← Chapters

အပေးအယူများ

Vol. 58 Ch. 943

အပေးအယူများ

Vol. 58 Ch. 943

အဓိက ခန်းမရှိ ‘အစည်းအဝေး’က အောင်မြင်စွာ ပြီးဆုံး သွားခဲ့သည်။ လူအုပ်ကြီး ပြန်ပြီးနောက် မဟာလက်ဇ် က ချန်လွေ့ကို နေခဲ့ရန် ပြောသည်။

“မင်း ငါ့ကို အံ့အားသင့် စေခဲ့တယ် ငါ့သား။ ယန္တရား မဟာဆရာသခင် တစ်ယောက်ဆိုတာ ဘာလို့ အရင်က မပြောခဲ့တာလဲ။”

“အရှင်မင်းကြီး မမေးခဲ့ဘူးလေ။”

လက်ဇ်၏ မျက်လုံးများ လင်းလက် သွားသည်။ “ဒါဆို အခု မင်းကို တရားဝင် မေးမယ်။ ဒီ ၇နှစ်အတွင်း မင်း ဘာတွေ ဖြစ်မြောက်ခဲ့လဲ။”

“အတိအကျ ပြောရရင်တော့ ကျုပ် ရရှိခဲ့တာက... အသက်ရှင်သန်နိုင်တဲ့ စွမ်းရည်အချို့ပါ။” ချန်လွေ့က အေးဆေး တည်ငြိမ်စွာ ပြောလိုက်သည်။ “အရင် အာသာက သေသွားခဲ့ပြီ။ သူက နောက်ကျော ကနေ ဓားထိုးခံခဲ့ရတာ။ ဓားနဲ့ ထိုးတဲ့လူကို ကျုပ် မမှတ်မိဘူး။ ကြောက်စရာ ကောင်းတဲ့ ရန်သူ ဒါမှမဟုတ် ပိုပြီး ကြောက်စရာကောင်းတဲ့ ဆွေမျိုး တစ်ယောက် ဖြစ်နိုင်တယ်။ ဒီလို သင်ခန်းစာမျိုး တစ်ခါဆို လုံလောက်ပြီ။ အခုတော့ အနည်းဆုံး ကျွန်တော့်ကို ကြံစည်ခဲ့တဲ့သူတွေအတွက် အလုပ်လုပ် ပေးတော့မှာ မဟုတ်ဘူး။”

လက်ဇ်သည် ထိုစကား၏ အဓိပ္ပာယ်ကို နားလည်ရန် စဉ်းစား ဆင်ခြင် နေ၏။

“အရှင်မင်းကြီး တခြားကိစ္စ မရှိဘူး ဆိုရင် ကျုပ်ကို အရင်သွားခွင့်ပြုပါဦး။” ချန်လွေ့က အရိုအသေ ပြုလိုက်သည်။

“ဒီည မင်းကို ရှီအွန်နန်းတော်ဆီ သွားခွင့်ပြုတယ်။ မင်းကို အဲဒီမှာ တစ်ယောက်ယောက်က စောင့်နေ လိမ့်မယ်။” လက်ဇ်က ရုတ်တရက် ပြောလိုက်သည်။

“ရှီအွန်နန်းတော်လား။” ရင်းနှီးသော နေရာ၏ အမည်ကြောင့် ချန်လွေ့၏ မှတ်ဉာဏ်များ ထပ်မံလှုပ်ခတ်လာ၏။ သူ၏ နှလုံးသားထဲ၌ မှတ်တမ်းတင် ထားသော ပင်လယ်နက် ကဲ့သို့ မျက်လုံးပြာက စိတ်ထဲတွင် ပေါ်လာရာ မှတ်ဉာဏ်အပိုင်းအစများ ပြန်လည် နိုးထလာ တော့သည်။

“ဒီညလား”

“ဒီတစ်ညပဲ။” လက်ဇ် ခပ်အေးအေး ပြောလိုက်သည်။ “သူက ဆိုဖေးလ်ရဲ့ ကိုယ်လုပ်တော် ဆိုတာကို မင်းနားလည် ရမယ်။ မင်းရဲ့ ဦးလေး သေဆုံးတာ ကြာပြီဆိုပေမဲ့ သူက မင်းရဲ့ ဦးလေး ပဲလေ။ နားလည်လား။”

