မဟာဆရာသခင် အာသာ
Vol. 58 Ch. 942
မဟာဆရာသခင် ချီချူက ထို‘တပည့် အလောင်းအလျာ’ကို အပြည့်အဝ အာရုံစိုက် လာခဲ့သည်။ ယခင်က သူသည် ‘ရှေးအဂ္ဂိရတ်အဖွဲ့အစည်း’ ဟူသည်မှာ ဧကရာဇ်လက်ဇ်က သူ့ကို တပည့်အဖြစ် လက်ခံရန် လှည့်ကွက် တစ်ခုသာ ဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော် ထိုမင်းသား ပြသခဲ့သော စွမ်းရည်သည် သူ့လို မဟာဆရာသခင် တစ်ဦးကိုပင် အံ့အားသင့်စေနိုင်သည်။ ထိုလူငယ်သည် ဒဏ္ဍာရီလာ ရှေးဟောင်း အဖွဲ့အစည်းကို အမှန်တကယ် အမွေ ဆက်ခံခဲ့ခြင်း ဖြစ်နိုင်လေသလား။
“ကံမကောင်းချင်တော့ မစ်-ပယ်လုစီ လမ်းမှားကို ရောက်နေတာ။ ရှင်းရှင်း ပြောရရင် သူက အဲဒီလို ခက်ခဲတဲ့ အစီအရင်ကို အတင်းအကျပ် လုပ်စရာ မလိုဘူး။ ဒဏ္ဍာရီလာ-ယောင် အဆင့် ပစ္စည်းနဲ့ ဒဏ္ဍာရီလာအဆင့် ပစ္စည်းတွေ အတွက်တောင် အစပျိုးတာက လုံလောက်ပြီ။ တကယ်တော့ စိတ်ဝိညာဉ် စွမ်းအင်ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိကို ထည့်သွင်းစဉ်းစားရင် သူက အစပျိုး ပညာရပ်နဲ့ ပိုပြီး လိုက်ဖက်တယ်။ ဒီလို လွန်ကဲတဲ့ စိတ်ဓာတ်နဲ့ ဆက်သွားနေရင် မဟာဆရာသခင်လမ်းကနေ ပိုပြီး ဝေးကွာ သွားလိမ့်မယ်။ ဒီဘဝမှာ အလွန်ဆုံး စစ်မှန်တဲ့ အကြီးတန်း ဆရာသခင် အဆင့်ပဲ ရောက်နိုင်မှာ။”
“အာသာ!” မဟာဧကရာဇ်လက်ဇ်၏ အသံသည် ပိုမို၍ ပြတ်သားလာသည်။ ခန်းမထဲရှိ လူအများစုသည် သာမန် အရပ်သားများ ဖြစ်သော်လည်း ချန်လွေ့၏ ဝေဖန်မှု လေသံကို သူတို့ ကြားနိုင်၏။ ထိုအမြင်က သင့်လျော်သည် ဖြစ်စေ၊ မသင့်လျော်သည်ဖြစ်စေ သူ၏ ဆရာက ရှိနေသေးသည်။ ထိုသို့ ပြတ်ပြတ်သားသား မျက်နှာချင်းဆိုင် ဝေဖန်ခြင်းက မဟာဆရာသခင် ဖြစ်သည့်တိုင် မိမိ၏ တပည့်ကို စနစ်တကျ မပို့ချဘဲ တိုးတက်မှုကို နှောင့်နှေးစေသော ချီချူကို လှောင်ပြောင် နေခြင်းသာ ဖြစ်လေသည်။
ထိုကဲ့သို့ ကြွားဝါနေလျှင် ‘အာသာ’၌ အရည်အချင်း အမှန်တကယ် ရှိနေ လျှင်ပင် အရှက်ရခဲ့တဲ့ မဟာဆရာသခင် ချီချူက ထိုတပည့်ကို လက်ခံမည် မဟုတ်ပေ။
