← Chapters

လူသိရှင်ကြား အမှုစစ်‌ဆေးခြင်း

Vol. 58 Ch. 937

လူသိရှင်ကြား အမှုစစ်‌ဆေးခြင်း

Vol. 58 Ch. 937

“ဆာ-ဂရာလင်။ ကျုပ်ရဲ့ မိစ္ဆာ ထောင်ခြောက်သင်္ဘောက နောက် ၁နာရီ လောက်ဆို ကမ်းကပ်တော့မှာ။ ဆာ့ရဲ့ အစီအစဉ်က ဘာများလဲ မသိဘူး။”

“ဆာ-အာသာ။ မေးခွင့်ပြုပါ။ ခင်ဗျားရဲ့ ခရီးစဉ်က...”

“သင်္ဘောက နဂါးနီမြို့မှာ ဆိုက်ဖို့ပါ။ ကျုပ်ရဲ့ ခရီးစဉ်ကတော့ နဂါးလင်းလက် အင်ပါယာရဲ့ မြို့တော် ရယ်ရိုဒီရှာကိုပါ။”

“တိုက်ဆိုင်လိုက်တာ။ ကျုပ်လည်း အဲဒီကိုပဲ သွားမှာ။ ဆာနဲ့အတူ သွားခွင့် ပြုမယ်ဆိုရင် ဂုဏ်ယူမိမှာပါ။”

“ဆာ-ရေဖျန်း ဘုန်းတော်ကြီးက အတော်လေး နှိမ့်ချတတ်တာပဲ” ဂရာလင်ရဲ့ သရုပ်ကို ‘သိ’ပြီးနောက် ချန်လွေ့ ပြုံးလိုက်သည်။

ဂရာလင်လည်း ပြုံးလိုက်၏။ “အနာဂတ် အမှတ်တရတွေမှာ ဒီခရီးစဉ်က ကျုပ်ဘဝရဲ့ ဂုဏ်အယူရဆုံး ခရီးစဉ်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။”

ခင်ဗျားရဲ့ တစ်သက်တာ အိပ်မက်ဆိုး ဖြစ်လာလောက်မှာ။ ချန်လွေ့က စိတ်ထဲ ပြောသော်လည်း ဂရာလင်ကို လိုက်ရန် ကြိုးစားမှုကို မတားဆီးခဲ့ပေ။

နှင်းဒဲလက်ပန်းပင်ကို ဆုံးရှုံးပြီးနောက် ကျောင်းတော်အတွက် ဆူးသရဖူ၏ အရေးပါပုံမှာ ထင်ရှားသည်။ မူလက ဂရာလင်သည် ယခုတစ်ကြိမ် မရဏနက် နောက်လိုက်များ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရသောအခါ အဆိုးဆုံး ပြစ်ဒဏ် အတွက် ကြိုတင် ပြင်ဆင် ထားပြီး ဖြစ်သည်။ အကယ်၍ သူ အသက်ရှင် လျှင်ပင် ရေဖျန်းဘုန်းတော်ကြီး ရာထူးကို ဆုံးရှုံးရမည်မှာ သေချာသည်။

အရေးကြီးသော အခြေအနေတွင် ‘အာသာ’ ဟူသော လျို့ဝှက် ဆန်းကြယ်သူ တစ်ဦး ရုတ်တရက် ပေါ်လာပြီး ဆူးသရဖူကို ‘ခိုးယူ’သွား ခဲ့သည်။ ထိုအရာက တာဝန် မအောင်မြင်ကြောင်း သတ်မှတ်သင့် သော်လည်း ဂရာလင် အတွက်မူ [ကျက်သရေ အလင်းခန္ဓာ] ပိုင်ဆိုင်ပြီး ဆူးသရဖူက ပိုင်ရှင်အဖြစ် အသိအမှတ် ပြုထားသည့် ‘အာသာ’ သည် မျှော်မှန်း ထားသည်ထက် အကြီးမားဆုံးသော အံ့သြစရာ ဖြစ်သည်။ ၎င်းကို သတင်းပို့ ရုံမျှပင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် သူက ထို‘ဘုရားသခင်၏ သိဒ္ဓိသားတော်’ ကို မျက်စိရှေ့မှ ပျောက်ကွယ်သွားခွင့် မပြုဘဲ ရာထူးဂုဏ်ကို ပစ်ပယ်ကာ ‘ဘုရားသခင် သိဒ္ဓိသားတော်’ နောက်လိုက် ဖြစ်လာ ခဲ့သည်။