ချန်လွေ့က နားထင်ကို ပွတ်သပ် လိုက်၏။ “တစ်ခုခု မှတ်မိသလိုပဲ။ သူက ကျက်သရေပြာအင်ပါယာရဲ့ မြင့်မြတ်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပြီးတော့ ကြယ်အလင်း ကောလိပ်က ဆရာမ တစ်ယောက်။ နောက်ဆုံးတော့ သူ့အဖေ ထက်တောင် အသက်ကြီးတဲ့ အဘိုးကြီး တစ်ယောက်နဲ့ နိုင်ငံရေး လက်ထပ် ထိမ်းမြားမှု သားကောင် ဖြစ်ခဲ့ရတာ။ အရှင်မင်းကြီးကပဲ ဒါကို လှုံ့ဆော်ခဲ့တာ မဟုတ်လား။”

“ဟုတ်တယ်။”

“အင်ပါယာရဲ့ အကျိုး အတွက်လား။”

“အင်ပါယာရဲ့ အကျိုးအတွက်ပဲ!” လက်ဇ်၏ လေသံက ခိုင်မာနေ၏။

“ဒါဆို အဲဒီတုန်းက ‘အာသာ’ ၃ ရက် ၃ညလုံးလုံး တောင်းပန်ခဲ့ပေမဲ့ အရှင် မင်းကြီးက ပယ်ချခဲ့တာပေါ့။ အတော် မိုက်မဲတဲ့ကောင်ပဲ။” ချန်လွေ့က စိတ်ထဲတွင် ပေါ်လာသော မှတ်ဉာဏ် စီးကြောင်း အချို့ကို စီစစ်ပြီးနောက် ပခုံးတွန့်လိုက်သည်။

လက်ဇ် မျက်မှောင်ကြုတ် လိုက်၏။ “မင်းရဲ့ လက်ရှိ ဆုံးဖြတ်ချက်အရဆို အဲဒီအမျိုးသမီးရဲ့ သရုပ်က မင်းနဲ့ လုံးဝ မသင့်တော်ဘူးဆိုတာ နားလည်မှာပါ။ မင်းသမီး လန်ဘိစ်က မင်းနဲ့ အလိုက်ဖက် ဆုံးပဲ။”

ချန်လွေ့က ဆက်မပြောဘဲ တည်တည် ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။ “ကျုပ်ရဲ့ လက်ရှိ ဆုံးဖြတ်ချက်နဲ့ဆို ပိုပြီးတော့ သိလာရတဲ့ အရာတွေလည်း ရှိတယ်။ အဲဒီတုန်းက ဆုံးဖြတ်ချက်က ‘အာသာ’ အတွက် သက်သက် မဟုတ်ခဲ့ဘူး။ ဆိုဖေးလ်က အဓိက ကျခဲ့တာ ဖြစ်မယ်။ သနားစရာ ဦးလေး ဆိုးဖေးလ်၊ သနားစရာ အမျိုးသမီး၊ ပြီးတော့ သနားစရာ... ‘အာသာ’.. အားလုံးက နစ်နာသူတွေပဲ။”

လက်ဇ်သည် တည်ငြိမ်ပြီး ပြင်ပလူ တစ်ဦးကဲ့သို့သော လေသံကို ကြားသော အခါ မကျေမနပ်ဖြစ်သွား၏။ “မင်း ငါ့ကို မေးခွန်းထုတ် နေတာလား။”

“ဘာမှ မဟုတ်ပါဘူး၊ အပြစ်တင်ရုံ သက်သက်ပါ။ ‘အာသာ’ ပြန်ရောက်လာ ကတည်းက ရှီအွန် နန်းတော်ကို တော်ဝင် အစောင့်အရှောက်တွေက ပိတ်ပစ်ခဲ့တာ။ အခု ကျုပ် တန်ဖိုးတချို့ ပြသလိုက်တော့ အရှင်မင်းကြီးက စိတ်ပြောင်းသွားပြီး ဒီအပေးအယူကို သုံးလာတယ်။ သူက ကျုပ်ရဲ့ ဆုံးသွားပြီ ဖြစ်တဲ့ ဦးလေးရဲ့ အမျိုးသမီး ဖြစ်နေပေမဲ့၊ တစ်ညတာ အတွက်ပဲ ဖြစ်ပေမဲ့လို့ပေါ့။”

