← Chapters

ပြီးခဲ့တာတွေ ပြီးပါစေတော့လား

Vol. 018 Ch. 1748

ပြီးခဲ့တာတွေ ပြီးပါစေတော့လား

Vol. 018 Ch. 1748

ကောင်းကင်အာဏာစက်ကျောင်းတော်၏အထက်တွင် ပုံရိပ်တစ်ခုက ကောင်းကင်ယံမှ လမ်းလျှောက်လာလေသည်။ ထိုလူအား တောက်ပသောနတ်ရောင်စဥ်များဖြင့် လွှမ်းခြုံထားသည်။ သူက ရှန်ကလန်မှ ကျင့်ကြံသူဖြစ်လေသည်။

အခြားပုံရိပ်တစ်ခုက ကောင်းကင်ယံသို့တက်လာပြီး သူ၏ရှေ့မှတားဆီးလိုက်သည်။ သူတို့၏အရှိန်အဝါများမှာ အလွန်အားကောင်းလှပေသည်။

ရှန်ကလန်မှကျင့်ကြံသူ၏အကြည့်က လူအုပ်ကိုဖြတ်သန်းသွားပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ထဲသို့ ကျရောက်သွားသည်။ ကျယ်လောင်သောအသံဖြင့် သူကပြောလိုက်သည်။ "ရှန်လော့ရွှီ... ဦးလေးက မင်းကိုလာတွေ့စေချင်နေတယ်"

ထိုကျင့်ကြံသူမှာ ရှန်လော့ရွှီနှင့် မျိုးဆက်တစ်ခုတည်းမှဖြစ်သည်။ ရှန်ကောင်းကမူ ရှန်ကလန်ခေါင်းဆောင်နှင့် မျိုးဆက်တစ်ခုတည်းဖြစ်သည်။ ယခုရှန်ကလန်ခေါင်းဆောင်မှာ ရှန်ကောင်း၏ အကိုဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်တွင်း၌ ရှန်လော့ရွှီက ဖေးရွှီအား ကျင့်ကြံခြင်းတွင် လမ်းညွှန်ပေးနေသည်။ သူမက ထိုအသံကိုကြားလိုက်ရသောအခါ သူမကခေါင်းမော့ကြည့်လိုက်သည်။ သူမ၏အကြည့်က အပြင်သို့ရောက်သွားပြီး သူမ၏အသိအား ဖြန့်ကျက်လိုက်သည်။

"ငါက ရှန်ကလန်ထွက်ပြီးပြီ။ ရှန်ကလန်အဖွဲ့ဝင်လည်းမဟုတ်တော့ဘူး။ နင်ပြောတဲ့ ဦးလေးဆိုတာက ဘယ်သူလဲ"ရှန်လော့ရွှီက ထူးမခြားနားစွာပြောလိုက်သည်။ သူမ၏အသံက မကျယ်သော်လည်း အပြင်မှ တစ်ဖက်လူထံသို့ တိုက်ရိုက်ရောက်ရှိသွားသည်။

ကျင့်ကြံသူများစွာက ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း၌ ပေါ်ပေါက်လာသည်။ အရှင်ထိုက်ရွှမ်နှင့်ဆွေးနွေးနေကြသော ကျင့်ကြံသူများက အပြင်သို့ထွက်လာကြသည်။ ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်၏အပြင်ဘက်သို့ ကြည့်လိုက်သည်။

ရှန်ကလန်က သူတို့၏တံခါးကို နောက်တစ်ကြိမ်လာခေါက်နေသည်လော။

ဤတစ်ကြိမ်တွင် သူတို့က အဘွားအား ရှန်ကလန်မှလူတစ်ယောက်ကို သွားတွေ့ရန်ပြောဆိုခဲ့သည်။ ထိုလူရည်ညွှန်းသော ဦးလေးဆိုသူမှာ ရီဖူရှင်းယခုလေးတွင်ကြားခဲ့ရသော ရှန်ကလန်၏ ထိပ်သီးပုဂ္ဂိုလ်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ရှန်ကောင်းဖြစ်ပေမည်။

ရှန်ကောင်းက ကောင်းကင်အာဏာစက်မြို့သို့ ရောက်ရှိနေပြီလော။

အရှင်ထိုက်ရွှမ်က ထိုနေရာ၌ ရပ်နေပြီး သူ၏အဝတ်အစားများက လေတွင်လွင့်နေလေသည်။ သူ၏စိတ်အသိက ချက်ချင်းပြန့်နှံ့သွားပြီး ကောင်းကင်အာဏာစက်မြို့တစ်ခုလုံးအား လွှမ်းခြုံသွားသည်။ ပုံရိပ်များက ချက်ချင်းပင် သူ၏စိတ်တွင်း၌ပေါ်ပေါက်လာသည်။

