တပည့်လက်ခံတာလား
Vol. 58 Ch. 941
ချန်လွေ့သည် ဂါဖီးလ်၏ ဒေါသကို လုံးဝ လျစ်လျူရှုကာ ဂရာလင်ကို တောင်းပန် စကား ဆိုလိုက်သည်။ “သစ်ပင်ကြီးတစ်ပင်မှာ အကိုင်းခြောက် အများကြီး ရှိတယ်။ ကျုပ်ရဲ့ ရိုလန် တော်ဝင်မျိုးနွယ်မှာတောင် ဒီလိုမျိုး ယဉ်ကျေးမှုမရှိတဲ့ ရိုင်းစိုင်းတဲ့ လူတွေ ရှိနေသေးတာ တကယ်ကို ရှက်မိပါတယ်။ ဆာ-ဂရာလင်။”
“နားလည်ပါတယ်ဗျာ။” ဂရာလင် ကလည်း နားလည်ကြောင်း သက်ပြင်း ချကာ ပူးပေါင်း ပါဝင်ပေးသည်။ “ဒါပေမဲ့ မင်းသားဂါဖီးလ်၊ တော်ဝင်မင်းသား တစ်ပါး အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ လိုတယ်လို့ ကျုပ် ထင်တယ်။ ဒါက မောင်နှမချင်း ရှိသင့်တဲ့ ဆက်ခံရေး မဟုတ်ဘူး။ နောက်ပြီး မင်းသားတို့ နှစ်ယောက်က နှစ်ပေါင်းများစွာ ဝေးကွာ နေခဲ့ပြီးမှ ပြန်ဆုံရတဲ့ ညီအစ်ကိုတွေပါ။ မဟာဧကရာဇ်လက်ဇ်က မင်းသားတို့ နှစ်ယောက် ဒီလိုမျိုး ဖြစ်နေတာကို မြင်ချင်မယ် မထင်ဘူး။”
လူနှစ်ယောက် စကားအပြန်အလှန် ပြောနေကြသည်ကို ကြည့်ပြီး ဂါဖီးလ်၏ မျက်လုံးများ ပို၍ မကျေမနပ် ဖြစ်လာ သော်လည်း ဒေါသကြောင့် မလုပ်သင့်သော အရာများကို မလုပ်မိ ရမည်ကို သူသိသည်။ မဟုတ်လျှင် ကိစ္စ ကြီးကြီးမားမား ဖြစ်လာပါက အရေးကြီး ‘သက်သေ’ဖြစ်သည့် ဂရာလင် ရှိနေ ခြင်းကြောင့် သူတစ်ယောက်တည်းသာ နစ်နာလိမ့်မည်။ သူက အလွန်အမင်း ဒေါသထွက်နေ၏။
မည်သို့ပင်ဆိုစေကာမူ ဂါဖီးလ်သည် သာမန်လူ မဟုတ်ပေ။ သူက လျင်မြန်စွာ စိတ်ကို ငြိမ်သက်စေပြီး အနည်းငယ် ရယ်မောကာ ပြောသည်။ “ဆာ-ဂရာလင် ပြောတာ မှန်ပါတယ်။ ငါ ရိုင်းပျမိ သွားတယ်။ ညီတော်။ ငါ့ကို အခုတော့ ခွင့်ပြုပါဦး။ နောက်တော့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ငါတို့ ညီအစ်ကိုတွေ ရင်းနှီးဖို့ အခွင့်အရေးတွေ အများကြီးရှိသေးတယ်။ ဂရုစိုက်ပါဦး။”
“ဒါပေါ့ အစ်ကိုတော်။ အစ်ကိုတော်ရဲ့ ဂုဏ်ကျက်သရေ ပြန်ရမယ့်နေ့ကို ကျုပ်လည်း မျှော်လင့်နေပါတယ်။” ချန်လွေ့က ဂါဖီးလ်၏ စကားများမှ ခြိမ်းခြောက်မှုကို နားမလည်ဟန် ဆောင်ကာ ရိုးသားသော မျက်နှာထားဖြင့် ပြောလိုက်၏။