“ကျုပ်က ဘာလဲ။ သူက ဘာလဲ။” ချန်လွေ့က လက်ဇ်၏ အေးစက်သော မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြုံးလိုက်သည်။ “အရှင်မင်းကြီးရဲ့ မျက်လုံးထဲမှာ ကိုယ်တိုင်က လွဲပြီးတော့ ကျန်တဲ့သူတွေ အားလုံးက အပေးအယူ သက်သက်ပဲလားဆိုတာ သိချင်တယ်။”

“မဟုတ်ဘူး။” လက်ဇ်၏ အသံက အေးစက်လာ၏။ “ငါကိုယ်တိုင်လည်း ပါတယ်။”

ချန်လွေ့ အနည်းငယ် အံ့အားသင့် သွားသည်။ ခဏ တိတ်ဆိတ်နေပြီးမှ သူ စကားစပြောသည်။ “ဒီလိုဆိုမှတော့ ခွင့်လွှတ်ပေးပါ။ ဒီနေ့ ဆွေးနွေးရမယ့် ခေါင်းစဉ်က မသင့်တော်တော့ ပါဘူး။ အခွင့်အရေးရှိရင် အရှင်မင်းကြီးနဲ့ ပိုပြီး အဆင်ပြေပြေ စကားပြောနိုင်ဖို့ကို မျှော်လင့်ပါတယ်။”

လက်ဇ်က ထူးဆန်းသော်လည်း ရင်းနှီးနေသည့် သားကို ပထမဆုံး အကြိမ် ကြည့်သကဲ့သို့ နက်ရှိုင်းစွာ ကြည့်လိုက်သည်။ “မင်းက ငါသိတဲ့ ‘အာသာ’ မဟုတ်တော့ဘူး။”

“ကျုပ် ပြောခဲ့သလိုပဲ၊ ပျောက်ကွယ် သွားတဲ့အချိန်ကတည်းက အရင် မင်းသားက သေသွားပြီ။” ချန်လွေ့၏ စကားများက သွယ်ဝိုက်နေသည်။ “အရှင်မင်းကြီးရဲ့ ရှေ့မှာ ရှိနေတာက အသက်ရှင်ဖို့ အတွက် အများကြီး ပြောင်းလဲသွားတဲ့ ‘အာသာ’ ပဲ။”

“တကယ့်ကိုပဲ။ မင်းကို အစပိုင်းက အထင်အမြင် အတိုင်း ငါမဆုံးဖြတ် နိုင်တော့ဘူး။ တကယ် ဝမ်းနည်းရမလား၊ ပျော်ရမလား မသိဘူး။ မင်းသား။” လက်ဇ် သက်ပြင်းချလိုက်၏။ “အခု မင်းက ငါ့နေရာကို ဆက်ခံဖို့ အရည်အချင်း ပြည့်မီပြီ။ ဂါဖီးလ်နဲ့ လုခ်တို့ထက် ပိုကောင်းနိုင်သေးတယ်။”

ချန်လွေ့သည် လက်ဇ်က ‘သား’ အစား ‘မင်းသား’ဟု သုံးနှုန်းခြင်းကို သတိပြု မိလိုက်သည်။ ထိုအရာက လက်ဇ်သည် သူ့ရာထူးကို အမှန်တကယ် မြင့်မားသော အဆင့်သို့ မြှင့်တင်ပေးလိုက်ကြောင်း ပြသနေသည်။ ထိုအရာက အခြား ‘စစ်မြေပြင်’ တစ်ခုထဲသို့ ဝင်ရောက် ခြင်းလည်း ဖြစ်သည်။