အလွန်လျင်မြန်စွာပင် သူ၏စိတ်အသိက နေရာတစ်ခုပေါ်သို့ကျရောက်သွားသည်။ ထိုနေရာမှာ တည်းခိုရိပ်သာတစ်ခုဖြစ်ပြီး ကျင့်ကြံသူတစ်စုက ထိုနေရာ၌ ငြိမ်သက်သွာထိုင်​နေပြီး အရက်သောက်နေကြလေသည်။

သူတို့ထဲမှ တစ်ယောက်က သူ၏စိတ်အသိကို အာရုံခံမိလိုက်ပြီး အသာခေါင်းမော့ကြည့်လိုက်သည်။ သူ၏အကြည့်က ဟင်းလင်းပြင်အ ဖြတ်သန်းသွားပြီး အလွန်ဝေးကွာသောနေရာမှ အရှင်ထိုက်ရွှမ်အပေါ်သို့ ကျရောက်သွားသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် တိုက်ရိုက်မြင်နိုင်လေသည်။

ရှန်ကောင်းက ခွက်ကိုချလိုက်ပြီး သူ၏စိတ်အသိသည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ကျရောက်သွားသည်။ အဝေးမှနေ၍ သူကပြောလိုက်သည်။ "ငါထွက်သွားခဲ့တဲ့အချိန်တုန်းက မင်းကကလေးလေးပဲရှိသေးတယ်။ အခုတော့ ငါမှန်းထားသလိုပဲ အရွယ်ရောက်​နေပြီပဲ... ငါမင်းကိုတွေ့ချင်တာတောင် မင်းက မလာတော့ဘူးလား..."

ရှန်လော့ရွှီက ရပ်လိုက်သည်။ သူမ၏ပုံရိပ်က လေထဲသို့ဖြည်းဖြည်းချင်းတက်သွားပြီး သူမ၏မျက်လုံးများက အဝေးတစ်နေရာသို့ ကြည့်နေလေသည်။ သူမသည်လည်း ရှန်ကောင်းနှင့် အခြားကျင့်ကြံသူများအား မြင်လေသည်။

"ငါ အဲ့ဒီကိုသွားလိုက်ဦးမယ်" ရှန်လော့ရွှီက ပြောလိုက်သည်။ ထို့နောက် သူမက ချက်ချင်းပင် ရှန်ကောင်းရှိနေသော နေရာသို့ဦးတည်သွားလိုက်လေသည်။

သူမက ရှန်ကောင်း၏ ကျင့်ကြံဆင့်အား ရှင်းရှင်းလင်းလင်းနားလည်ထားလေသည်။ သူမက သူ့အားသဘောတူချင်သည်ဖြစ်စေ၊ မတူချင်သည်ဖြစ်စေ၊ ထိုသည်က ကွာခြားမှုမရှိပေ။ သူ၏စိတ်အသိကိုဖြန့်ကျက်လိုက်သည်နှင့် ရှန်ကောင်းက မည်မျှဝေးကွာသောနေရာတွင်ရှိနေစေကာမူ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ချက်ချင်းရောက်လာနိုင်လေသည်။

ထိုမျှမြင့်မားသောအဆင့်မှ ပုဂ္ဂိုလ်ကြီးတစ်ယောက်က တစ်စုံတခုအား ပြုလုပ်ချင်လျှင် မည်သူမျှ တားနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ရှန်လော့ရွှီက သူမကိုယ်တိုင် ထိုနေရာသို့သွားရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်သွားကြည့်လိုက်ဦးမယ်" ရီဖူရှင်းက ပြောလိုက်သည်။ သူကထိုသို့ပြောလိုက်ပြီး ရှန်လော့ရွှီဦးတည်သွားသောနေရာသို့ ဦးတည်လိုက်သည်။