သင်္ဘောပေါ်တွင် ရှိနေခဲ့သော ဇိုလာ အပါအဝင် အမျိုးသမီး ၃ဦးလည်း ပေါ်လာခဲ့ကြသည်။ သို့သော် ချန်လွေ့၏ အကြံပြုချက်အရ နတ်မိမယ်နဂါးနှင့် ရင်းနီတို့က သူတို့၏ အသွင်အပြင်ကို ပြောင်းလဲခဲ့ကြသည်။ နှစ်ဦးစလုံး မျက်နှာလွှား ဝတ်ထားကြသည်။ ၎င်းက သူတို့၏ အလှအပ အများစုကို ဖုံးကွယ် ထားသော်လည်း ခံစားချက်မှာတော့ အထင်ကြီး စရာ ကောင်းနေဆဲပင်။

ချန်လွေ့က ဂရာလင်ထံမှ ဆူးသရဖူကို လိုက်လံပို့ဆောင်ပေးသော သိဒ္ဓိ တပည့် ၃ဦး ရှိကြောင်း သိခဲ့ရသည်။ သူတို့မှာ မကရရာသီ သိဒ္ဓိတပည့် ခလာ့ခ်၊ ဗြိစ္ဆာရာသီ သိဒ္ဓိတပည့် အေပရယ်နှင့် ပြိဿရာသီ သိဒ္ဓိတပည့် ခါဝတို့ ဖြစ်ကြသည်။ တိုက်ပွဲပြင်းထန်မှုကြောင့် ခါဝစ် သေဆုံးသွားခဲ့ပြီး အေပရယ်က ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။ သူသည် ခလာ့ခ်ကြောင့်သာ အသက်ရှင် နေနိုင်ခြင်း ဖြစ်သည်။

ခလာ့ခ် နှင့် အေပရယ် အပါအဝင် ကျက်သရဆောင် စစ်သည်များသည် ‘ဆူးသရဖူ’ မှ အသိအမှတ်ပြုထားသော ပိုင်ရှင်အပေါ် ကောင်းမွန်သော အမြင် ရှိနေဆဲပင်။ အကြောင့်မှာ သူတို့၏ အသက်ကို ကယ်တင်ခဲ့သောကြောင့်ပင် ဖြစ်သည်။ သို့သော် ချန်လွေ့သည် မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် သူတို့နှင့် ယဉ်ကျေးစွာ ပြောဆို ခဲ့သော်လည်း အတွင်းကျကျ မပြောခဲ့ပေ။

သိပ်မကြာခင် မြေပြင်ကို ရှေ့တွင် မြင်တွေ့ခဲ့ရပြီး သူတို့က နဂါးနီမြို့၏ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြသည်။

နဂါးနီမြို့သို့ ရောက်ရှိပြီးနောက် ချန်လွေ့နှင့် အဖွဲ့သည် ဂရာလင်၏ ဖိတ်ကြားချက်အရ နဂါးနီမြို့ရှိ အလင်း ခန်းမသို့ သွားခဲ့ကြသည်။

ထူးဆန်းစွာပင် နဂါးနီမြို့ အလင်း ခန်းမကို တာဝန်ယူထားသော သင်းအုပ် ဆရာ ဂါမတ်စ်က ထိုနေရာတွင် မရှိခဲ့ပေ။

ရယ်ရိုဒီရှာတွင် မရဏနောက်လိုက် တစ်ဦးကို ၃ရက်အတွင်း စစ်ဆေး စီရင်ရမည် ဖြစ်ပြီး မရဏနက် နောက်လိုက်၏ အထူး အဆင့်အတန်း ကြောင့် ဒုတိယမင်းသား ဂါဖီးလ်က သိဒ္ဓိအလင်းတောင်မှ ဂိုဏ်းအုပ်အချုပ် ဝင်းတော်လ် ကို တရားသူကြီးချုပ်အဖြစ် အထူးဖိတ်ကြားခဲ့သည်။ ဝင်းတော်လ်က ရေလမ်းကြောင်းမှ နဂါးနီမြို့သို့ ရောက်ရှိ လာပြီး သင်းအုပ်ဆရာ ဂါမတ်စ်၏ အစောင့်အရှောက်ဖြင့် ရယ်ရိုဒီရှာမြို့သို့ ထွက်ခွာသွားခဲ့သည်။

ချန်လွေ့ကို အထိတ်တလန့် အဖြစ်ဆုံး အရာမှာ မကြာခင် စစ်ဆေးစီရင်မည့် ‘မရဏနက်နောက်လိုက်’၏ နာမည်မှာ ဂုဏ်သရေရှိ မိသားစု အသိုင်းအဝိုင်းမှ ဆမ်မြူရယ်ကမ့်လော့ ဖြစ်နေခြင်းပင်။

၃ ရက်အကြာ...