ဒီကောင်က ငါ့ရဲ့အားနည်းချက်ကို အမြဲ တိုက်ခိုက်နေတာပဲ။ ဂါဖီးလ်၏ နားထင်ကြောများ သွေးထွက်လုနီးပါး ဖြစ်သွားသည်။ သူက စိတ်ထဲရှိ ဒေါသကို မနည်း ထိန်းချုပ်ထားပြီး နှာခေါင်းရှုံ့ကာ နောက်သို့ လှည့်မကြည့်ဘဲ ခန်းမမှ ထွက်သွားလိုက်သည်။
ဆမ်မြူရယ်က သူ့နှင့် သူ့မိသားစုကို အကြိမ်ကြိမ် နှိပ်စက်ခဲ့သော ဒုတိယ မင်းသား ဂါဖီးလ်က ဒေါသကြောင့် သွေးအန်လုနီးပါး ဖြစ်ကာ ဒေါသတကြီး ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်။
ချန်လွေ့က ဆမ်မြူရယ်ကို ပြုံးပြပြီး မျက်စပစ်ပြလိုက်သည်။ ဆမ်မြူရယ် နားလည်လိုက်ပြီး ခန်းမမှ ထွက်ခွာပြီး တံခါးဝတွင် စောင့်ကြပ်နေလိုက်သည်။
ထို့နောက်တွင် ချန်လွေ့က ဂရာလင်ကို ပြောလိုက်သည်။ “တရားမျှတမှု အတွက် ပြောပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်။”
“ရိုးရှင်းတဲ့ ကိစ္စလေး တစ်ခုပါပဲ။ မင်းသား အာသာက ယဉ်ကျေးလွန်း နေပါပြီ။” တစ်ဖက်လူက မိမိကို တမင် ‘မျက်နှာသာ’ ပေးနေကြောင်း နားလည်၍ ဂရာလင်က အခြေအနေကို အခွင့်ကောင်း ယူကာ ပြောလိုက်သည်။ “တကယ်တော့ ကျုပ်ဒီနေ့ ရောက်လာတဲ့ အကြောင်းရင်းက...”
“ဆာ့ရဲ့ ရည်ရွယ်ချက်ကို ကျုပ် ခန့်မှန်း ပြီးပါပြီ။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ “အရင်ဆုံး မေးပါရစေ။ ထီးနန်းနဲ့ သိဒ္ဓိသားတော် အကြားမှာ ပဋိပက္ခ ရှိလား။”
ထိုမေးခွန်းကို မေးလိုက်သည်နှင့် ဂရာလင်၏ မျက်လုံးများ လင်းလက် သွားခဲ့သည်။ “မရှိပါဘူး။ မင်းသားက နဂါးလင်းလက်အင်ပါယာရဲ့ အုပ်စိုးသူ ဖြစ်ချင်တာပဲဖြစ်ဖြစ် ကျောင်းတော်ရဲ့ နောက်ထပ် ပုပ်ရဟန်းမင်းကြီး ဖြစ်ချင် တာပဲဖြစ်ဖြစ် ကျောင်းတော်က မင်းသားရဲ့ အခိုင်မာဆုံး ကျောထောက် နောက်ခံ ဖြစ်လာပေးမှာပါ။ နှစ်ခုစလုံး ရနိုင်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။”
“တကယ်လား။” ချန်လွေ့က စိတ်ထဲမှာ ထပ်ဖြည့် ပြောလိုက်သည်။ တကယ်တော့ ငါက နှစ်ခု စလုံးကို စိတ်မဝင်စားဘူး။ သူက မျက်နှာပေါ်မှာ အပြုံးကို ဆက်ထိန်းထားရင်း ပြော၏။ “ဒါက သိဒ္ဓိကျောင်းတော်က ကျုပ်ကို ထီးနန်းအတွက် ထောက်ခံမယ်။ ပြိုင်ပွဲမှာ ရှုံးနိမ့်ရင်တောင် သိဒ္ဓိအလင်းတောင်ကို ဒုတိယ အစီအစဉ် အနေနဲ့ ထားထားနိုင် တယ်ပေါ့။”
“မှန်ပါတယ်။”
“ဒါဆိုရင် တခြား သိဒ္ဓိအမွေအနှစ် နှစ်ခုကရော...”