ပုံရိပ်များက သူ့နောက်မှလိုက်ပါလာသည်။ အရှင်ထိုက်ရွှမ်က သူရပ်နေသောနေရာတွင်သာ တိတ်ဆိတ်စွာရပ်နေ၍ သူတို့အား တည်ငြိမ်စွာကြည့်နေသည်။ သူက ရီဖူရှင်းနှင့် အခြားလူများ ထိုနေရာသို့ဦးတည်သွားနေသည်ကို တားမြစ်ခြင်းမပြုပေ။ သူသည်လည်း ရှန်လော့ရွှီနှင့် အတွေးတူလေသည်။ သူက ရှန်ကောင်းအား မတားနိုင်ပေ။ အရှင်ထိုက်ရွှမ်က ထိုနေရာသို့သွားရန်မလိုအပ်ပေ။ ရှန်ကောင်းက အမှန်တကယ်လှုပ်ရှားလိုလျှင် သူတို့မည်သူမျှ တားမြစ်နိုင်မည်မဟုတ်ပေ။

အရှင်ထိုက်ရွှမ်သည်လည်း တူညီစွာပင် ရှန်ကောင်းရှိနေသောနေရာသို့ တခဏချင်းပင် ရောက်အောင်သွားနိုင်လေသည်။

အခု အရှင်ထိုက်ရွှမ်၏ အားကောင်းလှသော စိတ်အသိက အဝေးမှနေ၍ ထိုတည်းခိုရိပ်သာအတွင်းမှအခြေအနေများအား စူးစမ်းနေလေသည်။

သူတို့၏အဆင့်ဖြင့် သူတို့သာအမှန်တကယ်တိုက်ခိုက်လိုလျှင် တခဏမျှသာ ကြာမြင့်ပေလိမ့်မည်။

တည်းခိုဆောင်အတွင်း၌ ရှန်လော့ရွှီ၏အဝတ်အစားများနှင့် ငွေရောင်ဆံပင်များက လေနှင့်အတူ လွင့်ပါကခုန်နေကြသည်။ သူမက လေထဲတွင် ဝံ့ကြွားစွာရပ်နေပြီး သူမ၏အကြည့်က တည်းခိုရိပ်သာထဲရှိ အုပ်စုအပေါ်သို့ကျရောက်နေသည်။

ရီဖူရှင်းနှင့်အခြားလူများက ရှန်လော့ရွှီ၏နောက်တွင်ရှိနေသည်။ သူတို့၏အကြည့်များသည်လည်း ရှန်ကောင်းနှင့် သူ၏အုပ်စုအပေါ်၌သာရှိနေသည်။

အဝေးမှမျက်လုံးပေါင်းများစွာက သူတို့အားကြည့်နေကြသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရှန်ကလန်ကြားမှ ရန်ငြိုးသည် ဘုံကိုးခုလုံး၌ ကျော်ကြားလေသည်။ မြို့ကို စစ်တပ်ကြီးဖြင့် ဝန်းရံခဲ့သော ထိုမြင်ကွင်းမှာ အလွန်ကြီးကျယ်ခမ်းနားလေသည်။ ရီဖူရှင်းကား ထိုတိုက်ပွဲ၌ ရှန်ကလန်ကိုအနိုင်ရရှိခဲ့ပြီး ဘုံကိုးခု၌ ကျော်ကြားလာခဲ့ခြင်းဖြစ်လေသည်။

အခု ရှန်ကလန်မှကျင့်ကြံသူများက ကောင်းကင်အာဏာစက်မြို့သို့ ထပ်မံ၍ ရောက်လာခဲ့သည်။ ထိုသည်မှာ အလွန်ကြီးမားသော ကိစ္စကြီးဖြစ်လေသည်။

ရှန်ကောင်းက ခေါင်းမော့၍ ရှန်လော့ရွှီကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဘာဖြစ်တာလဲ။ ငါ မင်းကိုမတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မင်းလူကြီးဖြစ်လာပြီး ခွဲခွာနေရတဲ့ ဦးလေးကိုတွေ့တာတောင် မနှုတ်ဆက်သေးဘူးလား..."

ရှန်လော့ရွှီက လူများလေးစားရသော ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်လည်း ရှန်ကောင်း၏မှတ်ဉာဏ်များထဲတွင် သူမအား ကလေးတစ်ယောက်အဖြစ်သာ မြင်နေဆဲဖြစ်သည်။ ထိုတခဏအတွင်း၌ သူမ၏ဆံပင်များဖွေးဖွေးဖြူသွားခဲ့မည်ဟု သူလုံးဝထင်မထားခဲ့ပေ။ အချိန်များက သူ့အတွက် အကုန်မြန်လွန်းလှပေသည်။