နဂါးလင်းလက်အင်ပါယာ မြို့တော်၊ ရယ်ရိုဒီရှာ၌-

နန်းတော် အစည်းအဝေးခန်းမဝယ်-

ထိုအစည်းအဝေးခန်းမသည် လူပေါင်း ၂၀၀၀၀ အထိ ဆံ့နိုင်ပြီး အင်ပါယာ၏ အကြီးဆုံး အစည်းအဝေးခန်းမလည်း ဖြစ်သည်။ အင်ပါယာနှင့် လူသားလောက တစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ခဲ့သော နာမည်ကျော် အစည်းအဝေးများစွာကို ထိုနေရာတွင် ကျင်းပခဲ့ပြီး ဖြစ်သည်။ သို့သော် ယနေ့တွင်မူ ထိုနေရာ၌ အမှုစစ်ဆေးမည် ဖြစ်သည်။

ယခုတစ်ကြိမ် တရားသူကြီးချုပ်မှာ သိဒ္ဓိအလင်းတောင်မှ အထူးဖိတ်ကြား ခံရသော ဂိုဏ်းအုပ်အချုပ် ဝင်း‌တော်လ် ဖြစ်သည်။ တရားသူကြီးအဖွဲ့ကလည်း အတော်လေး အရေးပါလှသည်။ သူတို့က နဂါးလင်းလက်အင်ပါယာ၏ ဧကရာဇ် လက်ဇ်ရိုလန် ဦးဆောင်သော အဖွဲ့ ဖြစ်လေသည်။

စစ်ဆေးခံနေရသော ‘မရဏနက် နောက်လိုက်’ ဆမ်မြူရယ်သည် မှော်ကြိုး များဖြင့် စင်မြင့်ပေါ်တွင် ချုပ်နှောင်ခံ ထားရသည်။ သူသည် မည်သည့် စွမ်းအားကိုမျှ အသုံးမပြုနိုင်ဘဲ စကား ပြောနိုင်စွမ်းပင် ဆုံးရှုံးနေခဲ့သည်။

ထိုဆမ်မြူရယ်က ခမ့်လော့ မိသားစုမှ ဒုတိယမြောက်သား ဖြစ်သည်။ ထိုသရုပ်က နဂါးလင်းလက်အင်ပါယာ တစ်ခုလုံးအတွက် မည်သည်မှ မဟုတ်ပေ။ အထူးသဖြင့် စီးပွားရေး ဝန်ကြီးဟောင်း ကာလိုအား ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက်ပိုင်းတွင် ပို၍ပင် ဖြစ်သည်။ သို့သော် ထိုဆမ်မြူရယ်က နဂါးစီးနင်း ဗိုလ်ခြေတွင် ပါဝင်ခဲ့ပြီး စစ်မှန်သော နဂါးစီးနင်းသူတစ်ဦး ဖြစ်ခဲ့သည်။ အခြားသော လျှို့ဝှက်ချက် အချို့လည်း ပါဝင်နိုင် သောကြောင့် ဒုတိယ မင်းသား ဂါဖီးလ်၏ အကြံဖြင့် သိဒ္ဓိအလင်းတောင်မှ ဂိုဏ်းအုပ်အချုပ် ဝင်းတော်လ်အား အထူးသဖြင့် ထိုလူများ အရှေ့တွင် စစ်ဆေးမှု အတွက် ဖိတ်ကြားခြင်း ဖြစ်သည်။