“ကျုပ်တို့ ရိုးရိုးသားသား ရင်ဆိုင်ပြီးပြီ ဆိုတော့ ရှင်းရှင်းလင်းလင်း ပြောပါ့မယ်။” ဂရာလင် အနည်းငယ် တုံ့ဆိုင်း သွားသည်။ “သိဒ္ဓိအမွေအနှစ်တွေက သိဒ္ဓိအင်ပါယာနှစ်ခုနဲ့ သက်ဆိုင်တယ်။ ကျောင်းတော်က ဝင်ရောက်စွက်ဖက်ပြီး ရယူချင်ရင်တောင် မလွယ်ကူဘူး။ အခု အချိန်က မရဏနက်နောက်လိုက်တွေကို တိုက်ခိုက်ဖို့ အင်ပါယာတွေနဲ့ ပူးပေါင်း ရမယ့် အရေးကြီး အချိန်ပါ။ ထပ်ပြီး ပဋိပက္ခ မဖြစ်သင့်ဘူး။ ဒါပေမဲ့ ကျုပ်မှာ အဖြေတစ်ခုရှိတယ်။ မင်းသားက နဂါး လင်းလက် အင်ပါယာရဲ့ မင်းသားဖြစ်တဲ့ အတွက် ထီးနန်းကို ဆက်ခံတာနဲ့ နဂါးလင်းလက် အင်ပါယာပိုင်ဆိုင်တဲ့ သိဒ္ဓိအလင်း ဝတ်ရုံက မင်းသား လက်ထဲမှာ ရှိနေပြီ။ သိဒ္ဓီခွက် အတွက်ကတော့... ကျက်သရေပြာ အင်ပါယာရဲ့ မင်းသမီး လန်ဘိစ်က မင်းသားရဲ့ စေ့စပ်ထားသူ ဆိုတော့ သူ့ဆီကနေ အချက်အလက် တချို့ ရနိုင်တယ်။ အဲဒီနောက် ကျောင်းတော်က ရှေ့ထွက်ပြီး ဖြေရှင်းဖို့ ကြိုးစားပေး ပါ့မယ်။ မင်းသား ဘယ်လိုထင်လဲ။”
ထိုစကားကြောင့် ချန်လွေ့ လေးလေး နက်နက် တွေးလိုက်ပြီး ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။ “ဘာလို့ ကျုပ်က ကျောင်းတော်နဲ့ ခိုင်ခိုင်မာမာ ချည်နှောင်ခံထား ရတယ်လို့ ခံစားနေရ တာလဲ။”
“ဒီအတွက် ကျုပ် ဂုဏ်ယူမိပါတယ်။ မင်းသား။” ဂရာလင်က ထိုစကား၏ လျှို့ဝှက်အဓိပ္ပာယ်ကို ကြားရသောအခါ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ “တကယ်တော့ ဆူးသရဖူက မင်းသားကို ရွေးချယ်ခဲ့တဲ့ အချိန် ကတည်းကစပြီး ကျောင်းတော်နဲ့ တစ်ဖက်တည်း ရပ်တည် နေခဲ့တာပါ။”
“ဆာ-ဂရာလင်ရဲ့ ဂုဏ်ယူမှုကို ဝမ်းနည်း ရမလား၊ ကျေးဇူးတင် ရမလား မသိတော့ပါဘူး။” ချန်လွေ့က စကားဖန်ဖြင့် ပုခုံးတွန့်လိုက်သည်။ “ဒါပေမဲ့ ကျုပ် အခုချက်ချင်း အဖြေ အတိအကျ မပေးနိုင်သေးဘူး။”
“ကိစ္စမရှိပါဘူး။ မင်းသားရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေကို ကျုပ် သိပြီးသားပါ။ ဒါ လုံလောက်ပါပြီ။ ဒီနေ့ အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ နောက်တစ်ခါ မင်းသားကို လာရောက်တွေ့ဆုံပါ့မယ်။” ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ပြီဟု ထင်မှတ်ထားသော ဂရာလင်က အခြား အရာများကို ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ နှုတ်ဆက်ထွက်ခွာ သွားခဲ့သည်။