ရှန်ကောင်းက သူ၏အကိုဖြစ်သူကို ကိစ္စများကို သေချာမကိုင်တွယ်ခဲ့ဟု ယူဆမိသည်။

ထိုကဲ့သို့ သမီးနှင့် သမက်ဖြစ်သူတို့၏လက်ထဲ၌ နတ်ဝိညာဥ်လက်နက်ကိုပေးထါးခဲ့ရန်မှာ ပြသနာကြီးမဟုတ်ခဲ့ပေ။ အခုတော့ သူ၏ရွေးချယ်မှုကြောင့် အမုန်းတရားများသာပေါ်ပေါက်ခဲ့ရသည်။ ရှန်ကလန်အတွက် အကူအညီကောင်းများဆုံးရှုံးခဲ့ရသည်သာမက သူတို့က ရှန်ကလန်၏ရန်သူများ ဖြစ်လာခဲ့သည်။

အလွန်ဆိုးရွားလှပေသည်။

သို့သော် ရှန်ကောင်းက ထိုကိစ္စအားကိုင်တွယ်ခဲ့ပုံမှာ မသင့်တော်ခဲ့ကြောင်း ခံစားမိသော်လည်း ကလန်က အဘယ်ကြောင့်ထိုကဲ့သို့ဖြေရှင်းရန်ဆုံးဖြတ်ခဲ့ခြင်းအား နားလည်ပေသည်။ ရှန်ကလန်သည် ရှန်ကလန်သာဖြစ်ပေသည်။ ကလန်၏ဂုဏ်သိက္ခာအရ သူတို့၏ကလန်မှလူများ အဆင်ခြင်မဲ့ပြုလုပ်ကာ ကလန်၏ဂုဏ်သတင်းကိုစွန်းထင်းစေခဲ့မှုအား လက်ခံနိုင်မည်မဟုတ်သည်မှာ သဘာဝကျပေသည်။

ထို့ကြောင့် သူ့အကို၏လုပ်ရပ်မှာ လုံးဝမှားယွင်းသည်ဟုလည်း မဆိုနိုင်ပေ။

"ကျွန်မက ရှန်ကလန်နဲ့ပတ်သတ်မှုကို အဆုံးသတ်ပြီးပြီ။ ရှန်ကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် ရှင့်ကို ဦးလေးလို့မခေါ်နိုင်တာပါ..." ရှန်လော့ရွှီကပြောလိုက်သည်။ "ရှင်က ကျွန်မကိုရှာတာ ဦးလေးလို့ခေါ်ခိုင်းဖို့သက်သက်တော့မဟုတ်ဘူးမဟုတ်လား"

ရှန်ကောင်းက ပြုံး၍ခေါင်းညိမ့်ကာပြောလိုက်သည်။ "မင်းက ခုထိခေါင်းမာတာပဲ။ မင်းငယ်ငယ်တုန်းက အနာဂတ်မှာ ကိစ္စကြီးတွေလုပ်နိုင်ရမယ်လို့ မင်းပြောခဲ့တာ ငါမှတ်မိသေးတယ်...အဲ့ဒီတုန်းက ငါမင်းကို တော်တော်လေး အလေးထားပြီးကောင်းကောင်းဆက်ဆံခဲ့တာပါ။ အခု ငါကမင်းကို တွေ့ဖို့ရည်ရွယ်ပြီး ဒီကိုရောက်လာတာဆိုတော့ မင်းက ငါ့အပေါ်မှာရန်သူကြီးလို ဆက်ဆံစရာမလိုပါဘူး"

"အဲ့ဒီတုန်းကကိစ္စတွေအားလုံးက အတိတ်တွေပါပဲ။ ကျွန်မက အဲ့ဒါတွေကို ထပ်မပြောချင်တော့ဘူး" ရှန်ကလန်က ရှန်လော့ရွှီ၏စိတ်ထဲ၌ သေဆုံးသွားပြီးဖြစ်သည်။ သူမ၏နှလုံးသားက ရေသဖွယ်ဖြစ်နေလေသည်။ သူမက အလွန်အေးချမ်းတည်ငြိမ်နေပုံပေါ်သည်။

"ကျွန်မက ရှန်ကလန်မှာမွေးခဲ့ပေမယ့် ရှန်ကလန်က ကျွန်မအပေါ်မှာလုပ်ခဲ့သမျှကိစ္စအားလုံးကို ရှင်သိပြီးသားဖြစ်မှာပါ။ အခု ရှင်က ဘက်ရွေးပြီးပြီဆိုမှတော့ အမှတ်တရတွေကို သိမ်းထားလိုက်ပါတော့ " ရှန်လော့ရွှီက ဆက်ပြောလိုက်သည်။ "ကျွန်မကို တည့်တည့်ပဲပြောပါ။ ရှင်ဘာလိုချင်တာလဲ"