“ဆမ်မြူရယ်ကမ့်လော့။ မြို့တော်ရဲ့ ထိပ်တန်း ဓားသိုင်းပညာရှင် လိုမန် မိသားစုက ပေါ်လ်နဲ့ တိုက်ခိုက်ခဲ့တုန်းက သူ ရှုံးနိမ့်ခဲ့တဲ့ မြင်ကွင်းကို လူတိုင်း မှတ်မိကြဦးမှာပါ။ အဲဒီတိုက်ပွဲမှာ ပေါလ်ကို ဖီးလစ် မိသားစု အကြီးအကဲ ဖရတ်ထ်က သဘောကျခဲ့ပြီး ပေါလ် ကမ်းလှမ်းတဲ့ ထိမ်းမြားခြင်း စာချုပ်ကို သဘောတူခဲ့တယ်။ သမီးကြီး ဂျိုအန်နာ ဖီးလစ်က ပေါလ်ရဲ့ စေ့စပ်ထားသူ ဖြစ်လာပြီး ဂျိုအန်နာကတော့...”

ဒုတိယမင်းသား ဂါဖီးလ်က ပရိသတ်ထဲရှိ ဂျိုအန်နာ ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “...နှစ်ပေါင်းများစွာ ဆမ်မြူရယ်ရဲ့ ချစ်သူ ဖြစ်ခဲ့တယ်။ ကျုပ် သိသလောက် သူတို့နှစ်ယောက် ဒီကိစ္စကြောင့် ခိုးရာ လိုက်ပြေးလုနီးနီး ဖြစ်ခဲ့တယ်။ ဆမ်မြူရယ်က ဂျိုအန်နာကို မိသားစုက အပယ်ခံ မဖြစ်အောင် တားဆီးချင် ခဲ့တယ်။ အဲဒါကြောင့် သူ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တာ။ သူ့ချစ်သူကို ကိုယ်ပိုင် ခွန်အားနဲ့ ပြန်ရယူဖို့ သူ ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံးမှာ ဆမ်မြူရယ်က လုပ်ပြ နိုင်ခဲ့တယ်။ တော်ဝင်ကွင်းပြင်မှာ သူက ပေါလ်ကို အနိုင်ယူခဲ့ပြီး အရှင်မင်းကြီးက သူ့ကို ရွှေသူရဲကောင်းအဖြစ် ချီးမြှင့် ခဲ့တယ်။ နဂါးစီးနင်းသူ ဗိုလ်ခြေရဲ့ ကျက်သရေဆောင် အဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့တယ်။ ဒါက အရမ်းကို ထိမိပြီး စိတ်တက်ကြွစေတဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်လိုပါပဲ။ ဝမ်းနည်းစရာကတော့ ဆမ်မြူရယ်က ဒီရည်ရွယ်ချက်အတွက်ပဲ လမ်းမှားကို လျှောက်လှမ်းခဲ့တယ်ဆိုတာ ဘယ်သူမှ မထင်မှတ်ထားခဲ့ကြတာပဲ။”

ဂါဖီးလ်က နှမြောဟန်ဖြင့် ထုတ်ဖော် ပြောလိုက်သည်။ ဂျိုအန်နာက စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ မတ်တပ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဆမ်မြူရယ်က လမ်းမှားမရောက်ဘူး။ ဘာသက်သေ ရှိလို့လဲ။”

“ဒီလို ရိုင်းစိုင်းမှုက ဖီးလစ်မိသားစုရဲ့ လမ်းမှားသူဘက်က သဘောထားကို ကိုယ်စားပြုတယ်လို့ ယူဆလို့ ရမလား။” ဂါဖီးလ်၏ မျက်လုံးတွင် လူသတ်ချင်စိတ် တစ်ချက် လျှပ်ခနဲ ဖြစ်ပေါ်သွား၏။ သူက ဂျိုအန်နာကို လျစ်လျူရှုကာ ဖခင်ဖြစ်သူ ဖီးလစ်မိသားစု အကြီးအကဲ ဖရတ်ထ်ကို ကြည့်လိုက်သည်။