“အရှင်မင်းကြီး။ အုပ်ချုပ်သူအနေနဲ့ ပြောရရင် အရှင်မင်းကြီးက ခုထိ ငယ်ရွယ် တုန်းပဲ။ ဒါကြောင့် ဘယ်မင်းသားမှ လွန်ကဲတဲ့ စိတ်ကူးတွေ ရှိသင့်တယ်လို့ မထင်ပါဘူး။” ချန်လွေ့သည် အလွန်ပင် အေးဆေး တည်ငြိမ်နေပုံရသည်။ ဂါဖီးလ် အသက်ရှင် နေသေးခြင်းမှာ လက်ဇ်၏ ထောက်ခံမှု မပါဝင်ဟု မဆိုနိုင်ပေ။ ထိုအုပ်ချုပ်သူ၏ အရည်အချင်းများနှင့် အကြံအစည်များသည် ရိုင်ဇန်ထက် များစွာ သာလွန်ကာ အလွန်ပင် နက်နဲလှသည်။ အင်ပါယာတစ်ခုလုံး သူ၏ လက်ထဲတွင် မြဲမြံစွာ ရှိနေ၏။

ထိုကဲ့သို့ ထိန်းချုပ်မှုမျိုးက သီးသန့် ဖြစ်သည်မှာ သဘာဝကျပေသည်။ ထိုကဲ့သို့ ထိန်းချုပ်မှုကို ထိတွေ့လိုသူက အနီးစပ်ဆုံးလူပင် ဖြစ်စေကာမူ ရန်သူ အဖြစ် သတ်မှတ်ခံရပေမည်။

“ကျုပ် ပြန်ရောက် လာတာက ဟန်ချက်ကို ပျက်ပြားစေပြီးတော့၊ ကိစ္စတွေကို ပိုပြီးတော့ ရှုပ်ထွေးစေ နိုင်ပေမဲ့ ကတိတစ်ခုတော့ ပေးနိုင်တယ်။ ကျုပ်က အရှင်မင်းကြီးရဲ့ အုပ်ချုပ်မှုကို လှုပ်ခါစေမှာ မဟုတ်ဘဲနဲ့ ပိုပြီးတော့ ခိုင်မာအောင် လုပ်ဆောင်မှာပါ။”

လက်ဇ် မျက်မှောင်ကြုတ်လိုက်၏။ “ဒီတော့ မင်းဘာလိုချင်လဲ။”

ချန်လွေ့က “သိဒ္ဓိအလင်းဝတ်ရုံ”ဟု စိတ်ထဲ၌ တိတ်တဆိတ် ပြောလိုက် သော်လည်း ၎င်းကို အခုချက်ချင်း ထုတ်ပြော၍ မရနိုင်ပေ။ သူက တည်ငြိမ်စွာ ပြုံးလိုက်၏။ “ နောက်တော့ သိလာပါလိမ့်မယ်။ အရှင်မင်းကြီး။ ကျုပ် ဘာကို လိုချင်လဲ ဆိုတာ တကယ် နားလည်တဲ့အခါ အရှင်မင်းကြီးကို ‘အာသာ’က ‘ခမည်းတော်’လို့ ပြန်ခေါ် မယ့်နေ့ ဖြစ်ပါလိမ့်မယ်။”

‘ခမည်းတော်’ဟုတ်လား။

မဟာလက်ဇ်က ပလ္လင်ပေါ်တွင် မှီရင်း မရင်းနှီးသော်လည်း ရင်းနှီးသော ကျောပြင်က တဖြည်းဖြည်း မှေးမှိန်၍ ပျောက်ကွယ် သွားသည်ကို ကြည့်နေ ခဲ့သည်။ ထို့နောက် သူ၏မျက်လုံးများ တဖြည်းဖြည်း ပိတ်သွား၏။ စဉ်းစားခန်း ဝင်နေခြင်းလား၊ သို့မဟုတ် အတိတ်ကို လွမ်းဆွတ်နေခြင်းလား မသိနိုင်ပေ။

နန်းတော်ထဲတွင်-

ချန်လွေ့ ခဏတာ လှည့်ပတ်ပြီးနောက် ရှီအွန် နန်းတော်ဘက်သို့ ဦးတည် သွားခဲ့သည်။

ဗာရိုနီကာရှာဘတ် -

ကျက်သရေပြာ အင်ပါယာမှ တော်ဝင် အမျိုးသမီး။ ကျက်သရေပြာ တော်ဝင် မျိုးနွယ်ကြီး၏ မျက်လုံးများတွင် သူက ခံရသူ တစ်ဦးသာ ဖြစ်ခဲ့သည်။