"ငါကမင်းကို ပြန်လာဖို့ဖိတ်ခေါ်ချင်တယ်ဆိုရင် မင်းက ကလန်ကိုပြန်လာဖို့ဆန္ဒရှိလား" ရှန်ကောင်းက မေးလိုက်သည်။ "အဲ့ဒီတုန်းက ကိစ္စမှာ မင်းရော မင်းအဖေရော မှားခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မင်းတို့က သွေးသားရင်းတွေပဲလေ။ မင်းဘယ်လောက်ပဲကြိုးစားသည်ဖြစ်စေ မွေးပေးခဲ့တဲ့မိဘတွေဆီကတော့ မလွတ်မြောက်နိုင်ဘူး။ ဖြစ်ခဲ့သမျှအရာအားလုံးကို ဘာလို့ လွှတ်မချနိုင်ရတာလဲ"

"လွှတ်ချရမယ်ဟုတ်လား"

ရှန်လော့ရွှီက ရှန်ကောင်းအား အေးစက်စွာစိုက်ကြည့်ကာပြောလိုက်သည်။ "ကျွန်မရဲ့သမီးကို ကလန်က သတ်ခဲ့တာ။ အဲ့ဒီတုန်းက ရှန်ကလန်ကိုရော ဘယ်သူကများ ဒီကိစ္စကိုအလွတ်ပေးဖို့ ပြောပေးခဲ့လို့လဲ"

"အဲ့ဒါတွေအားလုံးက အတိတ်တွေပါ။ ရှန်ကလန်ရဲ့သွေးက အခုထိမင်းရဲ့သွေးကြောတွေထဲမှာ စီးဆင်း​နေတုန်းပဲ။မင်းလွတ်မြောက်ချင်တယ်ဆိုတာနဲ့ အဲ့ဒီသွေးသားဆိုတဲ့ပတ်သတ်မှုက လွတ်မြောက်နိုင်မှာမဟုတ်ဘူး" ရှန်ကောင်းက တည်ငြိမ်စွာတုန့်ပြန်လိုက်သည်။

ရှန်လော့ရွှီက ရှန်ကောင်း၏ တည်ငြိမ်သောအသံအတွင်း၌ အနှိုင်းမဲ့ကြီးကျယ်ခမ်းနားမှုများပါဝင်နေကြောင်း ပြောနိုင်လေသည်။

သူမက လှောင်ရယ်လိုက်သည်။ လူတိုင်းတွင် ကိုယ်ပိုင်အမြင်ရှိလေသည်။ ရှန်ကောင်းက ထိုကိစ္စများအား လွှတ်ချရန်အကြံပေးခဲ့သည်။ သူက ကလန်အတွက်ထိုသို့လုပ်ပေးခြင်းဖြစ်သည်။ သို့သော် သူက သူမဘက်မှခံစားချက်အား ထည့်မစဥ်းစားခဲ့ပေ။

"ကျွန်မက လွတ်မြောက်ပြီးပါပြီ" ရှန်လော့ရွှီက ထူးမခြားနားစွာ ပြောလိုက်သည်။

ရှန်ကောင်းက သူမအားကြည့်ပြီး သူ၏အကြည့်ကို ရီဖူရှင်းထံသို့ရွှေ့လိုက်ကာ ပြောလိုက်သည်။ "မင်းက ကျင့်ကြံသူတွေကိုစုစည်းပြီး ရှန်ကလန်ကိုကျူးကျော်တိုက်ခိုက်ဖို့ ဦးဆောင်ခဲ့တာလား..."

ရီဖူရှင်းက ရှန်ကောင်းအားကြည့်၍ ပြန်ပြောလိုက်သည်။ "အဲ့လိုပြောတာက မပြည့်စုံသေးပါဘူး။ ရှန်ကလန်က ရှန်ကျီက ကောင်းကင်အာဏာစက်ကျောင်းတော်ကို အရင်ကျူးကျော်ရန်စခဲ့တာ..."