“ကြည့်မနေပါနဲ့တော့ အရှင်မင်းသား ဂါဖီးလ်။ ကျွန်မက ဖီးလစ်မိသားစုကနေ ထွက်ခွာခဲ့ပြီးပြီ။ ကျွန်မက ဆမ်မြူရယ်ရဲ့ ဇနီးသက်သက်ပါ။” ဘေးနားရှိ အမျိုးသမီး တစ်ဦးက တိုးတိုးလေး သတိပေး လိုက်သောအခါ ဂျိုအန်နာ တည်ငြိမ်လာပြန်သည်။ “အရှင်မင်းသား အရှေ့မှာ ကျွန်မရဲ့ အမှားအတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်မ မေးချင်တာက အရှင်မင်းသားမှာ ဆမ်မြူရယ်က လမ်းမှားရောက်တဲ့သူ ဖြစ်တယ်ဆိုတဲ့ အထောက်အထား ရှိလား ဆိုတာပါ။ ဆမ်မြူရယ်က နဂါးစီးနင်းသူ ဖြစ်ပြီးတော့ အရှင်မင်းကြီး ချီးမြှင့်တဲ့ ရွှေသူရဲကောင်းပါ။ ဒါက နဂါးစီးနင်းသူ ဗိုလ်ခြေနဲ့ ရွှေသူရဲကောင်း ဂုဏ်ပုဒ်ကို ကိုယ်စားပြုသလို အရှင်မင်းကြီးရဲ့ ယုံကြည်မှုကိုလည်း ကိုယ်စားပြုပါတယ်။”

ထိုစကားများသည် အလွန်အရေးပါပြီး အထူးသဖြင့် ဧကရာဇ်လက်ဇ်ကို ရည်ညွှန်းသောအခါ ပို၍ပင် အရေးပါ လှသည်။ အကယ်၍ ထိုဆမ်မြူရယ်ကို လမ်းမှားရောက်သူဟု ယူဆပါက လက်ဇ်၏ အမြင်ကိုလည်း မေးခွန်း ထုတ်ရာ ရောက်မည် ဖြစ်သည်။

ဂါဖီးလ်၏ စွပ်စွဲချက်များကို မည်သည့် တုံ့ပြန်မှုမျှမရှိဘဲ နားထောင်နေခဲ့သော ဧကရာဇ်လက်ဇ် သည် အနည်းငယ် လှုပ်ရှားလိုက်ပြီး ပြဇာတ်တစ်ခု ကြည့်နေ သကဲ့သို့ ပြန်လည် အိပ်ပျော်သွား ပြန်သည်။

“အကယ်၍ ခင်ဗျားတို့ အမှန်တကယ် သက်သေခံချင်တယ်ဆိုရင်...” ဂါဖီးလ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။ “ကျုပ်မှာ ဘာမှမရှိဘူး၊ ဒါက ခန့်မှန်းချက် သက်သက်ပါပဲ။”

နားထောင်နေကြသော ဂုဏ်သရေရှိ မိသားစုများထံမှ ဆူပူသံများ ထွက်ပေါ် လာသည်။ ဂျိုအန်နာက အလျင်အမြန် ပြောလိုက်သည်။ “သက်သေမရှိဘူး ဆိုတော့ ဒါက သက်သက်ကြီး စွပ်စွဲတာပဲ။ အရှင်မင်းသား ဘာလို့ ဒီလို လုပ်တာလဲ ဆိုတာ ကျွန်မ မသိဘူး။ ဒါပေမယ့် ဒီနေ့ ဆမ်မြူရယ် ဖြစ်ခဲ့တယ်။ မနက်ဖြန် ဘယ်သူဖြစ်မှာလဲ။”

ဂုဏ်သရေရှိ မိသားစု၏ ဆူပူသံများ ပိုမိုကျယ်လောင်လာပြီး ဂျိုအန်နာ၏ စကားသည် အမှန်ပင် ရန်စမှုများစွာ ပါဝင်နေသည်။ သို့သော် ဂါဖီးလ်သည် ယုံကြည်မှု ရှိနေသည်။ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသော အခါမှ သူက ပြောသည်။ “ကျုပ်ရဲ့ ခန့်မှန်းချက်က အရမ်းရိုးရှင်းပါတယ်။ ဆမ်မြူရယ် ပေါလ်ကို ရှုံးတုန်းက ဆရာသခင်အဆင့်ပဲ ရှိသေးတယ်။ တော်ဝင်ကွင်းပြင်မှာ ပေါလ်နဲ့ ဒုတိယ အကြိမ် ပြိုင်တုန်းက သူ သူတော်စင်-ယောင် အဆင့် ဖြစ်နေပြီ။ ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဆမ်မြူရယ်ရဲ့ စွမ်းအားက တကယ့် သူတော်စင်အဆင့်ကို ရောက်သွား ခဲ့တယ်။ ဆမ်မြူရယ် ထွက်သွားတာ ၁၀နှစ်တောင် မပြည့်သေးဘူး။ သူ သူတော်စင်-ယောင် အဆင့်ကို ရောက်တဲ့ အချိန်ကနေ အစစ်အမှန် သူတော်စင် အဆင့်ကို ရောက်ဖို့ အလွန်ဆုံး ၃နှစ်ပဲ ကြာတယ်။ သူ့ရဲ့ စွမ်းအားက ဆက်တိုက် အရှိန်အဟုန်နဲ့ တိုးတက် နေတယ်။ ဒီလိုမျိုး တိုးတက်နှုန်းမျိုးကို ခင်ဗျားတို့ မြင်ဖူးကြလား။”