ပယ်လုစီက ချွေးအေးများ ပျံနေ၏။ အမှန်တကယ်၌ ‘အာသာ’ ပြောခဲ့သည့် စကားများမှာ ဆရာချီချူ ပုံမှန် ထောက်ပြသည့် ချို့ယွင်းချက်များနှင့် တူညီနေသော်လည်း သူ၏ လေသံမှာ ထိုမျှ တင်းမာခြင်း မရှိပေ။
သူက နောက်ဆုံး စကားလုံးကို ကြားသောအခါ ကောင်မလေး၏ ယှဉ်ပြိုင် လိုစိတ်ကို မကျေမနပ်ဖြစ်စေပြီး ထပ်မံ၍ ပြောလိုက်၏။ “မဟာဆရာသခင်လား။ အတင့်ရဲတဲ့ ပြောဆိုချက်ပဲ။ မဟာ ဆရာသခင် လမ်းစဉ်ဆိုတာ ဘာလဲ ရှင် သိလို့လား။”
“ငါ နားလည်လည်၊ မလည်လည် မင်းနဲ့ မဆိုင်ဘူး။ ငါ ပြောပြရင်တောင် မင်း နားလည်မှာ မဟုတ်ဘူး။” ချန်လွေ့က မဟာဆရာသခင်ချီချူကို တစ်ချက်ကြည့် လိုက်သည်။ “‘အသက်’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မင်း တကယ် နားလည်မှ ဒီအကြောင်း ဆွေးနွေးဖို့ အရည်အချင်း ပြည့်မီမယ်။”
‘အသက်’ဟူသော စကားကို ကြားရာ အခါ မဟာဆရာသခင် ချီချူ၏ မျက်လုံးများ ထူးဆန်းစွာ လင်းလက် သွားပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ “မင်းသားအာသာ။ ဒီအတွက် ကျုပ် အရည်အချင်း ပြည့်မီရဲ့လား။”
ဒီစကားရဲ့ ရန်လိုမှုက အလွန် ပြင်းထန် နေပြီဖြစ်ပြီး မဟာဧကရာဇ် လက်ဇ်က မျက်ခုံးများ ကျုံ့လိုက်မိသည်။
‘အာသာ’က မဟာဆရာသခင် ချီချူကို ဒေါသထွက်အောင် လှုံ့ဆော် လိုက်ပုံရသည်။ ကောင်စီနှစ်ခုနှင့် ဌာန သုံးခု၏ ခေါင်းဆောင်များ ခေါင်းခါရင်း သက်ပြင်းချလိုက်ကြသည်။ တတိယ မင်းသားက မြေဖြူနဲ့ ဒိန်ခဲကို မခွဲတတ်ဘူး။ အရှင်မင်းကြီးက ဆရာနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးတာကို သူ ဒီလိုမျိုး ဖျက်ဆီးပစ်လိုက်တယ်။