နောက်ထပ် ရက်အနည်းငယ်အတွင်း ချန်လွေ့သည် လာရောက် တွေ့ဆုံသူ ဆမ်မြူရယ်၏ဖခင်၊ ဂျိုအန်နာ၏ဖခင် အစရှိသည်တို့ အပြင် စတုတ္ထမင်းသား လုခ်ကိုပါ စိတ်ရှည်လက်ရှည် တွေ့ဆုံ ခဲ့သည်။ ထိုအတောအတွင်း မင်းသမီး ဖရီယာက နေ့တိုင်းနီးပါး ရောက်လာပြီး အစ်ဇဘယ်လာနှင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခဲ့ပုံရသည်။
ရက်အနည်းငယ် ကြာပြီးနောက် ချန်လွေ့ကို မဟာဧကရာဇ် လက်ဇ်က ထပ်မံ ဆင့်ခေါ်လိုက်သည်။ ယခု တစ်ခေါက်တွင် နန်းတော် ခန်းမ၌ ဖြစ်သည်။
ချန်လွေ့သည် အထက်တန်းစား မိသားစု အများစုနှင့် တွေ့ဆုံပြီးပြီ ဖြစ်သည်။ ပင်မခန်းမတွင် ပလ္လင်ပေါ်တွင် မဟာဧကရာဇ်လက်ဇ် အပြင် မင်းသား နှစ်ပါး ဖြစ်သော ဂါဖီးလ်နှင့် လုခ်၊ ကောင်စီနှစ်ခု၊ ဌာနသုံးခုမှ ခေါင်းဆောင် ငါးဦးတို့ ရှိနေကြပြီး၊ ဝတ်ရုံဝတ် မီးခိုးရောင် မုတ်ဆိတ်ဖြူနှင့် ထူးဆန်းသော အဘိုးကြီး တစ်ဦးလည်း ရှိနေခဲ့သည်။ သူသည် အိပ်ငိုက်နေသည့် ပုံစံဖြင့် ထိုင်နေပြီး သူ့ဘေးတွင် ချောမောသော ဆံပင်အနက်ရောင် ကောင်မလေးတစ်ဦး ရပ်နေခဲ့သည်။
“အရှင်မင်းကြီး..” ချန်လွေ့က လက်ဇ်ကို ဦးညွှတ်ကာ အရိုအသေ ပြုလိုက်သည်။
ခန်းမထဲရှိ လက်ဇ်ပ ဥယျာဉ်ထဲမှ လက်ဇ်နှင့် လုံးဝကွာခြားသည်။ သူပ မျက်နှာတည်တံ့ခက်ထန်ကာ လျစ်လျူရှု ဟန်ရှိနေပြီး အနည်းငယ်မျှ ခံစားချက် မပြသပေ။ သူက ဘုရင်တစ်ပါး၏ ကြီးကျယ် ခမ်းနားမှုကို ရေးရေးလေး ထုတ်လွှတ်နေ၏။
“အာသာ။ မင်းရဲ့ အမွေအနှစ်က ရှေးအဂ္ဂိရတ် အဖွဲ့အစည်း ဖြစ်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။”
“ဟုတ်ပါတယ်။ အရှင်မင်းကြီး။” ချန်လွေ့သည် အိပ်ငိုက်နေပုံရသော အဘိုးအိုက မိမိကို တိတ်တဆိတ် ကြည့်နေသည်ကို သေချာ ခံစားမိပြီး စိတ်ထဲတွင် တစ်စုံတစ်ရာကို နားလည် သွားခဲ့သည်။
“ဒါက မဟာဆရာသခင် ချီချူပဲ။ လူသားတွေထဲမှာ ကျန်ရှိနေတဲ့ ယန္တရား မဟာဆရာသခင် နှစ်ယောက်ထဲက တစ်ယောက်။” လက်ဇ်က အဘိုးအိုကို လက်ညှိုးထိုးပြလိုက်၏။ “မင်း ရထားတဲ့ အမွေအနှစ်ကို သူနည်းနည်း စိတ်ဝင်စား နေတယ်။”
ဂါဖီးလ်၏ မျက်ခွံများ လှုပ်ရှားသွားပြီး လုခ်၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင် ဖြတ်ပြေးသွားသည်။ ဒါက တပည့်ခံဖို့ အကြံပြုနေတဲ့ အခြေအနေပဲ။ အာသာရဲ့ လေ့ကျင့်ရေး အရည်အချင်း တွေက အမြဲတမ်း အားနည်းခဲ့တာ။ ၇နှစ်ကြာ ‘အမွေဆက်ခံခြင်း’ လို့ ခေါ်တဲ့ အရာ ရပြီးတဲ့နောက်မှာတောင် သူက စစ်သည်တော်အဆင့်ပဲ ရှိသေးတယ်။ ဆရာသခင် အဆင့်တောင် မဟုတ်ဘူး။ သူ ယန္တရား ဆရာသခင် တစ်ယောက်ကို အထောက်အပံ့အဖြစ် ရှာနိုင်မယ်ဆိုရင် ‘အာသာ’ ကိုယ်တိုင်အတွက်ပဲ ဖြစ်ဖြစ်၊ နဂါးလင်းလက်အင်ပါယာ တစ်ခုလုံး အတွက်ပဲ ဖြစ်ဖြစ်၊ အကျိုးကျေးဇူး တွေက သိသာထင်ရှားတယ်။