"အကုန်အတူတူပါပဲ" ရှန်ကောင်းက ရီဖူရှင်းအားကြည့်၍ တုန့်ပြန်လိုက်သည်။ "မင်းနဲ့ရှန်ကလန်ရဲ့ကြားက ရန်စက တဖြည်းဖြည်း နက်ရှိုင်းလာတယ်။ မင်းမှာ ထူးကဲသာလွန်တဲ့ပါရမီလည်းရှိနေတာပဲ။ ငါတို့မှာ အဲ့လိုရန်ငြိုးတွေရှိနေတော့ ဘာလို့အတိတ်ကို အတိတ်မှာပဲ မနှစ်မြှုပ်လိုက်ရမှာလဲ။ ရှန်ကလန်ရဲ့ကိုယ်စား ငါဆုံးဖြတ်ပေးနိုင်တယ်။ ငါတို့ အတိတ်ကိုအတိတ်မှာပဲထားခဲ့လို့ရတာပဲ...မင်းလည်း လော့ရွှီကို ဒါတွေအကုန်လုံးကို လွှတ်ချဖို့အကြံပေးပေးပါ။ ငါတို့ အချင်းချင်း အပေးအယူလုပ်လို့ရတယ်..."

"လော့ရွှီက ကလန်ကိုပြန်လာလို့ရတယ်" ရှန်ကောင်းက ရီဖူရှင်းအား ဆက်လက်သိမ်းသွင်းလိုက်သည်။ "မင်းရဲ့ဆရာက လော့ရွှီရဲ့သမက်လို့ ငါကြားထားတယ်။ ပြီးတော့ သူ့ရဲ့သမီးဖေးရွှီကလည်း ရှန်ကလန်သားတစ်ယောက်ပဲလေ။ သဘောတူညီမှုရနေတုန်းမှာ ငါတို့က ဘာလို့ ညှိနှိုင်းမှုမလုပ်နိုင်ရမှာလဲ။ ရှန်ကလန်က မင်းနဲ့ဖေးရွှီရဲ့မင်္ဂလာပွဲကိုလည်း သက်သေလုပ်ပေးနိုင်တယ်။ ငါတို့ အတိတ်ကိုအတိတ်မှာပဲထားခဲ့ရအောင်...အနာဂတ်မှာ ရှန်ကလန်က မင်းရဲ့ကလန်ဖြစ်လာလိမ့်မယ်။ ဒီလိုနည်းလမ်းနဲ့ ငါတို့က ကိစ္စတွေအများကြီး ဖြေရှင်းနိုင်လိမ့်မယ်"

ရှန်ကောင်း၏စကားများက ရှန်ဟောက်နှင့် သူ့နောက်မှလူများ၏အမူအရာအား ပြောင်းလဲသွားစေသည်။

ရှန်ကောင်းသည် အမှန်တကယ်ပင် ဤအာဃာတကို စွန့်လွှတ်ရန် ဆန္ဒရှိနေသည်။ ရှန်ကလန်မှကျင့်ကြံသူများစွာက ထိုကိစ္စကြောင့်သေဆုံးသွားခဲ့ရသော်လည်း သူကအားလုံးကို ချေဖျက်ပေးရန်ဆန္ဒရှိနေလေသည်။ သူက ရီဖူရှင်းအား ရှန်ကလန်သို့ဝင်ရောက်ရန်ပင် ဖိတ်ခေါ်ခဲ့သည်။

သံသယဖြစ်စရာမလိုဘဲ ဤသည်မှာရှန်ကောင်း၏ ရီဖူရှင်းအပေါ်အသိအမှတ်ပြုခြင်းဖြစ်သည်။

ဤသည်မှာ အတိတ်ကသာဖြစ်ခဲ့ပါက ရှန်ကလန်၏ဂုဏ်သိက္ခာဖြင့် ထိုသို့လုပ်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ရှန်ကောင်းက ယခုထိုသို့လုပ်နေလေသည်။

ကောင်းကင်အာဏာစက်မြို့မှလူများသည်လည်း အလွန်အံ့သြနေကြလေသည်။ ထိုရှန်ကောင်းက အမှန်တကယ်ပင် သြဇာတိက္ကမနှင့်ပြည့်စုံလှပေသည်။

သို့သော် ထိုကဲ့သို့ကိစ္စမျိုးမှာ အလွယ်တကူဖြေရှင်းရန် မဖြစ်နိုင်ပေ။

ရီဖူရှင်းနှင့်ရှန်လော့ရွှီက ထိုသည်အား သဘောတူမည်မဟုတ်ပေ။

"ကျွန်မထပ်ပြောမယ်။ ကျွန်မနဲ့ရှန်ကလန်ကြားမှာ ဘာပတ်သတ်မှုမှမရှိဘူး" ရှန်လော့ရွှီက တည်ငြိမ်စွာပြောသည်။