စတုတ္ထမင်းသား လုခ်၏ မျက်လုံးများ တောက်ပလာသည်။ သူ မည်သည့်အရာ တွေးနေကြောင်း မည်သူမှ မသိကြပေ။ ဂါဖီးလ်က ကံဆိုးမိုးမှောင် ကျခြင်းကို ပျော်ရွှင်နေ၏။ ‘အာသာ’ ၏ တပည့်ခံခြင်း မအောင်မြင်ပါက ရွှေနယ်မြေအပေါ် ပိုင်ဆိုင်မှု မသေမချာ ဖြစ်ပေါ်လာ နိုင်သည်ဟု တွေးလိုက်သောအခါ စိတ်ထဲ မငြိမ်မသက် ဖြစ်နေသည်။ ထိုအဖြစ်အပျက် ပြီးနောက် ‘အာသာ’ အပေါ် လက်ဇ်၏ အထင်အမြင်မှာ ပို၍ပင် ဆိုးရွားလာမည်ဖြစ်ပြီး သူ့ကို မည်သည့် အန္တရာယ်မှ မဖြစ်စေနိုင်တော့ပေ။
ချန်လွေ့က မဟာလက်ဇ် အမူအရာကို မမြင်ဟန်ဆောင်ကာ ချီချူကို ထူးဆန်းသော အပြုံးဖြင့် လှမ်းကြည့် လိုက်သည်။ “ ‘တူက အမှန်တရားကို ပြောတယ်’ ပြောခဲ့တဲ့ လူပု မိတ်ဆွေ တစ်ယောက် ကျုပ်မှာ ရှိတယ်။ မဟာ ဆရာသခင်ချီချူ ဘယ်လိုထင်လဲ။”
မဟာလက်ဇ်ပင် နားကြားမှားသည်ဟု ထင်သွားသည်။ သူက ယန္တရား မဟာဆရာသခင် တစ်ယောက်နဲ့ ပြိုင်ဖို့ ကြိုးစားနေတာလား။
“အကြံကောင်းပဲ။” ချီချူ၏ အသံက အေးစက်နေပြီး သူ၏ အမူအရာက အနည်းငယ် လေးနက်နေသည်။ ထိုလူငယ် ပြသခဲ့သော အသိပညာနှင့် စိတ်နေ သဘောထားက ထူးခြား ဆန်းကြယ်သည်မှာ အမှန်ပင်။ ဧကန္တ...
ချန်လွေ့ ဘာမှအများကြီး မပြောခဲ့ပေ။ ရုတ်တရက် သူ့ရှေ့တွင် ဖိုတစ်ခု ပေါ်လာပြီး ထိုအရာက ပန်းပဲဖို ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ချန်လွေ့ လက်ဝှေ့ယမ်း လိုက်သည်နှင့် မှော်မီးဖိုထဲရှိ မီးတောက်များ ချက်ချင်း လောင်ကျွမ်း သွားသည်။ ခန်းမတစ်ခုလုံး ချက်ချင်း ပူလောင်သည့် ခံစားချက်ဖြင့် ပြည့်နှက်သွား၏။
“ဒါက ကျုပ်ရဲ့ ကိရိယာစားပွဲပါ။ အဲဒါကြောင့် ကျုပ်ရဲ့ ညံ့ဖျင်းတဲ့ စွမ်းရည်ကို အရင်ဆုံး ပြသပါ့မယ်။” ထိုသို့ ပြောပြီးနောက် ချန်လွေ့က အသုံးအများဆုံး အနက်ရောင် သံရိုင်း သတ္တုတစ်စကို ထုတ်ယူကာ မီးဖုတ် တော့သည်။
မှော်မီးဖို၏ အပူချိန်သည် အလွန်ပင် မြင့်မားသည်။ ခဏအကြာ ပူလောင် နေသော သတ္တုကို ညှပ်ထုတ်ပြီး တူကို မြင့်မြင့်ဝှေ့ယမ်းလိုက်သည်။
“ချွမ်း!” ပထမဆုံး ရိုက်ချက်က ချီချူ၏ အကြည့်များကို ပြောင်းလဲ သွားစေသည်။