သို့သော်လည်း မဟာဆရာသခင် ချီချူသည် အပေါ်ယံ ဆရာမျိုး မဟုတ်ပေ။ ဒီလိုဆိုလျှင် ‘အာသာ’ သည် မတူညီသော လမ်းကြောင်း အပေါ်သို့ ရောက်ရှိသွားသလို ဖြစ်သွားပြီး အောင်အောင်မြင်မြင် လေ့လာနိုင်ရန် အနည်းဆုံး ၁၀နှစ် သို့မဟုတ် ဆယ်စုနှစ် များစွာ ကြာမြင့်လိမ့်မည်။ ထိုအရာက အပြောင်းအလဲများစွာ ဖြစ်လာနိုင်သည့် အချိန်များပင်။ အချုပ်အားဖြင့် ဆိုရလျှင် ‘အာသာ’သည် ထီးနန်းမှ ပိုမိုဝေးကွာ သွားလိမ့်မည်။
ဂါဖီးလ် စိတ်သက်သာရာ ရသွား၏။ ခမည်းတော် လက်ဇ်က ရွှေနယ်မြေကို ‘အာသာ’ဆီ ပြန်မပေးဘူးလို့ ပြောဖူးတာ မဆန်းပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မှာ အစီအစဉ်တွေ ရှိနေတာကိုး။
ချန်လွေ့သည် မဟာဆရာသခင် ချီချူကို ကြည့်ပြီးနောက် လက်ဇ်ကို ကြည့်လိုက်ရာ ဖြစ်ပျက်နေသည်ကို သိလိုက်သည်။ လက်ဇ်၏ ရှုထောင့်မှ ကြည့်လျှင် ထိုဆုံးဖြတ်ချက်သည် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်သည်။ ‘အာသာ’ ရုတ်တရက် ပေါ်လာခြင်းကို ဖြေရှင်းနိုင်ရုံသာမက မူလနိုင်ငံရေး အခြေအနေ၏ ဟန်ချက် ကိုလည်း မထိခိုက်စေပေ။ ထို့ပြင် သူတို့က ယန္တရား မဟာဆရာသခင် တစ်ယောက်ကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
“အာသာရိုလန်ပါ...” ချန်လွေ့သည် ချီချူအား ရှေးခေတ်ပုံစံ ဓလေ့ထုံးတမ်းဖြင့် နှုတ်ဆက်လိုက်သည်။
ကျန်လူများက ထိုဓလေ့ထုံးတမ်း၏ အဓိပ္ပာယ်ကို နားမလည်ဘဲ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်းဟုသာ ထင်မှတ်ကြသည်။ ချီချူ၏ မျက်ခွံများ လှုပ်ရှားသွားပြီး မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွား၏။ ဆံပင်နက်အတိုနှင့် ကောင်မလေးကပင် သူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ရုတ်တရက် ပြောလိုက်၏။ “မင်းသားအာသာ။ ဒီဓလေ့ထုံးတမ်းရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်ရဲ့လား။”
ထိုအရာက ရှေးအဂ္ဂိရတ် အဖွဲ့အစည်း ဓလေ့ထုံးတမ်း မဟုတ်ဘဲ အဂ္ဂိရတ် ပညာရှင်များ၏ ရှေးဟောင်း ဓလေ့ ထုံးတမ်း တစ်ခု ဖြစ်လေသည်။ မင်းသား ‘အာသာ’က မဟာဆရာသချင် ချီချူကို ပြုမူခဲ့တဲ့ ဓလေ့ထုံးတမ်းက ‘ဆရာ’ကို မဟုတ်ဘဲ ‘တန်းတူ’ကို နှုတ်ဆက်သော ဓလေ့ထုံးတမ်း ဖြစ်နေ၏။
ချန်လွေ့က မရှင်းပြဘဲ ရယ်ပြီးနောက် ကောင်မလေး၏ သွယ်လျသော ကိုယ်ကို အရမ်းမဲ့ စိုက်ကြည့်လိုက်သည်။