ရီဖူရှင်းက နားလည်ပေသည်။ ရှန်ကောင်းက ထိုစဥ်က အကြွေးများအားဖယ်ရှားပစ်နိုင်ပြီး မည်သည့်အရာမျှမဖြစ်ခဲ့သလိုနေနိုင်ပေသည်။ သို့သော် သူ၏ဆရာဘိုးဘိုးနှင့်ဘွားဘွားက ထိုသည်အား မည်သို့လွှတ်ချမေ့ပျောက်ပေးနိုင်ပါမည်နည်း။

သူ့ဆရာ၏ဇနီး ချီရွှမ်ကန်းက အသတ်ခံခဲ့ရသည်။ ဖေးရွှီ၏မိခင်ဖြစ်သူက သေဆုံးခဲ့ရသည်။ ရှန်လော့ရွှီနှင့် ဖေးရွှီတို့က ထိုကိစ္စများအား ဘာမှမဖြစ်ခဲ့သလိုသဘောထား၍ ရှန်ကလန်သို့ပြန်သွားနိုင်ပါ့မည်လော...။

ရှန်ကောင်း၏ ချစ်မြတ်နိုးသူတစ်ယောက် သေဆုံးသွားခဲ့လျှင် သူကထိုစကားများအား ပြောနိုင်ပါ့မည်လော။

ရီဖူရှင်းက အဖြေမပေးပေ။ ရှန်လော့ရွှီ၏ရပ်တည်မှုက သူ၏ရပ်တည်မှုပင်ဖြစ်သည်။ ရှန်ကောင်းက ကိစ္စများအား အတွေးလွန်နေခြင်းသာဖြစ်သည်။

ရီဖူရှင်းနှင့် ဖေးရွှီက တစ်ခါမျှအတူရှိရန် မတွေးဖူးချေ။

ရှန်ကောင်းက ရီဖူရှင်းနှင့် ရှန်လော့ရွှီအားကြည့်လိုက်သည်။ သူက သူတို့၏အဖြေအား နားလည်လိုက်လေသည်။

သူက အရက်ခွက်ကိုချလိုက်ပြီး သူ၏အကြည့်က ရှန်လော့ရွှီထံသို့ ပြန်လည်ရောက်ရှိသွားသည်။

သူ၏ဘေးတွင် ကြောက်မက်ဖွယ်ကျင့်ကြံဆင့်နှင့် အခြားပုဂ္ဂိုလ်တစ်ယောက်ရှိနေလေသည်။ ထိုလူ၏အကြည့်က အလွန်ထက်ရှလှပြီး ရှန်လော့ရွှီထံသို့စိုက်ကြည့်လိုက်သည်။ ထိုလူကပြောလိုက်သည်။ "မင်းဘိုးဘေးတွေရဲ့သွေးက မင်းခန္ဓာကိုယ်မှာစီးဆင်းနေတုန်းပဲ။ အဲ့ဒီသွေးသားတော်စပ်မှုက စကားတစ်ခွန်းထဲနဲ့ ဖြတ်တောက်လို့ရတဲ့အရာမဟုတ်ဘူး။ မင်းက မင်းကိုမင်း ရှန်ကလန်အဖွဲ့ဝင်တစ်ယောက်အဖြစ် အသိအမှတ်မပြုမှတော့ မင်းရဲ့အသွေးအသားထဲက သွေးတွေကိုဖောက်ထုတ်ပစ်လိုက်လေ။ အဲ့လိုဆိုရင် သွေးသားအဖြစ်က ဖြတ်တောက်ပြီးသွားပြီလို့ ယူဆပေးလို့ရတယ်။

ရီဖူရှင်းနှင့်အုပ်စုက တစ်ဖက်လူအားကြည့်လိုက်ကြသည်။ သူမ၏သွေးများကိုဖောက်ထုတ်ပစ်ရမည်တဲ့လား။

ထိုသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

"ဘွားဘွား ပြန်ကြရအောင်" ရီဖူရှင်းက ပြောလိုက်သည်။

"အင်း" ရှန်လော့ရွှီကခေါင်းညိမ့်လိုက်ပြီး ထွက်ခွာရန်ပြင်လိုက်သည်။

သို့သော် ထိုအခိုက်တွင် အားကောင်းလှသောအရှိန်အဝါက ရှန်ကောင်းထံမှထွက်ပေါ်လာပြီး ရှန်လော့ရွှီပေါ်သို့ကျဆင်းသွားသည်။