လူတိုင်း အံ့အားသင့်သွားကြသည်။ ၃နှစ်နဲ့ သူတော်စင်-ယောင် အဆင့်ကနေ တကယ့် သူတော်စင် အဆင့်အထိလား။

“အကယ်လို့ ဆမ်မြူရယ်က ဒီလောက် ထူးချွန်ရင် ဘာလို့ အခုအထိ သာမန်ပဲ ဖြစ်နေရတာလဲ။ သေချာတယ်။ သူက ပြင်ပ စွမ်းအားကို သုံးနေတာပဲ။” ဂါဖီးလ်က တရားသူကြီးချုပ် ဖြစ်သူ ဂိုဏ်းအုပ်အချုပ်ဝင်းတော်လ်ကို မေးမြန်း လိုက်သည်။ “ဆာ-ဝင်းတော်လ်၊ ကျုပ် သိသလောက်ဆိုရင်တော့ အလင်းကို တာဝန်ထမ်းနေတဲ့ သိဒ္ဓိတပည့် တောင်မှ ဒီလို တိုးတက်နှုန်းမျိုး မရရှိနိုင်ပါဘူး။ ဒါပေမဲ့ မရဏနက် နောက်လိုက်တွေမှာ.. သွေးယဇ်ပူဇော်တဲ့ ထုံးတမ်းစဉ်လာ တစ်ခုခုနဲ့ စွမ်းအား တိုးစေတာ ရှိလား”

“ရှိပါတယ်။” ဂိုဏ်းအုပ်အချုပ် ဝင်းတော်လ်က တည်ကြည်စွာ ပြော၏။ “မရဏနက် နောက်လိုက်ရဲ့ အဆင့်မြင့် အစောင့်အရှောက် အများစုက ဒီထုံးတမ်းစဉ်လာကို ဖြတ်သန်းခဲ့ကြ ပါတယ်။ ဆမ်မြူရယ်က မယုံနိုင်စရာ နှုန်းနဲ့ တိုးတက်နေတာကြောင့် သူက လမ်းမှားရောက်သူတွေရဲ့ အဖွဲ့ဝင် ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် အရှင်မင်းသားမှာ သူ မရဏနက်နောက်လိုက် ဖြစ်တယ်ဆိုတဲ့ တကယ့် ခိုင်မာတဲ့ အထောက်အထား မရှိသေးပါဘူး။”

ဂိုဏ်းအုပ်အချုပ် ဝင်းတော်လ်၏ ဘက်မလိုက်သော မှတ်ချက်များကြောင့် လူတိုင်း ခေါင်းညိတ်ကြပြီး ဂါဖီးလ်က တည်တည်ငြိမ်ငြိမ် ပြောသည်။ “အကယ်၍ ခင်ဗျားတို့ တကယ့် ရုပ်ပိုင်းဆိုင်ရာ သက်သေလိုချင်တယ် ဆိုရင် ကျုပ်မှာ တစ်ခုကျန်ပါသေးတယ်။ စစ်သည်တော် ထရီနစ် အဲဒီပစ္စည်းကို ယူလာခဲ့။”

ထရီနစ်က အရပ်ရှည်ရှည် သွယ်လျပြီး ဆံပင်အညိုရောင်ရှိသော အမျိုးသား တစ်ဦး ဖြစ်သည်။ သူက မိုးကြိုး အကျဉ်းထောင်တွင် ဆမ်မြူရယ်၏ လက်နှင့် ခြေထောက်များကို ချိုးခဲ့သူပင်။ သူက ဓားအိမ်ထဲ ထည့်ထားသော ဓားတစ်လက်ကို လက်ထဲ ကိုင်လာ ခဲ့သည်။ ဓားအိမ်သည် အနီရင့်ရောင် ဖြစ်ပြီး သွေးစွန်းသည့် အရောင် အနည်းငယ် ထင်ရှားနေသည်။

