့ပြီး ဘာမှမပြောဘဲ နေလိုက်သည်။

“ဆရာမ ဒီနေ့ နည်းနည်း နေမကောင်း တဲ့ပုံပဲ။ ဒါဆို ကျွန်တော် အရင် သွားတော့မယ်။” ခဏအကြာတွင် ချန်လွေ့ ထရပ်လိုက်၏။ “ဆရာမရဲ့ စိတ်ထဲမှာ အချုပ်အနှောင် တစ်ခုခု ရှိနေတာကို ခံစားမိတယ်။ အားလုံးကို ပေးဆပ်ရမယ် ဆိုရင်တောင် ကျွန်တော် သေချာပေါက် ဖြေဖျောက်ပေးမယ်။”

ချန်လွေ့၏ ပုံရိပ်က သူ၏မြင်ကွင်းမှ လုံးဝ ပျောက်ကွယ် သွားမှသာ အသံတိုးတိုးလေး တစ်ခု ထွက်လာ၏။

“အာသာလေး... နင် မှားတယ်။ ငါ့ရဲ့ နှလုံးသားမှာ ဘာ အချုပ်အနှောင်မှ မရှိဘူး။ ဘာလို့လဲဆိုတော့ ငါ့မှာ နှလုံးသား မရှိဘူးလို့ပဲ။ ဝိညာဉ်တောင် မရှိဘူး။”

သူ ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ရာ မျက်ရည်များ ခန်းခြောက် သွားပြီ ဖြစ်သည်။

မျက်လုံးပြာပြာက ဂရုမစိုက်ခြင်းနှင့်... ပျက်စီးခြင်းတို့ ပြည့်နှက်နေ၏....

All Chapters