ထိုခဏတွင် အဝေးရှိ ကောင်းကင်အာဏာစက်ကျောင်းတော်မှ အလွန်အားကောင်းလှသောအရှိန်အဝါက ကောင်းကင်ဘုံမှအုပ်စိုးသူတပါးသဖွယ် ထိုနေရာအား လွှမ်းခြုံလာသည်။ ထိုသည်မှာ အရှင်ထိုက်ရွှမ်၏အရှိန်အဝါဖြစ်လေသည်။

ခဏချင်းပင် ထိုနေရာတစ်ခုလုံး၌ ဖိအားတစ်ခုထွက်ပေါ်လာသည်။

လူတိုင်းက ထိုပုဂ္ဂိုလ်ကြီးနှစ်ဦး၏အရှိန်အဝါများကို ခံစားမိလိုက်ကြသည်။

ရီဖူရှင်းက လှည့်၍ထွက်ခွာရန်ပြင်လိုက်သည်။ သို့သော် ရှန်ကောင်း၏ဘေးမှ ငယ်ရွယ်ခန့်ညားသောပုံရိပ်က တည်းခိုဆောင်၏အထက်သို့တက်လာသည်ကိုမြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှအရှိန်အဝါများက အလွန်အားကောင်းလှပေသည်။ ခြေတစ်လှမ်းထဲဖြင့် သူက ဟင်းလင်းပြင်အားဖြတ်ကာ ရီဖူရှင်းထံသို့ရောက်ရှိလာသည်။ သူကမေးလိုက်သည်။ "မဟာလမ်းစဥ်ရဲ့ဘုံသုံးထောင်လုံးက လက်ရှိလူငယ်မျိုးဆက်ထဲမှာ မင်းကို နံပါတ်တစ်အဖြစ်သတ်မှတ်ကြတယ်လို့ ငါကြားထားတယ်..."

ရီဖူရှင်းက နောက်သို့လှည့်၍ တစ်ဖက်လူအားကြည့်လိုက်သည်။ ထိုလူငယ်၏ပုံရိပ်က နတ်ရောင်စဥ်များဖြင့် လင်းလက်နေလေသည်။ သူ၏အရှိန်အဝါအငွေ့အသက်က ရှန်ဟောက်ထက် အားမနည်းပေ။ မျက်စိကျိန်းဖွယ်နတ်ရောင်စဥ်က သူ့ခန္ဓာကိုယ်တွင်းမှဖြာထွက်လာပြီး လူများစွာ၏ မဟာလမ်းစဥ်အား ဖိနှိပ်လိုက်သည်။

ထိုသည်မှာ အက်ကြောင်းမဲ့နတ်ဝင်ရိုး၏အရှိန်အဝါဖြစ်ပေသည်။

သိသာစွာပင် ထိုလူငယ်က ဘုံကိုးခုမှ ရှန်ကလန်၏အဖွဲ့ဝင်မဟုတ်ပေ။ ရှန်ကလန်တွင် ထိုကဲ့သို့ကျင့်ကြံသူမျိုးရှိပါက ရီဖူရှင်းက ယခင်ရှန်ကလန်နှင့်တိုက်ပွဲ၌ ထိုလူငယ်နှင့်ရင်ဆိုင်ခဲ့ရမည်ဖြစ်သည်။

ထိုလူငယ်က ပြင်ပဘုံရှိ ရှန်ကလန်မှကျင့်ကြံသူတစ်ဦးဖြစ်လေသည်။

ရုတ်တရက် အလင်းရောင်က ပတ်ဝန်းကျင်တစ်ခုလုံးအား ထွန်းလင်းသွားစေသည်။ မဟာလမ်းစဥ်အသိက ကောင်းကင်ယံ၌ပျံ့နှံ့သွားသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ မရေမတွက်နိုင်သော အကြည့်များက ထိုလင်းလက်တောက်ပနေသောပုံရိပ်အားကြည့်လိုက်ကြသည်။

အလွန်ဝေးကွာသောအရပ်မှလာသည့် ထိုကျင့်ကြံသူက သူဤနေရာရောက်ခါစမှာပင် ဤမျိုးဆက်၏ဒဏ္ဍာရီသဖွယ်ကျော်ကြားလှသော ရီဖူရှင်းအား စိန်ခေါ်လိုပေသည်။

***

All Chapters