‘အာသာ’ တစ်ချိန်က တောင့်တ ခဲ့သော အမျိုးသမီး။ သူက ‘အာသာ’ ၏ ကြယ်အလင်းကောလိပ်မှ အချစ်ရဆုံး ဆရာမနှင့် အစ်မဖြစ်သူပင်။ နောက်ဆုံး ဝမ်းနည်းဖွယ်ရာကောင်းသော နိုင်ငံရေး ထိမ်းမြားမှုကြောင့် သူ့အဖေထက် အသက်ကြီးသော နဂါးလင်းလက် အင်ပါယာ၏ မင်းသား ဆိုဖေးလ်နှင့် အတင်းအကျပ် လက်ထပ်ခဲ့ရသည်။

ထိုစဉ်က ‘အာသာ’ သည် နန်းတော် အပြင်ဘက်တွင် ၃ရက် ၃ညလုံးလုံး သူ၏ ခမည်းတော် လက်ဇ်ကို တောင်းပန် ခဲ့သော်လည်း လက်ထပ်ပွဲကို မရပ်တန့် နိုင်ခဲ့ပေ။ ထိုအချိန်မှစ၍ အာသာသည် လက်ဇ်ကို ‘ခမည်းတော်’ ဟု ခေါ်ရာမှ ‘အရှင်မင်းကြီး’ဟူ၍ ပြောင်းလဲ ခေါ်ဝေါ် ခဲ့လေသည်။

ချန်လွေ့က ယနေ့ လက်ဇ်ကို မေးမြန်း ခဲ့သလို၊ ထိုလက်ထပ်ပွဲသည် လက်ဇ်၏ အစီအစဉ်မှ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ ပစ်မှတ်မှာ ထိုစဉ်က အုပ်ချုပ်သူ အတွက် အင်အားကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာသည့် မင်းသားဆိုဖေးလ်ပင်။

လက်ထပ်ပြီး တစ်နှစ် မပြည့်ခင်တွင် မင်းသားဆိုဖေးလ်နှင့် သူ၏ ဇနီး၊ သားသမီး များစွာတို့က လျို့ဝှက် ဆန်းကြယ်သော မတော်တဆမှု တစ်ခုဖြင့် သေဆုံးခဲ့ကြသည်။ ထို့နောက် ဗာရိုနီကာသည် တော်ဝင်မျိုးနွယ်အပေါ် ပူးပေါင်းကြံစည်မှုကို သက်သေအဖြစ် ‘ဖော်ထုတ်’ခဲ့သည်။ ထိုဖြစ်ရပ် ရလဒ်မှာ ပြောင်းလဲမှုကြီး တစ်ခု ဖြစ်စေသည်။ နောက်ဆုံးတွင် မဟာလက်ဇ်သည် သူ၏ အကြွင်းမဲ့ အုပ်ချုပ်မှုကို လုံးဝ ခိုင်မာရန် လုပ်နိုင်ခဲ့ပြီး ဗာရိုနီကာသည်လည်း ‘အကျိုးပြုမှု’ကြောင့် ကိုယ်လုပ်တော် ဘဝမှ ‘တရားဝင်ဇနီး’ ဖြစ်လာခဲ့သည်။ မှန်ပေသည်။ သူက မုဆိုးမ တစ်ယောက်သာ ဖြစ်၏။ သူသည် နန်းတော်ထဲတွင်သာ နေထိုင် နိုင်ပြီး ကျက်သရေပြာ အင်ပါယာသို့ ပြန်၍ မရနိုင်ပေ။

ချန်လွေ့သည် မင်းသားဆိုဖေးလ်၏ သေဆုံးမှု အမှန်တရားကို မသိခဲ့ပေ။ သို့သော် သူသေချာသည်မှာ ‘အာသာ’ နှင့် ဗာရိုနီကာ နှစ်ဦးလုံးက ထိုစစ်တုရင် ပွဲတစ်ခုလုံးတွင် နယ်ရုပ်များ၊ သနားစရာ နယ်ရုပ်များသာ ဖြစ်နေခြင်းပင်။