ခဏအကြာ ပယ်လုစီရဲ့ မျက်နှာက ဒေါသထွက်နေခြင်းမှ အံ့သြခြင်းသို့ ပြောင်းလဲသွား၏။ သူက သတ္တု မကျွမ်းကျင်သော်လည်း ဆရာသခင် အဆင့် ယန္တရားပညာရှင် တစ်ယောက် ဖြစ်တာကြောင့် ထိုတူနှင့် ထုရိုက်သံထဲ၌ အဆုံးမဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေ သည်ကို ကြားနေရသည်။ သို့သော် သူက ထိုဖော်ပြ၍မရသော လျို့ဝှက် ဆန်းကြယ်မှုကို ခံစား၍သာ ရနိုင်ပြီး နားမလည်နိုင်ခဲ့ပေ။ အကြောင်းမှာ ထိုကဲ့သို့ လျှို့ဝှက် ဆန်းကြယ်မှုက သူ၏လက်ရှိ သိမြင်မှု အဆင့်ထက် ကျော်လွန်နေ၍ပင်။
ခဏအကြာ ချန်လွေ့၏ လက်ရာ ပြီးစီးသွားခဲ့သည်။
ခန်းမထဲရှိ သာမန်လူများ၏ အမြင်တွင် ၎င်းမှာ ရိုးရှင်းပြီး အနုပညာလက်ရာ မရှိသော ဓားတိုတစ်လက် ဖြစ်သည်။ မြို့တော်၏ အညံ့ဆုံး ပန်းပဲဆရာပင်လျှင် ၎င်းကို ပြုလုပ်နိုင်၏။
ဂါဖီးလ်သည် လှောင်ပြောင်သရော်ရင်း ပြုံးစိစိ လုပ်နေသည်။ သူ ခုနက အရမ်း လေးနက်တဲ့ပုံစံမျိုး လုပ်ပြခဲ့တာ။ ဒါပေမဲ့ သူ့ရဲ့လက်ရာက ဒီလောက်ပဲလား။ မဟာ ဆရာသခင်ရှေ့မှာတောင် သူ့ကိုယ်သူ လူပြက် လုပ်ရဲသေးတယ်။ နေဦး။ မဟာ ဆရာသခင်ချီချူရဲ့ မျက်နှာအမူအရာက သိပ်မဟုတ်တဲ့ပုံပဲ...
မဟာဆရာသခင် ချီချူက ထို ‘မသေမသပ်’ ဓားမြှောင်ကို စိုက်ကြည့် နေသည်။ သူ မြင်နေ ရသည်မှာ အရည်အသွေးနိမ့် ပစ္စည်းတစ်ခု မဟုတ်ဘဲ အဆောင်ပစ္စည်းတစ်ခု လိုပင်။ အံ့အားသင့်မှု၊ နားလည်မှု၊ အံ့သြမှု... အစရှိသည့် အမူအရာ အမျိုးမျိုးတို့ ရောယှက်နေ၏။ ခဏ အကြာတွင် သူ ခေါင်းညိတ်ပြီး ချန်လွေ့ကို ဂါရဝပြု လိုက်သည်။
အာရုံစိုက်တတ် သူများက ၎င်းမှာ ချန်လွေ့သည် မဟာဆရာသခင်ချီချူကို ယခင်က ပြုလုပ်ခဲ့ဖူးသည့် ရှေးဟောင်း ဓလေ့ထုံးတမ်း ဖြစ်ကြောင်း တွေ့ရှိခဲ့ ကြသည်။
ပယ်လုစီက ထိုယဉ်ကျေးမှု၏ အဓိပ္ပာယ်ကို အကောင်းဆုံး သိရှိသူ ဖြစ်သည်။ ထိုမင်းသားက... တကယ်ကို ထိုက်တန်ပါပေသည်။
“ချီချူကိုမို့စ် ပါ။ ကျုပ်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပါ။ မဟာဆရာသခင် အာသာနဲ့ တွေ့ဆုံရတာကို ဂုဏ်ယူမိပါတယ်။”