“ဒါက ဆမ်မြူရယ် ပေါလ်ကို အနိုင်ယူပြီးနောက် ရရှိခဲ့တဲ့ လက်နက် အသစ်ပါ။ ဒါက အစွမ်းထက်တဲ့ ဒဏ္ဍာရီလာအဆင့် လက်နက်တစ်ခု ဆိုတာ စိတ်ကူးကြည့်ဖို့ ခက်ခဲတယ်။ ဒဏ္ဍာရီလာ လက်နက်တွေ ထဲမှာတောင် ဒါက ထိပ်တန်း လက်နက်အနေနဲ့ သတ်မှတ်လို့ ရတယ်။ သူတော်စင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးတောင် ဒီအဆင့် လက်နက်မျိုး မရှိနိုင်ဘူး။ ဒီလက်နက် ဘယ်က ရတာလဲဆိုတာ ကျုပ် သိချင်တယ်။ ဆာ-ဝင်းတော်လ်၊ ဒီလက်နက်ကို အခု ကြည့်ပေးပါ။”

ထိပ်တန်း ဒဏ္ဍာရီလာ အဆင့် လက်နက်! ထိုင်ခုံများပေါ်ရှိ ဂုဏ်သရေရှိ မိသားစုများက တစ်ဦးနှင့်တစ်ဦး တိုးတိုးလေး ပြောဆိုကြပြီး အထူးသဖြင့် စစ်ဗိုလ်ချုပ်များနှင့် စစ်သည်တော်များက ဓားရှည်ကို စိုက်ကြည့် နေကြသည်။

ဓားရှည်သည် ဝင်းတော်လ် အနားသို့ ရောက်လာချိန်တွင် တရားသူကြီးချုပ်က တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူ မျက်မှောင်ကြုတ်ကာ ဓားရှည်ကို သေချာစွာ ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

ဆွဲထုတ်လိုက်သည့် ချက်ချင်းပင် အနက်ရောင် မီးခိုးများ ထွက်လာပြီး ပြင်းထန်သော ဖျက်ဆီးလိုသည့် အငွေ့ အသက်များ အစည်းအဝေးခန်းမ တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံ သွားသည်။ ဝင်းတော်လ်၏ လက်များမှ ပြင်းထန်သော အလင်းဒြပ်စင် စွမ်းအား ထွက်ပေါ်လာပြီး အနက်ရောင် မီးခိုးများကို လင်းစေသောအခါ ဇက်ဇက် အသံများ ထွက်ပေါ်လာခဲ့လေသည်။ ဝင်းတော်လ်၏ လက်များ အနည်းငယ် တုန်ယင်နေ၏။ သူက ၎င်းကို အမှန်ပင် မထိန်းချုပ်နိုင်ခဲ့ပေ။

ဝင်းတော်လ် အံ့အားသင့်သွားပြီး ဓားကို ဓားအိမ်ထဲသို့ အလျင်အမြန် ပြန်ထည့်လိုက်ရာ ကြောက်မက်ဖွယ် အငွေ့အသက်များ ချက်ချင်းပင် ပျောက်ကွယ်သွား၏။ တရားသူကြီးချုပ် အလန့်တကြား ပြောလိုက်သည်။ “ဒါက လမ်းမှားရောက်သူရဲ့ ဖျက်ဆီးစွမ်းအားပဲ၊ အတော်လေး အစွမ်းထက်တယ်။”

ထရီနစ်သည် ဓားကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ ပရိသတ်က အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။ ဂါဖီးလ်က ချက်ချင်း အော်ပြောလိုက်၏။ “ဆမ်မြူရယ်က မရဏနက် နောက်လိုက် ဆိုတာ အသေအချာပါပဲ။ ခမည်းတော်။ ခမ့်လော့မိသားစု တစ်ခုလုံးကို သေသေ ချာချာ စုံစမ်းဖို့ အကြံပြုပါတယ်။ လိုအပ်မယ်ဆိုရင်...”

ထိုအရာက ဆမ်မြူရယ်ကို ပစ်မှတ် ထားရုံသာမက ခမ့်လော့မိသားစု တစ်ခုလုံးကိုပါ ပစ်မှတ်ထားနေခြင်းပင်။

All Chapters