ယခုအခါ ဗာရိုနီကာအား အပေးအယူ တစ်ခု အဖြစ် ထပ်မံအသုံးပြုကာ ချန်လွေ့ ရှေ့သို့ တွန်းပို့လိုက်ပြန်သည်။

တစ်ညလား။

ချန်လွေ့၏ မျက်နှာသည် အနည်းငယ် သုန်မှုန်နေ၏။ ထိုအရာက ‘အာသာ’ ဘက်မှ ဒေါသ ဖြစ်သည်။

ထိုဒေါသမျိုးက ပေါင်းစည်းထားသော သတိ၏ မူလ စိတ်ခံစားမှုတစ်ခုသာ ဖြစ်ပြီး ချန်လွေ့၏ အတွေးများကို လွှမ်းမိုးနိုင်ခြင်း မရှိပေ။ ချန်လွေ့အတွက် အနည်းဆုံး ဗာရိုနီကာနှင့် တွေ့ဆုံရန် လိုအပ်ပေသည်။

သူသည် ‘အာသာ’ ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အမွေဆက်ခံ ထားပြီး၊ ‘အာသာ’အဖြစ် လူသိရှင်ကြား ပေါ်လာခဲ့ သောကြောင့် ‘အာသာ’ ရင်ဆိုင်ရမည့် ကိစ္စများနှင့် တာဝန်အချို့ကို ရှောင်လွှဲရန် မဖြစ်နိုင်ပေ။

ထိုကဲသို့ မျက်နှာချင်းဆိုင် တွေ့ခြင်းက စိတ်ဝိညာဉ် ပေါင်းစည်းမှု အခြေအနေကို အမှန်တကယ် ပြည့်စုံစေမည် ဖြစ်သည်။

ထိုအရာက ရှေ့ဆက် သွားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်၏။

ရှီအွန်နန်းတော်ရှေ့တွင်-

တံခါးဝတွင် စောင့်နေသော တော်ဝင် အစောင့်အရှောက် အများအပြားသည် မဟာလက်ဇ်ထံမှ အမိန့်ရရှိထားပြီး ဖြစ်သဖြင့် သူ့ကို မတားဆီးဘဲ ဦးညွှတ် အရိုအသေပြုလိုက်ကြသည်။

ချန်လွေ့က ရှီအွန်နန်းတော်၏ ခန်းမသို့ အတားအဆီးမရှိ ဝင်ရောက်သွားခဲ့၏။ ရှီအွန်နန်းတော်သည် သေးငယ်ပြီး လူနည်းပါးသည်။ ခန်းမ တစ်ခုလုံးတွင် အစေခံ မိန်းကလေးနှစ်ဦးသာ ရှိသည်။ သူတို့က ချန်လွေ့ကို ဗာရိုနီကာသည် ဥယျာဉ်ထဲတွင် ရှိကြောင်း ပြောပြသည်။

ချန်လွေ့က ခန်းမ နောက်ဘက်ရှိ ဥယျာဉ်ငယ်လေးသို့ ရောက်လာခဲ့သည်။ ဥယျာဉ်၏ နယ်မြေက ရှေ့မှ နန်းတော်၏ ရိုးရှင်းသော အဆောက်အအုံများနှင့် အချိုးအစား ညီမျှသည်။ သို့သော် ထိုနေရာက ရှီအွန် နန်းတော်တွင် အနုစိတ်ဆုံးဟု ခေါ်နိုင်သည့် တစ်ခု တည်းသော နေရာပင် ဖြစ်၏။ ထိုနေရာကို ကောင်းမွန်စွာ စီမံခန့်ခွဲ ထားကြောင်း မြင်နိုင်သည်။ ထိုနေရာက ဗာရိုနီကာ စိတ်နှလုံးကို ဖွင့်ထုတ် နိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်လောက် ပေသည်။