ထိုစကားကို ပြောလိုက်သည်နှင့် လူတိုင်း အံ့ဩသွားကြလေသည်။
အမြဲပင် ခံစားချက် အစစ်အမှန်ကို ဖုံးကွယ်ထားသော မဟာလက်ဇ်ပင် ထိုအချိန်၌ ထိတ်လန့် တုန်လှုပ်သော အမူအရာကို ပြသခဲ့လေ၏။ မဟာ ဆရာသခင်... အာသာတဲ့လား။
ကောင်စီနှစ်ခုနှင့် ဌာနသုံးခု၏ ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် မင်းသားနှစ်ပါးတို့ အားလုံး မယုံကြည် နိုင်ကြပေ။
ဂါဖီးလ်၏ ပထမဆုံး တုံ့ပြန်မှုမှာ - မဖြစ်နိုင်ဘူး။ လွန်ခဲ့တဲ့ ၇နှစ်တုန်းက အာသာက အဂ္ဂိရတ်ပညာကို လုံးဝ မထိဖူးတဲ့ ငပျင်း မင်းသားတစ်ပါးပဲ။ အခုတော့ သူက ယန္တရား မဟာ ဆရာသခင်တစ်ယောက် ဖြစ်နေပြီလား။ ဂါဖီးလ်၏ ဒုတိယ တုံ့ပြန်မှုမှာ ပူးပေါင်း ကြံစည်မှုပင် – မဟာဆရာသခင်ချီချူနဲ့ ‘အာသာ’က လူတိုင်းကို လှည့်စားဖို့ ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်မယ်။ သို့သော် ထို မှန်းဆချက်ကို သူ ချက်ချင်း ပယ်ချခဲ့သည်။
မဟာဆရာသခင် ချီချူ၏ ဂုဏ်သိက္ခာ ဆိုသည်မှာ အဘယ်နည်း။ လူသားများ ထဲမှ မဟာဆရာသခင် နှစ်ဦးထဲမှ တစ်ဦး။ လွတ်လပ်သော နိုင်ငံသား တစ်ဦး ဖြစ်ပြီး၊ သူ၏ အရည်အချင်းနှင့် ဂုဏ်သိက္ခာက လူသားယန္တရား လောက တစ်ခုလုံးတွင် အမြင့်ဆုံး ဖြစ်သည်။ အခြား မဟာဆရာသခင် ဖြစ်သော ဖာလန်ချီနီပင် သူ့ကို လေးစား၏။ မဟာလက်ဇ်က ယခုတစ်ကြိမ် သူ့ကို ဖိတ်ခေါ်ရန် အတွက် ကြီးမားသော ကုန်ကျစရိတ်ကို အကုန်ခံခဲ့ရသည်။ သူက ‘အာသာ’ ကဲ့သို့သော ပုဂ္ဂိုလ် တစ်ဦးနှင့် မည်သို့ ကြိုတင် ပူးပေါင်း ကြံစည် နိုင်မည်နည်း။
ထို့အပြင် ‘မဟာဆရာသခင်’ ဟူသော ဂုဏ်ပုဒ်ကို အသိအမှတ်ပြုပြီး ပျံ့နှံ့သွား ပါက တစ်လောကလုံး သိသွားမည်မှာ သေချာသည်။ ဟန်ဆောင်ခြင်းသည် သေလမ်းရှာခြင်းပင် ဖြစ်သောကြောင့် ထိုအရာက မဖြစ်နိုင်ပေ။
ဒါဆို... အစက အကျင့်ပျက် ‘အာသာ’ တကယ်ပဲ မဟာဆရာသခင် ဖြစ်သွား တာလား။ ဒီ၇နှစ်အတွင်း ဘာတွေ ဖြစ်ခဲ့တာလဲ။