ထိုကဲ့သို့ အကြည့်မျိုး အောက်မှာ ကောင်မလေးက ကိုယ်လုံးတီး ဖြစ်နေ သလို ခံစားရပြီး ဒေါသထွက်လာ၏။ မဟာဆရာသခင် ချီချူ၏ တိုက်ရိုက် တပည့် ငါးယောက်ထဲမှ တစ်ယောက်၊ ယန္တရား ဆရာသခင် အသစ်နှင့် မျိုးဆက်သစ်များထဲမှ အထူးချွန်ဆုံး ယန္တရား ပါရမီရှင်တစ်ဦးအနေနဲ့ သူက နေရာတိုင်းတွင် လေးစားခံရသည်။ ယနေ့မှာတော့ မသိနားမလည်သော မင်းသားတစ်ပါးက သူ့ကို အရှက်ခွဲ နေလေသည်။
ထိုနေရာက နဂါးလင်းလက်အင်ပါယာ နန်းတော် မဟုတ်လျှင် ကောင်မလေးက ပေါက်ကွဲသွားပြီ ဖြစ်သည်။
“ကျွတ် ကျွတ်... နှမြောစရာပဲ။” ချန်လွေ့က ခေါင်းယမ်းပြီး အမှန်တကယ် နောင်တရနေဟန်ဖြင့် ပြောလိုက်သည်။ “တကယ်ကို နှမြောစရာပဲ။”
“အာသာ။ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့!” မဟာဧကရာဇ် လက်ဇ်က တစ်ခုခု လွဲနေကြောင်း မြင်လိုက်သည်။ “ဒါက မဟာဆရာသခင်ချီချူရဲ့ တိုက်ရိုက် တပည့်၊ လူသားလောကရဲ့ အကျော်ကြားဆုံး ယန္တရား ပါရမီရှင်၊ ဆရာသခင် ပယ်လုစီပဲ။ ဆရာသခင် ပယ်လုစီကို မြန်မြန် တောင်းပန်လိုက်။”
“ဆရာသခင် ဟုတ်လား။ တကယ် နှမြောစရာပဲ။” ချန်လွေ့က ခေါင်းဆက်ခါ ယမ်းနေဆဲ ဖြစ်သည်။ “မစ်-ပယ်လုစီက အဆင်တန်ဆာတွေ ကျွမ်းကျင်တာ ဖြစ်လိမ့်မယ်။ မင်းရဲ့ ဘယ်လက်မ ဘေးနားနဲ့ လက်ခလယ် ဒုတိယဆစ်မှာ အသားမာတွေ ရှိနေတာက မင်းက သေးငယ်တဲ့ ကြိတ်စက်ကို ကိရိယာ အဖြစ် သုံးရတာ ကြိုက်တယ်ဆိုတာကို ပြနေတယ်။ မင်းက ညာလက်နဲ့ ခလုတ်တူးစက်နဲ့ လှည့်ပတ်အပ်ဓားကို သုံးပြီး စိတ်ဝိညာဉ် မှော်စာအစီအရင်ကို ဖန်တီးတယ်။ ဒါက အတော်လေး ခက်ခဲတဲ့ အစီအရင် ပညာရပ်ပဲ။ တိုက်ရိုက် ‘စတင်ခြင်း’ထက် အာနိသင် ၂၀-၃၀%လောက် ပိုမြင့်ပေမယ့် ဝိညာဉ် စွမ်းအားကို ထိန်းချုပ်ဖို့ ပိုခက်ခဲတယ်။ လိုအပ်ချက်က အရမ်းမြင့်တယ်။ မင်း တပြိုင်နက် လုပ်ဆောင်နိုင်ရမယ်။ မှော်ပုံစံကွက်တွေလည်း လွယ်လွယ်နဲ့ အချင်းချင်း ထပ်နေ နိုင်ပြီးတော့အဲဒါက အာနိသင်ကို ထိခိုက်စေတယ်။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားအဆင့် လုံလောက် ပေမယ့် သန့်စင်မှုက သိပ်ပြီးတော့ မပြည့်စုံဘူး။ ဒါကြောင့် ကျရှုံးမှုနှုန်းက အရမ်းမြင့်တယ်။ မင်း လက်ဖမိုးမှာ ရှိနေတာက အစီအရင် ကျရှုံးလို့ ဖြစ်လာတဲ့ ထိခိုက်မှု အစက်တွေပဲ။ ဆေးရှိရင်တောင် ဒီလို အစက်မျိုး ပျောက်ဖို့ တစ်လလောက် ကြာလိမ့်မယ်။ မင်း လက်ဖမိုးက အစက်တွေကနေ ငါ မြင်ရတာက လွန်ခဲ့တဲ့ ၁၀ရက်တုန်းက ကျရှုံးမှု သုံးခုလောက် ကြုံတွေ့ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့တယ်...”