ဥယျာဉ်ထဲတွင် လူတစ်ဦး တည်းသာ ရှိနေသည်။

လူပေါင်း ထောင်ချီ ရှိနေလျှင်ပင် သူက ထိုပုံရိပ် တစ်ခုတည်းကိုပင် မျက်လုံးထဲ မြင်ရပေလိမ့်မည်။ ‘အာသာ’ အမြဲတမ်း အိပ်မက် မက်ခဲ့သော ပုံရိပ်ပင်။

ထိုအရာက ချန်လွေ့၏ စိတ်ထဲတွင် ထွင်းထုထားသော ခံစားချက်တစ်ခု ဖြစ်ပြီး သူ၏ ခံစားချက်များနှင့်ပင် ရောယှက် နေသည်။ တမင်သက်သက် ငြိမ်သက်အောင် ထားခဲ့သော စိတ်က ရုတ်တရက် ထိန်းမနိုင်သိမ်းမရ လှုပ်ခတ် လာသည်။ သူ၏ နှလုံးခုန်နှုန်း မြန်ဆန် လာပြီး ခဏတာမျှ ငေးကြောင်ကာ ရပ်နေမိသည်။

အိပ်မက်ပေါင်း များစွာထဲတွင်သာ မြင်တွေ့နိုင်သောသူက နောက်ဆုံးတွင် သူ့ရှေ့၌ ပေါ်လာခဲ့လေပြီ။

အမျိုးသမီးက ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ရာ သူ့ကို အချိန်ကိုက် မြင်တွေ့လိုက်ရ၏။

ရွှေရောင်ဖျော့ဖျော့ဆံပင်က ပခုံးတွင် ပြန့်ကျဲနေပြီး အပြာရောင် အနားသတ် ပါသည့် ကျစ်လစ်သော အဖြူရောင် ဝတ်ရုံက ရင့်ကျက်ပြီး လှပသော ခန္ဓာကိုယ်ကို ဖော်ပြနေ၏။ သူ၏ မျက်နှာကို မျက်နှာလွှားဖြင့် အုပ်ထား သဖြင့် မျက်နှာကို မမြင်ရပေ။ ပြာလဲ့လဲ့ မျက်လုံးတစ်စုံက နက်ရှိုင်းပြီး လှပနေ၏။

ချန်လွေ့ကို မြင်လိုက်သော အခိုက် အတန့်တွင် သူ၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားခဲ့သည်။ တစ်ချိန်တည်း မှာပင် ချန်လွေ့က မြင်ကွင်းများ အလျင် အမြန် ဝေဝါးလာသည်ကို ခံစားလိုက် ရလေသည်။

ဖြည်းဖြည်းချင်း ဝေဝါးသွားပြီးနောက် တဖြည်းဖြည်း ထင်ရှားလာ၏။

တစ်ချိန်တည်းမှာပင် ပင်လယ်ကဲ့သို့ လှပသော ထိုမျက်လုံး ပြာပြာတွင် ကြည်လင်သော မျက်ရည်များ လင်းလက် နေခဲ့သည်။

“အာသာလေး... တကယ်ပဲ နင်လား။” ရင်းနှီးသော အသံက အနည်းငယ် စိတ်လှုပ်ရှားမှုနှင့် အတူ မယုံကြည်နိုင်မှု တို့ကြောင့် အက်ရှနေလေသည်။

ချန်လွေ့ မျက်တောင်ကို ပြင်းပြင်း မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ရှေ့သို့ တလှမ်းတိုးလိုက်သည်။

“ဆရာမ။” ထိုအသံက တွန့်ဆုတ်မှု မရှိဘဲ အလိုလို ထွက်လာခဲ့သည်။ “ကျွန်တော် ပြန်လာပါပြီ။”

ထိုသို့ပြောလိုက်သည်နှင့် သူသည် အမျိုးသမီး၏ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။ သူက ပြည့်ဖောင်းပြီး ဆွဲဆောင်မှု ရှိသော ထိတွေ့မှုကို မသိသော်လည်း ကြင်နာပြီး နွေးထွေးသော ပွေ့ဖက်မှုထဲသို့ လုံးဝ အရည်ပျော်ကျသွားခဲ့သည်။

ထိုအချိန် သူက ချန်လွေ့ တင်မက အာသာလည်း ဖြစ်နေ၏။ တကယ့် အစစ်အမှန် အာသာပင်။

All Chapters