ချန်လွေ့က အနည်းငယ် ပြုံးလိုက်၏။ “မဟာဆရာသခင်ချီချူ။ နောက်တော့ အခွင့်အရေး ရှိရင် ကျုပ် လာလည်ပါ့မယ်။ အဲဒီအချိန်ကျရင် ကျုပ် ဝင်ပြောတာကို စိတ်မဆိုးပါနဲ့။”
“ဒါက ဂုဏ်ယူစရာပါ။” ချီချူက ရယ်လိုက်သည်။ “မဟာဆရာသခင် အာသာက အရမ်း နှိမ့်ချတာပဲ။ မြန်မြန်ဆန်ဆန် သင်ယူ တိုးတက်သူကို လေးစားရမှာပါ။ ကျုပ်ကပဲ ဆရာ့ဆီ လာပြီး အကြံဉာဏ် တောင်းရမှာပါ။ ဆရာ့ဓားမြှောင်ကနေ ထွက်ပေါ်လာတဲ့ အသက်ရဲ့ နားလည်မှုကို မမှီနိုင်လို့ ကျုပ် ရှက်မိပါတယ်။ ကျောက်စိမ်း သစ်တော ပင်လယ် နတ်သူငယ် မဟာဆရာသခင်ပဲ ဆရာ့ကို ယှဉ်နိုင် လောက်မယ်။ ပယ်လုစီ... ဒီကိုလာပြီး မဟာဆရာသခင် အာသာကို တောင်းပန်လိုက်။”
ပယ်လုစီသည် သတိပြန်ရလာကာ ချန်လွေ့ဆီ အမြန် ရောက်လာပြီး ခါးကိုင်းကာ ဦးညွှတ်လိုက်၏။ “မဟာ ဆရာသခင်အာသာ၊ ကျွန်မရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပါ။ လမ်းညွှန်မှုအတွက် ကျေးဇူး တင်ပါတယ်။”
ဒီမင်းသားက တကယ် မဟာ ဆရာသခင် တစ်ပါးပဲ။ ဆရာ့ကို အခုလို နှုတ်ဆက်ခဲ့တာ မဆန်းပါဘူး။ မဟာ ဆရာသခင်ဆီမှ အကြံဉာဏ်များ၊ ဝေဖန်မှုများ ရရှိနိုင်ခြင်းက သူ့လို ဆရာသခင် တစ်ယောက် အတွက် အမှန်ပင် ရှားပါးသော အခွင့်အရေး တစ်ရပ်နှင့် ဂုဏ်ယူစရာပင်ပဲ။ သူ၏ စိတ်ထဲ၌ မည်သို့သော အငြိုးအတေး ရှိနိုင်မည်နည်း။
“မစ်-ပယ်လုစီ။ ဒီဓား မင်းကို ပေးလိုက်မယ်။ ‘သာမန်အရာတွေထဲမှာ အမှန်တရားရှိတယ်’ ဆိုတာကို နားလည် နိုင်ရင် မင်းရဲ့ ယန္တရားပညာရပ်တွေက အရည်အသွေးပိုင်းအရ တိုးတက် လာလိမ့်မယ်။”
ပယ်လုစီ ဝမ်းသာအားရ ဖြစ်သွား၏။ သူသည် ဓားမြှောင်ကို ယူကာ အမြန် ကျေးဇူးတင်လိုက်သည်။