ချန်လွေ့၏ အသံက ပယ်လုစီ၏ နားထဲတွင် ထပ်မံ၍ ပေါ်လာပြန်သည်။ “ငါ မမှားဘူးဆိုရင်၊ မင်းရဲ့လက်ရာ... အဲဒါက အနီရောင်ဆာလဖာဖန်၊ ခရမ်းရောင် သန္တာကျောက်၊ ကြယ်မှုန်၊ ဆာလဖာ အလင်းသဲ၊ မီသရစ်လ်နဲ့ အပြာရောင် ရေမွှေးတွေနဲ့ လုပ်ထားတဲ့ ဒဏ္ဍာရီလာ-ယောင်အဆင့် နားဆွဲ တစ်စုံ ဖြစ်မယ်။ ဒါက ဝိညာဉ်စွမ်းအား စုစည်းမှုကို ၄၃၊ ဝိညာဉ် အာရုံခံနိုင်စွမ်းကို ၃၀၊ ကိုယ်ခန္ဓာခွန်အားနဲ့ ဝိညာဉ်စွမ်းအား ပြန်ရရှိမှုနှုန်းကို ၃၅ တိုးစေတယ်။ ဒီပစ္စည်းက မင်းရဲ့ အသက်သွင်းထားတဲ့ စိတ်ဝိညာဉ် မှော်စာ အစီအရင် တိုးမြှင့်မှုရဲ့ အောင်မြင်နှုန်းကို တိုးမြှင့် ပေးနိုင်ပေမဲ့ နှမြောစရာက..”
ပယ်လုစီ လုံးဝ အံ့ဩသွားခဲ့သည်။ သူက ‘အတွေ့အကြုံမရှိသူ’ ဟု ထင်မှတ် ထားသာ ထိုအရိုင်းအစိုင်းက သူ၏ လက်များကို ကြည့်ရုံဖြင့် သူ၏ ယန္တရား ကျွမ်းကျင်မှုများကို မြင်သွားခဲ့သည်။ ပိုမို မယုံနိုင်စရာကောင်းသည်မှာ သူလက်ရှိ ဝတ်ဆင်ထားသည့် နားဆွဲတစ်စုံ၏ ထုတ်လုပ်သည့် အချိန်၊ ကျရှုံးမှု အရေအတွက်၊ ပစ္စည်း၏ ဂုဏ်သတ္တိများ၊ အသုံးပြု ထားသည့် ပစ္စည်းများ အားလုံး တိတိကျကျ ပြောနိုင်ခဲ့ခြင်းပင်။
ဒါက ဘယ်လို အရည်အချင်းမျိုးလဲ။ မဟုတ်ဘူး။ ဒါက သာမန်အရည်အချင်း မဟုတ်တော့ဘူး။ တိတိကျကျ ပြောရရင် ဒါက ကျွမ်းကျင်မှုပဲ။
ယန္တရား ပညာရပ်မှာ ထူးခြားတဲ့ ကျွမ်းကျင်မှု ရှိတဲ့ မင်းသား ‘အာသာ’လည်း ယန္တရား ပါရမီရှင်တစ်ဦး ဖြစ်ရမယ်။ သူက ငါ့ထက်တောင် ပိုပြီး သာနိုင်တယ်။
“ဘာက နှမြောစရာလဲ။” ပယ်လုစီ၏ ဆရာဖြစ်သူ မဟာဆရာသခင်ချီချူက ပျင်းရိသောမျက်လုံးများဖြင့် ရှားရှားပါးပါး အလေးအနက်ထားကာ ပြောလိုက်၏။