မဟာဆရာသခင်ချီချူသည် အခြား သူများ မရှိသကဲ့သို့ပင် ချန်လွေ့နှင့် စကားပြောနေ၏။ သူတို့နှစ်ဦး ရင်းနှီးစွာ ဆက်ဆံနိုင်ခဲ့ပြီး စောစောစီးစီး မတွေ့ဆုံ မိသည်ကို နောင်တရမိသည်။ သူက မဟာလက်ဇ်ကို ချက်ချင်းဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီးရဲ့ ဖိတ်ကြားချက်ကြောင့် မဟာဆရာသခင် အာသာကို ဒီနေ့ တွေ့ဆုံခွင့်ရလို့ ကျေးဇူး အများကြီး တင်ပါတယ်။ လူသားတွေ ထဲက တတိယမြောက် မဟာ ဆရာသခင်... လောကနံပါတ်(၁) မဟာ ဆရာသခင် ဖြစ်နိုင်ချေရှိတဲ့ မဟာ ဆရာသခင်နဲ့ တွေ့ဆုံရတာကို ဂုဏ်ယူမိ ပါတယ်။ ကျုပ် အရှင်မင်းကြီးရဲ့ အင်ပါယာမှာ ခဏနေပြီး မဟာ ဆရာသခင်အာသာ ဆီကနေ သင်ယူခွင့် ရဖို့ မျှော်လင့်ပါတယ်။”
လောကနံပါတ်(၁) မဟာဆရာသခင် တဲ့လား။ လူသားတွေ ထဲမှာတင် မဟုတ်ဘူးလား။ ထိုကဲ့သို့ အမြင့်ဆုံး အကဲဖြတ်ချက်က လူတိုင်းကို ထပ်မံ အံ့အားသင့် သွားစေခဲ့သည်။ မဟာ ဆရာသခင် ချီချူက ‘အာသာ’၏ စွမ်းရည်ကို အသိအမှတ်ပြုခဲ့သော်လည်း အသက်အရွယ်အရ အတွေ့အကြုံ နည်းပါးရာ ထိုမျှအထိ မြင့်မားသော အဆင့် သတ်မှတ်ခြင်း ခံရလိမ့်မည်လို့ မည်သူမှ မထင်ထားခဲ့ပေ။
နံပါတ်(၁) မဟာဆရာသခင်! မင်းသား ဂုဏ်ပုဒ် မရှိလျှင်ပင် ‘အာသာ’က နဂါးလင်းလက် အင်ပါယာ တစ်ခုလုံး တန်ဖိုးထားရမည့် ‘ရတနာ’ တစ်ခု ဖြစ်၏။
မဟာလက်ဇ်က အံ့ဩမှုမှ လျင်မြန်စွာ သိပြန်ဝင်လာပြီး ခေါင်းညိတ် ပြောသည်။ “ဒါက အာသာနဲ့ နဂါးလင်းလက် အင်ပါယာအတွက် ဂုဏ်ယူစရာပါ။ အာသာရဲ့ စံအိမ်က ရွှေရောင်နယ်မြေ မှာပါ။ အရင်က ရွှေရောင်နယ်မြေကို အခြား မင်းသားတစ်ပါး စီမံခန့်ခွဲ နေပါတယ်။ အခု လွှဲပြောင်းမှု လုပ်ငန်းစဉ် စနေပါပြီ။ သုံးရက်လောက်ဆို ပြီးစီး နိုင်ပါတယ်။ မဟာဆရာသခင် ချီချူ စိတ်မရှိဘူးဆိုရင် နဂါးလင်းလက် အင်ပါယာမှာ ခဏလောက် နေပေးပါ။”
“ရတာပေါ့။” မဟာဆရာသခင်ချီချူက ပြုံးပြီး ချန်လွေ့ကို ကြည့်လိုက်သည်။ မူလက ‘တပည့်ခံ’ ပွဲသည် မဟာ ဆရာသခင်အချင်းချင်း ပညာဖလှယ်ပွဲ ဖြစ်သွား၏။ ခန်းမထဲရှိ အခြေအနေ ကလည်း ရုတ်တရက် သဟဇာတ ဖြစ်လာခဲ့သည်။
သို့သော် ‘နောက်မင်းသားတစ်ပါး’ ၏ မျက်နှာအမူအရာက အလွန်ပင် ဖြူဖျော့ သွားခဲ့သည်။
ရွှေရောင်နယ်မြေကို... ၃ ရက်အတွင်း..
အစပိုင်းတွင် ယုံကြည်မှု ရှိနေခဲ့သော ဒုတိယမင်းသား ဂါဖီးလ်အတွက် ထိုအရာက ရုတ်တရက် မိုးကြိုးပစ်ခံ လိုက်ရသလိုမျိုးပင်။
ရွှေရောင်နယ်မြေမှာ နဂါးလင်းလက် အင်ပါယာ၏ အချမ်းသာဆုံး နယ်မြေများ ထဲမှ တစ်ခု ဖြစ်သည်။ ထိုနှစ်က ‘အာသာ’ ပျောက်ဆုံး သွားပြီးနောက် ၎င်းကို ဒုတိယမင်းသား၏ သီးသန့် ပိုင်ဆိုင်မှု အဖြစ် သတ်မှတ်ခဲ့သည်။ ၇နှစ်ကြာ ကြိုးစား လုပ်ကိုင်ပြီးနောက် ၎င်းသည် အနာဂတ်တွင် ထီးနန်းအတွက် ယှဉ်ပြိုင်ရန် သူ၏ အရေးအပါဆုံး အခြေစိုက် စခန်းနှင့် အကြီးဆုံး အရင်းအနှီး ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဂါဖီးလ်သည် ကမ့်လော့မိသားစုကို နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ပြီး နယ်မြေကို လုံးဝ ထိန်းချုပ်ချင်ခဲ့သည်။ သို့သော် ယခုတွင်မူ...
ကောင်စီနှစ်ခုနှင့် ဌာနသုံးခုမှ ခေါင်းဆောင်များက ဒုတိယမင်းသား ဂါဖီးလ်၏ ပြောင်းလဲမှုများကို သတိပြုမိ သွားကြပြီး စိတ်ထဲတွင် သဘောပေါက် သွားကြသည်။
မဟာလက်ဇ်၏ ဆုံးဖြတ်ချက်က မထင်မှတ်ထားသည့်အရာ မဟုတ်ပေ။ ယခုနေရာက အင်အား ပိုကြီးသူကို ထောက်ခံအားပေးသော လောကတစ်ခု ဖြစ်သည်။ တတိယမင်းသား‘အာသာ’က မျှော်မှန်းထားတာထက် ကျော်လွန်သော အံ့မခန်း စွမ်းရည်တွေကို ပြခဲ့ခြင်းကြောင့် သူ့ကို လေးစားမှုနဲ့ အကျိုးကျေးဇူးများ ပေးအပ်လိမ့်မယ်။ ရွှေရောင်နယ်မြေကို ပြန်လည်ရရှိတာကလည်း ကျိုးကြောင်း ဆီလျော်ပေသည်။
ဂါဖီးလ်အတွက်မူ ရှုံးနိမ့်သူကို မည်သူမှ ကိုယ်ချင်းစာမည် မဟုတ်ပေ။ ဒဏ်ရာကို ဆားနဲ့မပွတ်ခြင်းက ကောင်းနေပြီဟု ယူဆ၍ ရနိုင်သည်။ ယခုတစ်ခေါက်က ဒုတိယမင်းသား၏ တကယ့် ရှုံးနိမ့်မှု မဟုတ်သောလည်း သူ့အပေါ် ဆိုးကျိုး သက်ရောက်မှုများ ရှိပေလိမ့်မည်။ သို့သော်လည်း ထိုအဖြစ်အပျက် ပြီးနောက်တွင် မဟာလက်ဇ်အပါအဝင် လူတိုင်းက ၇နှစ်ကြာ ပျောက်ဆုံး နေခဲ့သော တတိယမင်းသား ‘အာသာ’ ကို ပြန်လည်အကဲဖြတ် ရပေတော့မည်။
“အစ်ကိုတော်။ ၃ရက်နေရင်... ပင်ပန်း ခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး။” ချန်လွေ့က ဂါဖီးလ်ကို ပြုံးကာ ပြောလိုက်သည်။ “ဒီနှစ်တွေအတွင်း ရွှေရောင်နယ်မြေအတွက် အစ်ကိုတော်ရဲ့ ကိုယ်ကျိုးမဖက်တဲ့ ပံ့ပိုးကူညီမှု အတွက် ကျေးဇူးတင်ပါတယ်။”
“ညီတော်။ မင်းက ငါ့ညီပဲ။ ဒါက အရေးမကြီးပါဘူး။” ဂါဖီးလ်၏ နှလုံးသား သွေးထွက်နေသော်လည်း မဟာလက်ဇ် နှင့် အခြားသူများ အရှေ့တွင် အတင်း ပြုံးနေရလေသည်။